မြန်မာပြည် အချိန်
သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
woensdag 26 mei 2010
USDP မက်လုံးပေး စည်းရုံး
စိုင်းဇွမ်ဆိုင်း Wednesday, May 26, 2010
လက်ရှိတာဝန်ထမ်းဆောင်နေဆဲဝန်ကြီးများပါဝင်ဖွဲ့စည်းထားသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်နယ်နှင့် တိုင်းတချို့၌ ဒေသခံ အာဏာပိုင်များ၏ သြဇာသုံးပြီး မက်လုံးပေး၍ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရှမ်းပြည် မြောက်ပိုင်း၊ တနင်္သာရီ တိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ယင်းသို့ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
USDP သည် စည်းရုံးရေးကို ကျေးရွာ လူကြီးများမှ တဆင့် လုပ်ဆောင်ခဲ့ ကြသည်ဟု သိရသည်။ ပါတီဝင် အဖြစ် အသိမှတ် ပြုခံရပြီး ပါတီဝင် သက်သေခံကတ် ရရှိပါက ခရီးသွားလာမှုများ ပိုမို လွယ်ကူမည် ဖြစ်ကြောင်း၊ ပါတီဝင် သက်သေခံ ကတ်သည် နိုင်ငံသား စိစစ်ရေး ကတ်နှင့် မကွာ ခြားကြောင်း ရွာသူ ရွာသားများကို ပြောဆို စည်းရုံးခဲ့သည်ဟု ရှမ်းပြည် မြောက်ပိုင်း ဒေသခံများက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျေးရွာသူ တဦးက“သူတို့ လျှောက်လွှာတွေ လာပေးတုန်းက ကျမ အိမ်မှာ မရှိ ဘူး၊ မနေ့က အိမ်ကိုပြန်ရောက်တော့ အိမ်ကလူတွေက သူတို့အဖွဲ့ထဲ ဝင်စေချင်နေတယ်၊ ပိုပြီးမှ သွားရလာရတာ လွယ်အောင်လို့ ဆိုပြီး ပြောကြတယ်”ဟု ဆိုသည်။
နမ့်ခမ်းမြို့နယ်မှ မန်စက်ရွာသူတဦးကလည်း“ကျမတို့ ကျေးရွာအုပ်စုမှာ မန်စက်၊ မန်ကောင်း၊ မန်ကန် နှင့် အွယ်လော ရွာတွေ ပါပါတယ်။ လျှောက်လွှာတွေကိုတော့ အရင်တပတ်ကတည်းက ယူလာပြီး ဖြည့်ခိုင်း ထားပါတယ်။ မနေ့က တော့ ဖြည့်ထားတဲ့ လျှောက်လွှာတွေကို ပြန်လာယူပြီး သူတို့အဖွဲ့ထဲ ဝင်မယ့်သူတွေကို ဓာတ်ပုံရိုက် သွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန်စက်ရွာတွင် လူဦးရေ ၂၀၀ ခန့်ရှိပြီး ကျန်ရွာ သုံးရွာတွင် အနည်းဆုံး ၁၅၀ ခန့်စီ ရှိကြောင်း သိရသည်။
USDPသည်မကွေးတိုင်းနှင့်တနင်္သာရီတိုင်းတို့တွင်လည်းပါတီဝင်များစည်းရုံးခြင်းကို လုပ်ဆောင်နေကြောင်း သိရ သည်။
မကွေးတိုင်းရှိ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင်လည်း USDP မှ အလားတူ စည်းရုံးမှုများ ရှိနေ ကြောင်း ဒေသခံများက ပြောသည်။
“အဖွဲ့ဝင်မယ့်သူတွေဆီကနေ ဝင်ကြေး ကျပ် တထောင်၊ ဓာတ်ပုံဖိုး ငါးရာ ယူပြီးမှ အဖွဲ့ဝင်အဖြစ် စုဆောင်းနေပါတယ်” ဟု ရေနံချောင်းမှ ဒေသခံ တဦးက ဆိုသည်။
USDPမှထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သောစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းသည် လည်း တနင်္သာရီတိုင်း မြိတ်မြို့နယ်ဘက်သို့ ကိုယ်တိုင် စည်းရုံးရေးဆင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
USDP ပါတီဝင် ဖြစ်လာပါက ငွေထုတ်ချေးမည်။ မှတ်ပုံတင် မရှိသူများအတွက် ခရီးသွားလာရေး လွယ်ကူစေမည် စသည်ဖြင့် ပြောဆိုပြီး စည်းရုံးကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့) ကျေးရွာ စည်းရုံးရေးမှူး များသည်လည်း ပါတီ စည်းရုံးရေးမှူးများအဖြစ် ပြောင်းလိုက်ကြကြောင်း သိရသည်။
ပါတီဝင်များ စည်းရုံးရာတွင် ထိုကဲ့သို့ ကျေးရွာ အာဏာပိုင်များ၏ သြဇာကိုအသုံးပြုခြင်းသည် ရွေးကောက်ပွဲ ဥပဒေ များနှင့် ညီညွတ်မှုမရှိကြောင်း ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ဧရာဝတီသို့ပြောသည်။
“ဒီလိုမျိုး သူကြီးတွေ၊ ရွာ အာဏာပိုင်တွေကို ပါတီဝင် စည်းရုံးတဲ့ နေရာမှာ သုံးတယ်ဆိုတာကို မလျော်သြဇာ သုံးတယ် လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူတို့တွေက အာဏာရပါတီ ပုံစံပေါက်နေတော့လည်း ဘယ်သူမှ မပြောသာဘူးပေါ့”ဟု ဦးအောင်သိန်းက ဆိုသည်။
ပါတီဝင် သက်သေခံကတ်များကို နိုင်ငံသား မှတ်ပုံတင်သဖွယ် အသုံးပြုနိုင်ကြောင်း ပြော၍ စည်းရုံးခြင်းသည် မြို့နယ် နှင့် ရွာများမှ မှတ်ပုံတင်မရှိသူများကို မက်လုံးပေးခြင်းသာဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။
USDPသည်နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ဦးဆောင်သည့် နိုင်ငံရေးပါတီတခုဖြစ်သည်။ USDP ကို ဧပြီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် လျှောက်ထားရန် ခွင့်ပြုခဲ့သည်။
USDP သည် ကြံ့ဖွံ့အသင်းကြီး၏ အမွေခံပါတီ ဖြစ်ပြီး၊ ပါတီဝင်ဝန်ကြီးများသည် အစိုးဝန်ထမ်းမဟုတ်သော နိုင်ငံရေး တာဝန်များ ဖြစ်သည်ဟု ကြံ့ဖွံ့ အတွင်းရေမှူး ဦးဌေးဦးက မေလ ၁၂ ရက်နေ့တွင် မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ ဆုံရာ၌ ပြောခဲ့သည်။
Geen opmerkingen: