မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 oktober 2010

မေခမြစ် အနောက်ဖက်ကမ်း ကျေးရွာများ စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်

ခိုင်လင်း / ၂၆ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် အထက်ပိုင်း၊ မေခမြစ် အနောက်ဖက်တလျှောက်ရှိ ကျေးရွာများတွင် အစားအစာ ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရသကဲ့သို့ ဆေးဝါးမရှိ၍ ဖျားနာသေဆုံးမှုများ ရှိနေသည်။
အင်ဂျန်းယန်မြို့နယ် အထက်ပိုင်းရှိ ရှရွယ်၊ ထွယ်ဒါယန်၊ ဇမ်နောင်၊ လာခွမ်း ရွာများအပါအဝင် မေခမြစ် အနောက်ဘက်ကမ်းတလျှောက်ရှိ ကျေးရွာများသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ တပ်ရင်း (၁ဝ)ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်ပြီး ချီဗွေမြို့မှ တင်သွင်းလာသည့် အစားအစာနှင့် ဆေးဝါးများကို မှီခိုနေခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းမှစ၍ ချီဗွေမြို့အထွက် စစ်ဆေးရေးဂိတ်က ပိတ်ပင်လိုက်သဖြင့် အစားအစာနှင့် ဆေးဝါး အခက်အခဲ ရှိနေသည်ဟု အဆိုပါဒေသမှ ပြန်လာသူ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အဲဒီရွာတွေက နဂိုတည်းက ကျပ်တည်းကြတယ်။ တောင်ယာကထွက်တဲ့ ငရုတ်သီးတို့၊ ပိန်းဥတို့ ဈေးနေ့ တက်ရောင်း၊ ပြန်လာရင် လိုအပ်တဲ့ ဆန်၊ ဆားနဲ့ ဓာတ်မီး၊ ဓာတ်ခဲ အသုံးအဆောင်တွေ၊ ဆေးဝါးတွေ ဝယ်ကြရတယ်။ အခုက အဲဒီဘက်ကို ဆေးဝါးတွေ၊ ဆန်တွေ၊ ဆားတွေ ပေးမသယ်ဘူး။ ချီဗွေဂိတ်က တားထားလို့ အနောက်ဘက်ကမ်းကလူတွေ အတော်အခက်ခဲ ဖြစ်နေကြတယ်။ တပ်ရင်း (၁ဝ) က ကချင်ရဲဘော် ဆေးဆရာတွေလည်း ဆေးဝါးတွေပြတ်လို့ ရွာသားတွေကို သွားမကုပေးနိုင်ကြဘူး။ ကလေးတွေ သက်ကြီးရွယ်အိုတွေ အသေများနေတယ်။ ကချင်ရွာသားတွေလည်း အခုဆို ဆန်တွေမရှိလို့ ဖရုံတို့ ပိန်းဥတို့နဲ့ ရောစားနေရတယ်” ဟု ပြောသည်။
မေခမြစ် အရှေ့ဘက်ကမ်း ချီဗွေမြို့မှ ကုန်ပစ္စည်းများကို မေခမြစ်ကူးတံတားမှ ဖြတ်ကျော်ကာ ကားများဖြင့် တင်သွင်းနေမှုကို ချီဗွေမြို့အထွက် ရှေ့တန်းစစ်တပ်စခန်းဂိတ်က တားမြစ်ထားပြီး တင်းကျပ်သည့် စစ်ဆေးမှုများလည်း ရှိနေကြောင်း အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။
၎င်းက “မြစ်ကြီးနားကနေ ရေကြောင်းလမ်းက ဆန်တက်တာကို အရင် စပိတ်တာ။ နောက်ကျတော့ ချီဗွေဘက်ကလည်း ဖမ်းတာတွေလုပ်လာတော့ ရွှေလုပ်နေတဲ့လူတွေပါ လုပ်လို့ မရတော့ဘူးဖြစ်သွားတယ်။ ဆန်တွေ၊ ဆီတွေ အရင်က များများလှောင်ထားတဲ့သူတွေလည်း ဝေမျှစားနေရတော့ စောစောကုန်တာပဲ။ ဒါကြောင့် ရွှေကျင်းတွေ အားလုံးသိမ်းလိုက်ရတယ်။ ချီဗွေမှာ တက်ဝယ်လို့လည်း မရတော့ဘူး။ ဘာမှ အသယ်မခံဘူး။ လူကိုလည်း ကချင်ရဲဘော်တွေနဲ့ ပတ်သက်မှု ရှိမရှိ အတော်စစ်တာ” ဟု ပြောသည်။
စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖက ရာဇသံပေးမှုကို ကေအိုင်အိုအဖွဲ့က ငြင်းဆန်ပြီးနောက်ပိုင်း ကေအိုင်အို ထိန်းချုပ်ဒေသအတွင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးသယ်ယူခွင့်များ ပိတ်ပင်ဖမ်းဆီးမှုများ လုပ်နေခြင်း ဖြစ်သည်။

Geen opmerkingen: