မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 29 oktober 2010

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ

နရီလင်းလက် Friday, 29 October 2010 17:58
.မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။
ဆန္ဒမဲပေးရန် အမည်စာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ရုံးများတွင် ဖော်ပြပေးထားသော်လည်း အမည်စာရင်း လာကြည့်သူ ၅ ဦးထက်မပိုကြောင်း အနောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင် တဦးကပြောသည်။
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမဲဆွယ်မှုအတွင်းအဆိုပါ ပါတီ၏ ပိုစတာတခုကို ဝယ်ယူရန် ကြည့်ရှုနေသည့် အမျိုးသမီးတဦး (ဓာတ်ပုံ - AP)
အဆိုပါ ရလဒ်မှာ မဲမပေးရေး ဆန့်ကျင်မှုလုပ်ရပ်များကြောင့်မဟုတ်ဘဲ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ်ပြည်သူလူထုကိုယ်တိုင်စိတ်ပါဝင်စားမှု မရှိခြင်းအားပြသခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဝေဖန် ပြောဆို နေကြသည်။
“ကျေးလက်တောရွာတွေမှာ မဲပေးမယ့်သူက ရာခိုင်နှုန်း တော်တော်များများရှိတယ်။ အဓိက မြို့ကြီးတွေမှာ ကျတော့ ရွေးကောက်ပွဲ အသိပညာနဲ့ ထိတွေ့မှုရှိနေတော့ ကိုယ်ကြိုက်တဲ့ပါတီတခုကို မဲထည့်လိုက်လို့ ရွေးကောက်ပွဲပြီးသွားလည်း စစ်အစိုးရဖွဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ပဲ အနိုင်ရမှာ သိနေတော့ သွားထည့်ဖို့ စိတ်မ၀င်စားကြဘူး”ဟုအလုံ မြို့နယ် ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။
မြို့ပြတွင် မဲမပေးလိုသည့် လူထု ၇၀ ရာခိုင်နှုန်းခန့်နှင့် အပြောင်းအလဲဖြစ်လာမလားဟု မျှော်လင့်ကာ မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သူက ရှင်းပြသည်။
စစ်အစိုးရကျင်းပမည့်ရွေးကောက်ပွဲသည်ပြောင်းလဲမှုတစုံတရာဖြစ်လာမည်ဟု မျှော်လင့်ချက်မရှိသောကြောင့် မဲသွား ပေးမည်မဟုတ်ဟု ဆေးဝါးသုတေသနဌာနမှ ဆရာဝန်ဦးက ပြောသည်။
“အခုလောလောဆယ် ကြံ့ဖွံ့က အင်အားအကောင်းဆုံး ဖြစ်နေတာက တပိုင်း၊ တကယ်လို့များ လွှတ်တော်မှာ တခြားပါတီတခုကလည်း အပြိုင် အနိုင်ရခဲ့ရင်ရော တကယ် အဲဒီပါတီကို အုပ်ချုပ်ခွင့် ပေးမှာလားဆိုတာ ဘယ်သူမှ မယုံဘူး။ ဒါကြောင့်လည်း အပြောင်းအလဲဖြစ်မလာမယ့် အရေးကို မဲမထည့်ချင်ဘူး” ဟု သူက ဆိုသည်။
မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်တွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ပါတီ) တို့အား မဲပေးလိုမှု များကြောင်း သိရသည်။
“ကြံ့ဖွံ့ပါတီကတော့ လုံးဝ မဲမပေးဘူး။ ကျန်တဲ့ ပါတီထဲက စဉ်းစားရမယ်ဆိုရင် ကြံ့ဖွံ့ကို အပြိုင်နိုင်ဆုံးက NDFပဲရှိတော့NDFကိုမဲထည့်မယ်။ရွေးကောက်ပွဲမှာကြံ့ဖွံ့နိုင်မယ်ဆိုတာသိပေမယ့် တမဲ ထည့်လိုက်ရတယ်၊ စစ်အစိုးရပါတီ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်တမဲက သူတို့အတွက် ဆန့်ကျင်လိုက်ရတယ် ဆိုတာမျိုးနဲ့ ကျေနပ်ရတာပေါ့” ဟု ပညာရေး တက္ကသိုလ် ဘွဲ့လွန် ကျောင်းသားတဦးက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ သဘောထားအမှန်ကောက်ယူမှုအရNLDပါတီ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက်ယူထားခဲ့ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ထောက်ခံမှု မရှိခဲ့သော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ထောက်ခံမှု ရယူခဲ့သည့် သာဓကများ ရှိခဲ့ခြင်း တို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တစုံတရာ ပြောင်းလဲမှုဖြစ်နိုင်ဖွယ်ရာမရှိသည့်အတွက် မဲပေးလိုမှု စိတ်ဆန္ဒ မရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ သတင်းထောက်တဦးက ဆိုသည်။
“ပြည်သူလူထု မဲမပေးချင်တဲ့အချက်ထဲမှာ ပါတီတွေကနေ ရွေးကောက်ပွဲကို မထောက်ခံဖို့၊ မဲမပေးဖို့ လှုပ်ရှားမှုတွေကြောင့် မဟုတ်ဘူး။ မြန်မာပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အလှမ်းဝေးအောင်၊ စိတ်မ၀င်စားအောင် စစ်အစိုးရက လုပ်ထား တဲ့ အချက်တွေကြောင့်လည်း ပါတယ်။ နိုင်ငံရေး အသိပညာ ချို့တဲ့တဲ့ လူတွေကျတော့ နိုင်ငံရေး၊ ပါတီ ဆိုတဲ့အသံကြားတာနဲ့ ထောင်ကိုပဲ ပြေးမြင်တာ။ နောက်တခုက စီးပွားရေးပေါ့။ တဘက်မှာ ကိုယ့်စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန် နေရတော့ စိတ်မ၀င်စားတော့ဘူး” ဟု သူက ဆက်ပြောသည်။
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲ၌ ကြိုက်နှစ်သက်သည့် ပါတီတခုမှ မပါဝင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှစ်သက်မှုမရှိခြင်းကြောင့် ယခု ကျင်းပသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒဂုံ တက္ကသိုလ် သမိုင်းဌာနမှ နည်းပြဆရာ တဦးက ပြောသည်။
“အခု ကြည့်လိုက်ရင် ကြံ့ဖွံ့ ပါတီက လွဲပြီး သူနဲ့ ယှဉ်မယ့် ပါတီတွေကရော အားကိုးရပါ့မလား ဆိုတာမျိုး မေးစရာရှိလာတယ်။ တစည ပါတီကလည်း မဆလ ကနေ ပေါက်ဖွားလာတာ။ NDFဆိုတာကလည်း ဒေါ်စုက ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြော လိုက်တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကနေ ခွဲထွက်သွားတဲ့ ပါတီတခုလို့ မြင်တယ်။ ဒီတော့ ဘယ်ပါတီကိုမှ မဲမပေးချင်ဘူး” ဟု သူက ရှင်းပြသည်။
အနုပညာအလုပ်နှင့် စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်နေရသောကြောင့် ရွေးကောက်ပွဲနှင့် ပါတီများကို စိတ်မ၀င်စား နိုင်ကြောင်း ၀ါရင့် အနုပညာရှင်အမျိုးသမီးတဦးက ပြောသည်။
“ပါတီတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို အမှန်အတိုင်းပြောရရင်စိတ်မ၀င်စားဘူး။ ရွေးကောက်ပွဲ လုပ်မယ် မဲထည့်ရမယ်ဆိုတာတော့ သိတယ်။ ဘယ်သူ့ ထည့်ရမယ်မသိဘူး။ ဘယ်သူတက်တက် ကိုယ့်ဘာသာကိုယ်ပဲ ရှာစားရမှာ ဆိုတော့ စိတ်လည်းမ၀င်စားဘူး။ ခု ရုပ်ရှင်ကားတခု အတွက် နိုင်ငံခြားမှာ အသံထည့်တာတို့ အဲဒီလိုမျိုးတွေလုပ်ဖို့ ကိုယ့်စီးပွားရေးအတွက်ပဲ ခေါင်းထဲမှာရှိတယ်” သူက ဆိုသည်။
လက်ရှိ ကြံ့ဖွံ့ပါတီသည် ပါတီဝင် အင်အား ၁၆ သန်းမှ ၁၈ သန်းကြားတွင်ရှိသည်ဟု ထုတ်ပြန်ထားပြီး၊ ကြံ့ဖွံ့ပါတီကို ထောက်ခံ သည့် မဲဆန္ဒများကိုလည်း နည်းလမ်းမျိုးစုံအသုံးပြု ရယူနေသော်လည်း အမှန်တကယ်တွင်မူ ရွေးကောက်ပွဲကို စိတ်ပါ ၀င်စားသည့် လူထု နည်းနေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

Geen opmerkingen: