မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 31 mei 2010

တိုင်းပြည်လည်းနာလှပြီ

မြင့်မောင်
တနင်္လာနေ့၊မေလ၃၁ရက်၂၀၁၀ခုနှစ်၁၅နာရီ၃၂မိနစ် .
(ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲယင်း အတွေ့အကြုံ )
နယူးဒေလီ(မဇ္ဈိမ)။ ။ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌဦးတင်ဦးနှင့်ပါတီဝင်များစည်းရုံးရေးခရီးထွက်နေစဉ်စစ်ကိုင်းတိုင်းဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၃ခုနှစ်မေလ၆ရက်နေ့တွင်ပါတီစည်းရုံးရေးအတွက်ရန်ကုန်မှနေ၍ထွက်ခွာလာခဲ့ရာ အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊စစ်ကိုင်းတိုင်းမုံရွာမြို့သို့ရောက်ရှိခဲ့စဉ်ပြည်သူများကသောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။
ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။
ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။
သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။

ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည်၂ဝဝ၃ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။
ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။
သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။
ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။
သူတို့ကကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ကားတွေကို အတင်းပဲသွားပါသွားပါ ပြောတယ်။သူတို့ကသွားပါသွားပါပြောပေမယ့်ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်းနောက်ကနေအော်ရင်းလိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာလူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။
ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့အခါကျတော့ကျနော်ကပြောတာကပထမFIRလာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။
အမှုဖွင့်နေစဉ်အတွင်းမှာကားတစီးဝင်လာတယ်။ကားပေါ်မှာ ပတ်တီးစည်းထားတဲ့ လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။
ဒီဘက်မှာကတိုင်ချက်ဖွင့်တာကိုတော့ကျန်တဲ့လူနဲ့ပြီးအောင်လုပ်လိုက်တာပေါ့လေ။ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။
အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊ ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ လိုက်ပို့ကြတယ်။
ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ်ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ဘာဖြစ်လို့ခရာမှုတ်နေရတာလဲလို့ပြောလိုက်တော့မှခရာသံတိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။
ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။
အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။
အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။
ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။ မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။
နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့ ဖမ်းချုပ်တယ်။
အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။
လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။
ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့ မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။
မတွေ့နိုင်ဘူး၊မပြန်နိုင်ဘူး။ဒီနေ့ညဒီတကာမကြီးကိုမတွေ့ရရင်ကျုပ်မပြန်ဘူး။ခေါ်လာခဲ့၊ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာသူ အလုပ်လုပ်နေတယ်။ပြီးရင်သူအနားယူပါမယ်။ အလုပ်လုပ်ရင် ည၁၂နာရီ၊၁နာရီထိရောက်သွားမယ်။သူအိပ်ချိန်က၂နာရီ၊၃နာရီလောက်ပဲရှိမယ်။ ဆရာတော် သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေကရပ်ကြည့်နေကြတာပေါ့။တခြားတဖက်မှာရှိတဲ့လူငယ်တွေကကျောင်းသားတွေ ရောက်လာကြတယ်။သူတို့ကလည်းအဲဒီလိုဘုန်းကြီးတွေလုပ်နေတာကိုမကြိုက်ဘူး။မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။
စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။
တကယ်တမ်းကျတော့ဘေးကနေလုပ်မယ်ဆိုတဲ့သတင်းတွေကလည်းထပ်ထပ်ရနေကြတယ်။ ဒါနဲ့ မုံရွာကနေထွက်တော့လိုက်ပို့တဲ့လူအုပ်ကမနည်းဘူး။သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။
အဲဒီနောက်ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။
ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။
၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေရှိသလိုတချို့နေရာတွေက၁ဝဝ-၁၅ဝလောက်ရှိတဲ့လူတွေကတလျှောက်လုံးမပြတ်ဘူး၊ ရှိနေကြတယ်။တချို့ရွာတွေကတရားဟောခိုင်းတယ်။ဒေါ်အောင်ဆန်းစုကြည်က တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။
ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့လွှတ်တော်ကိုယ်စားလှယ်၊သူကအဖမ်းခံထားရတယ်။သူ့မိသားစုတွေကိုအားပေးစကားပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။
လူကတော့၎-၅ဝဝဝလောက်ရှိမယ်။တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ထွက်တဲ့အချိန်ကမှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာလမ်းပြတဲ့ကားကမုံရွာဘက်ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးကရှေ့ကမောင်းပြီးတော့နောက်ကလိုက်တဲ့ဘဘကား(တောင်းအေစ့်)က ရှေ့ဖြစ်သွားတယ်။
ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘကကားကိုရပ်စောင့်တယ်။နောက်တော့ဒေါ်အောင်ဆန်းစုကြည်ကားထွက်လာပြီးမကြာဘူး သူ့ကားကိုရပ်လိုက်တယ်။ဘဘတို့ကားလည်းရပ်လိုက်တယ်၊သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။
ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။
ဘဘကိုကားပေါ်ကမဆင်းဖို့ပြောတယ်။ဘဘလည်းမဆင်းဘဲမနေနိုင်ဘူး။လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ရဦးမယ်။အခြေအနေသိအောင်ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကိုသွားတယ်။ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ဘဘကားရပ်ထားတဲ့နေရာနဲ့ကိုက်၂ဝ-၂၅လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကား(DoubleCap)ပေါ့။သူကအလယ်ခန်းမှာရှိတယ်။ဘဘက ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။
ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ဒီလူတွေနဲ့အတူသူနေမယ်။မသွားဘူးဆိုပြီးပြောတယ်။စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊နောက်ပိုင်းကအခြေအနေသိအောင် ကြည့်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (DoubleCap)ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။
အဲဒီအချိန်မှာကိုတိုးကအော်လိုက်တယ်။ဘာအော်လိုက်လဲဆိုတော့ဒီကားဟာနိုင်ငံခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်ရဲ့ကား၊ဘဘကလည်းမင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ဟေ့ကောင်တွေမလုပ်နဲ့၊မရိုက်နဲ့ဆိုပြီးကုန်းအော်တယ်။အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။
သင်္ကန်းဝတ်ရွယ်သူ၎-၅ယောက်လောက်ကသင်္ကန်းဝတ်ဒုတ်နဲ့သူတို့ကရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ခဲတွေနဲ့ပစ်တယ်။ဒီကောင်တွေချကွာဆိုပြီးနောက်ကနေအော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။
ဘဘကဒုတ်လွတ်တဲ့နေရာကိုနည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ကားဘောနပ်ရှေ့ရောက်တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ကျနော်ကတော့အဲဒီလိုထွက်သွားတဲ့အချိန်မှာသိပ်ပြီးတော့ဝမ်းသာသွားတယ်။ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။
ဘဘကဘဘကားဆီအပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။
ဘဘကားကလည်းမောင်းထွက်သွားတော့မမီလိုက်ဘူး။ဘဘကကိုက်၁၅ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ပြန်လာကြတယ်။ရိုက်တဲ့သင်္ကန်းဝတ်တဲ့ကောင်တွေနဲ့နောက်ကညာသံပေးပြီးလုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။
ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။
ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေကြားနေရတယ်။မန်း၁၊မန်း၂ဆိုတာကမန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ရှေ့မှာတော့ဒီကောင်တွေမရှိသေးဘူးဆိုတာသိထားတယ်။ရှေ့မှာတွေ့ရတဲ့လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။
ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။
မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးကလင်းလိုက်၊မှိတ်လိုက်၊လင်းလိုက်ဆိုတော့၊ကျနော်တို့စိတ်ထဲမှာထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။
ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။
မင်းတို့နဲ့ငါတို့ကဘာဖြစ်လို့လဲလို့ပြောလိုက်တော့တန့်သွားတယ်။ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။သူတို့ကိုမေးကြည့်ရဦးးမယ်။အကောင်နှစ်ကောင်သုံးကောင်လောက်က ပြောတယ်။ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။အားလုံးပိတ်ဆို့ထားတဲ့အတားအဆီးကိုလည်း၊အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။
ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘကပြောတယ်။ခေါင်းဆောင်လုပ်တဲ့သူကခင်ဗျားဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။
အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။
ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။
သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး သွားကြည့်တယ်။
သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။
သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။
ဘဘတို့လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။
အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။
အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။
ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။
ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်ကကျနော့်ကားမောင်းတဲ့ကိုအောင်စိုးဗျာ။ကိုအောင်စိုးကဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ကိုတိုးလွင်ရဲ့တကိုယ်လုံးမှာလည်းသွေးတွေရဲနေတယ်။ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာသွားချိုးရတာပေါ့။သွားချိုးတော့ဘာကြားလဲဆိုတော့အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။
ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။
အော်လက်စတက်တော့ညကလုပ်တဲ့အသိုင်းအဝိုင်းကလူတွေကဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIRဖွင့်ပြီးတော့တိုင်ချက်တွေဘာတွေပေးခဲ့သေးတယ်ဗျာ၊အဲဒီညအိပ်ပြီးနောက်တနေ့မှာကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။
ဘဘတို့ကိုတနေရာပို့မယ်ဆိုပြီး၁ရက်နေ့၃နာရီမှာပို့လိုက်တယ်။ပို့လိုက်တော့ ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။
ဘဘတို့ရောက်တော့ပထမဦးဆုံးတွေ့ရတာကဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊မေးတာပေါ့။ဘဘကရောဂါရှိသမျှကိုပြောပြတယ်။ခြေထောက်မှာလည်း သွေးကြောထုံးရောဂါရှိတယ်။သွေးတိုးနည်းနည်းရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။
နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။
နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။
အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ-ထမင်းနဲ့ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။
တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။
အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။
ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ဘဘစိတ်ထင်အင်းစိန်ကိုများ ပို့မလား၊ဘဘစိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေလာကြိုပြီး၊ကျနော့်ကို ၁ဝ(က)နဲ့အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။

သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။
အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။
ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။
အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။
တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။
ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။
ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့
အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။
ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။

တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်)အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။
အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။
သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။



ယာယီပတ်စပို့များထိုင်းဘက်တွင်ထုတ်ပေးရန်ညှိနှိုင်း

မြတ်ခိုင်ဦး / ၃၁ မေ ၂၀၁၀

ယာယီပတ်စပို့ထုတ်ပေးရေးရုံးများကိုထိုင်းနိုင်ငံဘက်ခြမ်းတွင်ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။
နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင်ဝန် မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈)NationChannel တွင် သတင်းဖော်ပြပါရှိသည်။
နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆောင်ရွက်ရသည့် အဆင့်ပေါင်း (၂၅) ဆင့်ရှိပြီး ရှုပ်ထွေးပွေလီသည့်အပြင် မြန်မာအာဏာပိုင်များဘက်မှလည်း လုပ်ဆောင်မှု နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ကြိမ်ဖန်များစွာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်တွင် ရုံးဖွင့်လှစ်နိုင်မည့် အနေအထားများ ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်နိုင်ပါက စိစစ်ရေးလုပ်ငန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
၎င်းက “ယခင်ကာလက အဓိကအခက်အခဲကတော့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးမှာ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးပွေလီပြီး အဆင့်များစွာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးပြုမှု စနစ်ကြောင့်ပါ။ ဒါပေမယ့်လို့ အဓိကကျတဲ့အချက်က မြန်မာအာဏာပိုင်တွေသာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ အခြေစိုက်ရုံးတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီအခက်အခဲတွေ အများကြီး လျှော့ဆင်းသွားမှာပါ။ နောက်ထပ်အဓိက ကျတာတခုကတော့ ဒီဟာကို ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့်ကို ဗဟိုအစိုးရတွေကနေ တိုက်ရိုက်မချုပ်ကိုင်ဘဲ ခရိုင်ဒေသ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးရင် ပိုကောင်းလာမှာပါ။ အရင်တုန်းကဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဗဟိုအာဏာ ပိုင်တွေကို တင်ပြရတာဖြစ်တဲ့အတွက် အလွန်ကိုနှေးကွေးစေပြီး တနေ့မှ (၄၀၀)ခန့်သာပြီးစီးနိုင်ပါတယ်။ဒါကြောင့်(၁.၅)သန်းရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေဟာ စောင့်ဆိုင်းနေရဆဲရှိပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့်မေ(၂၇)ရက်တွင်မြန်မာပြည်တွင်း၌ပြုလုပ်သောထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အခြေအနေ ရှင်းလင်းပွဲ၌လည်း မေ (၂၆) ရက်နေ့အထိ စင်တာ (၃)ခုမှ ယာယီနိုင်ငံကူးလက်မှတ် (၉၀,၉၁၈)ဦးသာ ထုတ်ပေးရသေးကြောင်း သိရပြီး မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံတဘက်ကမ်း ရနောင်းမြို့တွင်ယာယီပတ်စပို့ ထုတ်ပေးရေးစင်တာကို ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က အစီရင်ခံသည်။
ရနောင်းမြို့၌ ယာယီပတ်စပို့ ထုတ်ပေးရေးရုံးကို လာမည့်ဇွန် (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပြီး ရုံးအဆောက်အဦကို ဘန်ကလင်းဘက်တွင် တည်ဆောက်နေသည်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း ရနောင်းမြို့ခံတဦးက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာနိုင်ငံတကာအဖွဲ့(IOM)၏ဧပြီ(၂၇)ရက်အစီရင်ခံစာအရ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းထားသူပေါင်း (၈၂၂,၀၉၃)ဦးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ယမန်နှစ်က နောက်ဆုံးအကြိမ် ဖွင့်လှစ်ပေးသော ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်စာရင်းတွင်မြန်မာနိုင်ငံသားအလုပ်သမားဦးရေမှာ(၁.၁)သန်းရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ လက်မှတ်သက်တမ်း ပြန်လည် တိုးခွင့်ပြုခဲ့ရာတွင် မြန်မာအလုပ်သမား (၈) သိန်းကျော်သာသက်တမ်းဆက်ခဲ့ပြီး(၃)သိန်းခန့်မှာတရားမဝင် အလုပ်သမားများအဖြစ်သို့ ထပ်မံကူးပြောင်းသွားခဲ့ပြီးဖြစ်သည်။
ထိုသို့တရားမဝင်အလုပ်သမားများအားဖမ်းဆီးပြန်ပို့မည်ဟုထိုင်းအစိုးရက တရားဝင်ကြေညာထားသော်လည်းထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း (၂)သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများမှ ခန့်မှန်းထားကြသည်။

ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး သေဆုံး

မင်းသက်
တနင်္လာနေ့၊မေလ၃၁ရက်၂၀၁၀ခုနှစ်၁၇နာရီ၂၅မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။
မောင်ဆက်နိုင်လင်း(ခ)ဖိုးတီလုံးအသက်၁နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေးသုသာန်တွင် သဂြိုဟ်ခဲ့သည်။
မြို့တော်ဝန်၏သားဖြစ်သူဗိုလ်ကြီးဇော်ဇော်အောင်နှင့်သူ၏ဇနီးဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာပြင်းထန်၍ အမှတ် ၁ တပ်မတော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။
နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီးဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

မီးသတ်ဌာနအပေါ်အထင်အမြင်လွဲမှုများရှိနေဟုဆို

ကျော်ခ
တနင်္လာနေ့၊မေလ၃၁ရက်၂၀၁၀ခုနှစ်၁၇နာရီ၁၈မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်နှင့် လွဲမှားပြောဆိုနေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသင်းဌေးရွှေ ကပြောသည်။
ယခုလ ၂၄ ရက်နေ့၌ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေးကြီးတွင် နာရီ ၃ဝ ကျော် မီးလောင်မှုဖြစ်ပွားမှုနောက် ဈေးသူဈေးသားများ၏ ပြစ်တင်မှုတွင် မီးသတ်ကားများ ရေမပါလာဟု ပါရှိသည်။
“မီးသတ်ကားတစီးဟာ ရေပက်ပြီဆိုရင် သူ့ရဲ့ရေထွက်နှုန်းအရှိန်နဲ့ ၃ မိနစ်နဲ့ ၅ မိနစ်အကြားပဲ ခံပါတယ်။ ခဏလေးပက်လို့ ရေကုန်တာမြင်တာနဲ့ ရေမပါဘူး ပြောကြတယ်။ ကျနော်တို့တွေမှာ တကယ်လုပ်ရဲ့သားနဲ့ အပြစ်တင်ခံနေရတယ်” ဟု ဦးသင်းဌေးရွှေက မဇ္ဈိမကို ပြောသည်။
မင်္ဂလာဈေး မီးလောင်မှုကို ငြိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့အင်အား ၁၅ဝဝ ဦးနှင့် မီးသတ်ကား အစီး ၇ဝ ကျော် အသုံးပြုကာ မနားမနေ ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမား ၂ ဦး မီးခိုးမွန်းကြပ်မှုခံရပြီး တဦးမှာ မီးသတ်ပိုက် ခေါင်းဖြင့်ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။
မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တဦးက အထပ်မြင့်များသို့ လှေကားများဖြင့် တက်၍ ထိထိရောက်ရောက် ပက်ဖျန်းနိုင်သည့် မီးသတ်ကားနည်းသဖြင့် စတုတ္တထပ်နှင့် ခေါင်မိုးထပ်တို့ မီးလောင်ကုန်သွားရသည်ဟု စွပ်စွဲပြောဆိုသည်။
ယင်းသို့ အချိန်ကြာ လောင်ကျွမ်းမှုကြောင့် စတုတ္ထထပ်ရှိ အလှကုန်နှင့် ဆေးဆိုင်ခန်းပေါင်း ၇၉၇ ခန်းနှင့် ပဉ္စမ ထပ်ရှိ စားပွဲဝိုင်း ၁ ရာကျော်ဆံ့သည့်STYLE3စင်တင်တေးဂီတ စားသောက်ဆိုင် အပါအဝင် စားသောက်ဆိုင်၄၈ ဆိုင်မီးထဲပါသွားကြောင်း သိရသည်။ဆုံးရှုံးမှုစုစုပေါင်း ခန့်မှန်း တန်ဘိုး ကျပ်သိန်းပေါင်း ၂ဝ၉၂၆၃ သိန်းရှိ ပြီး မီးပေါ့ဆမှုဖြင့် ဆိုင်ပိုင်ရှင် ၃ ဦးအား အရေးယူထားကြောင်းလည်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။
အဆောက်အအုံမြင့်များသို့ လှေကားဖြင့် တက်ရောက်ပက်ဖြန်းနိုင်သည့် မီးသတ်ကားမှာ ရန်ကုန်တိုင်း တခုလုံး အတွက် ၇ စီးသာရှိပြီး ပိုမိုလိုအပ်နေသေးသည်ဟု ဦးသင်းဌေးရွှေက သဘောတူသော်လည်း ပြည်သူများအနေဖြင့်လည်းမီးဘေးအရေးပေါ်သုံးစွဲနိုင်ရန်ဓာတုမီးသတ်ဗူးများသုံးစွဲမှု အားနည်းသေးကြောင်း ထောက်ပြသည်။
“မီးဘေးကာကွယ်ရေးအတွက်တော့ နိုင်ငံတကာအဆင့်မှီအောင် လုပ်နေတုန်းပါပဲ။ ဘယ်လောက် အဆင့်မှီ အောင်ပဲလုပ်လုပ်နည်းပညာပိုင်းနဲ့သုံးစွဲမှုအပိုင်းမှာ အားနည်းနေရင် ဖြစ်တတ်ပါတယ်”ဟုသူက ပြောသည်။
မင်္ဂလာဈေးစတုတ္ထထပ်ရှိဆေးဆိုင်ခန်းများ၏ ဖွဲ့စည်းပုံကြောင့် မီးသတ်သမားများအတွက် အခက်အခဲဖြစ်ပြီး ကြန့်ကြာမှုဖြစ်စေခဲ့ကြောင်းကျောက်တံတားမြို့နယ်ရှိရန်ကုန်တိုင်းမီးသတ်ဌာန ရုံးတာဝန်ကျ မီးသတ်သမား တဦးက ပြောသည်။
“ကျနော်တို့လည်း တနေကုန် မနားမနေ ပက်တာပဲ။ သူတို့ဆိုင်ခန်းတွေအားလုံးက အလျူမီနီယံတခါးတွေနဲ့ သော့ခတ်ပြီးပိတ်ထားတာပါ။မီးကအထဲထဲမှာလှိုက်ပြီးလောင်နေတော့မီးသတ်ရတာ အင်မတန်ခက်ပါတယ်။ ဆိုင်ခန်းတခုချင်းစီသော့တွေဖျက်ပြီး ငြိမ်းရတာဆိုတော့ ကြာသွားတာပေါ့”ဟုသူကမဇ္ဈိမကိုပြောသည်။
ယခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ခဲ့ရာ ဆိုင် ၆၅၁ ခန်းခန့် ဆုံးရှုံးခဲ့သည်။ ထို့ပြင် မတ်လ ၁ ရက်နေ့တွင်လည်း ရန်ကုန်မြို့သိမ်ကြီးဈေးDရုံတွင် မီးလောင်မှုတခု ဖြစ်ပွား ခဲ့သေးသည်။
၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကလည်း မန္တလေးမြို့ ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင်တည်ရှိသော ရတနာပုံဈေးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်စတင်ခဲ့ရာ မြေညီထပ်ရှိ ဆိုင်ခန်းပေါင်း ၁၂၉၃ ခန်း မီးထဲ ပါသွားခဲ့သည်။
တနိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလ တလထဲတွင်ပင် မီးလောင်မှုပေါင်း ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း တခု တည်း၌ ၂၆.၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မီးဖိုနှင့် ပေါ့ဆမီးမှ ၆၅ ကြိမ်၊ လျပ်စစ်မီးမှ ၁၁ ကြိမ်၊ ရှို့မီး ၁၁ ကြိမ်၊ တောမီးမှ ၁ ကြိမ်နှင့် အလိုလျောက်လောင်မှု ၁ ကြိမ်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။
၂ဝဝ၉ ခုနှစ်ထဲတွင် နိုင်ငံတဝန်း မီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ် ဖြစ်သည်ဟု ပါရှိသည်။

ရွှေအမြုတေဆုစာရေးဆရာ၆ဦးကိုချီးမြှင့်

ခိုင်စု
တနင်္လာနေ့၊မေလ၃၁ရက်၂၀၁၀ခုနှစ်၁၇နာရီ၁၅မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ပဉ္စမအကြိမ်မြောက်ရွှေအမြုတေစာပေဆုပေးပွဲကိုရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင်ယခုလ၂၈ရက်နေ့ကကျင်းပရာစာရေးဆရာ၆ ဦးအားဆုများချီးမြှင့်ခဲ့သည်။
ကဗျာ၊ဆောင်းပါး၊ရသစာတမ်း၊ဝတ္ထုတို၊ဝတ္ထုရှည်၊မျိုးဆက်သစ်ဝတ္ထုတို(ကလောင်သစ်)၊အခန်းဆက် ဝတ္ထုရှည်ဆုစုစုပေါင်း၇ဆုသတ်မှတ်သော်လည်း ယခုနှစ်အခန်းဆက်ဝတ္ထုရှည်ဆုမှာ ဆုပေးနိုင်ရေးအတွက် ဘောင်မဝင်သဖြင့် ၆ မျိုးသာ ပေးနိုင်ခဲ့သည်။
၂ဝ၁ဝဖေဖော်ဝါရီလထုတ်ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော“နွေဦး”ကဗျာဖြင့်ကဗျာဆရာ မောင်လင်းရိပ်၊ဝတ္တုတိုဆုအဖြစ်၂ဝဝ၉သြဂုတ်လထုတ်ရွှေအမြုတေမဂ္ဂဇင်းမှ “သောကြာတောမှ ဗေဒါ” ဝတ္တုဖြင့်ဆရာမလဲ့ဝန်းကြည်ချို၊ရသစာတမ်းဆုကို၂ဝ၁ဝဖေဖော်ဝါရီလထုတ်စတိုင်သစ်မဂ္ဂဇင်းမှ “ကျနော်နှင့် အလှူခံများ” ရေးသားသူ ဆရာနောင်ကျော်တို့ ဆုရရှိသည်။
ထို့အပြင်မျိုးဆက်သစ်စာပေဆုအဖြစ်၂ဝဝ၉ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ “ဆန်သူခိုး” ဝတ္တုဖြင့်ဆရာမငွေကြည်စင်၊ဆောင်းပါးဆုကို၂ဝဝ၉နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှ “ပုံနှိပ်ကြေးရုပ်များ” ရေးသားသူဆရာငြိမ်းသစ်၊ဝတ္တုရှည်ဆုအဖြစ်၂ဝ၁ဝဧပြီလထုတ်ရွှေအမြုတေ မဂ္ဂဇင်းမှ “အပေါင်းသည်လည်းကောင်း၊အနုတ်သည်လည်းကောင်း”ရေးသားသူဆရာသင်းရီတို့ရရှိသည်။ ဆုကြေးငွေအဖြစ် တဦးလျှင် ကျပ် ၅ သိန်းခွဲမှ ၇ သိန်းခွဲအထိ ချီးမြှင့်သည်။
ဆုရွေးချယ်နိုင်ရန် လစဉ်ထုတ် မဂ္ဂဇင်းများကို ဖတ်ရှုကာ ကော်မတီဝင် ၆ ဦးက ရွေးချယ်ခဲ့ရာ စာမူပေါင်း ၁ဝဝဝ ကျော်ထဲမှ ၆ ဆုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆုရွေးချယ်ရေး ကော်မတီဝင်ဖြစ်သူ အလင်းတန်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက မဇ္ဈိမကို ပြောသည်။
ဆုရွေးချယ်ရေး ကော်မတီကို နှစ်စဉ် အသစ်ဖွဲ့စည်းပြီး ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ စာမူများကို ရွေးချယ်လေ့မရှိပါ။ ယခုနှစ် ဆုရွေးချယ်ရေး ကော်မတီဝင်များအဖြစ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် စာရေးဆရာများဖြစ်သည့် ထက်မြက်၊ မောင်ခိုင်လတ်၊ မင်းချမ်းမွန်၊ တင့်ခိုင်နှင့် မျိုးမြင့်ညိမ်းတို့ ဖြစ်သည်။
“ကျနော်တို့ရွေးချယ်ရေးအဖွဲ့ဝင်တွေကလစဉ်ထုတ်သမျှမဂ္ဂဇင်းတွေကို ဖတ်ပြီး တလတခါ စုဝေးဆွေးနွေးပြီး ရွေးချယ်တင်ပြလေ့ ရှိပါတယ်။ဆုရွေးချယ်ရေးကော်မတီမှာပါတဲ့လူရဲ့စာမူကို ဆုမပေးတဲ့ အတွက် သူတို့တွေလည်း အခွင့်အရေးတခုရအောင်အလှည့်ပေးပြီးပြန်လည်ဖွဲ့စည်းတာပါ”ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။
ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် စာပေဆု တည်ထောင်သူ ဦးဝင်းငြိမ်း၏ အသက် ၆ဝ ပြည့် မွေးနေ့မှ စတင်ကာ အထိမ်းအမှတ်အဖြစ်၂ဝဝ၆ ခုနှစ်မေလ၂၈ရက်နေ့မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေ စာပေဆု ချီးမြှင့်လာခဲ့သည်။
ဆုရွေးချယ်ရေးရာတွင် ကော်မတီဝင်များ အကြိုက်ချင်းတူသည့် စာမူများလည်း ရှိသည်။ ယခုနှစ်အတွက် ဆု ၆ ဆုအနက် ၃ ဆုကို အငြင်းပွားစရာမရှိ ရွေးချယ်နိုင်ခဲ့ကြောင်းနှင့် ခေတ်ပြိုင်ခံစားမှုကို ပေးနိုင်သော၊ အနုပညာမြောက်သော၊ နည်းပညာပါသော ရေးသားနည်း၊ ဆုပေးထိုက်သော အရည်အချင်းရှိခြင်း စသည့် အခြခံမူများအပေါ် မူတည်၍ စာမူများကို ရွေးချယ်ကာ ဆုပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မှာဆိုရင် သဒ္ဒါမစင်တာ တွေ့ရတယ်။ စာရေးတဲ့အခါ စကားပြေ သို့မဟုတ် စကားပြောရေးဟန်ဆိုတာ ရှိတယ်။ ရသပိုင်းမှာ ကောင်းပြီး၊ သဒ္ဒါပိုင်းမှာ အသုံးအနှုန်းမှားနေလို့ ပယ်လိုက်ရတာတွေ ရှိတယ်။ မိုးပျံနေအောင် ကောင်းပေမယ့် သဒ္ဒါမမှန်ရင် ပေးလို့မရဘူး” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။
မြန်မာနိုင်ငံတွင်စာပေဗိမန်စာမူဆု၊ထွန်းဖောင်ဒေးရှင်းစာပေဆု၊သုတစွယ်စုံစာပေဆုနှင့် အခြားစာပေဆုများစွာ ရှိကြရာ စာပေလောကအတွင်း၌ ရွှေအမြုတေစာပေဆုမှာ လွတ်လပ်မှုရှိသည်ဟု နာမည်ကြီးထင်ရှားသည်။

zaterdag 29 mei 2010

“ စည်းလုံးခြင်းရဲ့အင်အား ”



မသေချာသေးဘူး -----
ပန်းတိုင်ကိုသိပေမယ့်
မုန်တိုင်းထန်တဲ့ခရောင်းလမ်းဖြစ်နေတယ်
မျက်မမြင်ပုဏ္ဍားတွေကလည်း
သူတို့စမ်းမိရာကို
အမှန်တရားအဖြစ်
မင်းကြီးထံကိုလျှောက်တင်နေကြတယ် --- ။
အခက်အခဲများစွာကို -----
ဥာဏ်သတိနဲ့ယှဉ်ကာကျော်ဖြတ်နိုင်သူဟာ
ဘ၀မှာအောင်မြင်သူတွေပဲ --- ။
အညှာမခိုင်လို့ကြွေရတာတွေနဲ့ -----
သပ်လျှိုဖြိုခွဲလို့ပြိုကွဲခဲ့ရတာတွေကလည်း
လောကနိယာမတရားတွေပေမို့
ဒုနဲ့ဒေးမှ --- ဒုနဲ့ဒေး ပဲ --- ။
သေချာတာတခုက -----
စည်းလုံးညီညွတ်မှုမရှိရင်
ထင်းချောင်းတချောင်းစီကိုအလွယ်တကူချိုးကာ
သူတို့အလိုကျ
မီးရှို့သုံးပစ်တာကိုခံရလိမ့်မယ် --- ။

                    ဇာနည်မောင်



စစ်အာဏာပိုင်အသိုင်းအဝန်းတို့ဂိုဏ်းဖွဲ့၍လိုင်စင်မဲ့ကားများတင်သွင်းနေ

အောင်သက်ဝိုင်း Friday, May 28, 2010
စစ်အာဏာပိုင်များ၏သားသမီး၊ဆွေမျိုးသားများ၊၎င်းတို့နှင့်နီးစပ်သောစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာပြည်တွင်းသို့လိုင်စင်မဲ့ကားများတရားမ၀င်တင်သွင်းသည့်လုပ်ငန်းကိုဂိုဏ်းပုံစံအုပ်စုဖွဲ့ လုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ကားများကို အုပ်စုဂိုဏ်းဖွဲ့ တင်သွင်းကြခြင်း ဖြစ်ပြီး အဆိုပါဂိုဏ်းများသည် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသည့် စစ်ဘက်၊ အရပ်ဘက် အရာရှိများနှင့် ချိတ်ဆက် လုပ်ကိုင် ကြခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“အခုလိုင်စင်မဲ့ကားတင်သွင်းတဲ့ပုံစံကတဦးတယောက်တည်းမဟုတ်ဘူး။ဗိုလ်ချုပ်၊ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးတွေလို စစ်အရာရှိ၊လူကြီးဆွေမျိုးသားသမီးတွေနဲ့စီးပွားရေးသမားတွေပေါင်းလုပ်ကြတယ်။ဂိုဏ်းဖွဲ့လုပ်တော့ လုပ်နိုင်အားရော၊လုပ်ပိုင်ခွင့်ရောပိုကြီးသွားတယ်”ဟုစက်မှုဇုန်ကား ထုတ်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောသည်။
လိုင်စင်မဲ့ကားတင်သွင်းသည့်ဂိုဏ်းများတွင်ဗိုလ်ချုပ်၊ဗိုလ်မှူးချုပ်တို့၏ သားသမီး၊ ဆွေမျိုးများက ဦးဆောင်ပြီး စီးပွားရေးသမားများနှင့်နယ်မြေခံအာဏာပိုင်များပါပူးပေါင်းပါဝင်နေခြင်းကြောင့်ဥပဒေကို အလွယ်တကူရှောင်လွှဲပြီးတရားမ၀င်လိုင်စင်မဲ့ကားများကိုတရားဝင်ကားများအဖြစ် အမြတ်အစွန်း များစွာဖြင့် ပြောင်းလဲ ရောင်းချကြသည်ဟု ရန်ကုန်ကားဈေးကွက်မှသိရသည်။
“လိုင်စင်မဲ့ကားသွင်းတဲ့အုပ်စုတွေကအနည်းဆုံးစစ်တိုင်းမှူးအဆင့်လောက်ထိပေါက်ပေါက်ရောက် ရောက်ရှိကြတဲ့ သူတွေ” ဟု ရန်ကုန် ကားပွဲစားကြီးတဦးက ဆိုသည်။
လိုင်စင်မဲ့ကား အရောင်းအ၀ယ်တွင် ရောင်းဝယ်သည့် ကားအမျိုးအစားကိုလိုက်ပြီး ငွေကျပ် သိန်းရာ၊ ထောင်ချီ အမြတ် ကျန်သည်ဟု စုံစမ်းသိရသည်။
လိုင်စင်မဲ့ ကားအများစုသည် တရားဝင် လမ်းကြောင်းများကို လာဘ်ပေးသည့် စနစ်ဖြင့် ဖြတ်ကျော်ကာ ပြည်တွင်းသို့
သယ်ဆောင် လာခြင်း ဖြစ်ပြီး ဈေးကွက်ထဲတွင် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်သည်ဟု သိရှိရသည်။
“Without (လိုင်စင်မဲ့) ကားတွေက တရားဝင်လမ်းကပဲ ၀င်တာ။ အကောက်ခွန်၊ ရဲ၊ နယ်စပ် ကုန်သွယ်ရေး၊ စစ်တပ်၊ အားလုံးကို ပေးကမ်းပြီး ၀င်လာတာ။ အားလုံးချိတ်ဆက် လုပ်ကြတာဆိုတော့ တောလမ်း၊ တောင်လမ်းတွေဖြတ်စရာမလိုဘူး။ အစိုးရ ခင်းထားတဲ့ ကတ္တရာလမ်း ပေါ်ကနေ တရားဝင် အိနြေ္ဒရှိရှိနဲ့ ၀င်လာရုံပဲ” ဟု မြ၀တီ နယ်စပ် ကုန်သည်တဦးက ပြောသည်။
ဈေးကွက်တွင်လိုင်စင်မဲ့ကားများရောင်းဝယ်ကြရာ၌အစိုးရလေလံကားများနှင့်လိုင်စင်မဲ့ကားများ လဲလှယ်စီးနင်းကြသည့်အရောင်းအ၀ယ်ပုံစံ၊လိုင်စင်မဲ့ကားများကိုပြည်တွင်းစက်မှုဇုန်ထုတ် ကားများအဖြစ် ပြောင်းလဲရောင်းဝယ် သည့်ပုံစံ၊
စီးနင်းနေသောမော်ဒယ်နိမ့်ကားကိုလိုင်စင်မဲ့ကားဖြင့် လဲလှယ်စီးနင်းရန် ရောင်းဝယ် သည့်ပုံစံများရှိကြောင်း သိရသည်။
“အစိုးရလေလံပစ်တဲ့ကားဝယ်ထားတဲ့သူတွေကလိုင်စင်မဲ့ကားနဲ့လဲစီးလို့ရတယ်။ဥပမာ၊ အစိုးရလေလံပစ်လိုက်တဲ့တိုယိုတာမတ်တူးကားအစုတ်ဝယ်ထားသူကလိုင်စင်မဲ့တိုယိုတာ မတ်တူး ကားအကောင်းနဲ့ လဲစီးတာမျိုး” ဟု ရန်ကုန်ကားပွဲစား တဦးကပြောသည်။
မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများသည် လိုင်စင်မဲ့ကားများကို ပြည်တွင်း စက်မှုဇုန်ထုတ် ကားများအဖြစ် ပြောင်းလဲ တပ်ဆင် ရောင်းချခြင်းများ ရှိကြောင်းလည်း သိရသည်။
“လိုင်စင်မဲ့ကားကို ပုံစံလေးပြောင်းပြီး ထုတ်ထားတဲ စက်မှုဇုန်ထုတ်ကားတွေက ဈေးကြီးတယ်” ဟု ကား ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
ထိုသို့လိုင်စင်မဲ့ကားမှစက်မှုဇုန်ထုတ်ကားအဖြစ်ပြောင်းလဲထားသောကားများသည်၈ဂ၊၈ဃ၊၈င၊၈စ စသောနောက်ဆုံးပေါ်အက္ခရာနံပါတ်များရရှိကာရန်ကုန်၊မန္တလေးအပါအ၀င်မြို့ပြဒေသ လမ်းမကြီးများပေါ်တွင် မောင်းနှင်နေကြသည်ဟု သိရသည်။
စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှစပြီး လုပ်ငန်းသုံး၊ ခရီးသည်တင်ယာဉ်နှင့် စက်ယန္တရား ယာဉ်ကြီးများကို ကန့်သတ်ချက် များဖြင့် စီးပွားရေး လုပ်ငန်းရှင်များကို လွတ်လပ်စွာ တရားဝင်တင်သွင်းခွင့် ပေးထားသော်လည်း အိမ်စီးဇိမ်ခံကား တင်သွင်းခွင့်ကိုမူ တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

ကျောင်းအဆောင်အခက်အခဲဖြေရှင်းပေးပါ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊မေလ၂၈ရက်၂၀၁၀ခုနှစ်၁၇နာရီ၁၉မိနစ် .
သို့
အယ်ဒီတာ ..
၂ဝဝ၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြလို့ဆိုပြီး မကျေမနပ်ဖြစ်ရာကနေ စစ်ကိုင်းတိုင်း ကလေးမြို့ တက္ကသိုလ် ပါမောက္ခချုပ် ဦးမြင့်ဆွေက နောက်တနှစ်က စပြီး ကျောင်းအဆောင်တွေကို ငှားရမ်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့လို နယ်ဝေးကနေ ကျောင်းလာတက်သူတွေအဖို့ နေရေးထိုင်ရေးအတွက် အတော်ပဲ ကသိကအောက် ဖြစ်နေပါတယ်။
ကျောင်းသားပေါင်း၎ဝဝဝလောက်ရှိတဲ့အထဲက၆ဝရာခိုင်နှုန်းလောက်ဟာလမ်းမတွေပေါ်မှာ သံဃာတော်တွေမေတ္တာပို့ဆုတောင်းတဲ့ရွှေဝါရောင်လှုပ်ရှားမှုမှာပါဝင်ခဲ့သလို၊စာမေးပွဲမဖြေဘဲလည်း ဆန္ဒပြခဲ့ပါတယ်။
ကျောင်းသားနေတဲ့အဆောင်၁၅ဆောင်လောက်ရှိပါတယ်။ကျောင်းသားပေါင်း၁ဝဝဝလောက် နေခဲ့ကြတာပါ။ ဒါကြောင့်လည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေဆီက လာတက်တဲ့ နယ်ဝေးကျောင်းသားတွေအတွက် အဆင်ပြေခဲ့ပါတယ်။
အဲဒီတုန်းက ကျောင်းသားတယောက်ဟာတလမှာ အဆောင်ခ၂ဝဝဝ ကျပ်နဲ့ စားစရိတ်တွေပေါင်းရင် ကျပ်၁ဝဝဝဝလောက်ပဲကုန်ကျခဲ့တာပါ။အဆောင်ငှားခွင့်မရှိတော့လို့ အပြင်မှာပဲဖြစ်သလိုနေထိုင်ကြရတော့ ကုန်ကျစရိတ်က၃ဆလောက်တက်သွားပါတယ်။ကျောင်းနားမှာရှိတဲ့ပုဂ္ဂလိကအဆောင်တွေလောက်နဲ့ မလုံလောက်လို့ ဆွေမျိုးနီးစပ်တွေ၊ အသိတွေရဲ့ အိမ်တွေမှာ နေကြရပါတယ်။
ကျနော်တို့နေတဲ့အိမ်ဆိုရင်ကျောင်းကနေ၇မိုင်လောက်ဝေးပါတယ်။ဒါကြောင့်လည်း ကျောင်းသွားကျောင်းပြန် ပင်ပန်းရပါတယ်။ ကားခလည်းကုန်၊ မိုးရွာရင်လည်း ကျောင်းသွားလို့က မရပါဘူး။ ကျနော်လို ဘဝတူ ကျောင်းသားတွေက အများကြီးပါ။
ကျနော်တို့ကလေးတက္ကသိုလ်မှာချင်းပြည်နယ်၊ တမူး၊ ကလေးဝနဲ့ ကလေးမြို့က ကျောင်းလာတက်ကြရာမှာ ကလေးမြို့ပေါ်က၅ဝရာခိုင်နှုန်း၊ ချင်းပြည်နယ်က၃ဝရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းကလေးဝနဲ့ တမူးမြို့နယ်က ၂ဝရာခိုင်နှုန်းလောက် ရှိပါတယ်။
ကလေးတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ ကျောင်းက ကလေးမြို့အနောက်ဘက် ၉ မိုင်မှာရှိတဲ့ ချင်းပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ၉ မိုင် ကျေးရွာမှာ တည်ရှိပါတယ်။
ကိုယ့်ကျောင်းထဲမှာပဲ အဖိုးအခချိုသာပြီး အဆောင်အတွက် ပူပန်ရတာမျိုးမရှိဘဲ နေချင်လှပါတယ်။ ကျောင်းအဆောင်တွေ အမြန်ဆုံး ပြန်ဖွင့်ပေးပါလို့ တင်ပြလိုက်ပါတယ်။

ကလေးမြို့ တက္ကသိုလ် ကျောင်းသားတစု
ဖလမ်းမြို့၊ ချင်းပြည်နယ်



ဘိန်းဘုရင်နှင့်ဆက်စပ်သောTransoceanကုမ္ပဏီမြန်မာ့ရေပြင်တွင်ရေနံတူးနေ

သောမတ်စ်မောင်ရွှေ
သောကြာနေ့၊မေလ၂၈ရက်၂၀၁၀ခုနှစ်၁၁နာရီ၅၆မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဆွစ်-အမေရိကန်ဖက်စပ်ကုမ္ပဏီ Transoceanသည် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီနှင့် စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ပြီး အမေရိကန် အစိုးရက ငွေကြေး ခဝါချသူအဖြစ် စွပ်စွဲနေသော စတီဖင်လောနှင့် အစုစပ်ကာ မြန်မာ့ရေပြင် ရေနံလုပ်ကွက် တနေရာတွင် အစမ်းတွင်း တူးဖော်နေသည်။
ပြီးခဲ့သော ဆောင်းဦးပေါက်က တူးဖော်ခဲ့သည်ဟု အမေရိကန် စတော့ဈေးကွက် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့သို့ တင်သွင်းသော ကော်ပိုရေးရှင်း စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်း ဖြစ်သည်။
စတီဖင်လော ခေါ် ထွန်းမြင့်နိုင်၊ သူ့ဇနီးစင်္ကာပူနိုင်ငံသူ၊ သူ့ဖခင်ဘိန်းဘုရင်တို့မှာ အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဌာနနိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး(OFAC)ကနာမည်ပျက်စာရင်း အသွင်းထားခံရသည်။ အဆိုပါ နာမည်ပျက်စာရင်းကို တရားဝင်အားဖြင့် အထူးသတ်မှတ်ထားသော နိုင်ငံသားများ (Specially Designated Nationals – SDN) ဟု ခေါ်သည်။ သူတို့ ၃ ဦးမှာ ဥရောပသမဂ္ဂက ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် စီးပွားရေးပိတ်ဆို့ အရေးယူခြင်းကိုလည်း ခံထားရသူများ ဖြစ်သည်။
နာမည်ပျက်စာရင်းမှာ မြန်မာစစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ ယင်းတို့၏ လူရင်းလူယုံများနှင့် စစ်အာဏာရှင်များကို အထောက်အပံ့ပြုနေသည့် ဘဏ္ဍာရေးကွန်ရက်များကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူထားခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တဦး၊ စီးပွားရေးလုပ်ငန်းတခု၊ စီးပွားရေးအဖွဲ့အစည်းတရပ်ရပ်တို့ကို ပိတ်ဆို့မှုခံရသော စာရင်းတွင် ထည့်သွင်းခြင်းခံရလျှင် `အဆိုပါ သတ်မှတ်ခံရသူ သို့မဟုတ် အဖွဲ့အစည်း၏ အမေရိကန် ပြည်ထောင်စု၏ စီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် မည်သည့် ရပိုင်ခွင့်ကိုမဆို ထုတ်ယူမရအောင် ပိတ်ဆို့ထားရမည်။
ထို့ပြင် အဆိုပါ သတ်မှတ်ခံရသော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များတို့နှင့် မည်သည့် အမေရိကန်နိုင်ငံသားမျှ ဘဏ္ဍာရေးနှင့် စီးပွားရေးဆောင်ရွက်ခြင်းများ မပြုလုပ်ရန် တားမြစ်သည်´ ဟု အမေရိကန် ဘဏ္ဍာရေးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အမေရိကန်စတော့အိပ်ချိန်း ကော်မရှင်သို့TransoceanInternationalကုမ္ပဏီက တင်သွင်းသည့် Corporate 8-K စာရွက်စာတမ်းတွင် ဖော်ပြထားချက်အရ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီတခုဖြစ်သော CNOCCကကုမ္ပဏီပိုင် ပနားမားမှတ်ပုံတင်ရေတွင် တဝက်တပျက်နစ်မြုပ်နေသော ရေနံတွင်းတူးစင် Actinia ကို ငှားရမ်းခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ပုံစံ8-Kစာရွက်စာတမ်းဆိုသည်မှာကုမ္ပဏီများ၏`လတ်တလောအစီရင်ခံစာ´ဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်များ သိရှိရန် လိုအပ်သည့် အဓိကအဖြစ်အပျက် ဆောင်ရွက်မှုများကို အမေရိကန် စတော့ဈေးကွက် ကွပ်ကဲမှုဌာနသို့ တင်သွင်းရသည့် စာရွက်စာတမ်းတခု ဖြစ်သည်။ အရှည် ၈၂ မီတာ၊ အကျယ် ၇၈ မီတာရှိသည့် အဆိုပါ ရေနံတွင်းတူးစင်ကို တရက်လျှင် အမေရိကန်ဒေါ်လာ ၂ဝ၆ဝဝဝ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းရန် Transocean ကို ဆက်သွယ်ရာ ဆက်သွယ်၍မရပါ။
CNOC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီပိုင် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်း ပိုင်ဆိုင်မှုနှင့် အစုရှယ်ယာများကို ယခင်GoldenAaronဟု သိကြသော ChinaFocusDevelopment နှင့် China Global Constructionတို့နှင့်အတူပူးတွဲပိုင်ဆိုင်ခြင်းဖြစ်ပြီးCNOCကလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သူအဖြစ်သာ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ChinaFocusDevelopment မှာ စင်္ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတခုဖြစ်ပြီး တဦးတည်းသော အစုရှယ်ယာပိုင်ရှင်များမှာ စတီဖင်လောနှင့် သူ့ဇနီးသည် Ng Sor Hong ခေါ် Cynthia Ng တို့ ဖြစ်ကြသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် NgSorHongကို ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်အဖြစ်ဖော်ပြထားပြီးအမေရိကန်ဘဏ္ဍာရေးဌာနလက်အောက်ခံ(OFAC)ရုံးက ပိတ်ဆို့အရေးယူထားသောမြန်မာနိုင်ငံနှင့်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း ခံရသည့် စတီဖင်လော ထိန်းချုပ်ထားသည့် အခြားကုမ္ပဏီ တဒါဇင်တွင် ပါဝင်နေသော စီးပွားရေးလုပ်ငန်းတခုလည်း ဖြစ်သည်။
စက်မှုလုပ်ငန်းဆိုင်ရာ ဂျာနယ်တစောင်ဖြစ်သော InternationalOilDailyက လွန်ခဲ့သော ဖေဖော်ဝါရီလက သတင်းရေးသားဖော်ပြရာတွင် CNOCCနှင့် ChinaFocusDevelopmentတို့သည် မြန်မာနိုင်ငံ ကုန်းတွင်းရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်များဖြစ်သောC-1,C-2Mတို့နှင့် ကမ်းလွန်ရေနံလုပ်ကွက်များဖြစ်သော A-4, M-2, M-10 တို့ကို အတူပူးတွဲ ပိုင်ဆိုင်ထားကြသည်ဟု ဆိုသည်။ သူတို့ပိုင်ဆိုင်သော လုပ်ကွက် ၂ ခုကိုCNOCCကထိုင်းအစိုးရပိုင်PTEEPသို့ရောင်းချရန်၂ဝဝ၈ခုနှစ်အတွင်းကကြိုးပမ်းခဲ့ရာ မြန်မာစစ်အစိုးရကဗီတိုအာဏာသုံးပယ်ချခဲ့သည်ဟုလည်းအဆိုပါသတင်းတွင် ဆက်လက်ရေးသားဖော်ပြထားသည်။
စတီဖင်လော၏ဖခင်လော်ဆစ်ဟန်ခေါ်လော်ရှင်းဟန်မှာ၁၉၇ဝစုနှစ်များအတွင်းအရှေ့တောင်အာရှတွင် အကောင်းဆုံး လက်နက်များ တပ်ဆင်ထားသည့် ဘိန်းတပ်ကို ထိန်းချုပ်ကိုင်တွယ်ခဲ့သည်ဖြစ်သည်ဟု အမေရိကန် မူးယစ်ဆေးဝါးအရာရှိများက ယုံကြည်ထားကြသည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏၂ဝဝ၈ခုနှစ်ဖေဖော်ဝါရီလဖော်ပြရေးသားချက်အရ`စတီဖင်လောနှင့် လော်ရှင်းဟန်တို့သည် စစ်အစိုးရကို ထောက်ခံပံ့ပိုးနေသည်သာမကတရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ရာဇဝင်ရှိသူများလည်း ဖြစ်သည်´ ဟု ဆိုသည်။
`ဟီးရိုးအင်းခေါင်းကိုင်ဖခင်ကြီး´ဟုသိရှိကြသောလော်ရှင်းဟန်သည်၁၉၇ဝစုနှစ်အစောပိုင်း နှစ်ကာလများက ကမ္ဘာ့အဓိက ဟီးရိုးအင်း ရောင်းဝယ်ဖောက်ကားသူများတွင် တဦးအပါအဝင် ဖြစ်သည်။ စတီဖင်သည်သူ့ဖခင်၏မူးယစ်ဆေးဝါးအင်ပါယာကို၁၉၉ဝစုနှစ်များအတွင်း ဝင်ရောက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်ကတည်းကစ၍ မြန်မာနိုင်ငံ၏အချမ်းသာဆုံးစာရင်းဝင် တဦးဖြစ်လာခဲ့သည်ဟု ဘဏ္ဍာရေးဌာန ကြေညာချက်တွင် ရေးသားထားသည်။

အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း

ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုမှကိုဝင်းအောင်ကိုမဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့ရာTransoceanနှင့် စတီဖင်လောတို့အကြား အဆက်အဆံများကို ချက်ချင်း စုံစမ်းစစ်ဆေးပေးပါရန် အမေရိကန်အစိုးရကို သူတောင်းဆိုကြောင်း ပြောကြားခဲ့သည်။
`စတီဖင်လောပိုင်ကုမ္ပဏီလုပ်ငန်းစုကြီးအတွက်Transoceanကရေနံတွင်းတူးပေးနေခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို အကြီးအကျယ် ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသောTransocean၏ လုပ်ငန်းများအားလုံးကို အမေရိကန်အစိုးရက အမြန်ဆုံး စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်းနှင့်Transoceanကဲ့သို့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတခုအနေဖြင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးရာဇာကြီးနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ခြင်းကို လက်မခံနိုင်ကြောင်း ပြတ်သားစွာ သတင်းစကားပါးရမည်´ ဟု သူက ပြောသည်။
ပြီးခဲ့သောလကTransoceanသည်အမေရိကန်သမိုင်းတွင်အဆိုးရွားဆုံးပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သည့်ဖြစ်ရပ်တခုတွင်ပါဝင်နေခဲ့သည်။ရေနံကုမ္ပဏီကြီးဖြစ်သောဘီပီအတွက် ရေနံတွင်းတူးပေးနေသည့်Transoceanပိုင်ပင်လယ်ရေနက် ရေနံတွင်းတူးစင်သည်၂ဝ၁ဝခုနှစ် ဧပြီလ ၂ဝ ရက်နေ့က မက္ကဆီကို ပင်လယ်ကွေ့တွင် ပေါက်ကွဲမီးလောင်သွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် လုပ်သား ၁၁ ဦး သေဆုံးသွားခဲ့သည်။
အဆိုပါ ကပ်ဘေးဒုက္ခကြီးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်က ယခုလဆန်းပိုင်းတွင် အထူးကြားနာပွဲတရပ် ပြုလုပ်ခဲ့ရာ ဘီပီ၊Transoceanနှင့် ဟာလီဘာတန် (Halliburton)ကုမ္ပဏီတို့က ပေါက်ကွဲမှုနှင့်နောက်ဆက်တွဲပေါ်ထွက်လာသောတခါမျှမကြုံဖူးအောင်ဆိုးရွားလှသည့် ရေနံယိုစိမ့်မှုကြီးအတွက်သူတို့တွင်တာဝန်မရှိဘဲအခြားကုမ္ပဏီများတွင်သာတာဝန်ရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
အဆိုပါ ကြားနာပွဲပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သူတို့တွင် တာဝန်ရှိမှုကို လက်မခံဘဲ ငြင်းဆန်ခဲ့သည့်အတွက် ကုမ္ပဏီအမှုဆောင်အရာရှိများကို ဒေါသတကြီး ဝေဖန်ပြစ်တင်ပြောဆိုခဲ့သည်။ `သြချစရာကောင်းလောက်အောင် ဟာသမြောက်တဲ့ ပြောဆိုမှုတွေကို ကျနော်အထင်မကြီးဘူး´ ဟု သူက ပြောခဲ့သည်။
ထို့ပြင်အဆိုပါသန်းကြွယ်သူဋ္ဌေးအမှုဆောင်အရာရှိများသည်`တဦးကိုတဦးလက်ညှိးထိုး အပြစ်တင်နေကြသည်။ အမေရိကန်ပြည်သူများကဤလုပ်ရပ်အပေါ်အထင်တကြီးရှိပြီး ယုံကြည်လက်ခံမည် မဟုတ်သကဲ့သို့ ကျွန်ုပ်ကလည်း လက်မခံပါ´ လည်း ဆက်လက်ပြောဆိုခဲ့သည်။



မြစ်ဆုံဒေသမှ ကျေးရွာအား အဓမ္မပြောင်းရွှေ့

ခိုင်လင်း / ၂၈ မေ ၂၀၁၀
ကချင်ပြည်နယ် မေခနှင့်မလိခ မြစ်နှစ်သွယ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်များမှ ဆင့်ခေါ်ထားသည့် လုပ်အားပေးများဖြင့် ယနေ့ စတင်ပြောင်းရွှေ့ခဲ့သည်။
ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်ကျော် အပါအဝင် မြို့နယ် မယက အာဏာပိုင်အဖွဲ့က ဦးဆောင်ပြီး လုပ်အားပေးအင်အား (၃ဝ)ဖြင့်မြစ်ဆုံအနီး တန်ဖရဲကျေးရွာတွင် ညအိပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသော လုပ်အားပေးအဖွဲ့များနှင့်အတူတန်ဖရဲကျေးရွာတဖက်ကမ်း မေခနှင့်မလိခ မြစ်နှစ်ခုဆုံရာ တောင်စွယ်ပေါ်ရှိ မဇွပ်ကျေးရွာသို့ သွားရောက်ကာ ပြောင်းရွှေ့ရေးလုပ်ခဲ့ကြောင်း တန်ဖရဲကျေးရွာသားက ပြောသည်။
၎င်းက“တန်ဖရဲရွာကနေဟိုဘက်ကမ်းကိုစက်လှေတွေနဲ့ ဒီမနက်စောစော ကူးသွားတယ်။ နေ့လယ်ကျတော့ စက်လှေတွေပေါ်မှာ ရွာသားတွေ တင်ခေါ်လာတယ်၊ အထုပ်အပိုးပစ္စည်းတွေပါ ပါလာတယ်။ ဒီဘက်မှာ ရှိနေတဲ့ကားတွေပေါ်ကိုတင်တယ်။ပြီးရင်လုံဂါဇွပ်ရွာဘက်ကိုဆက်ပြီး ထွက်တယ်၊ ဒီမှာ ကြာကြာမနားရဘူး” ဟု ပြောသည်။
မဇွပ်ကျေးရွာတွင်အိမ်ခြေ(၆၃)လုံးရှိပြီးလူဦးရေ(၂ဝဝ)ကျော်ရှိရာ ယနေ့ပြောင်းရွှေ့ရန် လိုက်ပါလာသူပေါင်း (၁ဝဝ)ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုများနှင့် ကလေး အများဆုံးပါဝင်ကာ လူလတ်ပိုင်း ယောက်ျားများကို မတွေ့မြင်ရတော့ကြောင်း တန်ဖရဲကျေးရွာသားက ပြောသည်၊
၎င်းက “မြစ်ဆုံ ဗုံးကွဲတဲ့ ကိစ္စနဲ့ ခေါ်ပြီး စစ်ဆေးနေလို့ရယ်၊ တချို့လည်း ထွက်ပြေးတိမ်းရှောင်နေလို့ရယ် လူလတ်ပိုင်း မတွေ့ရဘူး။ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ကလေးတွေ အများဆုံးပဲ။ နှစ်ပေါင်း (၄ဝ၊ ၅ဝ) မက လုပ်ကိုင်စားသောက်လာခဲ့တဲ့အဲဒီနေရာကနေအဓမ္မပြောင်းရွှေ့ခံရတယ်ဆိုတော့ အားလုံးက စိတ်မကောင်းဖြစ်နေကြတယ်။တချို့ဆိုမျက်ရည်တွေကျလို့၊ ငိုနေကြတာပေါ့။ ကျနော်တို့ မြင်ရတဲ့သူလည်း စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။
မြစ်ဆုံဒေသရှိ ကျေးရွာများ ပြောင်းရွှေ့ရန်အတွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၅၈) ခုမှ တရပ်ကွက်လျှင် အနည်းဆုံး လူ(၁ဝ)ဦးကျဖြင့် ရက်အကန့်အသတ်မရှိ လုပ်အားပေးလိုက်ရန်အတွက် ရဲ၊ ပြည်သူ့စစ်နှင့် ကချင်အထူးဒေသ (၁)နယ်ခြားစောင့်တပ်ဖွဲ့များက လုံခြုံရေးယူပေးရန် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယခုလ (၁) ရက် နေ့စွဲဖြင့် အမိန့်ထုတ်ထားခဲ့သည်။
မြစ်ကြီးနားမြို့မှ မိုင် (၂ဝ) ကျော်အကွာ ကျိန်ခရန်ရွာနှင့် လုံဂါဇွပ်ရွာအနီးတွင် အေးရှားဝေါလ်ကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ထားပြီး ယနေ့ မဇွပ်ကျေးရွာမှ ပြောင်းလာသူများကို အဆိုပါ ပြန်လည်နေရာချထားရေးနေရာတွင် ထားရှိသည်ဟု လုံဂါဇွပ် ကျေးရွာသားတဦးက ပြောသည်။
၎င်းက“အိမ်တွေကတော့အလုံး(၂ဝဝ၊၃ဝဝ)လောက်ဆောက်ပြီးနေပြီ။ဒီမှာရှိတဲ့ဒေသခံတွေက တောင်ယာလုပ်မယ်၊ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်မယ်၊ဒါပဲစီးပွားရေးလုပ်တတ်တာ။ အခုပြောင်းလာတဲ့နေရာမှာအဲဒါတွေလုပ်လို့မရဘူး။ စားဝတ်နေရေး အခက်ခဲဖြစ်မှာ။ဒါကြောင့်မို့ အိမ်တွေကို ဘယ်လိုပဲ ဆောက်ထားပေးပေး နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ ကိုယ့်ရွာ ကိုယ်ဒေသကနေ ဘယ်သူမှ မပြောင်းချင်ကြဘူး” ဟု ပြောသည်။
မြစ်ဆုံအပါအဝင် မေခနှင့်မလိခမြစ်ပေါ်တွင် ရေကာတာများတည်ဆောက်ကာ လျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကြောင့် ကျေးရွာ (၆ဝ)၊ လူဦးရေ (၁၅,ဝဝဝ) ကျော် ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။

ပိုင်ရှင်မဲ့ အလောင်းများကိုနာရေးကူညီမှုအသင်းသင်္ဂြိုဟ်ပေး

အောင်ထက်/၂၈မေ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်ပိုင်ရှင်မဲ့အလောင်းပျမ်းမျှ(၁၅)လောင်းခန့်ကိုလစဉ် သင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။
အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံချက်ပေးမှ ကျနော်တို့ သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာမှန်ပေမယ့် ရဲက အာမခံရပါတယ်။ ဆေးရုံက သေစာရင်းထုတ်ပေးတယ်။ တချို့ဖြစ်စဉ်တွေကျ မြို့နယ်ကျန်းမာရေးဌာနတွေက ပေးပါတယ်”ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာ သက်သေခံ အထောက်အထားလက်ဝယ် မတွေ့ရသည့် ရေနစ်သေဆုံးခြင်း၊ ဆွဲကြိုးချသေခြင်း၊ လမ်းဘေးအမှိုက်ပုံ၌ သေဆုံးနေခြင်း၊ ခရီးသွားစဉ် ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် သေဆုံးသူများဖြစ်သည်။
အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို PC(policecase)ဟု သတ်မှတ်ကာရဲထောက်ခံမှုဖြင့်သာသင်္ဂြိုဟ်ပေးပြီး သင်္ချိုင်းလက်မှတ် သီးခြားထုတ်ပေးမှုမရှိဟု သိရသည်။
နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “လမ်းဘေး သေတယ်။ ရ၀တ သက်သေနဲ့ ရဲက စစ်ဆေးတယ်။ ပြီးတော့ ဆေးရုံပို့တယ်။ ဆေးရုံက ရင်ခွဲပြီး ရဲက သေမှုသေခင်း (PoliceCase)ဖွင့်တယ်။ အလောင်းပိုင်ရှင် ပေါ်လာတဲ့အထိ ဆေးရုံက စောင့်ပေးပါတယ်။ ပိုင်ရှင် မပေါ်တော့ဘူးလို့ ဆေးရုံက ဆုံးဖြတ်ပြီးမှ ကျနော်တို့အသင်းကို အကူအညီတောင်းပါတယ်” ဟု ရှင်းပြသည်။
နယ်အဝေးမှ ရန်ကုန်ရောက်ရှိလာစဉ် လမ်းဘေး၌ သေဆုံးသူအချို့ ရှိတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း အလောင်းပိုင်ရှင်ကို နှစ်ရက်ထက် ပိုမစောင့်နိုင်ကြောင်း၊ နာရေးကူညီမှုက ပို့ဆောင်သင်္ဂြိုဟ်ပြီးမှ အလောင်းပိုင်ရှင်တို့ ရောက်ရှိလာတတ်သည်ကိုလည်း ကြုံဖူးကြောင်း ၎င်းက ပြောသည်။
နာရေးကူညီမှုအသင်း မပေါ်မီက ဤကဲ့သို့ ပိုင်ရှင်မဲ့အလောင်းများကို မြို့တော်စည်ပင်မှ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အမှုများတွင်မူ စည်ပင်ကတာဝန်ယူပေးကြောင်း စည်ပင်သာယာဝန်ထမ်းတဦးက ပြောသည်။
“ခုလည်း စည်ပင်က ပို့ပေးနေရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ရှိတတ်ပါတယ်။ ရထားမှောက်၊ ဗုံးကွဲ၊ ယာဉ်တိုက် စတဲ့ နိုင်ငံတော်အမှုတွေမှာ အလောင်းပိုင်ရှင် အချိန်မီရောက်မလာရင် ကျနော်တို့ပဲ တာဝန်ယူရပါတယ်” ဟု ၎င်းက ပြောသည်။
ပိုင်ရှင်မဲ့အဖြစ် အခြေခံသတ်မှတ်ခြင်းမှာ မှတ်ပုံတင်ကဲ့သို့ အထောက်အထားမတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်မပါဘဲ ပိုင်ရှင်မဲ့အဖြစ် သေဆုံးရသည့်ကိစ္စသည် ကာယကံရှင်ကြောင့် ဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ အငြိမ်းစား ကျောင်းဆရာကြီးတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက“မှတ်ပုံတင်မရှိတာရယ်၊ယူဆောင်သွားလေ့ မရှိတာရယ်လည်း ပါတာပေါ့။ မှတ်ပုံတင်မရှိတဲ့သူတွေဆို ဥပမာ ပျံကျကျူးကျော်တဲတွေ ရန်ကုန်မှာ ရှိနေသေးတယ်။ အဲဒီက လူတွေမှာ မှတ်ပုံတင် ကိုင်နိုင်သူ ဘယ်နှယောက်ရှိမလဲ။ နောက်ပြီး အိမ်မဲ့ရာမဲ့ အခြေအနေမဲ့တွေ ရှိသေးတယ်။ ဒီတော့ မြန်မာပြည်မှာ ဖွားသေစာရင်းတို့၊ အိမ်ထောင်စု လူဦးရေ စာရင်းတို့ အတိအကျရှိနိုင်ပါ့မလား။ ဒါတွေဟာ နိုင်ငံတော်ရဲ့ အားနည်းချက်တွေပဲ” ဟု ပြောဆိုသည်။နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ယာဉ် (၁၇) စီးထားရှိပြီး တနေ့ ပျမ်းမျှ ရုပ်ကလာပ်(၄၀ -၅၀)ခန့်ပို့ဆောင်ပေးလျက်ရှိကြောင်း၊ သင်္ကြန်အပြီး အပူချိန် ပြင်းထန်စဉ်က တနေ့လျှင် ရုပ်ကလာပ်(၇၀ -၈၀)ခန့်ပို့ဆောင်ပေးခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
နာရေးကူညီမှုအသင်းက လစဉ် သင်္ဂြိုဟ်ပေးနေသည့် အလောင်းများအပြင် အခြား လူမှုအသင်းများ၊ စည်ပင်စာရင်းများ၊ နယ်တို့တွင် မထင်မရှားသေဆုံးသည့် ပိုင်ရှင်မဲ့အလောင်းများလည်း ရှိကြောင်း သိရသည်။

မင်္ဂလာဈေးမီးလောင်မှုဆိုင်ခန်းရှင်များကိုငွေချေးမည်

မျိုးချစ်သူ / ၂၈ မေ ၂၀၁၀
မီးလောင်သွားသောမင်္ဂလာဈေးစတုတ္ထထပ်မှဆိုင်ခန်းပိုင်ရှင်များကိုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင် ဥက္ကဋ္ဌ မြို့တော်ဝန်က ပြောကြားကြောင်း ဈေးသူဈေးသားများက ပြောသည်။
“ဒီနေ့မနက်ကလာပြောသွားတယ်။သူကမီးလောင်တဲ့ဆိုင်ခန်းပိုင်ရှင်တွေကိုမင်္ဂလာဈေးသစ်မှာ နေရာချပေးသွားမယ်တဲ့။ ပြီးတော့ မင်္ဂလာမွန်ဈေး အနောက်ဘက်က ဘောလုံးကွင်းမှာ ကျန်တဲ့ဆိုင်တွေကို ယာယီနေရာ ချပေးသွားမယ်တဲ့။ ကျမတို့အနေနဲ့ကတော့ ဆုံးရှုံးမှုတွေ များတယ်လေ၊ ကံအကြောင်းပဲပေါ့။ အခုလို ယာယီနေရာ ချပေးမှာနဲ့ ငွေထုတ်ချေးမယ်ဆိုတာ ကြားရုံနှင့်ပဲ ကျေနပ်မိတယ်။ ဘယ်လို ချေးပေးသွားမယ် ဆိုတာတော့ မပြောသွားပါဘူး။ လိုရင်တော့ ကျမတို့ စည်ပင်ကို မေးရမှာပါ” ဟု ဆိုင်ခန်း မီးလောင်ရာတွင်ပါသွားသည့် ဆေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။
အဆိုပါဈေးမှမီးလောင်သွားသည့်အထပ်ကို(၂)လအတွင်းအမြန်ဆုံးအကြီးစားပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ(၂၇)ရက် နေ့လယ်ပိုင်းတွင် တာမွေအထက(၁)၌ ဈေးသူဈေးသားများအား ခေါ်ယူပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဝင်းကလည်း ပြောကြားခဲ့သည်။
မင်္ဂလာဈေးကို အကြီးစားပြင်ဆင်မှုပြုလုပ်ပြီးပါက မီးသင့် ဈေးသူဈေးသားများအား ဆိုင်ခန်းများကို ယခင်အတိုင်း ပြန်လည်နေရာချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းက “အခကြေးငွေ တပြားမှပေးစရာ မလိုဘူး၊ ဈေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်မယ်။ ပြီးရင် အရင်အတိုင်းပဲ ပြန်ပြီးတော့ နေရာပေးမှာပါ။ စိတ်မပူကြဖို့ ကျနော်ပြောချင်တယ်” ဟု ဆိုသည်။
၁၉၉၇ ခုနှစ်ဝန်းကျင်ကတည်ဆောက်ခဲ့ပြီးယခု(၁၃)နှစ်ကာလရှိပြီဖြစ်သည့် အဆိုပါဈေးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဖြစ်သည်ဟု ရန်ကုန်စည်ပင် မှတ်တမ်းများအရ သိရသည်။
ယခု မင်္ဂလာဈေးအတွင်းရှိ မီးမလောင်သည့်အထပ်များမှ ပစ္စည်းများကို မိမိအစီအစဉ်ဖြင့် မိမိတို့ဘာသာ အဆင်ပြေမည့် နေရာများသို့ အမြန်ပြောင်းရွှေ့ပြီးပါက သတ်မှတ်ပေးထားသည့် ယာယီဈေးသို့ ပြောင်းပေးမည်ဖြစ်သည့်အတွက်မေ(၂၇)ရက်မှစတင်ကာပစ္စည်းများကိုလုံခြုံရေးများနှင့် စီစဉ်ဆောင်ရွက်နေသည်ဟု ဦးအောင်သန်းဝင်းက ပြောသည်။
မင်္ဂလာဈေးမီးသည် မေ (၂၄)ရက် နံနက် (၈)နာရီကျော်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မေ(၂၅)ရက် ညနေ (၆)နာရီ ၀န်းကျင်အချိန်တွင် လုံးဝမီးငြိမ်းသွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းသည့် စတုတ္ထထပ်ရှိ ဆိုင်ခန်း (၇၉၇)ခန်း အပါအ၀င် ဈေးတခုလုံးတွင် ဆိုင်ခန်းစုစုပေါင်း (၄,၀၀၀) ၀န်းကျင်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဖြန့်သူထောင်ဒဏ်၁ဝနှစ်တိုး

ဖနိဒါ
သောကြာနေ့၊မေလ၂၈ရက်၂၀၁၀ခုနှစ်၂၁နာရီ၂၉မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်လူငယ်တဦးကိုနောက်ထပ်ထောင်ဒဏ်၁ဝနှစ်ထပ်မံတိုးလိုက်ရာစုစုပေါင်း၁၄နှစ်ခွဲ ဖြစ်သွားသည်။
တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။
အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ်လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် ပေးပို့ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီလိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။
မြန်မာနိုင်ငံတဝှမ်းအကျဉ်းထောင်များတွင်နိုင်ငံရေးအကျဉ်းသား၂၁၀၀ကျော်ရှိသည့်အနက်”၂ဝဝ၅ ခုနှစ်နောက်ပိုင်းနှစ်ရှည်ထောင်ဒဏ်ချခံရသူအကုန်လုံးလို”မှာအီလက်ထရောနစ်အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟုထိုင်းအခြေစိုက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“တရားသူကြီးဖတ်ပြတာကအီးမေးကိုအသုံးပြုပြီးတော့တဖက်ကတရားမဝင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်ဆိုပြီးတော့ပြောတယ်”ဟုတရားခွင်သို့တက်ရောက်နားထောင်ခဲ့သော ကိုမျိုးသန်းထက်ကပြောသည်။သို့သော်လည်းမည်သည့်အဖွဲ့အစည်းများဖြစ်သည်ကိုတရားသူကြီးက ရည်ညွှန်းသွားခြင်းမရှိဟု သိရသည်။
ကိုကျော်မိုးနိုင်နှင့်ပါတီလုပ်ဖော်ကိုင်ဖက်ကိုအောင်အောင်ခေါ်ကိုအောင်အောင်ဦး၊ကိုကျော်ဝင်းထွန်း ခေါ် ကိုဘိုထွန်းတို့ကအတိုက်အခံခေါင်းဆောင်၏ဓာတ်ပုံများလမ်းသွားလမ်းလာများအားရန်ကုန်မြို့ တာမွေအဝိုင်းအနီးယခင်နှစ်ဇွန်လ၁၂ရက်နေ့က ဖြန့်ချီနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။
ကိုကျော်မျိုးနိုင်ကိုနိုင်ငံတော်ဆူပူစေရန်လှုံ့ဆော်မှုပုဒ်မ၅ဝ၅(ခ)ဖြင့်၂ နှစ်နှင့်တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့်၂နှစ်ခွဲချထားရာအင်းစိန်ထောင်တွင်ရှိနေသည်။ကျန်၂ဦးမှာလည်းနိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ်၂နှစ်စီချခံရသည်။
လူငယ်များဖမ်းဆီးခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။

ဝါရင့်ခေါင်းဆောင်၃ဦးမွန်ပြည်သစ်မှထွက်

ဖနိဒါ
သောကြာနေ့၊မေလ၂၈ရက်၂၀၁၀ခုနှစ်၂၀နာရီ၃၃မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပြည်သူ့စစ်အသွင်ပြောင်းမည့် စစ်အစိုးရ၏ အစီအစဉ်ကို ငြင်းဆိုထားသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီမှထိပ်ပိုင်းခေါင်းဆောင်၃ဦးယခု၁၈ရက်နေ့ကနှုတ်ထွက်သွားပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ချေးမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီတွင် ဆက်လက်လုပ်ကိုလိုခြင်း မရှိသဖြင့် ထွက်ခွင့်ပြုရန် လျှောက်ထားသဖြင့် တွဲဘက် အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တင်လနှင့် နိုင်ခိုစပ်တို့ကို တရားဝင် နှုတ်ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။
နိုင်တင်လသည်ပါတီအတွင်း၂၅နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနိုင်ချမ်းတွဲ့နှင့်နိုင်ခိုစပ်တို့သည်နှစ်၃၀ခန့်ကြာ မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
“ တော်လှန်ရေး နှစ်ကလည်း ကြာလာတော့ အပြောင်းအလဲ လုပ်ချင်တာလဲ ဖြစ်မှာပေါ့”ဟု နိုင်ချေးမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ဆက်ဆံရေးကတော့ တင်းမာလျှက်ရှိပြီး စစ်ရေးအရ နှစ်ဘက် အသင့်အနေအထား ဖြစ်နေသည်ဟု သူက ပြောသည်။
နှုတ်ထွက်သွားသူများသည် မွန်တိုင်းရင်းသား ပါတီသစ်တခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AllMonRegionDemocracyParty(AMRDP)ကိုအားပေးကူညီဆောင်ရွက်ဖွယ်ရှိသည်ဟုမွန်ပြည်သစ်က ခန့်မှန်းထားသည်။AMRDPသည်ယခုလ၂၄ရက်နေ့ တွင် ပါတီမှတ်ပုံတင်ခွင့် ရပြီဖြစ်သည်။
AMRDP ပါတီတွင် အဖွဲ့ဝင် ကိုယ်စားလှယ်လောင်း ၅၃ ဦးလျာထားပြီး မွန်ပြည်နယ်ပညာရေးမှူး (ငြိမ်း) နိုင်ငွေသိန်းက ဦးဆောင်သည်။
မော်လမြိုင်မြို့အခြေစိုက်AMRDPသည်မွန်ပြည်နယ်၊ပဲခူးတိုင်း၊တနင်္သာရီနှင့်ကရင်ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရည်ရွယ်ထားကြောင်း နိုင်ငွေသိန်းကို ကိုးကား၍ထိုင်းအခြေစိုက် Kaowao ကောင်းဝါ မွန်သတင်းဌာနက ရေးသားထားသည်။



အမေရိကန်လွှတ်တော်အမတ်များစစ်အစိုးရကိုဝေဖန်ပြစ်တင်

ခက်ထန် Friday, May 28, 2010
၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင်အပြတ်အသတ် အနိုင်ရခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုအာဏာလွှဲမပေးခြင်းနှင့်၂၀၁၀တွင်NLDပါဝင်မှုမရှိဘဲရွေးကောက်ပွဲကျင်းပမည့် အပေါ် အမေရိကန် လွှတ်တော် အမတ် ၆ ဦးက ဝေဖန် ပြစ်တင်လိုက်သည်။
သြဇာရှိသည့် လွှတ်တော်အမတ်များ ဖြစ်သော မစ်ခ်ျ မက်ကော်နယ်၊ ဂျိုး လီဗာမန်၊ ဒိုင်ယာနီ ဖိန်းစတိန်း၊ ဂျဒ် ဂရက်၊ ဂျွန် မက်ကိန်းနှင့် ဆမ် ဘရောင်းဘက်ခ်တို့က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အနှစ် ၂၀ ပြည့်တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ဝေဖန်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်မှာ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို သူတို့ ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ကျနော်တို့ရဲ့ ခံယူချက်ကို ထပ်လောင်း အတည်ပြုပါတယ်”ဟု လွှတ်တော် အမတ်များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အစိုးရက အာဏာကို ဆက်လက် ရယူထားခြင်းအား ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံ ညှိနှိုင်းရန်လည်း တောင်းဆိုထားသည်။
အကျဉ်းကျနေသော NLD ပါတီဝင်များ မပါဝင်နိုင်အောင် ပြဌာန်းထားသော ရွေးကောက်ပွဲဥပဒေများအရ စစ်အစိုးရ ကတိပြုထားသော ရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်မည်ဆိုသည့် သဘောပင် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဝေဖန်ထားသည်။
NLDသည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သည့်တိုင် မြန်မာပြည်သူများနှင့် နိုင်ငံတကာ၏ အမြင်တွင် တရားဝင်မှု ပျောက်ဆုံးခြင်း မရှိကြောင်း လွှတ်တော် အမတ်များက ပြောသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က “မစ္စတာ မက်ကိန်းတို့ ပြောသလိုပဲ၊ နိုင်ငံတကာက ကျနော်တို့ကို နိုင်ငံရေးပါတီ အဖြစ် အသိအမှတ်ပြုနေတာပဲ၊ အလားတူ ပြည်သူတွေကလည်း အသိအမှတ်ပြုတာပဲ။ အစိုးရက အသိအမှတ်ပြုခြင်း မပြုခြင်းတွေက အရေးမကြီးဘူး၊ ကိုယ်လုပ်စရာ လုပ်ဖို့ပဲ။ ကျနော်တို့ကတော့ နိုင်ငံရေးပါတီ ရှိနေတယ်လို့ပဲ သဘောထားတယ်”ဟု ဦးဝင်းတင်က ပြောသည်။
လွှတ်တော် အမတ်များက အိုဘားမား အစိုးရအနေဖြင့် မြန်မာနိုင်ငံလက်ရှိ အရေးအတွက် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ပူးပေါင်းဆောင်ရွက်မည့်သူ ခန့်ထားရန်လည်း တိုက်တွန်းထားသည်။
အမေရိကန် လွှတ်တော်အမတ်များ၏ ပူးတွဲကြေညာချက်၊ တိုက်တွန်းချက်များက စစ်အစိုးရအပေါ် သက်ရောက်မှု ရှိမရှိဆိုသည်မှာ စစ်အစိုးရ အပေါ်၌သာ မူတည်သည်ဟု ဦးဝင်းတင်က ဆိုသည်။
လွှတ်တော် အမတ်များ၏ ပူးတွဲ ကြေညာချက် မထုတ်ပြန်မီက အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာ နိုင်ငံသို့ လာမည့် ဇွန်လ ၄ ရက်နေ့တွင် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဂျင်မ် ၀က်ဘ်သည် ယမန်နှစ် သြဂုတ်လလယ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို သီးခြားစီတွေ့ ဆုံခဲ့သည်။
ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထောကို စစ်အစိုးရက လွှတ်ပေးရန် လုပ်ဆောင်နိုင်ခဲ့သည်။

donderdag 27 mei 2010

၁၉၉၀ရွေးကောက်ပွဲနှစ်ပတ်လည်ကျင်းပ

မင်းနိုင်သူ Thursday, May 27, 2010
.1၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အနှစ် ၂၀ မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားကို ပါတီရုံးချုပ်၏ ပြင်ပနေရာတွင် ပထမဆုံး အကြိမ် ကျင်းပသည်။
ယနေ့ဒုဥက္ကဋ္ဌဦးတင်ဦးအိမ်တွင်ကျင်းပသောNLD၏အနှစ်၂၀မြောက်ရွေးကောက်ပွဲအောင်ပွဲအခမ်းအနား (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရွှေဂုံတိုင်ရှိနှစ်စဉ်ကျင်းပနေကျ ရုံးချုပ်တွင်မကျင်းပဘဲNLDဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယနေ့ နံနက်ခင်းက ကျင်းပခြင်း ဖြစ်သည်။
ဗဟို အဖွဲ့ချုပ်ရုံးတွင် နိုင်ငံခြားသား ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း မပြုရန်နှင့် နိုင်ငံရေး အစည်းအဝေးများ မလုပ်ရန် မေလလယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းမှ တဆင့် မှာကြားဖူးသည်။
“ဒီနေ့ရွေးကောက်ပွဲအောင်ပွဲနေ့ အခမ်းအနားမှာ တက်ရောက်လာသူတွေကို အကျွေးအမွေးနဲ့ ဧည့်ခံတယ်။ နောက်ပြီးဒီနေ့ရန်ကုန်တိုင်းအတွင်းကအမျိုးသမီးအကျဉ်းသူ၃၆ ဦးရဲ့ မိသားစုတွေအတွက် ထောက်ပံ့မှုတွေ ပေးတယ်"ဟု NLD ဗဟိုကော်မတီဝင် ဒေါက်တာမေ၀င်းမြင့်က ပြောသည်။
ဦးတင်ဦးနေအိမ်၌ ကျင်းပသော အခမ်းအနားတွင် ပါတီဝင် ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး အာဏာပိုင်များက စောင့်ကြည့် မှတ်တမ်းယူမှုများ ရှိကြောင်းသိရသည်။
NLD ဗဟိုလူငယ် ကိုရာဇာက “၁၉ နှစ်မြောက် ပွဲတုန်းကတော့ အဖွဲ့ချုပ်ရုံးမှာပဲ တခမ်းတနားနဲ့ သ၀ဏ်လွှာတွေဖတ်တယ်၊ ကြေညာချက်တွေ ထုတ်တယ်၊ တောင်းဆိုချက်တွေ တောင်းတယ်၊ အခုဆိုရင် နိုင်ငံရေးဆိုတဲ့ အခမ်းအနားမျိုး အသုံးအနှုန်းတောင် သုံးလို့ မရတော့ဘူး၊ အသွင်သဏ္ဌန်လေးကတော့ ယုတ်လျော့သွားတယ်ပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်လည်း ကျင်းပကြကြောင်း သိရသည်။
“မနက် ၇ နာရီလောက်က မန္တလေးတောင်ခြေရင်းမှာ သစ်ပင်သွားစိုက်တယ်။ သရက်၊ ပိန္နဲ အဲလိုမျိုး အပင်ကြီးမျိုးတွေ စိုက်တယ်။ နောက် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ ဗလာစာအုပ်နဲ့ ခဲတံသွားလှူကြတယ်"ဟု မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင် ဦးမျိုးနိုင်က ပြောသည်။
မန္တလေးတိုင်း NLD၏ လှုပ်ရှားမှုများကိုလည်း အာဏာပိုင်များက စောင့်ကြည့် သတင်းယူမှုများ ရှိကြောင်းသိရသည်။
မကွေးတိုင်း၊ ရေနံချောင်းမြို့တွင်မူ မြို့နယ်စည်းရုံးရေး ကော်မတီဝင် ဦးသန်းအောင်၏ နေအိမ်တွင် အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားများအား စာရေးကိရိယာများ ပေးဝေကြောင်း သိရသည်။
ပြည်ပတွင်လည်း ၉၀ ရလဒ် အနှစ် ၂၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ရာ အိန္ဒိယရောက် အတိုက်အခံ အင်အားစုများက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံတွင် စုဝေး ဆန္ဒပြကြသည်။
ထို့ပြင် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း၍ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန်နှင့် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးပါရန် အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းထံ လိပ်မူ၍ ယနေ့ ပေးပို့ တောင်းဆိုလိုက်သည်။
“အိန္ဒိယ အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ထောက်ခံပေးပြီးတော့ နအဖရဲ့ အတင်းသွားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချပေးဖို့ တောင်းဆိုချက်တွေ ပါတဲ့စာကို ပေးပို့တာဖြစ်ပါတယ်”ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းရင်းသား ဒေသများတွင် စစ်ဆင်ရေးများ ရပ်တန့်ပေးခြင်း၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်၍ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုခြင်း မရှိသရွေ့ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံကြောင်း လက်မှတ်ရေးထိုး ဆန္ဒပြုထားသည့် အိန္ဒိယရောက် မြန်မာနိုင်ငံသား ၃၆၃၁ ဦး တို့၏ လက်မှတ်များကိုပါ အိန္ဒိယ ၀န်ကြီးချုပ် ရုံးသို့ ပူးတွဲ ပေးပို့ထားသည်။
“အဲဒီတုန်းက လူထုဟာ တပါတီ အာဏာရှင်စနစ်ကို မလိုချင်တဲ့အတွက် NLD ကို မဲပေးခဲ့ကြတယ်။ အခု ၂၀၁၀ မှာလည်းပဲ စစ်အာဏာရှင်ကို မလိုချင်ကြဘူး။ ဒါပေမယ့် NLDလည်း မပါဘူး၊ အားကိုးရမယ့် နိုင်ငံရေး ပါတီခေါင်းဆောင်တွေ မပါဘူးဆိုရင် လူထုဟာ၂၀၁၀ရွေးကောက်ပွဲကြီးကို ပုတ်ချသလို လုပ်သင့်တယ်လို့ ကျနော် ယူဆချင်ပါတယ်”ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB)မှ ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် န၀တ စစ်အစိုးရ ဦးစီးကျင်းပပေးသည့် ရွေးကောက်ပွဲ၌ NLD ပါတီသည် မဲဆန္ဒ ၈၈ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည်။
သို့ရာတွင် စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဥပဒေ ပြဌာန်းကာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်ပြီ ဖြစ်ကြောင်း အတိအလင်း ကြေညာခဲ့သည်။
ရွေးကောက်ပွဲ ဥပဒေများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ ၀င်ခွင့်မရစေရန် ကန့်သတ်ချက်များပါရှိသည်။
NLD ပါတီမှ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များကို လက်ကိုင်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ အခြေစိုက် ဧရာဝတီ သတင်းထောက် ဇာနည်မာန် ပူးပေါင်းရေးသားသည်။

ယုံကြည်လက်ခံနိုင်သည့်ရွေးကောက်ပွဲဖြစ်ရန်အီးယူနှင့်အာဆီယံတိုက်တွန်း

ရန်ပိုင် Thursday, May 27, 2010
စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာပြီး အများယုံကြည် လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဥရောပ သမဂ္ဂ (အီးယူ)နှင့် အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) တို့က တိုက်တွန်း လိုက်သည်။

ယမန်နေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးမင်းသားမိုဟာမက်ဘိုကီးရား(အလယ်)နှင့်စပိန်နိုင်ငံခြားရေးဝန်ကြီး Miguel Angel Moratinos (ယာ) တို့တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံများ၊ အီးယူ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ၏ တရက်တာ ဆွေးနွေးပွဲကို စပိန်နိုင်ငံ မက်ဒရစ် မြို့တွင် ပြုလုပ်ခဲ့ ပြီးနောက် ၎င်းပူးတွဲ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။
အဆိုပါ ပူးတွဲ ကြေညာချက်တွင် “ထိန်းသိမ်းခံ နိုင်ငံရေး သမားများကို စောစီးစွာ လွှတ်ပေး ခြင်းသည် လာမည့် ရွေးကောက်ပွဲ၌ အားလုံး ပါဝင်နိုင်ရန် ဖန်တီး ပေးရာ ရောက်ပြီး ငြိမ်းချမ်းသော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ် လာစေရန် အထောက် အကူပြုနိုင် မည်ဟု ထင်မြင်ကြောင်း” ပါရှိသည်။
ယခုကဲ့သို့ အာဆီယံအဖွဲ့နှင့် အီးယူတို့က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းကို ကြိုဆိုကြောင်း မလေးရှားနိုင်ငံ အခြေစိုက် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့(AIPMC) အလုပ်အမှုဆောင် ညွန်ကြားရေးမှူးဟောင်း ရိုရှန် ဂျေဆင်က ဧရာဝတီသို့ ပြောသည်။
“ဒီထက်ပိုပြီးတော့ ပိုမိုလွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်အောင် တောင်းဆိုရဦးမယ်”ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစု အနေဖြင့် တင်းကျပ်စွာ ရေးဆွဲထားသည့် ရွေးကောက်ပွဲ ဥပဒေများကို စစ်အစိုးရ အနေဖြင့် ပြန်လည် သုံးသပ်လာစေရန် အမှန်တကယ် အရေးယူသင့်သည်ဟု မစ္စတာ ရိုရှန် ဂျေဆင်က ပြောသည်။
စပိန်နိုင်ငံရေးခြားရေး ၀န်ကြီးဌာန၊ အာရှ-ပစ္စဖိတ်ဆိုင်ရာ အကြီးအကဲ ဟိုဆေး ယူဂျင်းနိုး ဆလာရစ်(Jose EugenioSalaric)ကလည်း“မြန်မာစစ်အစိုးရအနေဖြင့်တရားမျှတ၍ပွင့်လင်းမြင်သာပြီး အများလက်ခံနိုင်သည့်နိုင်ငံရေးလုပ်ငန်းစဉ်တခုရေးဆွဲမည်ဆိုလျှင်အနည်းဆုံးဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ပြည်ဆုံမှု ရှိရမည်”ဟု ပြောကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးပြီး အစိုးရကဖွဲ့စည်းထား သည့် ပါတီများ အပြင် အတိုက်အခံ ပါတီများ အားလုံးပါဝင်နိုင်ရမည်ဟုလည်း ဟိုဆေး ယူဂျင်းနိုး ဆလာရစ် က ဆိုသည်။
ရွေးကောက်ပွဲလေ့လာရေး ကိုယ်စားလှယ် အဖွဲ့ ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး၊ နောက်ဆုံးတွင် အပြီးသတ် သဘောတူညီမှု ရလိမ့်မည်ဟု မျော်လင့်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်(Catherine Ashton)က ပြောကြောင်း စပိန်နိုင်ငံမှ အရာရှိတဦးကလည်း ဆိုသည်။
စစ်အစိုးရကမူ“ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာ ရှိပါကြောင်း၊ နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည်မဟုတ်ပါကြောင်း” ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အမေရိကန် နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် ယခုလဆန်းပိုင်း နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောဆိုထားသည်။