မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေး ဆိုးရွား

ဘစောတင် Wednesday, October 20, 2010
.မြန်မာနိုင်ငံ အရှေ့ပိုင်း ပဋိပက္ခ ဖြစ်ပွားရာဒေသများရှိ ကလေးများနှင့် အမျိုးသမီးများ၏ ကျန်းမာရေး ဆိုးဝါးသည့် အခြေအနေများနှင့် ပတ်သက်သော အစီရင်ခံစာ တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ဒေါက်တာ စင်သီယာမောင် ဦးဆောင် ထုတ်ပြန်သော Diagnosis: Critical Health and Human Rights in Eastern Burma အမည်ရှိ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများ ဖြစ်သည့် ရှမ်း၊ ကရင်၊ ကယား၊ မွန် ပြည်နယ်များ နှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအတွင်းရှိ အမျိုးသမီးများ၊ မိခင်များနှင့် ကလေးများ၏ ကျန်းမာရေး ချို့ယွင်း ဆိုးဝါးမှု အခြေ အနေများကို သုတေသန စစ်တမ်းကောက် ပြုစု၍ ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT)တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အစီရင်ခံစာ၏ အဆိုအရ ၄၀ ရာခိုင်နှုန်းသော ကလေးငယ်များမှာ အာဟာရ ချို့တဲ့ပြီး သေဆုံးရခြင်းဖြစ်ကြောင်း၊ ထိုသို့ သေဆုံးသူများထဲမှ ၆၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသလျှင် ရနိုင်သည့် အခြေအနေ ရှိကြောင်း၊ သို့သော် အာဟာရ ချို့တဲ့ခြင်း စစ်မက်ဒဏ် ခံရခြင်း ဆင်းရဲခြင်း ကျန်မာရေး ပြုစုစောင့်ရှောက်မှု ညံ့ဖျင်းခြင်းများကြောင့် မသေဆုံး သင့်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ကုသလျှင် အသက်ရှင်သန်ခွင့်ရှိပါလျှက်နှင့် အသက်များကို ပျက်စီးဆုံးရှုံးစေခြင်းမှာ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု ဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။
“ကျမတို့ တိုင်းပြည်မှာ မသေသင့်ဘဲ သေခဲ့ရတဲ့ မိခင်တွေရဲ့သေနှုန်းက ၃ ဆခန့် မြင့်တက်နေပြီး ကလေးသေနှုန်း က လည်း ၂ ဆခန့် မြင့်တက်နေတာကို တွေ့ ရပါတယ်၊ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသက ကလေးတွေနဲ့ အမျိုးသမီးတွေ ဟာ ကာကွယ်ကုသရင် အသက်ရှင်သန်ခွင့် ရနိုင်ပါလျှက်နဲ့ မသေသင့်ဘဲ သေနေကြရာတာဟာ လူသားဆိုင်ရာ ရာဇ၀တ်မှုကို ကျူးလွန်နေခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
အမျိုးသမီး ၁၄ ဦးတွင် တဦးသည် ငှက်ဖျားရောဂါ ခံစားနေရကြောင်း၊ ကလေး ၇ ဦးအနက် တဦးသည် အသက် ၅ နှစ် မပြည့်မီ သေဆုံးနေကြရကြောင်းလည်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။
ထို့အပြင် စစ်တမ်းအရ အဆိုပါဒေသများမှ လူ ၃ ဦးလျှင် ၁ ဦးသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း သိရ သည်။
ဒေါက်တာ စင်သီယာမောင်က“ကျမတို့အနေနဲ့ လက်လှမ်းမီသရွေ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေကို ဆောင် ရွက်နေပေမယ့် စစ်အစိုးရရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ကျန်းမာရေး ကပ်ဆိုက်မှုတွေ ဆက်လက်ရှိနေဦးမှာ ပါပဲ”ဟု ပြောသည်။
ယင်း ဒေသများတွင် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ကျေးရွာများကို အဓမ္မပြောင်းရွှေ့ ပစ်ခြင်းများ မကြာခဏ ခံနေကြရကြောင်း၊ စစ်မက်ဖြစ်ပွားခြင်းကြောင့် အိုးအိမ် စွန့်ခွာ၍ နေရာအတည်တကျ မရှိဘဲ လှည့်လည်နေထိုင်ကြ သူများမှာလည်း သိန်းနှင့်ချီရှိနေကြောင်း သိရသည်။
ဤကဲ့သို့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကို လျစ်လျူရှုထားခြင်းမှာ မြန်မာနိုင်ငံကိုသာမက အိမ်နီးချင်း နိုင်ငံများကိုပါ ဂယက်ရိုက်မှု ရှိကြောင်း ထိုင်းနိုင်ငံ မဟိဒေါ တက္ကသိုလ်မှ ကထိတဦးက ဆိုသည်။
“မြန်မာနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ပြည်သူတွေရဲ့အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ခံစားရခွင့် မရှိခြင်းဟာ သူတို့ကို သတ်ဖြတ်နေသလို ဖြစ်နေတယ်၊ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံကိုသာ မကဘဲ ဒေသတွင်း နိုင်ငံ တွေကိုပါ ထိခိုက်စေနိုင်ပါတယ်”ဟု မဟိဒေါ တက္ကသိုလ်မှ ကထိက ဒေါက်တာ Sriprapha Petchraamesree က အစီရင်ခံစာ၏ အမှာစာတွင် ရေးသားသည်။
အဆိုပါ ဒေသများမှ ပြည်သူများသည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲလွန် နောက်ပိုင်းတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ကာ ဆက်လက်၍ ဘ၀အခြေအနေများ ဆိုးရွားနေဦးမည်ဟု ဒေါက်တာ စင်သီယာမောင်က သုံးသပ်တင်ပြသည်။
ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်၊ ရှမ်း အမျိုးသမီးအဖွဲ့ မှ နန်းချမ်တောင်း၊ ကြောပိုးအိတ် ဆေးကုသရေးအဖွဲ့ မှ ကိုအေးလွင်နှင့် Center for Public Health & Human Rights မှ လက်ထောက် သုတေသနမှူး Mr. Voravit Suwanvanchkij တို့က အစီရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကြသည်။

Geen opmerkingen: