မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 19 oktober 2010

ကေအိုင်အို ဆက်ဆံရေးရုံး တာဝန်ခံကို ဖမ်းဆီး

ပေါက်ပေါက် / ၁၉ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဆက်ဆံရေးရုံး တာဝန်ခံအား ယမန်နေ့ နေ့လည်ပိုင်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ညပိုင်း၌ ဆက်ဆံရေးရုံးအား နယ်မြေခံ အာဏာပိုင်များက ဝင်ရောက် စီးနင်းရှာဖွေကာ ပစ္စည်းအချို့ သိမ်းယူသွားသည်။
ဟိုပင်မြို့အရှေ့ပိုင်း၊ နန့်ရင်းလမ်းတွင် ဖွင့်လှစ်ထားရှိသည့် ကေအိုင်အိုဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး ခေါင်လွန်းသည် ကေအိုင်အိုအဖွဲ့က ထောင်ထားသည့်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီး မိုးညှင်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေသည့် လူနာအား သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ အပြန်တွင် မိုးညှင်းခရိုင် ရဲများအပါအဝင် ဟိုပင်ရဲစခန်းက တားဆီးကာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးပြီးနောက် ကားနောက်ခန်းတွင် ဘိန်းတွေ့ရှိသည်ဟု ဆိုကာ ယမန်နေ့က ဖမ်းဆီးထားကြောင်း ကေအိုင်အိုဆက်ဆံရေးရုံးနှင့် နီးစပ်သူ ဟိုပင်ဒေသခံတဦးက ပြောသည်။
၎င်းက “ဗိုလ်ကြီး ခေါင်လွန်းရဲ့ ကားကို လိုင်စင် စစ်တာ၊ နောက် ရဲစခန်းကို ခေါ်သွားတယ်၊ အဲဒီမှာ (၂) နာရီကြာ စစ်ဆေးတယ်။ နောက်တော့ ကားနောက်ခန်းထဲမှာ ခတ်ပုံ (သုံးစွဲရန် အသင့်ပြင်ဆင်ထားသည့် ဘိန်း) တွေ့တယ် ဆိုပြီး ဖမ်းလိုက်တာ။ သူက မူးယစ်ဆေးဝါလည်း မသုံးစွဲဘူး။ ဆေးလိပ်တောင် မသောက်ဘူး။ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခဲ့ဖူးတယ်။ တမင် ဘိန်းထုပ်နဲ့ အကွက်ဆင်ပြီး ဖမ်းလိုက်တာ သေချာတယ်” ဟုပြောသည်။
ယမန်နေ့ ညဥ့်နက်ပိုင်းတွင်လည်း ဟိုပင်ရှိ ကေအိုင်အိုဆက်ဆံရေးရုံးအား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ စစ်တပ်၊ ရဲအဖွဲ့များက ဝင်ရောက်စီးနင်းကာ ကား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးစက်တို့ကို သိမ်းယူသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
၎င်းက “ညကျတော့ ရုံးကို ဝိုင်း၊ ရုံးထဲအတင်းဝင်ပြီး ကားတစီး၊ လမ်းလျှောက်စကားပြောစက်နဲ့ ဖုန်းတွေ သိမ်းသွားတယ်၊ အစောင့် ရဲဘော် (၂) ယောက်လည်း ဖမ်းသွားတယ် ” ဟု ပြောသည်။
အခင်းဖြစ်ပြီး မကြာမီ ယနေ့ နံနက် (၂) နာရီကျော်တွင် ကေအိုင်အိုတပ်ဖွဲ့ဝင်များက ဗဟိုဌာနချုပ် လိုင်ဇာ အနီးရှိ နအဖ စစ်တပ်၊ ရဲနှင့် လဝကအဖွဲ့များ စုပေါင်းထိုင်သည့် လဂျားယန်ဂိတ်သို့ သွားရောက်ကာ စရဖနှင့် တွေ့ဆုံပြီး မည်သည့်အတွက်ကြောင့် ဆက်ဆံရေးရုံးအရာရှိကို ဖမ်းဆီးပြီး ရုံးအား ဝင်ရောက်စီးနင်းသည့်အပေါ် ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု ကေအိုင်အိုအရာရှိက ပြောသည်။
၎င်းက “လဂျားယန် ဂိတ်ကို သွားတာက တပ်နဲ့သွားတာပါ။ ဘာကြောင့်အခုလို လုပ်ရသလဲဆိုတာ ဖြေရှင်းချက် ပေးဖို့ သွားပြောတာပါ။ အဲဒီဂိတ်ကို သွားဝိုင်းတာ မဟုတ်ပါဘူး။ ကျနော်တို့ တပ်တွေက အဲဒီနားမှာ နဂိုတည်းက ရှိနေပြီးသားပါ။ သူတို့ရဲ့ အကြောင်းပြန်ကြားချက်ကတော့ မရသေးပါဘူး”ဟု ပြောသည်။
ယနေ့ နေ့လည်ပိုင်းအထိ လိုင်ဇာသို့ ခရီးသည်နှင့်ကုန်ကား အဝင်အထွက်ပုံမှန်ရှိနေပြီး မည်သည့် စစ်ရေး လှုပ်ရှားမှုများ မရှိသေးကြောင်း လိုင်ဇာဒေသခံများက ပြောသည်။
ယခုလ (၁၃)ရက်နေ့က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ၏ အရှေ့ဘက် နွားလပို့ တောင်ပေါ်တွင်ကေအိုင်အိုအဖွဲ့က ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် ပင်းကြိုင်းကျေးရွာသား (၂)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ယခု အဖမ်းခံထားရသူ ဗိုလ်ကြီးခေါင်လွန်း ဦးဆောင်ပြီး သေဆုံးသူ မိသားစုအတွက် ငွေကျပ် (၁၅)သိန်းစီဖြင့် လည်းကောင်း၊ ဒဏ်ရာရခဲ့သူအတွက် ငွေကျပ် (၇) သိန်းကို လည်းကောင်း နစ်နာကြေးအဖြစ် ယခုလ (၁၇) ရက်နေ့က သွားရောက်ပေးခဲ့သည်ဟု ဟိုပင်ဒေသခံတဦးက ပြောသည်။
ယင်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နအဖသတင်းစာများက သတင်းဖော်ပြရာတွင် ကေအိုင်အေ သောင်းကျန်းသူဟု သုံးနှုန်း ရေးသားထားသည်။

Geen opmerkingen: