မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 17 mei 2010

အပူချိန်ကြောင့်ရန်ကုန်တွင်လူသေဆုံးမှုများ

မျိုးဝင်းဇော် / ၁၇ မေလ ၂၀၁၀
မြန်မာနိုင်ငံ မြို့အသီးသီးတွင် လတ်တလော အပူဒဏ်ကြောင့်ဖြစ်သည့် နောက်ဆက်တွဲ ရောဂါများဖြင့် သေဆုံးသူဦးရေမြင့်တက်လာနေပြီး၂ဝဝ၉ ခုနှစ်ဧပြီ၊မေလတို့နှင့်နှိုင်းယှဉ်ပါက(၂)ဆနီးပါးခန့်ရှိကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “အပူဒဏ်ကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ရောဂါနဲ့ သေသူတွေ ပိုများလာတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ။နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့၂ဝဝ၉ခုနှစ်ဧပြီ၊မေလတွေမှာတရက်ပျမ်းမျှ နာရေး(၃၅)ခုကနေ(၄၅)ခုအကြား၊အများဆုံး(၅၀)ဆောင်ရွက်ပေးရတယ်။ဒီနှစ်ဧပြီ၊မေမှာတရက်ပျမ်းမျှ အလောင်းပေါင်း(၇ဝ)လောက်ကူညီပေးရတယ်။(၁၅)ရက်နေ့ကဆိုအလောင်းပေါင်း(၇၁)လောင်း၊(၁၆) ရက်နေ့ နေ့လယ်(၁၂)နာရီခွဲပဲရှိသေးတယ်၊အလောင်း(၆၁)လောင်းကူညီခဲ့ရပြီ” ဟုပြောသည်။
နာရေးကူညီမှုအသင်းသည် နိဗ္ဗာန်ယာဉ်(၁၇)စီးဖြင့် နာရေးကိစ္စများကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယခုစာရင်းသည်၎င်းတို့နာရေးကူညီမှုအသင်း(ရန်ကုန်)ကကူညီသည့်နာရေးစာရင်းဖြစ်ပြီး အခြား နာရေးကူညီမှုအသင်းများ၊ဘာသာရေးအသင်းများနှင့်ထိန်ပင်မီးသင်္ဂြိုဟ်စက်ဘက်က စာရင်းများ မပါဝင်သေးကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ မိသားစုဝင်တဦး သေဆုံးသွားသဖြင့် မြန်မာ့အလင်းသတင်းစာတွင် နာရေးကြော်ငြာ သွားထည့်သူတဦးကလည်း ယခုရက်ပိုင်း နာရေးကြော်ငြာ ထည့်သွင်းသူ များနေ၍ စာမျက်နှာတိုးပြီး ဖော်ပြပေးသော်လည်း မလောက်ငကြောင်း၊ ၎င်းအနေဖြင့်လည်း နာရေးကြော်ငြာ ထည့်သွင်းရန် လိုအပ်သည့်ရက်တွင် ထည့်သွင်းခွင့်မရသည့်အတွက် ရပ်နီးရပ်ဝေးမိတ်ဆွေများကို တယ်လီဖုန်းဖြင့် အကြောင်းကြားမှု လုပ်ခဲ့ရကြောင်း ပြောသည်။
မြောက်ဥက္ကလာပဆေးရုံမှအထွေထွေရောဂါကုဆရာဝန်တဦးက“အခုရက်ပိုင်း လူအသေများလာတယ်ဆိုတာ အဓိကအားဖြင့် သက်ကြီးရွယ်အိုတွေ အပူဒဏ်၊ မီးပျက်တဲ့ ဒဏ်တွေကြောင့် အစားအသောက်ပျက်တာ၊အိပ်မရဖြစ်တာစတဲ့အခြေအနေတွေကနေအားနည်းပြီးသေဆုံးတာမျိုးဖြစ်တယ်” ဟုပြောသည်။
မော်လမြိုင်မြို့ခံဂျီပီဆရာဝန်မတဦးကလည်းယခုရက်ပိုင်း၎င်းတို့နေထိုင်ရာပန်းပဲတန်းရပ်တွင် အပူဒဏ်မခံနိုင်၍နောက်ဆက်တွဲဖြစ်ပွားသည့်ရောဂါများဖြင့်အသက်(၁ဝဝ)ကျော်အဖွားအိုတဦးအပါအဝင် အသက်အရွယ်ကြီးရင့်သူ အတော်များများ သေဆုံးမှုရှိကြောင်း အတည်ပြုပြောဆိုသည်။
ယခုကဲ့သို့ အပူဒဏ် ပြင်းထန်လာခြင်း၊ နှစ်ပေါင်း (၅ဝ-၆ဝ) အတွင်း လျှပ်စစ်မီး ပြတ်တောက်မှုအခြေအနေ အဆိုးရွားဆုံး ဖြစ်နေခြင်းတို့ကြောင့် အဲကွန်းဖြင့် နေထိုင်နိုင်ခြင်း၊ အဲကွန်းမတတ်နိုင်သူများက ပန်ကာလေဖြင့်ပင် နေထိုင်နိုင်ခြင်း မရှိသည့်အတွက် ရန်ကုန်နေပြည်သူအချို့သည် ညဘက် တိုက်ခန်းများမှထွက်ပြီး လမ်းဘေးသစ်ပင်အောက် အိပ်သူများပင် ရှိလာကြောင်း မြို့ခံတဦးက ပြောသည်။
ယမန်နေ့တွင် ထူးခြားသည့် နေ့အပူချိန်များအဖြစ် ချောက်မြို့တွင် (၄၅.၉) ဒီဂရီ စင်တီဂရိတ်၊ မုံရွာ၊ မြင်းခြံ၊ မကွေးမြို့တို့တွင် (၄၅.၅) ဒီဂရီ စင်တီဂရိတ်၊ ညောင်ဦးမြို့ (၄၅.၂) ဒီဂရီ စင်တီဂရိတ်၊ ပခုက္ကူမြို့ (၄၅.၁) ဒီဂရီ စင်တီဂရိတ်၊ ကလေးမြို့ (၄၅)ဒီဂရီ စင်တီဂရိတ်နှင့် မင်းဘူးမြို့ (၄၄.၆)ဒီဂရီ စင်တီဂရိတ် အသီးသီးရှိကြကြောင်း နအဖသတင်းစာတွင် ဖော်ပြပါရှိသည်။

Geen opmerkingen: