မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 mei 2010

ရေလှူသူများကိုကြံ့ဖွံ့အလံနှင့်တံဆိပ်များတပ်ဆင်ခိုင်း

ကိုထွေး Wednesday, May 19, 2010
.ပဲခူးတိုင်းအတွင်း သောက်သုံးရေ ပြတ်လပ်သော ဒေသများသို့ ရေလှူရန် သွားရောက်သည့် စေတနာ့ဝန်ထမ်း အလှူရှင်များ၏ ကားများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင် (ကြံ့ဖွံ့)များက ၎င်းတို့ အလံနှင့် တံဆိပ်များ တပ်ဆင် ယူဆောင်သွားရန် ပေးအပ်နေကြောင်း သိရသည်။
ထို့အပြင် ဝေါမြို့နယ်သို့ ရေလှူရန် သွားရောက်သည့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်၊ လှူဒါန်းမည့် ငွေ၊ ကားနံပါတ် စသည်တို့ကို မှတ်တမ်းတင်ကာ စစ်ဆေး မေးမြန်းမှုများလည်း ပြုလုပ်ကြောင်း ပဲခူးဒေသခံတဦးက ဆိုသည်။
ပဲခူးမြို့နယ် NLDဥက္ကဋ္ဌ ဦးမြတ်လှက“ရဲတွေက ကားနံပါတ်တွေ ဘာတွေမှတ်တယ်၊ ကြံဖွံ့တွေလည်း ပါလာတယ်၊ပြီးတော့သူတို့ပို့ခိုင်းတဲ့ဆီပို့မလားပေါ့၊ပို့မယ်ဆိုရင်ဒီအလံတွေယူသွားပေါ့၊ အဲသလိုနဲ့သွားရတယ်”ဟု ပြောသည်။
ယင်းစုံစမ်းစစ်ဆေးမှုများကြောင့် အာဏာပိုင်များနှင့် စေတနာ့ဝန်ထမ်းများအကြား ပဋိပက္ခ တချို့ရှိကြောင်း၊ စေတနာ့ ၀န်ထမ်း အများစုမှာ လူငယ်များဖြစ်ကြောင်း၊ တချို့က လာရောက်ပေးအပ်သည့် ကြံ့ဖွံ့ အလံနှင့်တံဆိပ်များကို လွှင့်ပစ်ခဲ့ကြောင်းလည်း သူက ဆိုသည်။
လက်ရှိ ရေပြတ်လပ်သော ဒေသများသို့သွားရောက်ကာ ရေ ဖြန့်ဖြူးပေးနေသည့် နာရေးကူညီမှု အသင်း၏ ဥက္ကဋ္ဌ ဦးကျော်သူက “တခြားတံဆိပ်တွေ လာကပ်ရင် ကျနော်တို့က လက်မခံပါဘူး၊ နာရေး ကူညီမှုအသင်း တံဆိပ်နဲ့ပဲ သွားမှာပါ”ဟု ပြောသည်။
ထို့အပြင် ပဲခူးမြို့တွင် ကြံ့ဖွံ့က ရေလှူသည့်ပုံစံဖြင့် ဓာတ်ပုံများကို ရိုက်ယူခဲ့ကြောင်း ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်က ပြောပြသည်။
“၁၇ ရက်နေ့ ည ၇ နာရီလောက်မှာ ကြံ့ဖွံ့က ပဲခူးရွှေမော်ဓော ဘုရားအနီးမှာ ဆိုက်ကား အစီး ၅၀ ခန့်ကို ရေသန့်ဘူးလေးတွေ တင်တယ်၊ ဓာတ်ပုံတွေရိုက်၊ ဗွီဒီယိုတွေ ရိုက်တယ်၊ ပြီးတော့ ဆိုက်ကားသမားတွေကို ပိုက်ဆံပေးပြီး ပြန်လွှတ်တယ်၊ တကယ် ရေမလှူဘဲနဲ့ ရေလှူတဲ့ ပုံစံကို အခုချိန်ထိလုပ်တုန်းပဲ”ဟု ဦးအေးမြင့်က ပြောသည်။
ရန်ကုန်တဖက်ကမ်းရှိ ဒလမြို့သို့သွားရောက် ရေလှူဒါန်းခဲ့သူ တဦးကလည်း ကြံ့ဖွံ့က ၎င်းတို့ ကားကိုအလံများ၊ တံဆိပ်များ ပေးအပ်ခဲ့ကြောင်း၊ အလှူရှင် တချို့က ရေလှူရရေးအတွက် အလံများကို ယူဆောင်သွားကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံ တ၀န်းတွင် အပူရှိန်များ ယခုနှစ်အတွင်း မြင့်တက်ခဲ့သည်။ ဧပြီလအတွင်း ပျမ်းမျှအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် အထိ မြင့်တက်ခဲ့ကြောင်း အစိုးရထုတ် သတင်းစာ ဖော်ပြချက်များ အရ သိရသည်။ ယင်းကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်ခဲ့ရာ သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်လာသည်။
အပူချိန် မြင့်တက်ပြီး မိုးရွာသွန်းမှု မရှိခြင်းကြောင့် ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်များတွင် သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Geen opmerkingen: