မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 21 oktober 2010

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ နောက်ဆုံးအဆင့် ကြားနာရန် လက်ခံ

ဝီရ / ၂၁ အောက်တိုဘာ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်နှင့် ပတ်သက်၍ တင်ပြထားသည့် အထူးအယူခံကို နောက်ဆုံးအဆင့် ကြားနာရန် ရန်ကုန်တိုင်း တရားရုံးချုပ်က ယမန်နေ့က ဆုံးဖြတ်ချက် ချလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို နောက်တဆင့် နေပြည်တော်မှာ အပြီးသတ် လျှောက်လဲချက် ပေးဖို့ ရန်ကုန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်တာပါ။ ဒီအဆင့်က နောက်ဆုံးအဆင့် ဖြစ်တဲ့ တရားသူကြီး (၅)ဦး ထိုင်ပြီး ထပ်ကြားနာဖို့ ဆုံးဖြတ်ဖို့ ဖြစ်တယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။
ချမှတ်ထားသည့် ပြစ်ဒဏ်သည် လွဲချော်နေ၍ ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း တရားရုံးချုပ်၌ ပြီးခဲ့သည့် တနင်္လာနေ့က ပထမအဆင့် လျှောက်လဲချက် ပေးခဲ့ရာမှ (၃)ဦးပါ တရားသူကြီးက အဆိုပါအမှုအတွက် နေပြည်တော် ဗဟိုတရားရုံးချုပ်၌ နောက်ဆုံးအဆင့် လျှောက်လဲချက် ကြားနာရန် လက်ခံလိုက်ခြင်း ဖြစ်သည်။
သို့သော် အဆိုပါအမှုအတွက် ကြားနာရန် နေ့ရက် သတ်မှတ်ခြင်း မရှိသေးကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်မယ်ဆိုရင် နေအိမ်အကျယ်ချုပ်ကနေ ချက်ချင်း လွှတ်ပေးရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ ၁၉၇၄ ခုနှစ် ဥပဒေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ပယ်ဖျက်ထားပြီးသား ဖြစ်နေတယ်။ အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူး။ လွဲချော်နေတယ်ဆိုတာ အထောက်အထားတွေနဲ့ ကျနော်တို့ လျှောက်လဲချက် ပေးတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် ၁၉၇၄ ခုနှစ် ဥပဒေပါ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။
ထို့အတွက် အင်းစိန် အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမ တို့အား ပြစ်ဒဏ် (၃)နှစ် ကျခံစေရန် ပြီးခဲ့သည့်နှစ် သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့ပြီး နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈)လ ကျခံရန် အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ခဲ့သည်။
ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ နောက်ဆုံးအဆင့် လျှောက်လဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် (၁၈) လ ပြစ်ဒဏ်သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့၌ ကုန်ဆုံးတော့မည် ဖြစ်ကြောင်း ၎င်း၏ရှေ့နေများက ပြောသည်။



Geen opmerkingen: