မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 29 mei 2010

မင်္ဂလာဈေးမီးလောင်မှုဆိုင်ခန်းရှင်များကိုငွေချေးမည်

မျိုးချစ်သူ / ၂၈ မေ ၂၀၁၀
မီးလောင်သွားသောမင်္ဂလာဈေးစတုတ္ထထပ်မှဆိုင်ခန်းပိုင်ရှင်များကိုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင် ဥက္ကဋ္ဌ မြို့တော်ဝန်က ပြောကြားကြောင်း ဈေးသူဈေးသားများက ပြောသည်။
“ဒီနေ့မနက်ကလာပြောသွားတယ်။သူကမီးလောင်တဲ့ဆိုင်ခန်းပိုင်ရှင်တွေကိုမင်္ဂလာဈေးသစ်မှာ နေရာချပေးသွားမယ်တဲ့။ ပြီးတော့ မင်္ဂလာမွန်ဈေး အနောက်ဘက်က ဘောလုံးကွင်းမှာ ကျန်တဲ့ဆိုင်တွေကို ယာယီနေရာ ချပေးသွားမယ်တဲ့။ ကျမတို့အနေနဲ့ကတော့ ဆုံးရှုံးမှုတွေ များတယ်လေ၊ ကံအကြောင်းပဲပေါ့။ အခုလို ယာယီနေရာ ချပေးမှာနဲ့ ငွေထုတ်ချေးမယ်ဆိုတာ ကြားရုံနှင့်ပဲ ကျေနပ်မိတယ်။ ဘယ်လို ချေးပေးသွားမယ် ဆိုတာတော့ မပြောသွားပါဘူး။ လိုရင်တော့ ကျမတို့ စည်ပင်ကို မေးရမှာပါ” ဟု ဆိုင်ခန်း မီးလောင်ရာတွင်ပါသွားသည့် ဆေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။
အဆိုပါဈေးမှမီးလောင်သွားသည့်အထပ်ကို(၂)လအတွင်းအမြန်ဆုံးအကြီးစားပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ(၂၇)ရက် နေ့လယ်ပိုင်းတွင် တာမွေအထက(၁)၌ ဈေးသူဈေးသားများအား ခေါ်ယူပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဝင်းကလည်း ပြောကြားခဲ့သည်။
မင်္ဂလာဈေးကို အကြီးစားပြင်ဆင်မှုပြုလုပ်ပြီးပါက မီးသင့် ဈေးသူဈေးသားများအား ဆိုင်ခန်းများကို ယခင်အတိုင်း ပြန်လည်နေရာချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းက “အခကြေးငွေ တပြားမှပေးစရာ မလိုဘူး၊ ဈေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်မယ်။ ပြီးရင် အရင်အတိုင်းပဲ ပြန်ပြီးတော့ နေရာပေးမှာပါ။ စိတ်မပူကြဖို့ ကျနော်ပြောချင်တယ်” ဟု ဆိုသည်။
၁၉၉၇ ခုနှစ်ဝန်းကျင်ကတည်ဆောက်ခဲ့ပြီးယခု(၁၃)နှစ်ကာလရှိပြီဖြစ်သည့် အဆိုပါဈေးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဖြစ်သည်ဟု ရန်ကုန်စည်ပင် မှတ်တမ်းများအရ သိရသည်။
ယခု မင်္ဂလာဈေးအတွင်းရှိ မီးမလောင်သည့်အထပ်များမှ ပစ္စည်းများကို မိမိအစီအစဉ်ဖြင့် မိမိတို့ဘာသာ အဆင်ပြေမည့် နေရာများသို့ အမြန်ပြောင်းရွှေ့ပြီးပါက သတ်မှတ်ပေးထားသည့် ယာယီဈေးသို့ ပြောင်းပေးမည်ဖြစ်သည့်အတွက်မေ(၂၇)ရက်မှစတင်ကာပစ္စည်းများကိုလုံခြုံရေးများနှင့် စီစဉ်ဆောင်ရွက်နေသည်ဟု ဦးအောင်သန်းဝင်းက ပြောသည်။
မင်္ဂလာဈေးမီးသည် မေ (၂၄)ရက် နံနက် (၈)နာရီကျော်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မေ(၂၅)ရက် ညနေ (၆)နာရီ ၀န်းကျင်အချိန်တွင် လုံးဝမီးငြိမ်းသွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းသည့် စတုတ္ထထပ်ရှိ ဆိုင်ခန်း (၇၉၇)ခန်း အပါအ၀င် ဈေးတခုလုံးတွင် ဆိုင်ခန်းစုစုပေါင်း (၄,၀၀၀) ၀န်းကျင်ရှိကြောင်း သိရသည်။

Geen opmerkingen: