မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 oktober 2009

နယ်ခြားစောင့်တပ်ကို မိမိတပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလိုဟု မိုင်းလားတပ်ဖွဲ့ပြော

  

ခိုင်လင်း / ၃၀ အောက်တိုဘာ ၂၀၀၉

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် (၁ဝ) ဦး ကျော်ပါအဖွဲ့သည် ဌာနချုပ်ရှိရာ မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ အောက်တိုဘာ (၂၈) ရက်က သွားရောက်ကာ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအား ဆွေးနွေးခဲ့ကြသည်။
နယ်ခြားစောင့်တပ်ဖွဲ့ကို မိမိတပ်ဖွဲ့ဝင်များနှင့်သာ ဖွဲ့စည်းသွားလိုပြီး စစ်သင်တန်းကိုလည်း မိုင်းလားမြို့တွင်သာ ပြုလုပ်ရန်အတွက် ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့က တင်ပြခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကမူ ပြန်လည်ဆွေးနွေးကြရန်သာ ပြောခဲ့သည်ဟု အမည်မဖော်လိုသည့် မိုင်းလားတပ်ဖွဲ့အရာရှိတဦးက ပြောသည်။
၎င်းက “ဥက္ကဋ္ဌ ကိုယ်တိုင်ပါသွားတယ်၊ အားလုံး (၁ဝ) ယောက်ကျော်ရှိမယ်။ ဗိုလ်ချုပ်ရဲမြင့်နဲ့ ကျိုင်းတုံမှာ သွားဆွေးနွေးတာ။ မသွားခင် (၃) ရက်လောက်က ဒီမှာ အဖွဲ့ကခေါင်းဆောင်တွေ အရင် ဆွေးနွေးသေးတယ်။ ပြီးမှ သွားတာ။ အရင်မူအတိုင်းပဲ နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုတည်း ရှိရမှာကို လက်ခံတယ်။ နယ်ခြားစောင့်တပ်ကို ကိုယ့်အဖွဲ့တွေချည်းပဲ ဖွဲ့မယ်၊ သူတို့တပ်တွေ ပါစရာမလိုသေးဘူး။ သင်တန်းကို ဒီမှာပဲလုပ်မယ်။ အဲဒါ သွားတင်ပြတာ” ဟု ပြောသည်။
အင်အား (၁,၀၀၀) ကျော်ဝန်းကျင်ရှိ မိုင်းလားတပ်ဖွဲ့ဝင်များအား နယ်ခြားစောင့်တပ်ရင်း (၂) ရင်းအထိ ဖွဲ့ပေးမည်ဖြစ်ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များအား ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ပြောဆိုထားပြီး နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိသည်ဟု အဆိုပါ မိုင်းလားတပ်ဖွဲ့အရာရှိက ပြောသည်။
ယခုလ (၂၅) ရက်နှင့် (၂၆) ရက်နေ့တို့ကလည်း လားရှိုးမြို့တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးခဲ့ကြပြီး ဝနယ်မြေအနီးရှိနေသည့် နအဖတပ်များ အရင်ရုပ်သိမ်းပေးမှသာ ဆက်ပြီးဆွေးနွေးသွားရန် ဝတပ်ဖွဲ့က ပြောဆိုထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

Geen opmerkingen: