မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 15 oktober 2009

အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမှုစွဲတင်

 

မင်းနိုင်သူ / ၁၅ အောက်တိုဘာ ၂၀၀၉

ဘန်ကောက်မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်လိုက်ပြီဖြစ်သည်။
ကိုညီညီအောင်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးဉာဏ်ဝင်းက “ဒီနေ့ အမှုကို ရုံးတင်လိုက်ပါပြီ။ သူ့ကို စွဲဆိုထားတာက လိမ်လည်မှုပုဒ်မ (၄၂၀) နဲ့ စာရွက်စာတမ်းအတု အသုံးပြုမှု ပုဒ်မ (၄၆၈) တွေနဲ့ စွဲထားတာပါ။ သတင်းစာမှာ သူတို့ရေးထားတဲ့ဟာတွေနဲ့ အခုတင်တာနဲ့တော့ ဘာမှမဆိုင်ပါဘူး။ အခုတင်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့လည်း ကိုညီညီအောင်က ဒီစာရွက်စာတမ်းတွေကို သူမသိဘူးတဲ့။ တခါမှလည်း မသုံးဖူးဘူးတဲ့။ သူလည်းမလုပ်ဘူးတဲ့။ အဲလိုပြောပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခံခဲ့ရသည်။
မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုသည်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန်မကင်းဟု စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရသတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။
ကိုညီညီအောင်အပေါ် စွဲဆိုထားသည့် စွဲချက်ကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင်အထူးတရားရုံးအတွင်းသာ ပြုလုပ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
“ဒီနေ့ အမှုစွဲတင်တာပဲ ရှိပါသေးတယ်။ သက်သေတွေဘာတွေ စစ်တာမရှိသေးပါဘူး။ နောက်ရုံးချိန်းကို (၂၃) ရက်နေ့ ပေးလိုက်ပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေး အခင်းအပြီးတွင် ထောင်ဒဏ် (၅) နှစ်ချမှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။

Geen opmerkingen: