မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 31 oktober 2010

ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်မလဲ

မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ

တမျိုးသားလုံး စိတ်ကောင်းထားကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး ညီညွတ်ကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး စည်းကမ်းရှိပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
တမျိုးသားလုံး ပညာတတ်ပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
                                                လူတိုင်းသိ
အထက်ပါသဘောတရားများကို လူတိုင်းသိကြပါသည်။ လောကအလယ်သို့ရောက်စ ကလေး ငယ်များမှအစ သေနယ်သို့ တဖက်နင်းနေကြရပြီဖြစ်သည့်လူကြီးမင်းတို့အဆုံး၊ ဤသဘောတရားကို သိကြပါသည်။ အလွှာပေါင်းစုံ၊ အတန်းစားပေါင်းစုံသည် အထက်ပါ ရိုးရှင်းသည့် သဘောသကန်ကို နားလည်ထားကြပါသည်။ မြန်မာတမျိုးသားလုံး ထိုသဘော တရားကို နားလည်သဘောပေါက်ကြပြီး လက်ခံအသိအမှတ်ပြုကြပါသည်။ အားတက်စရာ၊ အားကိုးစရာ အာဂဗမာများပါတကား။
                                                 လူတိုင်းပြော
ထိုကြောင့်လူတိုင်းထိုသဘောတရားကိုဖော်ထုတ်ကြဘို့ နှိုးဆော်နေကြသည်။ “ မြန်မာပြည်သူပြည်သားများ စိတ်ကောင်းထားကြပါ၊ညီညွတ်ကြပါ၊စည်းကမ်းရှိကြပါ၊ပညာရှာကြပါ၊”လမ်းဘေးဈေးသည်၊ ဥဋ္ဌ်ကြားမြက်ပေါက်မှအစနအဖစစ်အုပ်စု၊တော်လှန်ရေးသမားအလယ်ဘုရားလူကြီး၊ မဟာသံဃာ့နာယကအဆုံး ရွှေနှုတ်ဖျားတွင် အထက်ပါ ရွှေစကားများကို တွင်တွင်ကြယ်ကြယ် သုံးပြုနေလျှက်ရှိကြသည်။ ဝမ်းမြောက်စရာ၊ နှစ်သက် စရာ အာဂဗမာများပါတကား။
                                                  လူတိုင်းကျင့်
                                                              သို့သော်…
ဗမာ့ကလေးငယ်များ ငတက်ပြားကလေးများဖြစ်နေကြပြီး၊ ဗမာ့လူပျိုပေါက်များ ဆေးသမား၊ ဘိန်းသမားဖြစ်နေကြသည်။ သမီးပျိုများ ပြည့်တန်ဆာဖြစ်နေကြရပြီး၊ သားပျိုများ လောင်းကစားဒိုင်ကြီးများ ဖြစ်နေကြသည်။ စီးပွားရေးသမားများ စဉ်းလဲနေကြပြီး၊ နိုင်ငံရေး သမားများ ဖောက်ပြားနေကြသည်။ ဝန်းထမ်းများ လာဒ်ပေးလာဒ်ယူလုပ်နေကြပြီး၊ အစိုးရဆို သူများ ခြစားနေကြသည်။ ဂေါပကများ ခွက်ပုန်းသောက်နေကြပြီး၊ သံဃာတော်များ အဂတိ လိုက် နေကြသည်။ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ အာဂဗမာများပါတကား။
                                              ပြောသလောက်မကျင့်
ဗမာတို့သည် စကားကြွယ်သလောက် ပျူပျူငှာငှာ၊ ချိုချိုသာသာ၊ တီတီတာတာ၊ ပလီပလာ အင်မတန်မှပင် ပြောဆိုကြပြီး ကြားရသူတိုင်း ဟဒယရွှင်ပြုံး စိတ်နှလုံးထုံးမွေ့ စရာပင်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ သိပ္ပံအကြောင်း၊ နိဗ္ဗာန်အကြောင်းများကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ကြီးကြီးကျယ်ကျယ် အဏ္ဏဝါလှိုင်းလုံးကြီးသဖွယ် အပင့် အမြှောက်၊ အလျှော့အတင်း၊ အကွေးအကောက်၊ အနိမ့်အမြင့်တို့ဖြင့် အားရိုက်ကြ၊ လေတိုက်ကြသည်မှာလည်း တဝုန်းဝုန်း၊ တရုန်းရုန်း။
တကယ့်ဖြစ်တည်မှုနှင့် အကျင့်ကြံ၊ အပြုအမူများကြတော့ နံ့သာဆီနှင့် အီး၊ ခွေးချီးနှင့် ထောပတ်ကွာသလို မိုးနှင့် မြေတမျှ ကွဲပြားခြားနားနေတော့သည်။ “ငါလုပ်သလို မလုပ်ကြနဲ့ ငါပြောသလိုလုပ်”ဆိုသည့် ဖောက်ပြန်သည့် စကားကို အသုံးချနေကြသည်မှာ မဟာ့မဟာ အမှား တခုပင်ဖြစ်လေတော့သည်။ နေ့အခါ အများရှေ့တွင် ဟန်ဆောင်ပြီး “အမေနဲ့ သား” ယဉ်ကျေးပြပြီး ညအခါ ကွယ်ရာတွင်ကျတော့ “မနှင့် မောင်” ရုတ်ချည်း ပြောင်းလွဲသွား ကြသည်မှာ ထွီဖွယ်စရိုက်၊ အာဂလူမိုက် အကျင့်ကြံများပါတကား။ ပါးစပ်ကဘုရားတပြီး လက်က ကားယားဖြစ်နေသည်နှင့် တူနေတော့သည်။
မနာလို ဝန်တိုမှု၊ အဂလိုက်မှုများ ပြည့်လျှမ်းနေကြပြီး ကျေးဇူးမသိတတ်၊ တာဝန် မယူတတ်၊ အမှားကို ဝန်မခံတတ်သည့် ဉာဉ်ဆိုးများလည်း အပြည့်အဝပင်။ ကြီးပွားမည် မကြံနှင့် ဘဝမေ့တော့သည်၊ ချီးမွမ်းမည်မကြံနှင့် ခြေဖျားထောက်တော့သည်။ မစားရလျှင် သဲနှင့်ပက်ချင်စိတ်၊ မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်၊ ကိုယ့်ထက်သာ မနာလိုသည့်စိတ်တို့သည် တမျိုးသားလုံးစိတ်ထဲတွင် ကိန်းဝပ်နေကြသည်။ မတုသင့်သည့် အရာတို့တွင် လျှင်စွာတုပကြီးပြီး တုပကောင်းသည့်အရာများကြတော့ တွန့်ဆုတ်လျှင် ဆားပက်ခံသည့် တီကောင်များပမာ။
                                          ကျင့်သလောက်မပြော
ဘုရားရဟန္တာ၊ သူတော်ကောင်းများမှာ “ငါရဟန္တာဖြစ်ပြီ၊ ဈန်ပျံကြွနိုင်သည်၊ ငါသာ ပညာတတ်၊ ငါသာ အမြတ်ဆုံး၊ ငါ့အား လာဒ်ပါတ်သကာ တို့ဖြင့် ပူဇော်ကြ၊ ”ဟု လူတကာရှေ့ မော်ကြွားခြင်းမရှိ၊ နောင်ကွယ်တွင်လည်း မော်ကြွားခြင်း မရှိပါ။ ဘုရားရဟန္တာ၊ သူတော် ကောင်းတို့သည် လူသူကင်းဝေး ဆိတ်ငြိမ်သည့် တောအုပ် များတွင် တရားဘာဝနာကို ပွားစည်းလျှက် အေးချမ်းစွာ နေလေ့ရှိပါသည်။ ပညာရှိ သူတော်ကောင်းတို့သည် မိမိနာမည်ကို ဖော်၍ ဝါကြွားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာနေ ကြသည်။ ကိုယ်ရည်အမျိုးမျိုးသွေးပြပြီး ကိုယ့်နာမည်ဖော်ကာ ရပ်တကာရွာအနှံ ကြွားဝါကြသူများမှာ မသူတော်များပင်ဖြစ်သည်။ သူတော်ကောင်းများမှာ ကျင့်သလောက် မပြောဘဲ ပညာရှိပီပီ နှုတ်ဆိတ်လျှက်ရှိကာ ပြောသလောက် မကျင့်ဘဲ ရပ်တကာအနှံ့ စပ်ရာစပ်ရာဖြန့်၍ မသူတော်များမှာ အပြစ်များကို တိုးပွားစေကြ၏။
                                                ဝေလာဝေး
တိုင်းပြည်၏ အနာဂါတ်ကံကြမ္မာသည် တည်ငြိမ်အေးချမ်းလာဘို့ဝေးစွ၊ ထိုလူ၊ ထိုစိတ်၊ ထိုအကျင့်၊ ထိုအပြုအမူတို့များနှင့်တော့ အရွယ်လွန်ပြည့်တန်ဆာကဲ့သို့ အောက်ကျ၊ နောက် ကျ မျက်နှာမလှနှင့် ထမင်းမဝ၊ ခါးမလှဘဝသို့ရောက်ရှိဦးမည်ဖြစ်သည်။“ပျက်စဉ်ပြင်ခဏ”ဟုပါးစပ်တဖွဖွ ရွတ်ဆိုနေကြသော်လည်း ထိုအညဉ်ဆိုးများကို မည်သူမှမပြင်ကြ။ ပြင်ရန် မတိုက်တွန်းကြ၊ ကိုယ်ကိုယ်တိုင်လည်း မပြင်ကြ ထိုသို့မပြင်သမျှကာလပတ်လုံး ချေးအိုး၊ သေးအိုးကဲ့သို့ နံဟောင်ပုပ်သိုး ရွံရှာဖွယ်ဖြစ်မျိုးနှင့် မျက်နှာငယ်စွာ နေကြရဦးမည် ဖြစ်သည်။
                                      မှန်တာပြောလျှင် ရွာပြင်မရောက်
သီလမလုံ အထုံအဖျင်းများ ပေါများလာကြသည်တပြိုင်နက် “မှန်တာပြောလျှင်၊ ရွာပြင်ရောက်/ ဖြောင့်လွန်းသည့်သစ်ပင်၊ တက်ရခက်”ဆိုသည့် စကားပုံမှာ လူတကာ၊ ရပ်တကာ၊ ဈေးတကာတို့တွင် ရေပန်းစားနေတော့သည်။ ထိုစကားပုံသည် မှားယွင်းစွာ ဖောက်ပြန်သူများ၏ လက်သုံးစကား ဂွင်ဆင် ထွင်လုံးများသာဖြစ်သည်။ ဘုရားရဟန္တာ၊ သူတော်ကောင်းတို့သည် အရိုးပင်ကြေကြေ၊ အသက်ပင်သေသေ ကိုယ်ကျင့်သီလအရာ၌ တစွန်းတစမှ ဖောက်ပြန်ကြရိုး ထုံးတမ်းမရှိပါ။ ရေစုန်သို့သာ အသာတကြည်မျှောလိုက်ကြပြီး အကုသိုလ်တရားတို့၌ ပျော်ပါးနေသူတို့သာ အကျိုးအကြောင်းမမြင်နိုင်ကြဘဲ ကတိမတည်၊ သစ္စာမမြဲ အကျင့်သီလ ဖောက်လွဲကြခြင်းဖြစ်သည်။ သတ္တဝါအားလုံးသာ သီလမြဲကာ မှန်အတိုင်း ပြောဆိုကြလျှင် ရွာပြင်လည်းမရောက်၊ လိုလားသလောက် အကျိုးဖြစ်ထွန်း မည်သာဖြစ်သည်။
                                     ကိုယ်တိုင်ကျင့် ကိုယ်တိုင်ကြံ
မိမိကောင်းချင်လျှင်မိမိကိုယ်တိုင်ကျင့်ကြံရမည်၊မိမိလူမျိုးကိုကောင်းစေချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိတိုင်းပြည်ကောင်းစေချင်လျှင် မိမိတိုင်ကိုယ်ကျင့်ကြံရမည်၊ မိမိနိုင်ငံကောင်းစေချင်လျှင် မိမိကိုယ်တိုင်ပင်ကျင့်ကြံရမည်သာ။ မိမိကိုယ်တိုင်က မကျင့်ကြံ၊ မလိုက်နာဘဲ အများသူငါကို လမ်းပြလို့မရ၊ ညွန်ပြလို့မရ၊ ဆုံးမလို့မရသလို အပြစ်တင်လို့ လည်းမရနိုင်ပါ။ မိမိကိုယ်တိုင်ကျင့်ကြံလိုက်နာပါမှ အများသူငါကို ကိုယ်လိုရာသွပ်သွင်း၍ ကောင်းခြင်းသို့ ရောက်စေနိုင်မည်ဖြစ်သည်။ ထိုကြောင့် စကားမများ လေပွားမနေဘဲ မိမိကိုယ်တိုင်ကပင် အများသူငါ စံထားလောက်စရာဖြစ်အောင် တရားလက်ကိုင်၊ သတိခိုင်မြဲ၊ စိတ်ဇွဲမလျှော့ကာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကောင်းရာသို့ ပို့ဆောင်ကြပါဟု တိုက်တွန်း အပ်ပါသည်။
                                                                   အရှင်ဓမ္မ(ဒေလီ)

zaterdag 30 oktober 2010

ရွေးကောက်ပွဲကြောင့် အပြောင်းအလဲ မဖြစ်နိုင်ဟု တိုင်းရင်းသားများပြော

ဧရာဝတီ Saturday, 30 October 2010 18:06
.စစ်အစိုးရကဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲရလဒ်မှမည်သည့်နိုင်ငံရေးပြောင်းလဲမှုမျှ ဖြစ်လာမည်မဟုတ်ဟု ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
မြန်မာ့အရေး လှုပ်ရှားသူများနှင့် ထိုင်းရုပ်သံလိုင်းThaiPublicBroadcastingServiceတို့ ဦးစီးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်တွင် ယမန်နေ့က ကျင်းပသည့် “၂၀၁၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားများ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲတွင် ဤသို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိမယ်လဒုက္ခသည်စခန်းမြင်ကွင်း။တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်အစိုးရအကြားပဋိပက္ခများကြောင့်ဒုက္ခသည်များတိုးပွားလာဖွယ်ရှိသည်(ဓာတ်ပုံ-Reuters)
ဆွေးနွေးပွဲ တက်ရောက်လာသည့် ကရင်အမျိုးသား ကွယ်စေး က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေအတွက် အာမခံချက် မရှိသလို ဘယ်လိုမှလည်း အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူးဟု ဆိုသည်။
ရှမ်းအမျိုးသမီးများလှုပ်ရှားမှုကွန်ယက်(SWAN)အဖွဲ့မှမနန်းချမ်တောင်းက စစ်အစိုးရသည် စစ်ယူနီဖောင်းမှ အရပ်သားအဝတ် ပြောင်းလဲလိုက်ခြင်းသာဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် မည်သည့် နိုင်ငံရေး အပြောင်းအလဲမျှ ဖြစ်လာမည် မဟုတ်ကြောင်း ပြောသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ အပစ်ရပ်အဖွဲ့များကို ဖိအားပေးနေခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များ၊ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ ပို၍ တိုးပွားလာစေနိုင်သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများက ပြောဆိုကြသည်။
ကရင်အမျိုးသမီးအဖွဲ့ (KWO)မှ ဝါးခူးရှီး က စစ်အစိုးရအနေဖြင့် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ လိုလားပါကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် စတင် သင့်သည်ဟု ပြောဆိုသည်။
တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလိုပါက မိမိတို့ဘက်မှ အသင့်ရှိသည်ဟုလည်း ဝါးခူးရှီးက ဆက်လက်ပြောသည်။
မွန်အမျိုးသမီးတဦးဖြစ်သူ မိအိုက်စောင်းန်က ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် ဖြေရှင်းချက်တရပ် မဟုတ်ကြောင်း၊ စစ်အစိုးရကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမည့် ရွေးကောက်ပွဲတခုသာ ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲကို အင်တာနက်မှ တိုက်ရိုက် Liveထုတ်လွှင့်ခဲ့ပြီး တက်ရောက်လေ့လာသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အစိုးရ အပေါ်တွက် ဆက်လက်၍ ဖိအားပေးသွားရန် တိုင်းရင်းသား အဖွဲ့အစည်းများက ဆွေးနွေးပွဲအပြီးတွင် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည်။
စစ်အစိုးရက ရုရှားနိုင်ငံမှ မကြာသေးမီက ဝယ်ယူခဲ့သည့် Mi-24 အမျိုးအစား စစ်သုံးရဟတ်ယာဉ်များသည် ရွေးကောက်ပွဲ အပြီး တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူ များက ပြောဆိုကြသည်။



CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး

စိုင်းဇွမ်ဆိုင်း Saturday, 30 October 2010 16:35
.စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI)ဖွဲ့စည်းရေးကို မထောက်ခံကြရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် တရုတ်နိုင်ငံက အပြင်းအထန် စည်းရုံးနေကြောင်း သတင်းရရှိသည်။
၂၀၁၀၊ စက်တင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆိုနေသည့် တရုတ် သမ္မတ ဟူကျင်းတောင် (ဓာတ်ပုံ - Reuters)
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပီဂျေ ခရော်လေ က အမေရိကန် အနေဖြင့် CoI ဖွဲ့စည်းရေးကို ထောက်ခံကြရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေချိန်တွင် တရုတ်နိုင်ငံက တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပေါ် ခြိမ်းခြောက်သည့်သဘောမျိုးဖြင့် မထောက်ခံကြရန် ပြောဆိုမှုများရှိနေသည်ဟု ၎င်း၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြောင်း သိရသည်။
“ဒီအခြေအနေမှာဘယ်လိုအပြန်အလှန်ပြောဆိုမှုတွေပေါ်လာဦးမလဲဆိုတာကိုတော့ မပြောတတ်သေးပါဘူး။ သေချာတာ တခုက ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေပါတယ်။ တရုတ်အရာရှိတွေနဲ့ ဆွေးနွေးဖို့ ကျနော့်အနေနဲ့ အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်ပါဘူး”ဟု ပီဂျေခရော်လေ က ဆိုသည်။
မစ္စတာ ပီဂျေခရော်လေ က မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် ကိစ္စများအပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မတူညီသော အမြင် သဘောထားများ ရှိကြကြောင်း၊ တချို့နိုင်ငံများသည် CoI ဖွဲ့စည်းရေးကို ထောက်ခံမှုသော်လည်း ကျန်ရှိနေသော နိုင်ငံများသည်း မတူညီသည့် အကြောင်းပြချက်ပေါင်း ၂၅ ခုကြောင့် နှောင့်နှေးနေကြခြင်း ဖြစ်ကြောင်း ပြောသည်။
CoIဖွဲ့စည်းရေးအတွက်လှုံ့ဆော်နေသည့်အဖွဲ့အစည်းတခုဖြစ်သောထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB)အဖွဲ့မှ မချယ်ရီဇောင်ဟောင်း က တရုတ်နိုင်ငံအပြင် အိန္ဒိယနိုင်ငံသည်လည်း CoI ဖွဲ့စည်းရေးကို ထောက်ခံခြင်းမရှိဟု ဧရာဝတီသို့ ပြောသည်။
“သူတို့တွေကစစ်အစိုးရကိုကာကွယ်နိုင်သလောက်ကာကွယ်ကြမှာပဲလေ။ အဲဒီလို အကာအကွယ်ပေးနိုင်မှပဲ မြန်မာနိုင်ငံက သယံဇာတတွေ အကျိုးအမြတ်တွေ ရရှိမယ်လေ။ ဒါကတော့ ထူးထူးခြားခြား မဟုတ်ဘူးလို့ ကျမ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်အစိုးရအား ယခုကဲ့သို့ အကာအကွယ်ပေးနေခြင်းသည် မြန်မာနိုင်ငံသားများကို ဖိနှိပ်ရာရောက်ကြောင်း၊ လူ့အခွင့်အရေးကို အလေးအနက်ထားရန် တိုက်တွန်းနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဆန့်ကျင်ရာရောက်ကြောင်းနှင့် ၎င်းတို့ နိုင်ငံအနေဖြင့်လည်း သိက္ခာကျကြောင်း မချယ်ရီဇောင်ဟောင်း က ဝေဖန်သည်။
CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ နယူးဇီလန်၊ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။



vrijdag 29 oktober 2010

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်တွင် ကြားနာ

မင်းနိုင်သူ Friday, 29 October 2010 18:06
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏နေအိမ် အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်က ယနေ့ လက်ခံကြားနာ စစ်ဆေး ခဲ့သည်။
၂၀၀၇ ခု အောက်တိုဘာ ၆ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာ သံရုံးအပြင်ဘက်တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သံတိုင်အနောက်တွင် ထားပြီး သရုပ်ဖော် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - Getty Images)
ယနေ့ တရားရုံးချုပ် ကြားနာမှုနှင့် စပ်လျဉ်း၍ NLD ဒုဥက္ကဌ ဦးတင်ဦးက “ဒီနေ့ မနက် ၁၀ နာရီတိတိမှာပဲ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၃ ဦးပါ အဖွဲ့က အမှုကို စတင် ကြားနာပါတယ်။ ဒီဘက်က ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က အယူခံလျှောက်လဲချက်ပေးပြီး တဘက်ရှေ့နေကလည်း လျှောက်လဲချက်ပေးပါတယ်။ လိုက်ပါသွားကြတဲ့ ပါတီဝင်တွေကိုလည်း တရားရုံးချုပ်က ၀င်ရောက် နားထောင်ခွင့်ပြုခဲ့ပါတယ်။ နေ့လည် ၁ နာရီလောက်မှာ သူတို့ နှစ်ဘက် လျှောက်လဲချက် ပေးပြီးပြီလို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ကြားနာမှုသည် နေအိမ်အကျယ်ချုပ် အယူခံအတွက် နောက်ဆုံးတရားခွင်ဖြစ်ခဲ့ပြီး မည်ကဲ့သို့ ဆုံးဖြတ်သည်ကိုမူ တရားရုံးချုပ်က ချက်ခြင်းမထုတ်ပြန်သေးပေ။
“ဒီလိုကိစ္စမျိုးက ချက်ခြင်း ဆုံးဖြတ်ချက်ချလေ့မရှိပါဘူး။ သူတို့ နှစ်ဘက် လျှောက်လဲချက်တွေအပေါ် စဉ်းစား ဆုံးဖြတ်ပြီးမှ တရားရုံးချုပ်တွေမှာ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်ကြရမှာပါ။ ဒီတပတ် သောကြာနေ့မှာ ကြားနာတဲ့ အမှုကို နောက်တပတ် သောကြာမတိုင်မီမှာ ထုတ်ပြန်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ထင်မြင်ချက်ပါ” ဟု ဦးတင်ဦးက ဆိုသည်။
နေအိမ်အကျယ်ချုပ်လျှောက်လဲချက် ပေးခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ယနေ့ ရန်ကုန်သို့ ပြန်လာနေကြဆဲ ဖြစ်သဖြင့် မည်ကဲ့သို့ လျှောက်လဲချက်ပေးခဲ့ကြသည်ကိုမူ မသိရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။
နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသည်။
ထို့နောက် တရားရုံးချုပ် (ရန်ကုန်) က ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည် လက်ခံကြားနာခဲ့ပြီး နေပြည်တော် တရားရုံးချုပ်တွင် ဆက်လက်ကြားနာရန် ဆုံးဖြတ်ပေးခဲ့သည်။
နေပြည်တော်တရားရုံးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် ချထားသော နေအိမ်အကျယ်ချုပ် ၁၈ လ ပြည့်ရန် ၁၅ ရက် အလိုတွင် လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။၏
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ

နရီလင်းလက် Friday, 29 October 2010 17:58
.မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။
ဆန္ဒမဲပေးရန် အမည်စာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ရုံးများတွင် ဖော်ပြပေးထားသော်လည်း အမည်စာရင်း လာကြည့်သူ ၅ ဦးထက်မပိုကြောင်း အနောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင် တဦးကပြောသည်။
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမဲဆွယ်မှုအတွင်းအဆိုပါ ပါတီ၏ ပိုစတာတခုကို ဝယ်ယူရန် ကြည့်ရှုနေသည့် အမျိုးသမီးတဦး (ဓာတ်ပုံ - AP)
အဆိုပါ ရလဒ်မှာ မဲမပေးရေး ဆန့်ကျင်မှုလုပ်ရပ်များကြောင့်မဟုတ်ဘဲ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ်ပြည်သူလူထုကိုယ်တိုင်စိတ်ပါဝင်စားမှု မရှိခြင်းအားပြသခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဝေဖန် ပြောဆို နေကြသည်။
“ကျေးလက်တောရွာတွေမှာ မဲပေးမယ့်သူက ရာခိုင်နှုန်း တော်တော်များများရှိတယ်။ အဓိက မြို့ကြီးတွေမှာ ကျတော့ ရွေးကောက်ပွဲ အသိပညာနဲ့ ထိတွေ့မှုရှိနေတော့ ကိုယ်ကြိုက်တဲ့ပါတီတခုကို မဲထည့်လိုက်လို့ ရွေးကောက်ပွဲပြီးသွားလည်း စစ်အစိုးရဖွဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ပဲ အနိုင်ရမှာ သိနေတော့ သွားထည့်ဖို့ စိတ်မ၀င်စားကြဘူး”ဟုအလုံ မြို့နယ် ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။
မြို့ပြတွင် မဲမပေးလိုသည့် လူထု ၇၀ ရာခိုင်နှုန်းခန့်နှင့် အပြောင်းအလဲဖြစ်လာမလားဟု မျှော်လင့်ကာ မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သူက ရှင်းပြသည်။
စစ်အစိုးရကျင်းပမည့်ရွေးကောက်ပွဲသည်ပြောင်းလဲမှုတစုံတရာဖြစ်လာမည်ဟု မျှော်လင့်ချက်မရှိသောကြောင့် မဲသွား ပေးမည်မဟုတ်ဟု ဆေးဝါးသုတေသနဌာနမှ ဆရာဝန်ဦးက ပြောသည်။
“အခုလောလောဆယ် ကြံ့ဖွံ့က အင်အားအကောင်းဆုံး ဖြစ်နေတာက တပိုင်း၊ တကယ်လို့များ လွှတ်တော်မှာ တခြားပါတီတခုကလည်း အပြိုင် အနိုင်ရခဲ့ရင်ရော တကယ် အဲဒီပါတီကို အုပ်ချုပ်ခွင့် ပေးမှာလားဆိုတာ ဘယ်သူမှ မယုံဘူး။ ဒါကြောင့်လည်း အပြောင်းအလဲဖြစ်မလာမယ့် အရေးကို မဲမထည့်ချင်ဘူး” ဟု သူက ဆိုသည်။
မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်တွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ပါတီ) တို့အား မဲပေးလိုမှု များကြောင်း သိရသည်။
“ကြံ့ဖွံ့ပါတီကတော့ လုံးဝ မဲမပေးဘူး။ ကျန်တဲ့ ပါတီထဲက စဉ်းစားရမယ်ဆိုရင် ကြံ့ဖွံ့ကို အပြိုင်နိုင်ဆုံးက NDFပဲရှိတော့NDFကိုမဲထည့်မယ်။ရွေးကောက်ပွဲမှာကြံ့ဖွံ့နိုင်မယ်ဆိုတာသိပေမယ့် တမဲ ထည့်လိုက်ရတယ်၊ စစ်အစိုးရပါတီ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်တမဲက သူတို့အတွက် ဆန့်ကျင်လိုက်ရတယ် ဆိုတာမျိုးနဲ့ ကျေနပ်ရတာပေါ့” ဟု ပညာရေး တက္ကသိုလ် ဘွဲ့လွန် ကျောင်းသားတဦးက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ သဘောထားအမှန်ကောက်ယူမှုအရNLDပါတီ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက်ယူထားခဲ့ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ထောက်ခံမှု မရှိခဲ့သော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ထောက်ခံမှု ရယူခဲ့သည့် သာဓကများ ရှိခဲ့ခြင်း တို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တစုံတရာ ပြောင်းလဲမှုဖြစ်နိုင်ဖွယ်ရာမရှိသည့်အတွက် မဲပေးလိုမှု စိတ်ဆန္ဒ မရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ သတင်းထောက်တဦးက ဆိုသည်။
“ပြည်သူလူထု မဲမပေးချင်တဲ့အချက်ထဲမှာ ပါတီတွေကနေ ရွေးကောက်ပွဲကို မထောက်ခံဖို့၊ မဲမပေးဖို့ လှုပ်ရှားမှုတွေကြောင့် မဟုတ်ဘူး။ မြန်မာပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အလှမ်းဝေးအောင်၊ စိတ်မ၀င်စားအောင် စစ်အစိုးရက လုပ်ထား တဲ့ အချက်တွေကြောင့်လည်း ပါတယ်။ နိုင်ငံရေး အသိပညာ ချို့တဲ့တဲ့ လူတွေကျတော့ နိုင်ငံရေး၊ ပါတီ ဆိုတဲ့အသံကြားတာနဲ့ ထောင်ကိုပဲ ပြေးမြင်တာ။ နောက်တခုက စီးပွားရေးပေါ့။ တဘက်မှာ ကိုယ့်စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန် နေရတော့ စိတ်မ၀င်စားတော့ဘူး” ဟု သူက ဆက်ပြောသည်။
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲ၌ ကြိုက်နှစ်သက်သည့် ပါတီတခုမှ မပါဝင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှစ်သက်မှုမရှိခြင်းကြောင့် ယခု ကျင်းပသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒဂုံ တက္ကသိုလ် သမိုင်းဌာနမှ နည်းပြဆရာ တဦးက ပြောသည်။
“အခု ကြည့်လိုက်ရင် ကြံ့ဖွံ့ ပါတီက လွဲပြီး သူနဲ့ ယှဉ်မယ့် ပါတီတွေကရော အားကိုးရပါ့မလား ဆိုတာမျိုး မေးစရာရှိလာတယ်။ တစည ပါတီကလည်း မဆလ ကနေ ပေါက်ဖွားလာတာ။ NDFဆိုတာကလည်း ဒေါ်စုက ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြော လိုက်တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကနေ ခွဲထွက်သွားတဲ့ ပါတီတခုလို့ မြင်တယ်။ ဒီတော့ ဘယ်ပါတီကိုမှ မဲမပေးချင်ဘူး” ဟု သူက ရှင်းပြသည်။
အနုပညာအလုပ်နှင့် စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်နေရသောကြောင့် ရွေးကောက်ပွဲနှင့် ပါတီများကို စိတ်မ၀င်စား နိုင်ကြောင်း ၀ါရင့် အနုပညာရှင်အမျိုးသမီးတဦးက ပြောသည်။
“ပါတီတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို အမှန်အတိုင်းပြောရရင်စိတ်မ၀င်စားဘူး။ ရွေးကောက်ပွဲ လုပ်မယ် မဲထည့်ရမယ်ဆိုတာတော့ သိတယ်။ ဘယ်သူ့ ထည့်ရမယ်မသိဘူး။ ဘယ်သူတက်တက် ကိုယ့်ဘာသာကိုယ်ပဲ ရှာစားရမှာ ဆိုတော့ စိတ်လည်းမ၀င်စားဘူး။ ခု ရုပ်ရှင်ကားတခု အတွက် နိုင်ငံခြားမှာ အသံထည့်တာတို့ အဲဒီလိုမျိုးတွေလုပ်ဖို့ ကိုယ့်စီးပွားရေးအတွက်ပဲ ခေါင်းထဲမှာရှိတယ်” သူက ဆိုသည်။
လက်ရှိ ကြံ့ဖွံ့ပါတီသည် ပါတီဝင် အင်အား ၁၆ သန်းမှ ၁၈ သန်းကြားတွင်ရှိသည်ဟု ထုတ်ပြန်ထားပြီး၊ ကြံ့ဖွံ့ပါတီကို ထောက်ခံ သည့် မဲဆန္ဒများကိုလည်း နည်းလမ်းမျိုးစုံအသုံးပြု ရယူနေသော်လည်း အမှန်တကယ်တွင်မူ ရွေးကောက်ပွဲကို စိတ်ပါ ၀င်စားသည့် လူထု နည်းနေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ဂီရီကြောင့် ဆန်နှင့် ကြက်သွန် ဈေးတက်

ရန်ပိုင် Friday, 29 October 2010 18:01
.ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပြည်တွင်း ဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ဆန်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ ထွက်သည့် ဆန်များကို ပြည်တွင်းဈေးကွက်သို့ တင်ပို့နေရာမှ မုန်တိုင်းတိုက်ခတ်ပြီးနောက် ဈေးကွက်သို့ ၀င်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊ ရခိုင်ပြည်နယ်သို့ပင် ပြန်လည်တင်ပို့နေရသည့်အတွက် ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ပွဲရုံပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုတနိုင်ငံလုံး ဆန်သစ်ပေါ်ကာစ စပ်ကူးမတ်ကူးကာလဆိုတော့ လှိုင်လှိုင်မပေါ်သေးဘူး။ ပထမပိုင်းက ရခိုင်ကနေ သွင်းနေတာ။ အခုတော့ သူတို့ဆီက အလှူဆန်ဆိုပြီး ပြန်ဝယ်နေတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်မှ တင်သွင်းသည့် ယမန်နှစ်ကထွက်ရှိသော ရွှေဝါထွန်း အမာဆန် ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် မကြာမီရက်ပိုင်းက ၁၇၀၀၀ ကျပ် ဈေးနှုန်းရှိရာမှ ယခုအခါ ၁၇၅၀၀ ကျပ်၊ ဇီယာဆန်မှာလည်း ၁၇၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု အဆိုပါ ပွဲရုံပိုင်ရှင်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာပြည်အတွင်း အဓိက စပါးစိုက်ရာဒေသကြီးများ ဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးများသည့်အတွက် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
ယခုအခါ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ တချို့သော ဒေသများတွင် ဆန်အသစ်များ စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း၊ အသစ်ပေါ်သည့် ရွှေဝါထွန်း အမာဆန်များကို ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ တင်ပို့နေရကြောင်း ပြည်မြို့မှ ဆန်ကုန်သည်တဦးကလည်း ပြောသည်။
“ရခိုင်နဲ့ပဲခူးတိုင်းနယ်နိမိတ်အစပ်မှာရှိတဲ့ညောင်ဂျိုးဂိတ်ကနေရခိုင်ပြည်နယ်ထဲကိုတော့ဆန်သယ်ခွင့်ပေးတယ်။ ရခိုင်ကနေ ပြည်ဘက်ကို ထွက်ခွင့်မပေးတော့ဘူး” ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများအတွက် ဝေငှရန် လိုအပ်သည့်ဆန်များကို ရန်ကုန်မြို့၊ ပြည်မြို့ စသည့်မြို့များမှ တင်သွင်းနေကြောင်း၊ ပြည်မြို့မှ တောင်ကုတ်မြို့သို့ သယ်ယူပို့ဆောင်ရေးစရိတ်မှာ ဆန်တအိတ်လျှင် ၁၂၀၀ ကျပ်ရှိပြီး ရန်ကုန်မြို့မှ တောင်ကုတ်သို့ ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်အကြား ပေးရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
တောင်ကုတ်မြို့မှ ဆန်ကုန်သည်တဦးက လက်ရှိအနေအထားတွင် တောင်ကုတ်ဈေးကွက်၌ ရွှေဝါထွန်း အမာဆန်သစ် တအိတ်လျှင် ၁၅၅၀၀ ကျပ်နှုန်းရှိပြီး ဆန်အဟောင်းမှာ တတင်းခွဲ တအိတ်လျှင် ၁၆၅၀၀ ကျပ် ဈေးရှိသည်ဟု ဆိုသည်။
မုန်တိုင်းကာလတွင် ရိတ်သိမ်းရတော့မည့် စပါးစိုက်ခင်းများသို့ ပင်လယ်ဆားငန်ရေ ၀င်ရောက်သည့်အတွက် ပျက်စီးမှုများရှိသည်ဟု ကြားရကြောင်း၊ ဒေသတွင်းဆန်ပြတ်လပ်မှု ဖြစ်နိုင်သည်ဟု ဈေးကွက်အတွင်း ခန့်မှန်းပြောဆိုနေကြကြောင်း တောင်ကုတ်မြို့ခံ ဆန်ကုန်သည်က ပြောသည်။
ဂီရိ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်သို့ ဖြတ်သန်းပြီးနောက် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ကာ အားပျော့သွားခဲ့သည်။
ရခိုင်ပြည်နယ် ဆန်စပါးကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတဦးက “ရေငန်တား တမံတွေကျိုးလို့ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်မှာ လယ်ဧက တော်တော်များများ ပျက်စီးသွားတယ်လေ။ ဘယ်ရွေ့ဘယ်မျှဆိုတာ သေချာမသိရသေးပေမယ့် အားလုံးပေါင်းလိုက်ရင် အနည်းဆုံးတော့ ဧကထောင်ချီမှာပါ” ဟု ပြောသည်။
ယခုလဆန်းပိုင်းကလည်း သံတွဲမြို့နယ်အတွင်း ရေငန်တား တမံများ ကျိုးပေါက်သောကြောင့် လယ်ဧက ငါးထောင်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ဂီရိမုန်တိုင်းကြောင့် ပေါက်နယ်အတွင်းရှိ အုန်းတောနှင့် ရေပြာ ဘေလီတံတား ၂ စင်း ရေထဲပါသွားပြီး ဆိပ်ဖြူမြို့နယ်နှင့် ပခုက္ကူမြို့နယ်အကြားရှိ ကံတွင်း ကွန်ကရစ်တံတားကြီးလည်း ကျိုးသွားကြောင်း၊ ချောင်းနားရွာနှင့် ဆင်သေရွာတို့သည် ရွာလုံးကျွတ်ရေမြုပ်သွားကြောင်း သိရှိရသည်။
ဂီရိမုန်တိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ရာ မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ယောချောင်း၊ ကျောချောင်း စသည့် ချောင်းများအတွင်း တောင်ကျချောင်းရေများ စီးဆင်းခဲ့ကြောင်း၊ ထို့အပြင် ချောင်းတလျှောက်ရှိ ကျေးရွာများ၊ ကြက်သွန်သိုလှောင်သည့် အဆောက်အဦများ၊ ကြက်သွန်စိုက်ခင်းများ ပျက်စီးသွားကြောင်း ဒေသခံ ကြက်သွန် ကုန်သည်တဦးက ဆိုသည်။
“လွန်ခဲ့တဲ့တလလောက်က ရွာမှာအထိုင်ဝယ်ရင် တပိဿာ ၁၀၀ ကျပ်ဈေးနဲ့ ၀ယ်သူတောင် မရှိတဲ့ ကြက်သွန်က အခုမုန်တိုင်းကြောင့် တပိဿာ ၆၅၀ ကျပ်ဈေး ဖြစ်သွားပြီ” ဟု ၎င်းကဆိုသည်။
မိုးများစွာ ရွာသွန်းသည့်အတွက် တောင်သူကြီးများထံတွင် လှောင်ထားသည့် ကြက်သွန်များလည်း ပျက်စီးသွားကြောင်း၊ ကြက်သွန်ဈေးမှာ ပြီးခဲ့သည့် လပိုင်းများက ဈေးနှုန်းထိုးကျနေသည့်အတွက် ကုန်သည်များသည် ကျဈေးဖြင့် ရောင်းချခဲ့ကြောင်း၊ ယခု ဈေးတက်သည့်အချိန်တွင် ကုန်သည်များထံတွင် ကြက်သွန်လက်ကျန် မရှိနိုင်ကြောင်း ယင်းဒေသခံ ကုန်သည်က ဆက်လက်ပြောသည်။
ယခုအခါ ကြက်သွန်စိုက်ဒေသများဖြစ်သည့် ဆင်ဖြူကျွန်း၊ စလင်း၊ ဆိပ်ဖြူ၊ ယောနယ်၊ မြစ်သား၊ မြင်းခြံမြို့နယ်များတွင် စိုက်ပျိုးထားသည့် ကြက်သွန်စိုက်ခင်း ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးနိုင်ပြီး နွားထိုးကြီးမြို့နယ်တွင်သာ မပျက်မစီး ကျန်ခဲ့သည်ဟု သိရသည်။
ယခုပျက်စီးသွားသည့် ကြက်သွန်စိုက်ခင်းများကို တောင်သူများက ပြန်လည်စိုက်ပျိုးနေပြီး လာမည့် ဇန်န၀ါရီလတွင်သာ ကြက်သွန်အသစ် ပေါ်တော့မည် ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကြက်သွန်ဈေးမှာ တပိဿာ ၁၀၀ ကျပ်အထိ ကျဆင်းခဲ့သည်အတွက် ဈေးနှုန်း အဆမတန် ကျဆင်းနေမှုကို ကာကွယ် တားဆီးပေးရန် ကြက်သွန်စိုက် တောင်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေး ပို့ခဲ့သေးသည်။
ယခုအခါ ရန်ကုန်မြို့ ကြက်သွန် လက်လီဈေးမှာ တပိဿာလျှင် ၁၂၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။



CoI ဖွဲ့စည်းရေး အမေရိကန် ဖိအား ထပ်ပေးမည်

ဧရာဝတီ Friday, 29 October 2010 16:48
.မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်(CoI)ဖွဲ့စည်းရေးအတွက် အမေရိကန် အစိုးရက ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမေရိကန်နိုင်ငံဟာဝိုင်ယီကျွန်း၊ဟိုနိုလူလူမြို့တွင်အမေရိကန်-အာရှပစိဖိတ်ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ပြောနေစဉ်(ဓာတ်ပုံ-Reuters)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CoIဖွဲ့စည်းပြီး စစ်ဆေးဖို့အတွက် ကျမတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ပူးပေါင်းပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျမ ပြောချင်ပါတယ်”ဟု ယမန်နေ့က ပြောဆိုသည်။
အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူမြို့တွင် အမေရိကန်-အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဟောပြောစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“မကြာခင်မှာပဲ အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ကျမတို့ သိသလောက်ကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲဆိုတာထက် အများကြီး ပိုပါတယ်။ မြန်မာ့ ခေါင်းဆောင်တွေကို သူတို့ရဲ့ မူဝါဒဟောင်းကြီးတွေကနေ လမ်းခွဲထွက်ရမယ်လို့ ကျမ ပြောချင်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ အစည်းအဝေးတွင်လည်း မစ္စ ကလင်တန်က အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် မြန်မာ့အရေးကို ဆွေးနွေးမည်ဟု သိရှိရသည်။
အာဆီယံ အစည်းအဝေးကို ယမန်နေ့က စတင်ခဲ့ပြီး ယခုလ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းပြောဆိုချက်အပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လေက စစ်အစိုးရ၏ ယင်းလုပ်ရပ်သည် သူရဲဘောကြောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားလိုက်ခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။
ယမန်နေ့တွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်မီလွှတ်ပေးရန် ဦးဉာဏ်ဝင်းကို ဖိအားပေးပြောဆိုကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ပီရုမ်းကTheNationသတင်းစာသို့ ပြောဆိုထားသည်။
ယင်းသို့ ဖိအားပေးပြောဆိုသည့် အပေါ်တွင်လည်း ဦးဉာဏ်ဝင်းက တစုံတရာ တုံ့ပြန်ခြင်း မရှိကြောင်းလည်း သိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စဝမ် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်း၊ ဆက်လက် ဖမ်းဆီးထားရန်အကြောင်း မရှိကြောင်း ပြောသည်ဟု အေပီသတင်းဌာနတွင် ဖော်ပြထားသည်။

အဲပုဂံကို မစီးရန် သပိတ်မှောက်

သန်းထိုက်ဦး Friday, 29 October 2010 13:34
.စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ အဲပုဂံ (Air Bagan) လေကြောင်းလိုင်းကို ခရီးသွားများအနေဖြင့် မစီးကြရန် မြန်မာ့အရေး လှုပ်ရှားနေသော နိုင်ငံခြားသားတချို့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဲပုဂံ ရုံးခွဲရှေ့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
                                 ဆန္ဒပြမှုစတင်သည်နှင့်အဲပုဂံရုံးခွဲတံခါးများကိုပိတ်လိုက်သည်(ဓာတ်ပုံ-ဧရာဝတီ)
ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ”ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။
ချင်းမိုင်မြို့တွင် အဲပုဂံရုံးခွဲ မရှိသင့်ကြောင်း တောင်းဆိုခဲ့ကြပြီး အဲပုဂံ လေကြောင်းလိုင်းအား ကန့်ကွက်သည့် စာရွက်စာတမ်းများကိုလည်း လူစည်ကားရာ ကားဂိတ်နှင့် ဈေးများတွင်လည်း လိုက်လံ ပေးကမ်းခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသားများ၏ ဆန္ဒပြ ကန့်ကွက်မှုစတင်သည်နှင့် အဲပုဂံရုံး တံခါးများကို ချက်ချင်း ပိတ်လိုက်သည်ဟု သွားရောက်ကြည့်ရှုသူတဦးက ပြောသည်။
အဲပုဂံရုံးခွဲသို့ ဧရာဝတီက ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ဆန္ဒပြတာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နေမှာပေါ့။ ကျနော်က ထိုင်းနိုင်ငံသားဆိုတော့ သိပ်တော့ မသိဘူး”ဟု ဖြေကြားသည်။
ယနေ့တွင် အဲပုဂံရုံးခွဲကို ပြန်လည် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။
အဲပုဂံ လေကြောင်းလိုင်းသည် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို တပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲနေကြောင်း၊ မြန်မာနိုင်ငံမှ ချင်းမိုင်သို့ လာရောက်သူများထဲတွင် အလည်အပတ် ခရီးထွက်သူများ၊ စီးပွားရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ ရဟန်းသံဃာများ ပါဝင်ကြောင်း သိရသည်။
သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံ လေကြောင်းလိုင်းသည် ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။
အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။
ယခင်ကလည်း ချင်းမိုင်မြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ အဲမန္တလေး (Air Mandalay) စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများ ပြေးဆွဲခဲ့ဖူးသည်။ အဲမန္တလေးက ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့သည်။

အဲပုဂံရုံးခွဲရှေ့ ဆန္ဒပြပွဲ ရုပ်သံဖိုင် (အဲပုဂံ ဆန္ဒပြခံရ) ကြည့်ရှုရန်


အမှားမခံရဲတဲ့ ဗိုလ်ချုပ်မှူးကြီး

ဧရာဝတီ Friday, 29 October 2010 16:41 ဆောင်းပါး
.ရှေ့လမှာ ကျင်းပမည့် ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက တနေ့က ထပ်လောင်း အတည်ပြု ပြောကြားခဲ့ ပေမယ့်လည်း ဘယ်သူ တဦးတယောက်ကမှ အံ့သြတကြီး မဖြစ်ခဲ့ ပါဘူး။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မေးစရာမေးခွန်းတွေက ဒုနဲ့ဒေး ရှိနေပါတယ်။
                                                                             ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - ရိုက်တာ)
အနှစ် ၂၀ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတော့မယ့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဘယ်တုန်းကမှ တွေးဆချက် မရှိခဲ့ပေမယ့် ကျန်တဲ့ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေအကြား လတ်တလော အပြောင်းအလဲတွေကနေ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအလွန် ဖြစ်ကောင်း ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို လေ့လာသူတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် ကျင့်သုံးခဲ့တဲ့ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကာလ အဆုံးသတ်သွားတဲ့အခါမှာ သူ့ရဲ့ အနာဂတ် လုံခြုံစိတ်ချရစေဖို့အတွက်ဆိုရင် စစ်အစိုးရ လက်တံ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲမှာ အမတ်နေရာစုစုပေါင်းရဲ့ ၈၀ ရာခိုင်းနှုန်းထက်မက အနိုင်ရဖို့လိုတယ် ဆိုတဲ့အချက်အပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အားထားနေတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ စစ်သတင်းရပ်ကွက်တွေအရ သိရပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက သူ့ကံကြမ္မာကို ကြံ့ဖွံ့ ပါတီ တခုတည်းအပေါ် ပုံအပ်ထားတာတော့ မဟုတ်ပါဘူး။ ကြံ့ဖွံ့ပါတီက အာဏာကို အသေအချာ ဆုပ်ကိုင်ထားပြီလို့ စိတ်ချရတဲ့အချိန်အထိ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဆက်လက် ကိုင်ဆွဲ ထားချင်ပုံ ရပါတယ်။
သြဂုတ်လတုန်းက စစ်အစိုးရ အတွင်းသတင်းပေး တဦးကနေတဆင့် အဆင့်မြင့် အရာရှိတွေအကြား လျှို့ဝှက်လှည့်လည်စာ တခုကို ဧရာဝတီက ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးအပြင် တခြား ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦးဟာ စစ်ရာထူးတွေကနေ ဖယ်ပေးခဲ့တယ်လို့ အဲဒီ စာအရ သိခဲ့ရပါတယ်။
ဘယ်အချိန်မှာ နုတ်ထွက်ခြင်းတွေက အသက်ဝင်မယ်ဆိုတာကိုတော့ အဲဒီလှည့်လည်စာမှာ မဖေါ်ပြထားပေမယ့် ထိပ်တန်း စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့ပြီးတဲ့အချိန်အထိ လက်ရှိရာထူးတွေ ဆက်လက်ယူထားဦးမယ်လို့ လေ့လာသူအများစုက ယုံကြည်ကြပါတယ်။
အဲဒီလို ဆက်လက် တာဝန်ယူတယ်ဆိုတာကို မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေရဲ့ သစ္စာခံမှု ရှိမရှိ စမ်းသပ်တဲ့ ပုံစံ တခု အဖြစ်လည်း မြင်တွေ့နိုင်ပါတယ်။ သူတို့ အရိုက်အရာကို ဆက်ခံမယ့် မျိုးဆက်သစ် စစ်ခေါင်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ခေါင်းခေါက်ရွေးထားတာလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီလူတွေကို ရွေးကောက်ပွဲလွန် နိုင်ငံရေး အသွင်းကူးပြောင်းမှု မပြီးမချင်း အာဏာအစစ်အမှန် လွှဲပေးအုံးမှာ မဟုတ်ပါဘူး။
ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ တပ်က ထွက်ပေးလိုက်ရတဲ့ အကြီးတန်း ခေါင်းဆောင် တွေအကြား မကျေလည်မှုတွေ တိုးများလာနေတဲ့ အခုလိုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဆက်ရှိနေခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ညီညွတ်ရေးကို ကောင်းကောင်း ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နောက်ထပ် ထိပ်တန်းစစ်ခေါင်းဆောင် ၂၆ ဦးတို့ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တပ်ကထွက်အပြီး ၄ လအကြာမှာ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်အဆင့် အပြောင်းအလဲသတင်း ထွက်ပေါ်လာခဲ့ပါတယ်။
လှည့်လည်စာ ပေါက်ကြားပြီး မရှေးမနှောင်းမှာပဲ စစ်ကောင်စီရဲ့ တတိယသြဇာအရှိဆုံးလို့ သတ်မှတ်လို့ရတဲ့ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အပါအ၀င် တခြားထိပ်ပိုင်းခေါင်းဆောင် တချို့လည်း ကြံ့ဖွံ့ပါတီ အလံအောက်ကနေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ တပ်က အနားယူခဲ့ပါတယ်။
ဒါပေမယ့် သူတို့သုံးဦးစလုံးက ကြံ့ဖွံ့ပါတီနဲ့ ခပ်ကင်းကင်းနေကြပြီး ပါတီအပေါ်မှာလည်း လေးစားသမှု မရှိဘူးလို့ စစ်သတင်း ရပ်ကွက်တွေက ဆိုပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ လူမှုရေးအသင်း အမည်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကနေ ဒီနှစ်အစောပိုင်းမှာ ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီသုံးယောက်စလုံးက ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲမှာ ရှုံးစေချင်တာလို့လည်း စစ်သတင်းရပ်ကွက် အဆိုအရ သိရပါတယ်။
သဘောထားပျော့ပြောင်းတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်လည်း သူရဲ့ ရာထူးအသစ် ဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တာဝန် အပေါ်မှာ လိုလိုလားလား ရှိပုံ မပေါ်ပါဘူး။ တကယ်တော့ ကြံ့ဖွံ့အသင်း အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တယောက်တည်း ကြံ့ဖွံ့ပါတီကို နိုင်နင်းအောင် မလုပ်နိုင်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယူဆလို့သာ ဦးသိန်းစိန်က အဆစ် ပါသွားရတာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်တခု အဆိုအရ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ တခြား ထိပ်တန်းဝန်ကြီးတချို့နဲ့ ပတ်သတ်ပြီးလည်း စိုးရိမ်ကြောင့်ကြနေပါတယ်။ အဲဒီအထဲက တယောက်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့နီးစပ်ပေမယ့်လည်း စစ်တပ်အတွင်း လူမုန်းများလှတဲ့ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းပါ။ ၀န်ကြီးအဖွဲ့ထဲမှာ အချမ်းသာဆုံးနဲ့ အဆိုးဆုံး အကျင့်ပျက်ချစားသူတွေထဲက တယောက်ဖြစ်တဲ့ ဦးအောင်သောင်းဟာ မြန်မာပြည် အလယ်ပိုင်းကနေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် အတွင်းစည်းဝိုင်းမှာ နေရာချထားတဲ့ကိစ္စတွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက် လက်မလည်အောင် အလုပ်များနေပေမယ့်လည်း ရွေးကောက်ပွဲအပြီး အစိုးရအသစ်ဖွဲ့စည်းပြီးတာနဲ့ နောက်ကွယ်ကနေ အသေးစိတ် စီစဉ်ရတဲ့ ကိစ္စတွေကို သူ ဆက်မလုပ်လိုဘူးဆိုတဲ့ အချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတိကြီးစွာနဲ့ ပြသနေပါတယ်။ တချို့ကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အပြီးသတ် လွှဲပြောင်းပေးစေလိုပါတယ်။
သူရဲ့မွေးရပ်ဇာတိမြေကျောက်ဆည်က အိမ်တလုံးကို မကြာသေးခင်က ပြန်လည်မွန်းမံပြလိုက်တာကတော့ ဗိုလ်ချုပ်မှူးကြီး တယောက် အငြိမ်းစားယူတော့မယ်ဆိုတာမျိုး နောက်တက်မယ့် ဗိုလ်ချုပ်တွေအကြား ယုံကြည်သွားအောင်လုပ်တဲ့ လှည့်ကွက် တခုပဲလို့ တချို့လေ့လာသူတွေက ပြောဆိုကြပါတယ်။ တချိန်တည်းမှာ တချို့လူတွေတွက်နေတာက သူရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး အိမ်တွေလိုက်ဝယ်တာကလည် တကယ်လို့များ ရွေးကောက်ပွဲက စီစဉ်ထားသလို ဖြစ်မလာရင် သူနဲ့ သူ့မိသားစု တိုင်းပြည်ကထွက်ပြေးဖို့ စီစဉ်ထားသလိုလို ကောလာဟလတွေလည်း ထွက်ပေါ်လာပါတယ်။
သူ့ရဲ့ ဘေးနံဆက်စပ်မှုတွေ အားလုံးကို ကိုင်တွယ်ထိန်းထားနိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပါရမီ ထူးချွန်မှုအပေါ် သံသယ လုံးဝ မရှိပေမယ့်လည်း အရေးပေါ် အခြေအနေတွေအတွက် သူ့ရဲ့ ပြင်ဆင်မှုများစွာကို ကြည့်ခြင်းအားဖြင့် သူကိုယ်တိုင် တချိန်မှာ သစ္စာဖောက် ခံရနိုင်တယ်လို့ စဉ်းစားမိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဦးနေ၀င်း အာဏာက ဆင်းပေးလိုက်တဲ့အထိ သူ့ရဲ့ သြဇာဂုဏ်ကြောင့် နှစ်ပေါင်းများစွာကြာတဲ့အထိ သစ္စာခံသူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာတော့ ဦးနေ၀င်းလို သြဇာဂုဏ် မရှိဘူးလို့ သူနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။
“တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီးက အာဏာက ဖယ်ပေးမယ်ဆိုရင် လူတိုင်းက တကယ်ပျော်ကြမှာပါ။ ဘယ်သူမှ မျက်ရည် တပေါက်မကျပါဘူး။ တတိုင်းပြည်လုံးက ၀မ်းပန်းတသာ ဖြစ်ကြမှာပါ”လို့ စစ်သတင်းရပ်ကွက်က ပြောဆိုနေကြပါတယ်။
Than Shwe Hedges His Bets ကို ဆီလျော်အောင် ပြန်ဆိုသည်။

donderdag 28 oktober 2010

ရွေးကောက်ပွဲ ဆက်လုပ်လျှင် သံဃာ့လှုပ်ရှားမှုနှင့် ရင်ဆိုင်ရမည်ဟု ထုတ်ပြန်

မင်းနိုင်သူ Thursday, 28 October 2010 17:40
.နအဖ စစ်အစိုးရ အနေဖြင့် မတရားသည့် ရွေးကောက်ပွဲကို ဆက်လုပ်ပါက သံဃာ့ လှုပ်ရှားမှုများဖြင့် ရင်ဆိုင်ရမည်ဟု သံဃာ့တပ်ပေါင်းစု (ပြည်တွင်းလှုပ်ရှားမှုတာဝန်ခံ)ဦးတေဇောဘာသက ပြည်တွင်း တနေရာမှ ဧရာဝတီသို့ မိန့်ကြားလိုက်သည်။

ရန်ကုန်မြို့တွင်းတနေရာ၌ သံဃာတော်တပါး စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသော ကြံ့ဖွံ့ပါတီ မဲဆွယ် စည်းရုံး ရေး ကြော်ငြာဆိုင်းဘုတ် တခုရှေ့မှ ဖြတ်လျှောက်သွားစဉ် (ဓာတ်ပုံ-AP)
“တိုင်းရင်းသားခေါင်းဆောင်တွေစုပေါင်းလက်မှတ်ရေးထိုးထားတဲ့ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေးကို ဦးပဉ္ဇင်းတို့ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကလည်း ထောက်ခံတယ်။ နောက်ပြီး မတရားတဲ့ ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင် ဦးပဉ္ဇင်းတို့ လှုပ်ရှားမှုတွေ လုပ်သွားမယ်။ ဒီဘက်မှာ ဦးပဉ္ဇင်းတို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါပြီ” ဟု ဦးတေဇောဘာသက မိန့်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့၌ ၂၄ ရက်နေ့က ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၂ နှစ်မြောက် အခမ်းအနားတွင် တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်း လက်မှတ်ရေးထိုးထားသော ဒုတိယအကြိမ်ပင်လုံညီလာခံ ခေါ်ယူရေးကို ထောက်ခံကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း သံဃာ့တပ်ပေါင်းစုက ယနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥဿုံ သပိတ်မှောက်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုကြေညာချက်တွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း၊ အဓမ္မ မဲပေးခိုင်းမှုများရှိပါက ရဲစခန်းတွင် တိုင်ကြားနိုင်ကြောင်း၊ လူထုအနေဖြင့် NLDပါတီမပါ၍ မဲမပေးဘဲနေပါက နေခွင့်ရှိကြောင်းများကို ဖော်ပြထားသည်။
ပြီးခဲ့သည့် လဆန်းပိုင်းကလည်း သံဃာနှင့် ကျောင်းသားအဖွဲ့များက ရန်ကုန်မြို့အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာများကို နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပရန် ၉ ရက်သာ လိုတော့ချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမ၀င်ကြောင်းနှင့် ရှက်ဖွယ်ဖြစ်ကြောင်း နိုင်ငံတကာရောက် မြန်မာများက ပြောဆိုကြပြီး ၎င်းတို့၏ ကန့်ကွက်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။
သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA)က၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချခြင်းနှင့် နအဖ အစိုးရ၏ အလံသစ်အား မီးရှို့ဖျက်ဆီးခြင်းကို အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ကိုလံဘိုမြို့ရှိ မကုဋာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
“ဒီအလံသစ်နဲ့ ပတ်သက်ပြီး ယတြာတွေဘာတွေ ပြောနေတာတော့ အများကြီးပေါ့။ ဒါပေမယ့် အဲဒါတွေထက် နိုင်ငံတော် အလံဆိုတာ နိုင်ငံတခုရဲ့ တန်ဖိုးထားရတဲ့၊ လေးစားရတဲ့ အထိမ်းအမှတ်ဖြစ်တာကို ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရက အတည်မပြုပေးသေးတဲ့ ဒီအလံကြီးနဲ့ လုပ်ချင်ရာလုပ်တာဟာ အဓိပ္ပာယ်မရှိလို့ ကန့်ကွက်၊ ဆန္ဒပြ၊ ရှုတ်ချတဲ့အနေနဲ့ မီးရှို့ရတာပါ” ဟု MSMA ၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် အရှင်ဥက္ကဋ္ဌက ဧရာဝတီသို့ မိန့်ဆိုခဲ့သည်။
စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)က ဦးစီး၍ တိုကျိုမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့် အတုအယောင် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများက လက်မခံသည့် အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူတို့ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မနန္ဒာက ဆိုသည်။
စင်ကာပူနိုင်ငံရောက် မြန်မာများကလည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်သင့်မခံကြောင်း ထုတ်ဖော်ပြောဆိုလာကြပြီး တရားဝင် ဆန္ဒပြမှုကို စင်ကာပူနိုင်ငံ HongLimPark ၌ လာမည့် စနေနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ဘူးလား

သန်းထိုက်ဦး Thursday, 28 October 2010 19:21
.ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)အနိုင်ရလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို ပါတီဝင် မဟုတ်သည့် အတွက် သမ္မတလောင်း စာရင်း တင်သွင်းရန် သေချာမည် မဟုတ် ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
                                                                       ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ဓာတ်ပုံ-GettyImages)
ဦးဌေးဦးက“ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး”ဟု ဆိုသည်။
ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို လျာထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးဌေးဦးသည် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၎င်း၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှ ၀င်ရောက် အရွေးခံမည်ဖြစ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကြံ့ဖွံ့ပါတီ ရုံးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် ၀န် ဦးအောင်သိန်းလင်းလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပြည်တွင်းပြည်ပမှ စာနယ်ဇင်းသမားများ၏ မေးခွန်းများကို မချေမငံ တုံ့ပြန်သည့် အတွက် ဦးဌေးဦးမှသာ တာဝန်ယူဖြေကြားခဲ့သည်ဟု တက်ရောက်ခဲ့သည့် စာနယ်ဇင်းသမားတဦးက ပြောသည်။
ရန်ကုန်မြို့တွင် ခင်းပေးနေသည့် လမ်းများနှင့် ပတ်သက်၍ မြို့တော်စည်ပင်က ပြုလုပ်ပေးခြင်းလား၊ ပါတီမှ ခင်းပေးနေခြင်း လား ဆိုသည့် မေးခွန်းကို မြို့တော်စည်ပင်မှ ခင်းပေးနေခြင်းသာဖြစ်သည်ဟု ဦးဌေးဦးက ဖြေကြားခဲ့သော်လည်း ဦးအောင်သိန်းလင်းက ဖြေကြားရန် ငြင်းဆိုခဲ့သည်။
ဦးအောင်သိန်းလင်းသည် ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်ပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးခံမည် ဖြစ်သည်။
ကြံ့ဖွံ့ပါတီသည် ယခင်က လူမှုရေးအသင်းအဖြစ် ရပ်တည်ခဲ့သော်လည်း ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။
ကြံ့ဖွံ့ပါတီ၏ လက်ရှိ သုံးစွဲနေသည့် ရန်ပုံငွေနှင့် ပတ်သက်၍လည်း ဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် အစိုးရထံမှ ထောက်ပံ့ ကြေး မယူပါကြောင်း၊ ယခင်ကတည်းက ပါတီ တည်ထောင်ရန် ရည်ရွယ်ချက်ရှိသည့်အတွက် မည်သည့် ငွေကြေး အထောက် အပံ့ကိုမျှ မယူခဲ့ကြောင်း ဦးဌေးဦးက ပြောသည်။
အကယ်၍ ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့ပါက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဒို့တာဝန်အရေး သုံးပါးနှင့် မဆန့်ကျင်သရွေ့ လွတ်လပ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း စာနယ်ဇင်းများအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် စေတနာထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိ အနေအထားအရ ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ် ၅၂ နေရာတွင် ပြိုင်ဘက်ပါတီများ မရှိသည့်အတွက် အနိုင်ရရန် သေချာပြီး ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲသည် အချိန် ၃နာရီကျော်ကြာပြီး ညနေ ၄ နာရီ မိနစ် ၃၀ တွင် ပြီးဆုံးခဲ့သည်။

ကြံ့ဖွံ့ပါတီအင်အားတောင့်၍အနိုင်ရမည်ဟုဆို

နရီလင်းလက် Thursday, 28 October 2010 19:25
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် အင်အား ၁၆ သန်းမှ ၁၈ သန်း ကြားတွင် ရှိပြီး ကြံ့ဖွံ့ပါတီက ရာနှုန်းပြည့် အနိုင်ရမည်ဟု ပါတီတာဝန်ရှိသူ တဦးက ပြောကြောင်း သိရသည်။
ယမန်နေ့က ပြုလုပ်သော ကြံ့ဖွံ့ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်သူ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုသတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းလည်း တက်ရောက်သည်။
“သူတို့ပြောတဲ့ စကားတွေကို သေချာ ချတွက်ကြည့်မယ်ဆို ကြံ့ဖွံ့ပါတီကနေ ၀င်ပြိုင်မယ့် လူကပဲ ၁၆ သန်းကနေ ၁၈ သန်း။ ကျန်တဲ့ ပါတီတွေက တပါတီကို သန်းနဲ့ချီ မရှိဘူး။ ဒီမှာတင် သူ့ပါတီကို သူထည့်တာနဲ့တင် အနိုင်ရမှာက တခု၊ ကြံ့ဖွံ့ပါတီဝင် မဟုတ်ဘဲ စည်းရုံးလို့ ရလာမယ့် နေရာကတခု၊ ဒီလောက်နဲ့တင်သေချာပေါက်နိုင်နေပြီ”ဟုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာတနိုင်ငံတဝန်း မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၂၉ သန်းရှိကြောင်း သိရှိရသည်။
ကြံ့ဖွံ့ပါတီသည် ပါတီဝင်များပြားသောကြောင့် လွှတ်တော်တွင် နေရာအများအပြား ရမည်ဟုထင်ကြောင်း၊ ကြံ့ဖွံ့ပါတီမှ တင်သွင်းမည့် သမ္မတလောင်းအား စဉ်းစားထားပြီး ဖြစ်သော်လည်း ယခုအချိန်တွင် ပြောဆိုရန် မသင့်သေးကြောင်း ဦးဌေးဦးက ပြောသည်။
ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်နိုင်ငံရေးပါတီများထက် ငွေကြေးအင်အား၊ လူအင်အား အတောင့်တင်းဆုံးပါတီ ဖြစ်သည်ဟု ဆိုသော်လည်း လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် နည်းလမ်းမျိုးစုံအသုံးပြုလျက် ရှိသည်။
စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၇၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရွေးကောက်ပွဲ မဲဆန္ဒပေးရန် ၉ ရက်သာ လိုတော့ သည်။

စစ်အစိုးရသတင်းစာ ရေးသားမှု မမှန်ကန်

စိုင်းဇွမ်ဆိုင်း Thursday, 28 October 2010 19:15
.ဧရာဝတီ သတင်းဌာန အပါအဝင် ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့အစည်းများကို ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာ မှတဆင့် ဝေဖန်တိုက်ခိုက် ထားသည်။
ဒိန်းမတ်နိုင်ငံကဧရာဝတီသတင်းဌာနကိုနှစ်စဉ်ဒေါ်လာ၁သန်း ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းတော့မည်ဟူ၍ လည်း ကောင်း၊ တခြား အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့်ဗမာပြည်လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့သည်နိုင်ငံတကာမှအလှူရှင်များ၏ထောက်ပံ့မှုများကိုအလွဲသုံးစား ပြုနေသည်ဟူ၍လည်းကောင်း ယနေ့ထုတ် သတင်းစာပါ ဆောင်းပါးတပုဒ်မှတဆင့် ဝေဖန်ထားသည်။
ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “အခုစွပ်စွဲချက်တွေက လုံးဝအခြေအမြစ်မရှိပါဘူး။ အစိုးရ သတင်းစာ တွေရဲ့ ထုံးစံတခုအတိုင်း လုပ်ခဲ့တာလို့ပဲ ကျနော်မြင်ပါတယ်” ဟု ဆိုသည်။
ထို့အပြင်ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် ပါရှိသည့်အတိုင်း ဒိန်းမတ်နိုင်ငံက ဧရာဝတီသတင်းဌာနကို နှစ်စဉ် ဒေါ်လာ ၁ သန်း ထောက်ပံ့နေသည်မှာ မဟုတ်မှန်ကြောင်း ကိုဝင်းသူက ငြင်းဆိုသည်။
“ဒိန်းမတ် နိုင်ငံကနေ ထောက်ပံ့ကြေး စ ရတာ ၂၀၀၄ ခုနှစ်ကပါ။ တနှစ်ကို ဒေါ်လာ ၁ သန်း ရတယ်ဆိုတာလည်း မဟုတ် ပါဘူး၊ သူတို့ရဲ့ ထောက်ပံ့ကြေးကို ဘာလို့ရပ်ဆိုင်းလဲ ဆိုတာကိုလည်း ကျနော်တို့ကို ဒိန်းမတ် က အသိပေးထား ပါတယ်” ဟု ကိုဝင်းသူက ဆိုသည်။
ဧရာဝတီသတင်းဌာနအနေဖြင့် ဒိန်းမတ်နိုင်ငံမှ တနှစ်လျှင် ဒေါ်လာ ၇ သောင်းဝန်းကျင်ခန့် ရရှိသည်ဟု သိရသည်။
ဒိန်းမတ်နိုင်ငံက ၎င်းတို့၏ ထောက်ပံ့ကြေးများကို အသုံးပြုကာ ဧရာဝတီသတင်းဌာနအနေဖြင့် ကိုယ်ပိုင်ဝင်ငွေရရှိရန် စီးပွားရေးလုပ်ငန်းတခုခု ထူထောင်စေချင်ကြောင်း၊ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတခုအနေဖြင့် ကိုယ်ပိုင်ဝင်ငွေ ရရှိရန် မလွယ်ကူကြောင်း၊ ဧရာဝတီ သတင်းဌာနသည် ၎င်းတို့ ဖြစ်စေချင်သည့်အတိုင်း ကိုယ်ပိုင်ဝင်ငွေဖြင့် မရပ်တည်နိုင်သဖြင့် ထောက်ပံ့မှု ရပ်ဆိုင်းခြင်းသာ ဖြစ်ကြောင်း ကိုဝင်းသူက ရှင်းပြသည်။
“ပြည်ပ အခြေစိုက်မီဒီယာများ ညီလာခံကို မကြာခင်ကပဲ ကျနော်တက်ခဲ့ပါတယ်။ မြောက်ကိုရီးယား၊ ဇမ်ဘီယာ နိုင်ငံတွေ ရဲ့ ပြည်ပအခြေစိုက်မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဘယ် ပြည်ပ အခြေစိုက် မီဒီယာကမှ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေ တယ်ဆိုတာ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။
နိုင်ငံတကာမှ အလှူရှင်များက ယခုကဲ့သို့ ထောက်ပံ့မှုများ ရပ်ဆိုင်းခြင်းသည် သာမန် ဖြစ်ရိုးဖြစ်စဉ် တခုသာဖြစ်သည်ဟု သိရသည်။
AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်ကလည်း “ဒီကိစ္စအပေါ်ကို AAPP အနေနဲ့ ဘာမှ ဖြေရှင်းချက် မထုတ်ချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က မဟုတ်တာတွေ ရေးထားတာလေ။ အဲဒါတွေအကုန်လုံးကို လိုက်ပြီး ဖြေရှင်းနေမယ်ဆိုရင် ကျနော်တို့ အလုပ်တွေလည်း ပျက်မယ်၊ ဘယ်သူ့အတွက်မှလည်း အကျိုးရှိမှာမဟုတ်ဘူး။ ကျနော်တို့ အဖွဲ့ရဲ့ အသုံး စရိတ်တွေ ကို အမြဲတမ်း ချပြနိုင်အောင် စီစဉ်ထားပါတယ်” ဟု ဆိုသည်။
ပြည်ပအခြေစိုက် သတင်းဌာနများ၊ ဒီမိုကရေစီအင်အားစုများသည် ပြီးခဲ့သည့် အနှစ် ၂၀ ကာလအတွင်း မြန်မာ့နိုင်ငံရေး အတွက် တိုးတက်ပြောင်းလဲမှုရှိစေရန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဟုလည်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားလုံး သိရှိနိုင်အောင် လုပ်ဆောင်ဖို့အတွက် ကျနော်တို့ ရှိနေရတာဖြစ်ပါတယ်။ ကျနော်တို့သာ ရှိမနေဘူးဆိုရင် တကမ္ဘာလုံးက လူတွေက စစ်အစိုးရထုတ် သတင်းစာ တွေထဲက သတင်းလိမ်တွေကိုပဲ ဖတ်ကြရပါလိမ့်မယ်”ဟု ဧရာဝတီသတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။
ထို့အပြင် ပြည်ပအခြေစိုက် အဖွဲ့အစည်းများသည် သတင်းလွတ်လပ်ခွင့် မရှိသည့် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို အစဉ်တစိုက် မှတ်တမ်းတင်နိုင်ခဲ့ကြသည်မှာလည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးကြီးသောအချက် တချက် ဖြစ်နေသည် ဟု သူက ဆိုသည်။
ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ငွေကြေးစနစ်တကျ သုံးစွဲမှုမရှိဘဲ အဂတိ လိုက်စားမှုများ ရှိနေသည်ဟုလည်း စစ်အစိုးရ၏ ဘလော့ဂ်တခုဖြစ်သော ပိတောက်မြေတွင် ယခုလ အစောပိုင်းက ဝေဖန်ထားသည်။

ဂီရိနောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်ရန်အာဏာပိုင်များခွင့်မပြု

ခင်ဦးသာ Thursday, 28 October 2010 17:09
.ရခိုင်ပြည်နယ် အတွင်း ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော မြို့နယ် တချို့တွင် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါ ဖြစ်ပွား၍ လူသေဆုံးမှု ရှိနေသဖြင့် NGOအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ကိုင်လိုသော်လည်း စစ်အစိုးရ အာဏာပိုင်များက ခွင့်မပြုသေးကြောင်း သိရသည်။
                                                     ဂီရိ(GIRI)အမည်ရှိဆိုင်ကလုန်းမုန်တိုင်းကြီး(ဓာတ်ပုံ-USNavy)
လေဘေးဒဏ် အများဆုံးခံခဲ့ရသည့် မြေပုံမြို့နယ်မှ တောင်ကြီးရင်းကျေးရွာတွင် အောက်တိုဘာလ ၂၆ ရက်နေ့က စတင်၍ ဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးရှိသွားပြီဟု ထိုဒေသတွင် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၏ ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။
“သေတာက တောင်ကြီးရင်းမှာ ၂ ယောက်နဲ့ မင်းပြားမြို့နယ် ရန်တိုင်ရွာမှာ ၁ ယောက်ရှိသွားပါပြီ။ နောက်ထပ်ဖြစ်နေသူတွေအတော်များများရှိပါသေးတယ်။အဓိကလိုအပ်နေတာက ကြိုတင်ကာကွယ်ရေးပါ။ ဆေးဝါးက လုံလောက်တဲ့ အနေအထား မရှိသေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
မြေပုံမြို့နယ် ပြင်ဝန်း ကျေးရွာ အနီး၌ လေဘေးဒဏ်ကြောင့် သေဆုံး ပုပ်ပွနေသည့် အလောင်း ၄၀ ၀န်းကျင်ကို ဆယ်ယူရရှိထားကြောင်း၊ ထိုအလောင်းများကို မြေပုံမြို့နယ် နာရေး ကူညီမှုအသင်းက ကူညီဆောင်ရွက် သင်္ဂြိုဟ် ပေးခဲ့ကြောင်း ဒေသခံ တဦးက ရှင်းပြသည်။
ကျောက်ဖြူမြို့၏ ကယ်ဆယ်ရေး စခန်းတချို့တွင်လည်း ၀မ်းရောဂါ စတင်ဖြစ်ပွားနေပြီး အောက်တိုဘာလ ၂၄ ရက်နေ့က ၁ ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကျောက်ဖြူ မြို့ခံတဦးက ဆိုသည်။
လေဘေး ဒုက္ခသည်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် နယ်စည်းမခြားဆရာဝန်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် ပြည်တွင်း ပြည်ပNGOအများအပြားသည် ရခိုင်ဒေသသို့ အောက်တိုဘာလ ၂၅ ရက်နေ့ ကတည်းက ရောက်ရှိနေကြသော်လည်း စစ်အစိုးရ အာဏာပိုင်များက လေဘေးဒဏ် ခံရသည့်ဒေသများသို့ သွားရောက်ခွင့် မပေးဘဲ စစ်တွေမြို့ပေါ်၌သာ နေထိုင်ခွင့် ပြုထားကြောင်း ပြည်တွင်း NGO တခု၏ တာဝန်ရှိသူ တဦးက ရှင်းပြသည်။
“ကျနော်တို့က UNICEF နဲ့ ပေါင်းပြီး လုပ်ဖို့အတွက် အာဏာပိုင်တွေဆီကို စာတင်ထားပါတယ်။ ဘာမှတော့ အကြောင်း မပြန်သေးဘူး။ ကျနော့်အထင်တော့ အပျက်အစီးတွေကို နိုင်ငံတကာက မြင်သွားမှာကို အစိုးရက စိုးရိမ်နေတယ်လို့ ယူဆပါတယ်”ဟု သူက ဆက်ပြောသည်။
လေဘေးဒဏ် အနည်းငယ်သာ ခံခဲ့ရသော စစ်တွေမြို့၌ နိုင်ငံတကာ NGO များအပါအ၀င် ပြည်တွင်း NGO စုစုပေါင်း ၁၀ ခုနီးပါးသည် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။
ဝမ်းပျက်၊ ၀မ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုသည် မြန်ဆန်တတ်သောကြောင့် လေဘေးဒုက္ခသည်များမှာ စိုးရိမ်ထိတ်လန့် နေကြကြောင်း၊ ရေကောင်းရေသန့် မလုံလောက်မှု၊ စားသောက်စရာ မလောက်ငမှု၊ နေထိုင်ရန် အမိုးအကာမရှိမှု စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မင်္ဂလာမြန်မာ အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းကလည်း ၎င်းတို့အဖွဲ့အနေဖြင့် ၀မ်းရောဂါဖြစ်ပွားနေခြင်းကို ကူညီဆောင်ရွက်ပေးနိုင်ရန် လိုအပ်သော ဆေးဝါးပစ္စည်းများကို စုဆောင်းနေပြီ ဖြစ်၍ မကြာခင်ရက် ပိုင်းတွင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ဒေသအာဏာပိုင်များနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ပြောသည်။
“၀မ်းရောဂါ ဖြစ်ပွားမှုဟာ တဖြည်းဖြည်းတိုးလာနေပါတယ်၊ အချိန်မီ ကြိုတင်ကာကွယ်နိုင်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေး အတွေ့ အကြုံရှိတဲ့ လူတွေ အဖွဲ့အစည်းတွေကို မြန်မြန်လုပ်ဆောင်ခွင့် ပေးသင့်ပါတယ်၊ မနိုင်မနင်း ဖြစ်မလာခင် ကာကွယ် တာဟာ အကောင်းဆုံးပါ”ဟု RNDPပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုသည်။
လူနာများအား အသက်ကယ်ရန် အရေးကြီးနေကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမှုတို့ဖြင့် ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးရန် အရေးကြီး ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။
ထိုဒေသများ၏ သေဆုံးသူ ဦးရေမှာ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ၁၁၀ ၀န်းကျင်အထိ ရှိလာပြီဟု ကယ်ဆယ်ရေး လုပ်ဆောင် နေသည့် အဖွဲ့များထံမှ သိရသည်။
လေဘေး ဒုက္ခသည် ၁ သိန်း ၇ သောင်းကျော်မှာလည်း အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်ထားသည်။

ပြည်ပ ထွက်ခွာသူများကို ကြိုတင်မဲကောက်မည်

နရီလင်းလက် Thursday, 28 October 2010 12:22
.လူဝင်မှု ကြီးကြပ်ရေး ဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ ရွေးကောက်ပွဲ မတိုင်မီ ပြည်ပ ထွက်ခွာမည့် သူများထံမှ ကြိုတင်မဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ရပ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ သေချာပေါက် မဲရယူနည်းတခုဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
စစ်အစိုးရ၀န်ကြီးချုပ်ဦးသိန်းစိန်ခေါင်းဆောင်သောကြံ့ဖွံ့ပါတီမဲဆွယ်စည်းရုံးရေးကြော်ငြာဆိုင်းဘုတ် တခုကိုရန်ကုန်မြို့တွင်းတနေရာ၌တွေ့ရစဉ်(ဓာတ်ပုံ-AP)
နိုဝင်ဘာ ၇ ရက်နေ့ မတိုင်မီ ပြည်ပ ထွက်ခွာမည့် သူများကို လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ D-Form ထုတ်ပေးသည့်အချိန်တွင် ကြိုတင်မဲရယူသွားမည်ဟု အနောက်ပိုင်းခရိုင် ကော်မရှင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများထံမှ ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့ မှစတင်၍ ကောက်ယူနိုင်ကြောင်း တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကော်မရှင် ရုံးများသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးမှ စာပို့ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။
“ကြိုတင်မဲ ကောက်လို့ ရတဲ့ သူတွေဆီက အကုန်ကောက်လို့ရပြီဆိုတာ ကြော်ငြာဖို့၊ နောက်တခုက ကြိုတင်မဲ ပေးချင်တဲ့ သူတွေရှိရင် သူတို့ဆီက ကောက်ဖို့ စာမှာပါတယ်။ ဒီအတွက်လည်း မြို့နယ်ကော်မရှင်ရုံးတွေက မဲပေးသူတွေအဆင်ပြေ အောင် စီစဉ်ပေးဖို့ပါတယ်”ဟု အထက်ပါ ကော်မရှင် တာဝန်ရှိသူက ဆက်ပြောသည်။
မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများထံမှ ကြိုတင်မဲ ကောက်ယူနိုင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထား သည်။
“ ၃ ရက်နေ့မှာ နိုင်ငံခြားထွက်ရမယ့် လူဆိုရင် သူတို့ သတ်မှတ်ပေးထားတဲ့နေ့ ပေးလို့မရဘူး။ ညနေ ၄ နာရီ လောက်မှ DFormရတယ်၊ နောက်နေ့ မနက်အစောကြီးထွက်ရမယ့် မဲပေးမယ့်သူအနေနဲ့ ရုံးကိုသွားပြီး မဲပေးဖို့ အချိန်လည်းမရှိတော့ဘူး၊ ဒီလိုမျိုးတွေအတွက် အဓိက D Form ထုတ်ပေးတဲ့နေရာမှာ တခါတည်း ကြိုတင်မဲ ယူသွားမယ်။ ဘယ်လိုပဲယူယူ ကြံ့ဖွံ့ ပါတီ အတွက်မဲ ပဲ”ဟု အလုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။
“သင်္ဘောသားတွေကို သူတို့ နဲ့ သက်ဆိုင်တဲ့ မြို့နယ်ကနေ ကြံ့ဖွံ့အတွက် ကြိုတင်မဲ ကောက်ဖို့ ဒီလူက ပြည်ပ ဘယ်တော့ ထွက်ခွာမှာလဲဆိုတာ မြို့နယ်ကော်မရှင်က မစိစစ်နိုင်ဘူးလေ။ ဒီတော့ မလွတ်သွားအောင် အပိုင်ကြိုတင်မဲ ယူလို့ရမယ့် နေရာ တွေဖြစ်တဲ့ ပုံစံ ၁၉ ထုတ်ပေးတဲ့ အချိန်တို့ ၊ D form ထုတ်ပေးတဲ့အချိန်တို့မှာ မဲယူလိုက်တာမျိုးပေါ့”ဟုလည်း ၎င်းက ပြော သည်။
ပြည်ပထွက်ခွာမည့် NGO၀န်ထမ်းများနှင့် အစိုးရအဖွဲ့ အစည်းများထံမှလည်း သီးခြားအစီအစဉ်ဖြင့် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“မသမာတဲ့ နည်းလမ်းတွေသုံးပြီး အစောကတည်းက ကောက်လို့ ရလာတဲ့ ကြိုတင်မဲ ရယ်၊ တရားဝင် ကြိုတင်မဲ ကောက်ရ မယ့်ရက် သတ်မှတ်ပြီး ကောက်တာရယ် ဘယ်လိုပဲ ကောက်ကောက် ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ မဲတွေချည်းပဲ။ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းထဲက လူတချို့ နိုင်ငံခြားသွားတယ်ဆို သူတို့ ကို သီးခြားအစီအစဉ်နဲ့ ကောက်တယ်ပြောပေမယ့် ဘယ်လိုကောက်တာလဲ ဆိုတာ မြင်ရတာ မဟုတ်သလို နည်းမှန်လမ်းမှန်နဲ့လားဆိုတာ ဘယ်သူသိမှာလဲ”ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။
“ပုံစံ ၁၉ (နိုင်ငံခြားထွက်ခွာခါနီး အခွန်ကင်းရှင်းကြောင်း ထုတ်ပေးသည့်စာရွက်) ထုတ်ပေးတဲ့ အချိန်မှာ ရုံးကနေ မဲပေးပြီးပြီ လား မပေးရသေးရင် သက်ဆိုင်ရာမြို့မှာ ကြိုတင်မဲပေးဆိုပြီး လုပ်မယ်”ဟုလည်း ၎င်းက ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရဝန်ကြီးချုပ် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် အနိုင်ရရှိရန် ကြိုတင်မဲ စုဆောင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

ကြံ့ဖွံ့ပါတီက ကျေးရွာကော်မရှင် လူကြီးများကို လာဘ်ထိုးစည်းရုံး

ဆက်လင်း Thursday, 28 October 2010 13:36
ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်အတွင်းရှိကျေးရွာများတွင်ရွေးကောက်ပွဲကော်မရှင်တာဝန်ထမ်းဆောင်မည့် သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ငွေပေးစည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ရန်ကုန်မြို့တနေရာတွင်ကားဖြင့်လှည့်လည်၍မဲဆွယ်စည်းရုံးရေးလုပ်နေသောကြံ့ဖွံ့ပါတီဝင်များကို၎င်းတို့ ကိုယ်စားလှယ်လောင်းကြော်ငြာများနှင့်အတူတွေ့ရစဉ်(ဓာတ်ပုံ-AP)
“ကြံ့ဖွံ့ပါတီကလူတွေက ရွာကိုလာပြီး ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် လူကြီးတွေကို ခေါ်တွေ့တယ်။ ပြီးတော့ မဲလာထည့်တဲ့ သူတွေ ကြံ့ဖွံ့ပါတီကို မဲပေးဖို့ စည်းရုံးပေးပါဆိုပြီး ပြောတယ်။ ကော်မရှင်က လူတွေကိုလည်း ကြံ့ဖွံ့ပါတီကို မဲပေးဖို့ပြောတယ်။ ပြီးတော့ ကော်မရှင်အတွက်ဆိုပြီး ပိုက်ဆံ ကျပ် ၂ သိန်းကျော်ပေးသွားတယ်”ဟု ကျောက်တန်းမြို့နယ် ကြာကန်ကျေးရွာနေ ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူ တဦးက ပြောသည်။
ကြံ့ဖွံ့ပါတီမှ တိုင်းအဆင့် တာဝန်ရှိသူများက ကျောက်တန်းမြို့နယ်အတွင်းရှိ ကြာကန်၊ ကန်ပြောင်၊ ပျဉ်းမကန်၊ ပါဒကြီး၊ ညောင်ဝိုင်း ကျေးရွာများရှိ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်သူများကို အထက်ပါအတိုင်းခေါ်ယူ၍ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲ ပေးသူများကို အနီးကပ်စည်းရုံးနိုင်ရန် မှာကြားသွားပြီး ကျပ် ၂ သိန်းမှ ၃ သိန်းအထိ အသီးသီးပေးသွားသည်ဟု အဆိုပါ ကျေးရွာများတွင် ရွေးကောက်ပွဲ ကော်မရှင်တာဝန် ယူထားသူများက ပြောသည်။
စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ကြံ့ဖွံ့ပါတီသည် ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အပေါ် ပုံစံအမျိုးမျိုးဖြင့် သြဇာလွှမ်းမိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်အဖွဲ့ဝင်အများစုမှာ ယခင် ရပ်ကွက်အာဏာပိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် ယခင် ကြံ့ဖွံ့ အသင်းဝင်ဟောင်းများ ပါဝင်သည်ကိုတွေ့ရသည်။
“ကြံ့ဖွံ့ပါတီဝင်ရင် မြို့နယ်တွေမှာ လမ်းပြင်ပေးမယ်ဆိုပြီး ညှိဖို့ကို ရပ်ကွက်ကော်မရှင်မှာ ပါတဲ့သူတွေကို စည်းရုံး ခိုင်းတယ်။ ကော်မရှင်မှာပါတဲ့ ဘယ်သူက အဲဒီနေရာမှာ သြဇာညောင်းလဲ၊ သြဇာရှိတဲ့သူကနေ လမ်းပြင်ပေးမယ်၊ ပါတီဝင် လုပ်ပါလို့ ပြောပေးဆိုပြီး ညှိတယ်”ဟု သာကေတမြို့နယ် ၆ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
ကြံ့ဖွံ့ပါတီအနေဖြင့် တခြားပါတီများနည်းတူ ပြည်သူလူထုနှင့် အနီးကပ် စည်းရုံးရေးမဆင်းဘဲ မတရား အနိုင်ယူမည့် နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိသည်ဟု ပြိုင်ဘက် နိုင်ငံရေးပါတီများက ဝေဖန်သည်။
ကြံ့ဖွံ့ ပါတီသည် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံပိုင် ဘဏ္ဍာများ၊ ပြည်သူပိုင် ပစ္စည်းများကို အသုံးချလျက် ရှိသည်ကို တွေ့ရသော်လည်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်မူ ရန်ကုန်မြို့အတွင်း လမ်းများခင်းပေးနေ သည်မှာ ကြံ့ဖွံ့ပိုင် ငွေကြေးနှင့်သာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအမတ်တဦးဖြစ်သည့် လည်ဆည်ဝန်ကြီး ဦးဌေးဦးက ပြောဆိုသွားပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကမူ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခြင်းမရှိကြောင်း သိရသည်။

အစိမ်းရောင်လူသား ( ကျော်သူ )

ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။
ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို …အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။
လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် …လူထုကြီးက တအုတ်အုတ် …တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း …မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။
ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။
လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။
ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။
သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။
တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေး စက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။
အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။
မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။
မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။
နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။
ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။
ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။
ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။
ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။
အကြောင်း …အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊
နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။
ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။
စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကို တစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။
မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက်…အလုပ်ရှင် အလုပ် သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။
သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။
ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။
မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ …ဆီဒင်ကားတွေ မျက်စိ ရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။
အေးဗျာ . . . အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။
ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။
အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။
ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။
ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။
မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။
လူစိတ်မပျောက်ခင် … အသိရောက်။
အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။
ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။
ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။
ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။
ဟုတ်ပြီဟေ့ ဆိုပြီး …ငါလည်း ညီအောင်လိုက်ညှိ …ဒဂုံ (၁)နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။
အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။
ဒီအချိန်မှာ ကလေးက နှစ်ယောက်။
မဟေသီက တစ်ယောက်။
လက်တွဲညီသလား မမေးနဲ့… လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။
သြော် . . . အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့် “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။
ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ။
ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။
ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။
ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။
ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။
သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။
ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။
ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။
ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ …မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ်ဝေမျှခဲ့တဲ့ငါ…၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ လုပ်နိုင်သည်တဲ့ … ။
ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။
ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။
“လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့ အသံတွေပဲ။
မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။
မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။
ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။
ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း …သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။
ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။
ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။
သားနဲ့သမီးလည်း … အဝေးကိုရောက်။
သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။
ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။
ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။
ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။
သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။
အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။
ကျွန်ုပ်ရသလို … ရကြပါစေ။
ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။
ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း…ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံမှတစ်ပါး အခြားမရှိတော့ချေ။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဖြင့်
ကျော်သူ (၁၉၅၉ ~ ၂၀??)



လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

မျိုးချစ်သူ / ၂၈ အောက်တိုဘာ ၂၀၁၀
ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇)ရက်၊ ယမန်နေ့ မွန်းလွဲ (၂)နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့နေရာအနှံ့ လမ်းများကို ကြံ့ဖွံပါတီက ရန်ကုန်စည်ပင်နှင့်ပေါင်းကာ ခင်းပေးလျက်ရှိပြီး လမ်းခင်းပြီးပါက လမ်းထိပ်တို့တွင် ကြံ့ဖွံ့ပါတီမှခင်းပေးကြောင်း ကမ္ဗည်းထိုးထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။
“လမ်းထိပ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခမဲ့ခင်းပေးတယ် ဆိုတာပါတယ်၊ ကျမတို့မြို့နယ်မှာ အများကြီးပဲတွေ့တယ်၊ ပါတီအမှတ်အသားနဲ့ သေသေချာချာ လုပ်ထားတာလေ၊ သူတို့က အဲဒါ မဲဆွယ်တာပေါ့” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနေသူ တဦးက ပြောသည်။
ရန်ကုန်လမ်းများကို ရန်ကုန်စည်ပင်က ခင်းရမည့်အစား ကြံ့ဖွံပါတီက ခင်းပေးနေခြင်းသည် ပါတီအနေဖြင့် ပြည်သူများအား မဲဆွယ်လို၍သာ ခင်းပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုကြသည်။
“သူတို့က စေတနာနဲ့လုပ်တာမှ မဟုတ်တာ၊ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲလေ၊ အမှန်ဆိုရင် ရန်ကုန်လမ်းတွေက ပျက်နေတာ ကြာပေါ့၊ စည်ပင်အလုပ်ကို စည်ပင်လုပ်ပေါ့၊ တသက်လုံးက မလုပ်ခဲ့တဲ့လမ်းတွေကို အခုမှလာပြီးတော့ ကြံ့ဖွံ့က လုပ်နေတယ်ဆိုတာ အဖြေက ရှင်းနေတာပဲ”ဟု ပုစွန်တောင်မြို့နယ် ရေကျော်လမ်းမတွင်နေသူ ပြည်သူတဦးက ပြောသည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်သော မော်နီတာ သတင်းဂျာနယ်တွင် ပြီးခဲ့သည့် (၃) ပတ်ခန့်က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်ရှိလမ်းများကို ပြည်ခိုင်ဖြိုး(ကြံ့ဖွံ့ပါတီ) ပါတီက ခင်းနေခြင်းဖြစ်ကြောင်း၊ ပါတီဝင်များက လုပ်အားပေးကြကြောင်း၊ အခကြေးငွေပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်သောပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီကြောင်း ပြောဆိုထားမှုကို ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။

အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်)မှကိုယ်စားလှယ်လောင်းဦးမာခါး၏ မဲဆွယ်ဆိုင်းဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။
မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ)မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ်တွဲဖက်စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ(၂၅)ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင်ထားသည်ဟု ဦးမာခါးက ပြောသည်။
၎င်းက “မနေ့ကပဲ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်လိုက်ပါတယ်၊ မိတ္တူကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဌာနချုပ်၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မြစ်ကြီးနားမြို့နယ်ရုံးနဲ့ ဦးလှမြင့်ဆိုတဲ့ ကျနော်ရဲ့ဆိုင်းဘုတ်ကို ပြုမူတဲ့သူ၊ သူတို့ကိုလည်း ပို့ထားတာပါ။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနဲ့ စကားပြောတဲ့ခါမှာ သူက “ခင်ဗျား အထက်ကို စာတင်ထားတဲ့အတွက် အထက်က ညွန်ကြားမှုလာရင်တော့ ညွန်ကြားချက်တိုင်း ဆောင်ရွက်ပေးပါမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အောက်တိုဘာ (၉) ရက်နေ့တွင် အန်ဒီအက်ဖ်ပါတီ ရုံးခွဲကို မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှစ၍ မဲဆွယ်ဆိုင်းဘုတ်များကို မြစ်ကြီးနားမြို့နယ်အတွင်း အရေအတွက် (၆ဝ)ခုခန့် ကပ်ထားခဲ့ရာ ပျောက်ဆုံးမှုနှင့် ဖျက်ဆီးခံရမှုများ ရှိနေကြောင်း ဦးမာခါးက ပြောသည်။
၎င်းက “ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို စာတင်ပြီး ခွင့်ပြုချက်နဲ့ ဆိုင်းဘုတ်တွေကို ကပ်ခဲ့တာပါ။ ဆိုင်းဘုတ် (၅ဝ) ကျော် (၆ဝ) လောက် ကပ်ထားတယ်။ လူတွေ မြင်တွေ့နိုင်တဲ့ နေရာတွေ၊ သစ်ပင်ပေါ်မှာ ခိုင်ခိုင်မာမာ လုပ်ထားတဲ့ ဟာတွေပါ။ အဲဒီထဲက (၂) ခု ဖျက်ဆီးခံရတယ်။ အားလုံး (၁ဝ) ခု ပျောက်ဆုံးနေတာပါ။ အမှန်ကတော့ မလုပ်ကောင်းတဲ့အရာတွေပါ။ ပါတီ အနေနဲ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အနေနဲ့ နည်းဥပဒေအတိုင်း ဆောင်ရွက်နေတဲ့အတွက် ဒီလိုလုပ်ဆောင်တယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ အရာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။
မဲဆွယ်ဆိုင်းဘုတ်ပေါ်တွင် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမာခါးဆိုသည့် ခေါင်းစီးစာသား၊ ၎င်း၏ဓာတ်ပုံနှင့်အတူ “တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အတိတ်ကသင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံး ရွေးချယ်သင့်ပါတယ်”၊ “မင်းသားခေါင်းဆောင်းထားပြီး ကိုယ်ပိုင်ဦးနှောက်နဲ့ အလုပ် မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲ မဖြစ်အောင် ကျွန်တော်ကြိုးစားသွားမယ်လို့ အာမခံပါရစေ” ဟု ရေးသားဖော်ပြထားသည်။
ဦးမာခါးသည် အသက်(၂၇)နှစ်ရှိ လူငယ်ရှေ့နေတဦးဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီပါတီ (ကျားဖြူပါတီ) မှ ဦးစိုင်းအောင်ကျော်ဦး တို့နှင့်အတူ ယှဉ်ပြိုင်အရွေးခံမည်ဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ကြံ့ဖွံ့ပါတီမှဝင်ရောက်အရွေးခံမည်

ရဲရင့် / ၂၈ အောက်တိုဘာ ၂၀၁၀
ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း)၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။
ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀)သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြကြောင်း သိရသည်။
ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင်တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီတခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြားကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီးအားလုံး စိတ်ပျက်နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။
ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်အမှတ်(၁)တွင်ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမည်ဖြစ်သည်။
စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် သာထူးကျော်အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲဖြစ်ဖြစ် အားလုံး အခွင့်အရေးသမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။
ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသားအတွက် သူလုပ်နေတာမဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှအထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။
ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ်ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ်ကရင်ပါတီဝင်တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၁၉၉၈ခုနှစ်တွင်တပ်သား(၂၈)ဦးနှင့်အတူကေအန်ယူမှခွဲထွက်ကာ နအဖနှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ဒီကေဘီအေအဖွဲ့၏ နာယကဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူတဦးက ပြည်တွင်းမီဒီယာများ မှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။