မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

လမ်းပြကြယ်လား၊ လမ်းပျောက်ကြယ်လား

NEJ / ၂၀ အောက်တိုဘာ ၂၀၁၀
အခုတလော မီဒီယာတွေပေါ်မှာ ကမောက်ကမနိုင်လှတဲ့ ၀ါကြွားမှုတွေ၊ အစဉ်အလာမဟုတ်တဲ့ တရားသေ သဘောတရားတွေကို အာဘောင်အာရင်းသန်သန်နဲ့ “ငါ့စကား နွားရ” ပြောဆိုနေကြတာကို မကြာခဏ ကြားနေရပါတယ်။ NDF(အမျိုးသားဒီမိုကရေစီအင်အားစု)ပါတီက စစ်အာဏာရှင်တွေရဲ့ အကျိုးတူ စီးပွားဖက် ခေတ်ပျက်သူဌေးတွေဆီက လက်သိပ်ထိုးပြီးတမျိုး၊ ဗြောင်တမျိုး ထောက်ပံ့ကြေးတွေ ယူခဲ့တဲ့အတွက် သူ့မိတ်ဖက်ပါတီတချို့က ဝေဖန်ကြ၊ နှုတ်ထွက်ကြနဲ့ တော်တော်လေး ရှက်ဖွယ်လိလိ ဖြစ်နေမှုအပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက ထင်မြင်ချက်အမျိုးမျိုး ပြောဆိုနေကြတာနဲ့ ပတ်သက်ပါတယ်။
ဒီအထဲမှာပဲခူးမြို့က“လမ်းပြကြယ်”အဖွဲ့ခေါင်းဆောင်ရှေ့နေဦးအေးမြင့်ရဲ့ ပြန်လည်တုံ့ပြန်ချက်တွေကတော့ တော်တော့်ကို မှတ်သားလောက်ပါတယ်။ သူက NDF အနေနဲ့ ဦးလှမောင်ရွှေဆီက ထောက်ပံ့ကြေးယူတာ မှန်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထောက်ပံ့ကြေးပေးရင်လည်း ယူရမှာပဲလို့ ရွှန်းရွှန်းဝေအောင် ပြောပါတယ်။ ဒါဟာ သူ့အရိုးနဲ့ သူ့ကို ပြန်ထိုးဖို့ဖြစ်တယ်။ “ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” အယူအဆဖြစ်တယ်လို့လည်း ရွှေဉာဏ်တော်စူးရောက်စွာနဲ့ မှတ်ချက်ချပါတယ်။
NLD က ရွေးကောက်ပွဲ သပိတ်မှောက်တာ မှားတယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် မှားတယ်။ ဦးဝင်းတင်နဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဆိုတာကို ပြောပြီး၊ ပါတီဝင်ထုနဲ့ ပြည်သူလူထုကို စည်းရုံးနေတယ်။ ဒီစကားမျိုး ဒေါ်အောင်ဆန်းစုကြည် ပြော၊ မပြော မသေချာဘူး၊ (သူ့အဆို) တဆင့်ကြားစကားဟာ တရားမ၀င်ဘူး…စသဖြင့်ပြောဆိုပြီးNDF(ဆွေငြိမ်း)တို့ရဲ့ လေသံကိုလည်း ထပ်ဆင့်ရှေ့နေလိုက်ပေးခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်နှပ်စား မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံရေးရော၊ မြန်မာ့နိုင်ငံရေးကိုပါ နေ့စဉ်ထိတွေ့သိရှိနေသူပါ။ ဒါကို ဦးအေးမြင့် လေးလေးနက်နက် သိဖို့လို့ပါတယ်။
“စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့ ဆိုရိုးကလေးနဲ့တော့ ကွက်တိပဲလို့ တွေးလိုက်မိပါတယ်။ ဦးအေးမြင့် အခုလိုဘာကြောင့် မရှက်မကြောက် ပြောနေရသလဲ။ သူ့အခြေခံက ဘာလဲ။၂၀၀၀ ပြည့်လွန်နှစ်များက အင်းစိန်ထောင် (၅)တိုက်မှာ၊ အခုလို ပရမ်းပတာ အပြောတွေ၊ အလုပ်တွေကြောင့် သူ့အမှုတွဲတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ပျက်အထင်သေးတာ ခံခဲ့ရဖူးပြီ။ “လမ်းပြကြယ်”အဖွဲ့ဆိုတာ လုပ်ပြန်တော့လည်း အာဏာပိုင်နဲ့ ပုလင်းတူဘူးဆို့လုပ်လို့ အားကိုးတကြီးနဲ့ လာရောက်တိုင်တန်းသူတွေ အာဏာပိုင်ရဲ့ အစစ်အဆေး အမေးအမြန်းခံရ၊ ရန်ရှာခံရ ဖြစ်ခဲ့ဖူးပြီ။ အကူအညီ တောင်းပြန်ရင်လည်း အခကြေးငွေ တောင်းလွန်းလို့ အကြိမ်ကြိမ် မျက်နှာပျက်ခဲ့ရဖူးပြီ။ ဒါကြောင့် ပဲခူးမြို့လူထုက “လမ်းပြကြယ်”မဟုတ်ဘူး၊ “လမ်းပျောက်ကြယ်”လို့ သမုတ်ခဲ့ကြပါတယ်။
ဒါပေမယ့် မီဒီယာတွေအနေနဲ့ သူ့ရဲ့အကျင့်ဆိုးကို နားလည်ခွင့်လွှတ်ပြီး (အဆိုးထဲက အကောင်းရှာပြီး) ကလေးစစ်သားကိစ္စ ဆောင်ရွက်ပေးမှုတချို့ကို ကမ္ဘာသိအောင် ဖော်ပြပေးခဲ့ပါတယ်။ ဒီ့အတွက် ကမ္ဘာ့အဖွဲ့အစည်းတချို့က ပေးတဲ့ ဆုတချို့တောင် ရခဲ့ပါသေးတယ်။
ဒါပေမယ့် ဦးအေးမြင့်ဟာ ကိုယ့်တပိုင်တနိုင် ကလေးစစ်သားကိစ္စလောက်နဲ့ မတင်းတိမ်နိုင်တော့ဘူး။ ကိုယ်နားမလည်တဲ့နိုင်ငံရေးကိစ္စကိုပါ(စိတ်ကြီးဝင်ပြီး)ဆရာကြီးလုပ်လာပါတယ်(သည်းခံပါ၊ မြှောက်ပေးတဲ့လူကလည်း မြှောက်ပေးတာကိုး၊ ဘုန်းကြီးရူးနဲ့ လှေလူး တွေ့တယ်ဆိုသလိုပေါ့)။
NLD ရွေးကောက်ပွဲသပိတ်မှောက်ရခြင်းရဲ့ အခြေခံက ဘာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံက ဘာကို ဦးတည်နေသလဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ၀ိသေသတွေကို သိသလား၊ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့အတွက် ဒီမိုကရေစီအင်အားစုဆိုသူတွေ မဲမရတော့ဘဲ ကြံ့ဖွံ့က အပြတ်အသတ် အနိုင်ရသွားမှာပေါ့…တဲ့။ ဦးအေးမြင့်သိဖို့ကNLDလုပ်နေတဲ့ ရွေးကောက်ပွဲသပိတ်ရဲ့အခြေခံဟာ နိုင်ငံရေးတိုက်ပွဲပါ။ NLDသပိတ်မမှောက်လည်း ကြံ့ဖွံ့က နိုင်လည်းနိုင်၊ ရှုံးလည်းနိုင်ဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေ၊ ကော်မရှင် ဥပဒေတွနဲ့ အကွက်ချပြီး ညစ်ထား၊ ညှစ်ထားပြီးသားပါ။ ဒါကို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်ပြည်သူတွေ အားလုံးသိပါတယ်။ ကမ္ဘာကလည်း သိပါတယ်။ မသိတာ ဦးအေးမြင့်ပါ။ တရားဥပဒေကို မထီမဲ့မြင် ချိုးဖောက်နေတာတွေကို ကြည့်ရင်း ငုတ်တုတ်မေ့နေတာက ဦးအေးမြင့်ပါ။ သြော် … နက်နက်ဆင်းလေ၊ တိမ်မှန်းသိရလေ ဆိုသလိုဖြစ်နေပါပြီ။ NLD ကို တရားခံမရှာပါနဲ့။ သူ့ဖာသာ ပုပ်လို့ ကြွေကျတဲ့ သစ်သီးအတွက် သစ်ပင်မှာ တာဝန်မရှိပါဘူး။
အင်္ဂလိပ်ကိုလိုနီ အင်ပါယာအရှင်အတွက် ဘုန်းတော်ဘွဲ့မရေးဘဲ “လျှာပေါ် မြက်ပေါက်ချင် ပေါက်ပါစေ” ဆိုတဲ့ အမျိုးသားစာဆိုဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်က ဘာကို ညွှန်ပြနေသလဲ။ နယ်ချဲ့ဖိနှိပ်သူ လူတန်းစားနဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ တသက်လုံး ဘယ်လိုမှ မပတ်သက်ဘူးဆိုတဲ့ သံမဏိစိတ်ဓာတ်ပါ။
ရုပ်ဝတ္တုပိုင်းဆိုင်ရာ အရဖြစ်စေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ကိုယ့်ကျင့်သီလ အရဖြစ်စေ၊ ဘာသာတရား အရဖြစ်စေ၊ တမျိုးသားလုံးအပေါ် အလွန်နက်ရှိုင်းတဲ့ နိုင်ငံရေးကပ်ရောဂါဆိုးကြီးကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ကို လမ်းဆုံးအထိ ပို့ဆောင်နေတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒသမားတွေရဲ့ ပေးကမ်းစွန့်ကြဲမှုကို လက်ခံတယ်ဆိုကတည်းက ကိုယ်ဘယ်ဘ၀ ရောက်သွားပြီလဲ၊ စည်းရဲ့ဘယ်ဘက်မှာ ရောက်သွားပြီလဲ။ ဒီပြဿနာဟာ အတွေးအခေါ်ပြဿနာ ဖြစ်ပါတယ်။ လူတန်းစားစိတ်ဓာတ်နဲ့ ဆိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ နိုင်ငံရေးပူးပေါင်းလုပ်ကြံမှုကြီးပါပဲ။ နိုင်ငံရေး ပါရာဇိကံပါပဲ။
“ရန်သူ့လက်နက်၊ ကိုယ့်လက်နက်” ဆိုတဲ့ အယူအဆက ရန်သူကို ချေမှုန်းပြီး ရန်သူ့ဆီက လက်နက်နဲ့ ကျန်တဲ့ ရန်သူတွေကို ပြန်တိုက်မယ်ဆိုတဲ့ အယူအဆပါ။ ရန်သူ့ဆီက လက်နက်ကို အသနားခံပြီး တောင်းလို့ ဘယ်တော့မှ မရပါဘူး။ ရန်သူကလည်း သူ့လက်နက်ကို အလွယ်တကူ ဘယ်တော့မှ မပေးပါဘူး။ စိတ်ကူးမယဉ်ပါနဲ့။
တကယ်တော့ တော်လှန်ရေးတွေဟာ ပြည်တွင်းပြည်ပရဲ့ ဖိအားနဲ့ အုံကြွပေါက်ကွဲမှုများ၊ အုပ်ချုပ်သူ လူတန်းစားအတွင်း ကသောင်းကနင်း အကျပ်အတည်းနဲ့ ပဋိပက္ခများ …စတဲ့ အကြောင်းပေါင်းစုံ ဆုံစည်းမှုများ၊ တနည်းအားဖြင့် သမိုင်းဖြစ်ပေါ်တိုးတက်မှုများအရ တစ်စုံတရာသော အဆင့်များကို ဖြတ်သန်းရင့်မှည့်လာပြီးမှ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။
အကျယ်ချဲ့ပြောရရင် လူသားရဲ့ဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများ အံဝင်ခွင့်ကျမဖြစ်တဲ့အခါ၊ သိပ်သည်းမည်းမှောင်နေတဲ့ အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ အဓွန့်ရှည်မှုကို သည်းမခံနိုင်ကြတဲ့အခါ၊ ပြည်သူလူထုအဖို့ နှောင်ကြိုးကလွဲပြီး တခြားဆုံးရှုံးစရာ မရှိတော့တဲ့အခါ၊ ဆင်းရဲမွဲတေခြင်းနဲ့ ဖိနှိပ်ရက်စက်ခြင်းဒဏ်ကို ဘယ်လိုမှ ရင်စည်းမခံနိုင်တော့တဲ့အခါ၊ အမျိုးသားဂုဏ်သိက္ခာကို ကမ္ဘာ့ဗိုလ်ပုံအလယ်မှာ ထပ်တလဲလဲ အရှက်ခွဲခံခဲ့ရပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပုံရိပ်ကို အစော်ကားခံရတဲ့အခါ၊ တော်လှန်ရေးတွေ၊ လူထုအုံကြွမှုတွေ ပေါ်ပေါက်ရစမြဲပါပဲ။ ဒါဟာ နိယာမတရားပါပဲ။
အဲဒါကို နားမလည်ဘဲ ငါ ဦးဆောင်လိုက်ရင်၊ ငါ လုပ်လိုက်ရင် ဖြစ်တယ်ဆိုပြီး ရူးကြောင်ကြောင် အိုးနင်းခွက်နင်း၊ ဘ၀င်မြင့် လေလုံးထွားနေတာကတော့ ယိုသူမရှက်၊ မြင်သူရှက်ဖြစ်ရပါတယ်။ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက်ဆိုသလိုဖြစ်ပါတယ်။
နေ့စဉ် အရုဏ်တက်မှာ၊ နေမင်းကြီး ပုံမှန်အတိုင်း ထွက်လာတာ၊ သူတွန်ကျူးပေးလို့ ထွက်လာရတာဆိုပြီး ဘ၀င်မြင့် စိတ်ကြီးဝင်နေတဲ့ ကြက်ဖအိုကြီး ပုံပြင်ကို သတိရမိပါတယ်။
နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာ ပြည်သူလူထုနဲ့အတူ သေအတူရှင်မကွာ တိုက်ပွဲဝင်နေတဲ့ ကာလမှာ ပြည်သူလူထုက သူရဲကောင်းအဖြစ် ဂုဏ်ပြုအသိအမှတ်ပြုခြင်းကို ခံကြရပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ပါဝင်လိုက်ပါမှု၊ စွမ်းပကား၊ ရဲစွမ်းသတ္တိနဲ့ တော်လှန်ရေးသစ္စာရှိမှုအပေါ် အထင်သေးလာပြီ၊ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်လာပြီ၊ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့်လာပြီ၊ ပြည်သူလူထုနဲ့ ကင်းကွာလာပြီ ဆိုရင်တော့ အသနားခံလို့မရတဲ့ အနာဂတ်မှာ သမိုင်းရဲ့ ဒဏ်ခတ်မှုကို ကောင်းကောင်းကြီး ခံကြရပါတယ်။
ကျနော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ရန်သူနဲ့ ပူးတိုက်မယ်၊ အတွင်းဝင်တိုက်မယ်ဆိုပြီး ပူးပေါင်းခဲ့ကြသူတွေဟာ ဘယ်လိုဇာတ်သိမ်းသွားကြသလဲ။ ပြည်သူတွေကတော့ အဲဒီနိုင်ငံရေးပြက်လုံးဟောင်းတွေကို ကြားရဖန်များလို့ ငြီးငွေ့နေပါပြီ။
ပြည်သူလူထုရဲ့ နိုင်ငံရေးအသိနဲ့ သတိကို အထင်မသေးပါနဲ့၊ စစ်ဖိနပ်ကို ခွေးကတက်က လျှာနဲ့ လျက်ခဲ့ကြသူတွေနဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ တွေ့ဖူးခဲ့ကြပြီ။ သမိုင်းရဲ့ဒဏ်ခတ်ခံရမှာကို ပုန်းနေလို့ ရချင်ရမယ်၊ ပြေးလို့တော့ မလွတ်ဘူးဆိုတာ သိစေချင်တာပါပဲ။ ။

ဝေမင်းအောင်

Geen opmerkingen: