မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 oktober 2010

အလံသစ်သတင်း ဖော်ပြခွင့် ကန့်သတ်

ဧရာဝတီ Tuesday, October 26, 2010
.၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရအသုံးပြုခဲ့သည့် မြန်မာနိုင်ငံတော် အလံဟောင်းကို မီးရှို့ဖျက်ဆီးပြီး သုံးရောင်ခြယ် အလံသစ်တင်ခဲ့သော သတင်းကို စာပေစိစစ်ရေးက ပုဂ္ဂလိက သတင်းဂျာနယ်များတွင် ဖော်ပြခွင့် ကန့်သတ်ထားကြောင်း သိရသည်။
                      ရန်ကုန်မြို့တော်ခမ်းမရှေ့တွင်နိုင်ငံတော်အလံသစ်ကိုလွှင့်ထူထားစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ဗေဒင်ယတြာ အစီအမံများပြုလုပ်ပြီး အလံသစ် တင်ခဲ့သည့် ဖြစ်ရပ်ကို ပြည်သူများအကြား အလွန် စိတ်ဝင်စားနေ ကြကြောင်း၊ ပြည်တွင်းသတင်း မီဒီယာများက အစိုးရရုံးများတွင် အလံဟောင်းချပြီး အလံသစ် လွှင့်ထူခဲ့ပုံကို ဓာတ်ပုံများနှင့်တကွ ဝေေ၀ဆာဆာ တင်ပြရန် ကြိုးပမ်းခဲ့ကြသော်လည်း စာပေစိစစ်ရေးက ပိတ်ပင်ခဲ့ကြောင်း၊ အလံသစ်သတင်းကို အစိုးရ သတင်းစာများက ဖော်ပြသည့်အတိုင်းသာ သတင်းရေးသားကြရန် ပုဂ္ဂလိကမီဒီယာများကို စာပေစိစစ်ရေးက ဖိအားပေးထားကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။
“အလံသစ်သတင်းကိုWeeklyEleven၊TheVoice၊FlowerNews၊TrueNewsအပါအဝင်တခြား သတင်းဂျာနယ်တွေ အကုန်လုံးက ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ဖော်ပြနိုင်ဖို့ စာပေစိစစ်ရေးကို တင်တယ်။ အပယ်ခံရတယ်။သတင်းစာအတိုင်းပဲရေးရမယ်လို့ပြောတယ်”ဟုရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။
အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင် သုံးရောင်ခြယ် အောက်ခံပေါ်တွင် ကြယ်ကြီးတလုံးပါသော အလံသစ်ကို အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီက အစိုးရရုံးများ အားလုံး၌ တနိုင်ငံလုံး တပြိုင်နက်တည်း လွှင့်ထူခဲ့ရသည်။
အလံသစ်လွှင့်တင်ရာတွင် အင်္ဂါသားသမီးက အလံချပြီး ဗုဒ္ဓဟူးသားသမီးက အလံတင်ရမည် ဟူသော ညွှန်ကြားချက်ရှိခဲ့ရာ အဆိုပါညွှန်ကြားချက်သည် ဗေဒင်သဘောတရားပါရှိကြောင်း၊ ညနေ ၃ နာရီအချိန်တွင် အလံသစ် တင်ခြင်းမှာလည်း အစီအမံ တခုပင်ဖြစ်ကြောင်း ဗေဒင်ဆရာအသိုင်းအ၀န်းက ပြောဆိုကြသည်။
“အင်္ဂါနံကလည်း အားကောင်းတယ်။ ဗုဒ္ဓဟူးနံကလည်း အားအလွန်ကောင်းတယ်။ အလံ တင်၊ ချ လုပ်တဲ့ရက်ကလည်း ရက်ရာဇာကျတယ်။ ဒါပေမယ့် အလံတင်တဲ့အချိန်က ညနေ ၃ နာရီ အပုပ်ချိန်၊ ကံဇာတာကျချိန်လို့လည်း ခေါ်တယ်။ ဒါက ယတြာ အစီအမံတွေပါတယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် နာမည်ကြီး ဗေဒင်ဆရာတဦးက ရှင်းပြသည်။
ပြည်တွင်းဂျာနယ်များသည် အလံသစ်လွှင့်တင်မှုနှင့် ပတ်သက်ပြီး ဗေဒင်ယတြာသဘောပါသည်ကို ထောက်ပြရန် ကြိုးစားခဲ့ကြသော်လည်း စာပေစိစစ်ရေးက ထိုသို့သော အရေးအသားများကို လုံးဝဖော်ပြခွင့် မပြုခဲ့ကြောင်း ကြားသိရသည်။
နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများက အလံသစ်ပြောင်းလဲအသုံးပြုသော လုပ်ရပ်သည် ဥပဒေကို ချိုးဖောက်သော လုပ်ရပ် တခုဖြစ်သည်ဟု ပြည်တွင်းသတင်းမီဒီယာများသို့ ပြောကြားကြသည်။
စစ်အစိုးရတင်လိုက်သော အလံသစ်ကို ပြည်သူအများစုကလည်း နှစ်ခြိုက်ကြခြင်း မရှိကြောင်း သိရသည်။
“ဒီအလံကို မြင်ရတာတမျိုးပဲ။ စိတ်ထဲမှာ မနှစ်မြို့ဘူး။ မီးပွိုင့်အလံပဲ။ မီးပွိုင့်ကလည်း ၀ါ၊ စိမ်း၊ နီပဲလေ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ နိုင်ငံတော်အလံကို မလေးမစားလုပ်ခြင်း၊ နိုင်ငံတော်အလံကို ဖျက်ဆီးခြင်းများ ပြုလုပ်လျှင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ၃ သိန်း ချမှတ်ခံရမည်ဟု နိုင်ငံတော်အလံဥပဒေအဖြစ် ထုတ်ပြန်ထားသည်။

Geen opmerkingen: