မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 oktober 2010

သတ္ထုတွင်း စီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိ

စိုင်းဇွမ်ဆိုင်း Wednesday, October 27, 2010
.ရှမ်းပြည် တောင်ပိုင်းတွင် တည်ရှိသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သတ္ထုသိုက် တူးဖော်ရေး လုပ်ငန်းနှင့် သံမဏိစက်ရုံ (ပင်းပက် စီမံကိန်း)လုပ်ကိုင်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပအိုဝ်း လူငယ် အစည်းအရုံး (PYO) က ယနေ့ ပြောဆိုလိုက်သည်။
PYO၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက“ရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီ သယံဇာတတွေ ထုတ်ယူတဲ့ အခါမှာ လူမှုရေး ဆိုးကျိုးနောက်ဆက်တွဲ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ဆိုးကျိုး နောက်ဆက်တွဲတွေအပေါ်တာဝန်ယူစေချင်လို့အခုလိုပြောဆိုရတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့ အဖွဲ့သည် ပင်းပက် သတ္ထုတူးဖော်ရေး စီမံကိန်းနှင့် သံမဏိစက်ရုံ တို့၏ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကို ယမန်နှစ်က အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှတဆင့် ၎င်းတို့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၏ နောက်ဆက်တွဲအခြေအနေကို တင်ပြခြင်းလည်း ဖြစ်သည်ဟု ခွန်ချန်ကီက ဆိုသည်။
ပင်းပက် သတ္ထုတူးဖော်ရေး စီမံကိန်းသည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် တည်ရှိပြီး နှစ်စဉ် သံ တန်ချိန် ၂ သိန်းနှုန်းဖြင့် နှစ်ပေါင်း ၁၅၀ တူးယူသွားမည်ဟူ၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများမှာ ရုရှားကုမ္ပဏီ Tyazhpromexport၊ အီတလီ ကုမ္ပဏီ ဒယ်နီရယ်လီ နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း ပါဝင်ကြသည် ဟူ၍ လည်းကောင်း PYO အစီရင်ခံစာတွင် ပါရှိသည်။
သတ္ထုတူးဖော်ခြင်းနှင့် သံမဏိစက်ရုံ လည်ပတ်ခြင်း မစတင် သေးသော်လည်း ၎င်းစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် ကုမ္ပဏီများက ဒေသခံများထံမှ မြေဧကပေါင်း ၈ ထောင်ကျော်ကို သိမ်းယူခဲ့ပြီး အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်းများ ပြုလုပ်ခဲ့သည့် အပြင် သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးဆုံးရှုံး နေရသည်ဟု PYO က ဆိုသည်။
ပင်းပက် သတ္ထုတူးဖော်ရေး စီမံကိန်းနှင့် သံမဏိစက်ရုံ လုံခြုံရေးအတွက် ဆီဆိုင်နှင့် ဘန်းယဉ် အခြေစိုက်တပ်များဖြစ် သော ခလရ ၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆ တို့သည် လုံခြုံရေးအကြောင်းပြကာ ဒေသခံများအား သတ်ဖြတ်ခြင်း၊ ညှဉ်းပန်း နှိပ်စက် ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ယမန်နှစ်ကလည်း ဒေသခံ အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရပြီး အပြစ်မဲ့ ရွာသား တဦးကို လက်နှစ်ဘက်လုံး ဖြတ်တောက်ခဲ့ကြောင်း PYO အစီရင်စာတွင် ပါရှိသည်။
ယခုနှစ် ဖေဖော်ဝါရီလကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့သည်ဟု အကြောင်းပြပြီး ရွာသား ၂ ဦးကို ခလရ ၄၂၃ က သတ်ဖြတ်ခဲ့၍ ၅ ဦးကို တောင်ကြီးမြို့ရှိ ရဲစခန်းတွင် ယနေ့ထိ ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည် ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်းမှ စွန့်ပစ်မြေစာများတွင် အာဆင်းနစ်ခေါ် အဆိပ်များ ပါဝင်နေပြီး စီမံကိန်းတဝိုက်နေထိုင်သည့် ဒေသခံများ၏ စိုက်ပျိုးလယ်မြေများကို လွှမ်းမိုးလာနိုင်ဖွယ် ရှိသည်ဟုလည်းPYOအဖွဲ့က သုံးသပ်ထားသည်။
နောက်ဆက်တွဲ အစီရင်ခံစာသည် စစ်အစိုးရ၊ သတ္ထုတူးဖော်ရေးနှင့် သံမဏိစက်ရုံ စီမံကိန်းတို့ကို ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ၊ ပအိုဝ်း အမျိုးသားအဖွဲ့ (PNO)နှင့် ဒေသခံများအတွက် ရည်ရွယ်သည်ဟု ခွန်ချန်ကီက ပြောသည်။
“အစိုးရ အနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားဖို့၊ ဒေသခံတွေအနေနဲ့လည်း ကိုယ် နားမလည်တဲ့ စာရွက်စာတမ်းတွေကို လက်မှတ်လာထိုးခိုင်းရင် မထိုးဖို့၊ စီမံကိန်းရှိတဲ့နေရာက ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဆိုတော့ PNOကို ပြည်သူဘက်က ရပ်တည်ပေးဖို့ ဒီ နောက်ဆက်တွဲ အစီရင်ခံစာနဲ့ ကျနော်တို့ တိုက်တွန်းထားပါတယ်”ဟု ခွန်ချန်ကီ က ဆိုသည်။
လာမည့် ရွေးကောက်ပွဲတွင်လည်း စီမံကိန်း တည်ရှိရာဒေသရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများကို ဒေသခံများဘက်မှ ရပ်တည်ပေးရန် PYOက ဆက်လက် တိုက်တွန်းသွားမည် ဟုလည်း သိရသည်။
အတည်မပြုနိုင်သည့် သတင်းများ၏ အဆိုအရ အဆိုပါ သတ္ထုတူးဖော်ရေးနှင့် သံမဏိစက်ရုံ စီမံကိန်းသည် ရုပ်ပြသက်သက် ဖြစ်ပြီး နောက်ကွယ်တွင် စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော ယူရေနီယံ သတ္ထုများကို တူးဖော်နေသည် ဟု သိရသည်။

Geen opmerkingen: