မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 27 mei 2010

မင်္ဂလာဈေးမီးလောင်မှုဆိုင်ရှင်၃ဦးတရားစွဲခံရ

သန်းထိုက်ဦးThursday,May27,2010
.ရန်ကုန်မြို့ရှိမင်္ဂလာဈေးမီးလောင်မှုနှင့်ပတ်သက်၍ဈေးဆိုင်ပိုင်ရှင်၃ ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက မီးပေါ့ဆမှုဖြင့် မင်္ဂလာ တောင်ညွန့် ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မေလ၂၄ရက်နေ့ကရန်ကုန်မြို့ရှိအကြီးဆုံးဈေးတခုဖြစ်သောမင်္ဂလာဈေးမီးလောင်မှုကိုလူအများ ကြည့်ရှုနေစဉ်(ဓာတ်ပုံ-AP)
အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကို မီးသတ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးစီးသော အဖွဲ့က စုံစမ်း စစ်ဆေးခဲ့ရာ ရေနွေးအိုးမှ ရေခန်းပြီး အပူလွန်၍ အနီးအနားရှိ အလှကုန် ပစ္စည်းများသို့ မီးကူး စက်ကာ မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း သတင်းစာက ဆိုသည်။
“မီးလောင် ကျွမ်းမှု ဖြစ်စဉ်တွင် စ(၈၀/၈၁) ဆိုင်ပိုင်ရှင်များ ဖြစ်သော ဦးတင်အောင်၊ မသီတာရွှေ (ခေါ်) မသီတာ၊ မခင်မာအေးတို့
၃ ဦးအား မင်္ဂလာ တောင်ညွန့် ရဲစခန်းမှ မီးပေါ့ဆမှုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားသည်”ဟု သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
ယင်း ဆိုင်ခန်း ပိုင်ရှင်များကို အမှုဖွင့် အရေးယူခြင်းနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းသို့ ဧရာဝတီသတင်းဌာနမှဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ရဲဝန်ထမ်း တဦးက အထက်အရာရှိများနှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ဖြေကြား သော်လည်း အသေးစိတ် အချက်အလက်များကို ဖြေကြားခြင်း မရှိခဲ့ပေ။
သို့သော် ရန်ကုန်မြို့ရှိ အမည်မဖော်လိုသော သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ ထိုဆိုင်ခန်းပိုင်ရှင် ၃ ဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နေ့လယ်ပိုင်းက ယင်း မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေး စတုတ္တထပ်နှင့် အပေါ်ဆုံး ထပ်ရှိ စားသောက်ဆိုင်ခန်းများမှ ဈေးသူ ဈေးသားများကို ဗဟန်း မြို့နယ် အတွင်းရှိ မင်္ဂလာဈေး ဓမ္မာရုံတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ များက ခေါ်ယူ တွေ့ဆုံနေသည်ဟုလည်း ၎င်း က ဆိုသည်။
ထို မီးလောင်မှုသည် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မင်္ဂလာဈေး စတုတ္တထပ်ရှိ အလှကုန် ပစ္စည်းအရောင်းဆိုင်မှ စတင် လောင်ကျွမ်းခဲ့ရာ ၂၅ ရက်နေ့ နံနက်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုတွင် ပြည်သူ ၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိကြောင်းလည်း သတင်းစာကဆိုသည်။
မီးလောင်မှုကြောင့် အလှကုန်ပစ္စည်းနှင့် ဆေးဝါး အရောင်း ဆိုင်ခန်း ၇၉၇ ခန်း၊ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်ပေါင်း ၄၈ ဆိုင် မီးလောင် ဆုံးရှုံးခဲ့သည်။ ပစ္စည်း ဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုး ကျပ် သိန်းပေါင်း (၂၀၉၂၆၃)သိန်း ဖြစ်ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ တွက်ချက်ဆဲဖြစ်ကြောင်း အစိုးရသတင်းစာတွင် ရေးသားထားသည်။
မင်္ဂလာဈေးသည် ယခင် ဈေးဟောင်းကို ဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အအုံ အတွင်း၌ လမ်းများကျဉ်းခြင်း၊ ဆိုင်ခန်းများ ကျပ်ညပ်နေခြင်း၊ လေဝင်လေထွက် မကောင်းခြင်းတို့ ရှိသော်လည်း ရန်ကုန်မြို့၏ အကြီးဆုံး လက်ကားဈေးကြီး တခုဖြစ်သည်။
မင်္ဂလာဈေးတွင် အထည်အလိပ်၊ ဆေးဝါး၊ ပရိဘောဂ၊ လူသုံးကုန်ပစ္စည်းများ၊ နိုင်ငံခြားဖြစ် မုန့်မျိုးစုံ၊ အလှကုန်ပစ္စည်းများကို လက် ကား ရောင်းချသည်။
ရန်ကုန်မြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလက သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ခဲ့ပြီးနောက် ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက် ဈေး မီးလောင်ခြင်း ဖြစ်သည်။

Geen opmerkingen: