မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 mei 2010

ကျောင်းအပ်ခများသတ်မှတ်နှုန်းထက်ပိုပေးရ

သော်ညိမ်း Wednesday, May 19, 2010
.အစိုးရ စာသင် ကျောင်းများ၌ ကျောင်းအပ် နှံရာတွင် သတ်မှတ် နှုန်းထားထက် ပိုမိုတောင်းခံခြင်း မပြုရန် သက်ဆိုင်ရာက ညွှန်ကြားထား သော်လည်း အပိုငွေများ ပေးဆောင် နေရဆဲ ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၁၀-၁၁ ပညာသင်နှစ် အတွက် ရန်ကုန်မြို့ရှိ နာမည်ကြီး ကျောင်းများတွင် အပ်နှံမည်ဆိုပါက သတ်မှတ်နှုန်းထားထက် ပို၍ ပေးအပ်နေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့မှ ကျောင်းသားမိဘများက ပြောသည်။
“ကျမသားလေးဒီနှစ်ဗိုလ်တထောင်ဘက်ကကျောင်းတကျောင်းမှာကျောင်းစအပ်တယ်၊ဒါပေမယ့်မြို့နယ်မတူလို့ ဆိုပြီးကျောင်းအတွက်ကျပ်တသိန်းခွဲပေးရတယ်”ဟုသင်္ဃန်းကျွန်းမြို့နယ်မှ ကျောင်းသားမိဘ တဦးက ဆိုသည်။
အစိုးရသတ်မှတ်နှုန်းထားမှာကျောင်းသား တဦးလျှင် ကျပ် ၅၀၀၀ ၀န်းကျင်ခန့်သာ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။ကျောင်းအပ်ရာသီတွင်အပိုငွေကြေးကောက်ခံပါကကောက်ခံသည့်ပမာဏ အလိုက် အရေးယူမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနအမှတ်(၃)အခြေခံပညာဦးစီးဌာန က ထုတ်ပြန်ထားသည်။
နေပြည်တော်ရှိပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတဦးကလည်းကျောင်းအပ်နှံရာတွင် အပိုငွေကြေးတောင်းခံသည့် ငွေပမာဏ ပေါ် မူတည်၍ ရာထူးမှထုတ်ပယ်ခြင်း၊ နယ်ပြောင်းခြင်း၊ ရာထူးချခြင်းများဖြင့်အရေးယူသွားမည်ဖြစ်ကြောင်းပြောသည်။ အခြေခံပညာသင်ကြားနေသောကျောင်းသားများကျောင်းအပ်နှံရာတွင် သတ်မှတ်နှုန်းထားထက်ပိုမိုတောင်းခံမှု များရှိပါက ပညာရေး ၀န်ကြီးဌာနသို့ တိုင်ကြားနိုင်သည်ဟုလည်း ဆိုသည်။
ရန်ကုန်မြို့ရှိဒဂုံမြို့နယ်အထက်တန်းကျောင်းအမှတ်(၁)တွင်ကျောင်းအပ်ခဲ့သည့် ကျောင်းသားမိဘတဦးက“ဂျာနယ်တွေမှာ ပါ တော့ ၀မ်းသာသွားတယ်၊ ကျောင်းလည်း သွားအပ်ကော အဲဒီကျောင်းမှာထားရဖို့ လိုင်းဝင်ရသေးတယ်၊ ကျပ် နှစ်သိန်း ကျော်ပေးရ တယ်”ဟု ဆိုသည်။
လက်လုပ်လက်စား အခြေခံ လူတန်းစားများ အနေဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ အခြေခံကျောင်းများတွင် အပ်နှံကြသော်လည်း ငွေကြေးတတ်နိုင်သူများက ရန်ကုန်မြို့ရှိနာမည်ကြီး ကျောင်းများတွင် ၎င်းတို့၏ သားသမီးများကိုအပ်နှံကာ မိဘချင်းဂုဏ်ပြိုင်မှု လည်း ရှိကြသည်ဟု ရန်ကုန်မြို့မှ နာမည်ကျော် ကျူရှင်ဆရာ တဦးက ပြောဆိုသည်။
“မိဘတွေအနေနဲ့ကလည်း ဆင်ခြေဖုံးရပ်ကွက်ကျောင်းတွေမှာ ကျောင်းထားရင် ကလေးစာမတတ်မှာ စိုးရိမ်တာက တကြောင်း၊ မိဘချင်း ဂုဏ်ပြိုင်တာကတကြောင်း မြို့ထဲကျောင်းမှာထားနိုင်ဖို့အတွက် ငွေပုံပေးနေရတာ”ဟု ၎င်းက ပြောသည်။
၂၀၁၀-၁၁ ပညာသင်နှစ်တွင် ပညာရေးစနစ်ကို ပုဂ္ဂလိက ပညာရေးစနစ်အဖြစ် ပုဂ္ဂလိကကျောင်း ၁၀ ကျောင်းကို လုပ်ကိုင်ခွင့်ပြုခဲ့ ရာ ယင်းကျောင်းများ၏ တနှစ် စာ ကျောင်း လခ စရိတ်မှာ ကျောင်း၏ ၀န်ဆောင်မှုပေါ်မူတည်၍ ကျပ် သိန်းနှစ်ဆယ်မှ သုံးဆယ် ၀န်းကျင်ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ပုဂ္ဂလိကကျောင်းမှာထားဖို့ လက်လှမ်းမမီတဲ့သူ၊ ရပ်ကွက်ကျောင်းတွေမှာ မထားချင်တဲ့သူတွေက မြို့ထဲကျောင်းတွေမှာ ကလေး တွေ ကိုထားကြတယ်”ဟု ပုဂ္ဂလိကကျောင်း ဖွင့်ခွင့်ရရှိထားသော ဆရာတဦးက ပြောသည်။
ရန်ကုန်မြို့၏ နာမည်ကျော်ကျောင်းများအနက် ဒဂုံ(၁)၊ ဗိုလ်တထောင်(၂)၊ (၄)၊ (၅)၊ (၆)၊ လသာ(၁) စသောကျောင်းများတွင် ကျောင်းစတင်တက်ရောက်မည့်သူများအနေဖြင့် တဦးလျှင် ကျပ် တသိန်းမှ လေးသိန်း အထက် ပေးနေရကြောင်း ကျောင်းသား မိဘများ ထံမှ သိရသည်။
“ကိုယ်ထားချင်တဲ့ကျောင်းမှာ ထားလို့ရဖို့အတွက် ကျောင်းရန်ပုံငွေ သဘော ပေးရတာပါ၊ ကျောင်းစ ထားမယ့်ကလေးတွေ၊ ကျောင်းပြောင်းတွေက ပေးရတယ်၊ ကျောင်းသားဟောင်းတွေ ကျတော့ မပေးရဘူး”ဟု လသာမြို့နယ်မှ ကျောင်းသားမိဘ တဦးဖြစ်သူ ဦးအံ့ကူ က ပြောသည်။

Geen opmerkingen: