မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 oktober 2010

မြန်မာ သံဃာတော်များ အလံသစ်ကို မီးရှို့ဆန္ဒပြ

ဇာနည်မာန် Wednesday, October 27, 2010
.သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA) က နိုင်ငံတော်အလံသစ်ကို ကန့်ကွက်ရှုတ်ချခြင်းနှင့် အလံသစ်ကို မီးရှို့ဖျက်ဆီးခြင်းကို အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ကိုလံဘိုမြို့ရှိ မကုဋာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
                                                       စစ်အစိုးရ၏အလံသစ်ကိုမီးရှို့ဆန္ဒပြနေစဉ်။(ဓာတ်ပုံ-MSMA)
ရွေးကောက်ပွဲအပြီး ပေါ်ထွန်းလာမည့် လွှတ်တော်မှ အတည်မပြုသေးဘဲ နိုင်ငံတော်အလံသစ်ကို လွှင့်တင်ခြင်းဖြစ်၍ တရားဝင်မှုမရှိဟု သံဃာ့အစည်းအဝေးတွင် မိန့်ကြားကြောင်း သိရသည်။
“ဒီအလံသစ်နဲ့ ပတ်သက်ပြီး ယတြာတွေဘာတွေ ပြောနေတာတော့ အများကြီးပေါ့။ ဒါပေမယ့် အဲဒါတွေထက် နိုင်ငံတော်အလံဆိုတာ နိုင်ငံတခုရဲ့ တန်ဖိုးထားရတဲ့၊ လေးစားရတဲ့ အထိမ်းအမှတ်ဖြစ်တာကို ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရက အတည်မပြုပေးသေးတဲ့ ဒီအလံကြီးကို လုပ်ချင်ရာလုပ်တာဟာ အဓိပ္ပာယ်မရှိလို့ ကန့်ကွက်၊ ဆန္ဒပြ၊ ရှုတ်ချတဲ့အနေနဲ့ မီးရှို့ရတာပါ” ဟု MSMA ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဥက္ကဋ္ဌက ဧရာဝတီသို့ မိန့်သည်။
သီရိလင်္ကာရောက် သံဃာတော်များ အနေနှင့် လွတ်လပ်ရေး ရပြီးခါစ ကာလက ကြယ်ဖြူကြီးကို ကြယ်ဖြူ ၅ လုံး ၀န်းရံထား သည့် အလံကိုလည်းကောင်း၊ စပါးနှံ၊ စက်သွားနှင့် ကြယ်ဖြူ ၁၄ လုံး ပါရှိသည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)
လက်ထက်က အတည်ပြု ပြဌာန်းခဲ့သော နိုင်ငံတော်အလံကိုလည်းကောင်း၊ ယခု ပြောင်းလဲလိုက်သည့် သုံးရောင်ခြယ် အလံ သစ် ၏ ပုံသဏ္ဍာန်ကိုလည်းကောင်း နှစ်သက်သည်၊ မနှစ်သက်သည်ကို ပြောဆိုလိုခြင်းမဟုတ်ဘဲ စစ်အစိုးရ၏ တရား လက် လွတ် ပြုမှုနေခြင်းကိုသာ ကန့်ကွက်လိုခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အလံသစ် လွှင့်ထူခြင်းများကို စစ်အစိုးရ ဌာနဆိုင်ရာ ရုံးများတွင် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ အလံဟောင်းကို မီးရှို့ဖျက်ဆီးကြောင်း၊ ယတြာနည်းလမ်းအရ ထိုသို့ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
MSMA က မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူများက ကန့်ကွက်ခဲ့သည့် မတရားသဖြင့် အတည်ပြု ပြဌာန်းထားသော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အခြေခံသောကြောင့် အဆိုပါ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။
အရှင်ဥက္ကဋ္ဌက “ရွေးကောက်ပွဲ လုပ်တာ၊ မလုပ်တာကို ဦးပဉ္ဇင်းတို့က မပြောလိုပါဘူး။ ဒါပေမယ့် ဒါဟာ ဘယ်လိုမှ တရားမျှတ မှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ လောလောဆယ်မှာလည်း နည်းမျိုးစုံနဲ့ ကောက်ကျစ်ပြီး လုပ်နေတာ အားလုံး ကြားနေရတာပဲ။ ဒါကြောင့် ရွေးကောက်ပွဲဟာလည်း တရားမျှတမှာလား ဆိုတာ စဉ်းစားကြစေချင်တယ်” ဟု မိန့်သည်။
ဆရာတော်က ဆက်၍ “ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့ကြောက်စိတ်ကို ဖျောက်ပြီးတော့ နောင်တချိန် ကိုယ့်သားစဉ်မြေးဆက် ကို ဒုက္ခပေးမယ့် အဖွဲ့အစည်း၊ ဒုက္ခပေးမယ့် ဥပဒေကို မထောက်ခံဘဲနဲ့ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုပဲ ရှာကြပါလို့ ဦပဉ္ဇင်းတို့ကတော့ ဒီလိုပဲ ပြောချင်ပါတယ်”ဟု မိန့်ကြားသည်။
မြန်မာပြည်သူလူထုသည် အခြေအနေအရ မိမိတို့ကို အကျိုးပြုမည့်သူနှင့် အန္တရာယ်ဖြစ်စေမည့်သူတို့ကို သိနားလည်ပြီး ဖြစ်ကြ သကဲ့သို့ ရွေးကောက်ပွဲကာလတွင်လည်း ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလများကကဲ့သို့ မိမိတို့၏ဆန္ဒကို အပြည့်အ၀ ထုတ် ဖော် ပြကြလိမ့်မည်ဟု သုံးသပ်ရှုမြင်ကြောင်း ဆရာတော်က မိန့်ကြားသည်။
MSMAသည်၂၀၀၇ခုနှစ်အတွင်းကဖွဲ့စည်းခဲ့ပြီးစက်တင်ဘာအရေးအခင်း ဖြစ်ပွားစဉ် ကာလတလျှောက်တွင် မြန်မာနိုင်ငံမှ အခြေအနေများကို သီရိလင်္ကာပြည်သူများ သိရှိစေရန် ရည်ရွယ်၍ စီတန်းလှည့်လည်ခြင်းနှင့် နိုင်ငံရေး လှုံ့ဆော်မှုများကို ပြုလုပ်ခဲ့သည်။
သီရိလင်္ကာတွင် မြန်မာစာသင်သား ရဟန်းတော် အပါး ၂၀၀ ကျော် ရှိကြောင်း သိရသည်။

Geen opmerkingen: