မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 30 april 2011

နိုင်ငံရေးအရ ပူးပေါင်းမှုမရှိဟု ရွေးကောက်ပွဲဝင် ပါတီများကို ဝေဖန်

လင်းသန့် Saturday, 30 April 2011 18:48
.ရွေးကောက်ပွဲဝင်အတိုက်အခံနိုင်ငံရေးပါတီများ၏ ခေါင်းဆောင်ပိုင်းများသည် လွှတ်တော်ပြင်ပ ဒီမိုကရေစီ အင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားလိုက်သည်။
၂၀၁၀ရွေးကောက်ပွဲကာလကမဲဆွယ်စည်းရုံးရေးဆင်းနေသောဒီမိုကရက်တစ်ပါတီ(မြန်မာ)(ဓာတ်ပုံ-AP)
တရားမ၀င်အသင်းများနှင့်မဆက်သွယ်ရဟူသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်းအဆိုပါ၂၀၁၀ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှု ပိုများလာကြောင်း သိရသည်။
တရားမ၀င်အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့်ဆက်သွယ်မှုမပြုကြရန်တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်ကဧပြီ ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေးခဲ့သည်။
“အခုဟာကအစိုးရသစ်အပေါ်သဘောထားတွေ၊တောင်းဆိုချက်လက်မှတ်ထိုးလှုပ်ရှားမှုတွေ၊စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာတွေအပေါ်မှာမတူကွဲပြားနေကြတာပိုထင်ရှားလာတယ်”ဟုနိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။
ယခုတပတ်အတွင်း ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲဝင် အတိုက်အခံ နိုင်ငံရေးပါတီ ၁၁ ပါတီ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ရုပ်သိမ်းပေးရေး စာရေးတောင်းဆိုမှုကိုလည်း ကျန်အတိုက်အခံအဖွဲ့များက ဝေဖန်ပြောကြားကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ အမည်မဖော်လိုသူ သံဃာတော်တပါးကလည်း ဦးသုဝေတို့ကဲ့သို့ လွှတ်တော်တွင်းမှ နိုင်ငံရေးပါတီများအနေနှင့် တိုင်းပြည်အတွက် လက်ငင်းလိုအပ်ချက်များကို တောင်းဆိုနေသော တခြားသော အင်အားစု အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်း အစီအစဉ်ကို အစိုးရသစ်က ဖော်ဆောင်ပေးလိုက်ပါက သက်ဆိုင်ရာနိုင်ငံများကို ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးရန် စာရေးတောင်းဆိုနေရန် မလိုကြောင်း မိန့်ကြားသည်။
၈၈မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုတိုးကျော်လှိုင်က “အန်ကယ် ဦးသုဝေတို့က အစိုးရနဲ့အဆင်ပြေရေး အရမ်းရှေ့တန်းတင် လုပ်နေတော့ အစိုးရအကြိုက်လုပ်တဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။
ကိုတိုးကျော်လှိုင်ဆက်လက်၍“ကျနော်တို့အနေနဲ့ကတော့အတိုက်အခံအားလုံးပူးပေါင်းပါဝင်ဖို့ အခုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအ၀င် ပြည်သူ့အသံလှုပ်ရှားမှုအတွက် သူတို့ဆီကိုသွားတယ်။ ပါတီခေါင်းဆောင်တွေက လောလောဆယ် မပါဝင်လိုဘူးတဲ့၊ ဒါပေမယ့် ကျန်ပါတီဝင်တွေက ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးကြတယ်” ဟု ပြောသည်။
ဦးသုဝေကမူ “ကျနော်တို့က လွှတ်တော်ထဲမှာရော ၊ အစိုးရအဖွဲ့သစ်ကိုရော နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ မေတ္တာရပ်ခံတင်ပြတယ်။ အလားတူ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်လည်း တိုက်တွန်းတဲ့ပုံစံနဲ့ ချဉ်းကပ်တယ်။ လုပ်နည်းလုပ်ဟန် မတူလို့ ပူးပေါင်း မလုပ်ဆောင်တာပါ။ သူတို့က တိုက်ပွဲပုံစံဖြစ်နေလို့” ဟု ရှင်းပြသည်။
နိုင်ငံရေးလှုပ်ရှားသူကိုဖြိုးမင်းသိန်းက“နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအပါအ၀င် ပြည်သူလူထုအသံ လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ရေးထိုးထားပြီး ပူးပေါင်းဆောင်ရွက်ကာ ပြည်သူနဲ့တသားတည်းရှိကြောင်း ပြသခဲ့ပါတယ်” ဟု ပြောသည်။
အစိုးရသစ်အပေါ်ပြည်တွင်းအတိုက်အခံအင်အားစုများဖြစ်သည့်၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအပါအ၀င်အဖွဲ့ပေါင်း၁၁ဖွဲ့မှဧပြီလ၂၉ရက်စွဲဖြင့် အသိပေးထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။
အဆိုပါအသိပေးချက်တွင် အစိုးရသစ်ဆိုသည်မှာ စစ်အာဏာရှင်စနစ် ရေရှည်ရေးအတွက် ဖွဲ့စည်းပုံနှင့် အကာအကွယ်ယူ၍ ရွေးကောက်ပွဲအမည်ခံကာ ပါတီစုံအဖြစ် ပုံဖော်ထားပြီး ယခင်အစိုးရနှင့် မည်သို့မျှ မပြောင်းလဲကြောင်း ထောက်ပြထားသည်။
ထို့အပြင်အစိုးရသစ်၏အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်၍လည်းအစိုးရအဖွဲ့တွင်စုစုပေါင်းနေရာ ၃၅ နေရာရှိသည့်အနက်စစ်တပ်မှစစ်ဗိုလ်များက၂၆နေရာယူထားသည်သာမကကျန်သူများမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)မှသာဖြစ်ကြောင်းအသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
သံဃာ့တပ်ပေါင်းစုမှအမည်မဖော်လိုသူသံဃာတော်က“လွှတ်တော်တွင်းအတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့အခုအစိုးရသစ်ပေါ်ထွန်းလာတာကိုအပြောင်းအလဲအဖြစ်လက်ခံနေကြပြီး စီးပွားရေးဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးရေးပဲ သူတို့ အစဉ်တစိုက်ကြိုးစားလာတာ” ဟု မိန့်ကြားသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုသည် ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြန့်ကြာနေရမှုများအပေါ် သက်ဆိုင်ရာနိုင်ငံများက လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး အဆိုပါအရေးယူမှုသည် မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် ပေါ်ပေါက်စေရေး ဖိအားပေးယန္တရားအဖြစ် ကျင့်သုံးနေခြင်းသာဖြစ်ကြောင်း လေ့လာသူများက ထောက်ပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့်အမေရိကန်၊ဥရောပသမဂ္ဂနှင့်တခြား ဒီမိုကရေစီရေးထောက်ခံသော နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးခြင်းအပေါ် ထောက်ခံကြိုဆိုကြောင်း ကြေညာခဲ့ပြီး ဆက်လက်ထားရှိသင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာနှင့် မေးမြန်းခန်းများတွင် ပြောဆိုထားသည်။

စီမံချက်ဖြင့် ဖမ်းဆီးမှုများကြောင့် မီဇိုရမ်နေ မြန်မာများပုန်းရှောင်

ဇာနည်မာန် Saturday, 30 April 2011 18:52
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ တရားမ၀င် နိုင်ငံခြားသားများကို လိုက်လံဖမ်းဆီးနေသည့် စီမံချက်ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင် ရပ်နားကာ ပုန်းရှောင်နေကြရသည်။
အိုက်ဇောမြို့ဇောင်းတွီရပ်ကွက်မှမြန်မာလုပ်သားများနေထိုင်အလုပ်လုပ်ရာယက်ကန်းရုံများ(ဓာတ်ပုံ-ဧရာဝတီ)
“မနက်ကတင်ဒီက၄ယောက်ဖမ်းခံရတယ်။နောက်ထပ်လာဖမ်းမယ်ဆိုတော့အခုရက်ကန်းယက်တာ တွေလည်း ရပ်ထားပြီး ပုန်းနေကြရတယ်။ စနေနေ့တိုင်း တပတ်တခါ ဈေးဝယ်နေကျကိုတောင်ဈေးမ၀ယ်နိုင်ကြဘူး။ မြို့ထဲမှာ ရဲကားတွေနဲ့ လိုက်ဖမ်းနေတာ”ဟု ယက်ကန်းလုပ်ငန်း အများစုတည်ရှိရာ ဇောင်းတွီရပ်ကွက်မှ မြန်မာရွှေ့ပြောင်းလုပ်သားတဦးက ပြောသည်။
ယမန်နေ့ညကကျော်မွှန်ရပ်ကွက်အတွင်းရပ်ကွက်အာဏာပိုင်များကတအိမ်တက်ဆင်း လိုက်လံရှာဖွေစစ်ဆေးကာ ကလေးငယ်များအပါအ၀င် မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီခဲ့သည်ဟု သိရသည်။
ယမန်နေ့က အိုက်ဇောမြို့အတွင်း ဖမ်းဆီးခဲ့သူ စုစုပေါင်း ၆၀ ဦးတွင် မြန်မာနိုင်ငံသား ၄၀ ကျော်ပါဝင်ကြောင်း၊ ကျန်သူများမှာ တခြားပြည်နယ်များမှ ပြည်နယ်ဖြတ်ကျော်ခွင့် ပါမစ်မရှိဘဲ လာရောက်သည့် အိန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း၊ ယနေ့ဖမ်းဆီမှုများနှင့်ဆိုလျှင် မြန်မာနိုင်ငံသား ၈၀ ရှိပြီဖြစ်ကြောင်း သိရသည်။
တခြားပြည်နယ်မှ အိန္ဒိယနိုင်ငံသားများကိုမူ ယနေ့နေ့လည်တွင် တရားရုံးတင်ပြီး နေရပ်ပြန်ပို့ဖွယ်ရှိသည်ဟု သိရှိရသည်။
ပြီးခဲ့သည့် သင်္ကြန်တွင်းကာလကလည်း ပွဲတော်ကျင်းပနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးခဲ့ရာ ၁၃ ဦး ထိမ်းသိမ်းခံနေရဆဲဖြစ်ပြီး တရားရုံး ရုံးချိန်းများ သွားနေရကြောင်း၊ ၎င်းတို့ကို ဒဏ်ငွေနှင့် နေရပ်ပြန်ပို့ဖွယ်ရှိကြောင်း၊ ကျန် အဖမ်းခံရသူများကိုမူ အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် လူမူရေးအသင်းအမှုဆောင် တဦးဖြစ်သူ ကိုထွေးက ပြောသည်။
တရားမ၀င်နေထိုင်သူများကိုလိုက်လံဖမ်းဆီးခြင်းသည်ယခုနှစ်အတွင်း၎ကြိမ်မြောက်ဖြစ်ပြီး၊ မီဇိုရမ်ပြည်နယ် အစိုးရ၏ တရားမ၀င်နေထိုင်သူများ ပပျောက်ရေးစီမံချက်ကြောင့်ဖြစ်ကြောင်း သိရသည်။
ကိုထွေးက“စီမံချက်နဲ့လုပ်တာဆိုတော့အလုပ်ရှင်တွေကလည်းဒီကိစ္စမှာအခက်အခဲတွေဖြစ်နေတယ်။ အလုပ်သမားတွေအလုပ်မလုပ်ရဲတော့အလုပ်ရှင်တွေမှာထိခိုက်နစ်နာတာတွေများတယ်လို့ငြီးနေကြတယ်” ဟုပြောသည်။
နိုင်ငံခြားသားဖြစ်ဖြစ်စေ၊အိန္ဒိယနိုင်ငံသားဖြစ်စေမီဇိုရမ်ပြည်နယ်သို့လာရောက်နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံတွင်နေထိုင်ခွင့်လက်မှတ်တောင်းခံကြရသည်။ နေထိုင်ခွင့်လက်မှတ်တခု၏ သက်တမ်းမှာ နေထိုင်သူ၏ အလုပ်အကိုင်၊ လာရောက်သည့်အကြောင်းအရာအရ ၁ ပတ်မှ ၁ လအထိ ရှိသည်။
“မြန်မာနိုင်ငံသားအများစုကလက်မှတ်မရှိကြဘူး။ ရေရှည်နေဖို့ကိုလည်း သက်ဆိုင်ရာက ထုတ်ပေးတာ မရှိဘူး။ဒီလိုပဲသဘောတူညီမှုတခုနဲ့နေခွင့်ပေးထားတာဆိုတော့ သူတို့ ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရတယ်လေ။ အဲလိုဖြစ်နေတာ” ဟု ကိုထွေးက ရှင်းပြသည်။
မီဇိုရမ်ပြည်နယ်တွင်းနေ မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ ရက်ကန်းလုပ်ငန်း၊ ရွှေပန်းထိမ်လုပ်ငန်း၊ အိမ်ဖော်၊ ပန်းရံ၊ မြေတူး၊ လွှဆွဲ၊ လမ်းဖောက် စသည့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်နေထိုင်ကြသည်။
မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သည့် တရားမ၀င်နိုင်ငံခြားသားများအနက် မြန်မာနိုင်ငံသားအများစုမှာ ပြည်နယ်တွင်း ဖြစ်ပွားသည့် ရာဇ၀တ်မှုများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားခြင်းတို့တွင် ပါဝင်ပတ်သက်နေရာ အဆိုပါ ပြစ်မှုများကို ထိန်းချုပ်လိုသောကြောင့် ယခုကဲ့သို့ စီမံချက်ချ ဖမ်းဆီးမှုများ ပြုလာခြင်းဖြစ်နိုင်သည်ဟု တချို့က သုံးသပ်သည်။
မီဇိုရမ် ဒေသခံတဦးက “ပြည်နယ်အစိုးရက တရားမ၀င် နိုင်ငံခြားသားကိစ္စတွေကို ဖြေရှင်းချင်တာကြာပြီ။ တဖက်မှာလည်းဒီအလုပ်သမားတွေကိုမှီခိုနေရတဲ့အပိုင်းကလည်း ရှိနေတယ်။ နေထိုင်ခွင့်ပေးထားပြန်တော့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တာတွေ ဖြစ်လာ၊ ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်တာတွေက ဖြစ်လာတော့ ပြည်နယ် လုံခြုံရေးအတွက်ကလည်း သူတို့အတွက် စဉ်းစားစရာတွေ ဖြစ်လာတာပေါ့”ဟု ပြောသည်။
ဖမ်းဆီးခံရသူများသည် အနည်းဆုံး ဒဏ်ငွေ ရူပီး ၅၀၀ ပေးဆောင်ရဖွယ် ရှိသည့်အပြင် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ပြန်ပို့ခံရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုများကြောင့် အိုက်ဇောမြို့သို့ ပြန်ရောက်လာကြဦးမည့် သံသရာဖြစ်စဉ်အား သက်ဆိုင်ရာမှ မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရဦးမည်ဟု ၎င်းက ဆိုသည်။
အိုက်ဇောမြို့တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅ သောင်းထက် မနည်း ရှိကြောင်း သိရသည်။

ဒေါ်စုမိတ်ဆွေ စီးပွားရေး ပညာရှင် ဦးမြင့်၏ ပေးစာ

မဇ္ဈိမသတင်းဌာန စနေနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၇ မိနစ် . Buzz
အယ်ဒီတာခင်ဗျား …
(သမ္မတဦးသိန်းစိန်၏စီးပွားရေးရာအကြံပေးခေါင်းဆောင်ဦးမြင့်သည်ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် အကြံပေးခြင်းမျိုး ရှိခဲ့ကြောင်း ပြောဆိုခဲ့သူတဦး ဖြစ်သည်။ သူ၏ အယ်ဒီတာ့ထံ ပေးစာကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။)
ကျနော်နဲ့ဒေါ်အောင်ဆန်းစုကြည်အကြားဆက်ဆံရေးနဲ့ပတ်သက်ပြီးအမျိုးမျိုးထင်ကြေးပေး ပြောဆိုနေကြတာကိုလူကြီးမင်းတို့လည်းသိပြီးဖြစ်မှာပါ။ကျနော့်အနေနဲ့ သူနဲ့ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ လွတ်လပ် ပွင့်လင်းမှု ရှိပြီးတော့ နားလည်မှုရှိတဲ့ မိတ်ဆွေ အနေအထားနဲ့ စကားပြောခဲ့ကြတာပါ။ ကျနော်ဟာ သူ့ထက် အများကြီး အသက်ကြီးသူ ဖြစ်ပြီး၊ တက္ကသိုလ် ပါမောက္ခအဖြစ်လည်း ခေတ္တ တာဝန် ထမ်းဆောင်ခဲ့ဖူးသူပါ။ သူက အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ကျနော့်ကို တလေးတစားနဲ့ “ဆရာ” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။
တခါတခါမှာတော့ ကျနော်တို့ စီးပွားရေး အကြောင်းတွေ ပြောဆိုဆွေးနွေးကြပါတယ်။ အဲလို အချိန်တွေ ဆိုရင်တော့ ကျနော်က ပိုပြီး စိတ်တိုနေတတ်ပါတယ်။ အဲလို အခါမျိုးမှာဆိုရင် သူကတော့ အေးဆေး တည်ငြိမ်စွာနဲ့ သူပြောချင်တာကို ရွှင်ရွှင်လန်းလန်း ပြောဆိုဆွေးနွေးလေ့ ရှိပါတယ်။ ဒါ့ကြောင့် ကျနော့်အနေနဲ့ ‘ဘယ်သူက ဘယ်သူ့ကို စိတ်သက်တောင့်သက်သာ ဖြစ်လာအောင် ကြိုးစားနေတာလဲ” လို့တောင် မကြာခဏ တွေးမိပါတယ်။
စီးပွားရေးဟာ အလွန် အရေးကြီးတာကြောင့် စီးပွားရေး ပညာရှင်တွေတင် မကဘဲ ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ကျနော် သူ့ကို ပြောပြခဲ့ဖူးပါတယ်။ သူကလည်း သဘောတူပါတယ်။ ကျနော့်အနေနဲ့ ကုလသမဂ္ဂမှာ ဝါရင့် စီးပွားရေးပညာရှင် တယောက်အနေနဲ့ အနှစ် ၂ဝ တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့်ကျနော့်ကိုကုလသမဂ္ဂအတွေ့အကြုံ အနှစ် ၂ဝ ရှိခဲ့တဲ့ လူတယောက်အနေနဲ့ မမြင်ဖို့နဲ့၊၁နှစ်အတွေ့အကြုံကိုအကြိမ်၂ဝတွေ့ကြုံခဲ့တဲ့သူအဖြစ်ပဲသဘောထားဖို့သူ့ကိုကျနော် ပြောဆိုခဲ့ပါတယ်။ ကျနော့် အနေနဲ့ ကုလသမဂ္ဂမှာ အနှစ် ၂ဝ တာဝန် ထမ်းဆောင်ခဲ့ဖူးတာကြောင့် လိုအပ်လာရင် သဘောထားတွေ အယူအဆတွေကို အလွန်ပင် ပျော့ပြောင်းပေးနိုင်တဲ့သူ ဖြစ်ပါတယ်။
ကျနော်နဲ့ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစား ထင်မြင်ချက်ပေး ဝေဖန်ပြောဆိုကြသူအားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ကျနော့်စာကို နိဂုံးချုပ်ပါရစေ။ အားလုံးအနေနဲ့ စိတ်သက်တောင့်သက်သာနဲ့ အမြင်ကြည်လင်စေရေးအတွက် ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး ပါးခဲ့တဲ့ စကားလေးကို ဖော်ပြပါရစေ။
“ချစ်ခင်ရပါသောမစုစု၊မိုးဇက်ရဲ့ဂီတကိုနားဆင်ပါ။ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ပြီးတော့မစုစုရဲ့ အင်တာနက်သုံးတဲ့အခါ “servernotfound”တို့၊ “Oops!Youhavebeendisconnected”ဆိုတဲ့စာတွေ တွေ့ခဲ့ရင် သိပ်ပြီး စိတ်ညစ်မနေပါနဲ့။ အဲဒါက မစုတယောက်ထဲ မဟုတ်ဘဲ ကျနော်တို့အားလုံး အချိန်တိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ဟာပါ။ နွေးနွေးထွေးထွေး ခင်မင်လေးစားလျက် - ဆရာဦးမြင့်”

ဆုမွန်ကောင်းများစွာဖြင့်
ဦးမြင့်



vrijdag 29 april 2011

ဗြီတိသျှ တော်ဝင်မင်္ဂလာပွဲ မြန်မာများလည်း စိတ်ဝင်စား

နရီလင်းလက် Friday, 29 April 2011 19:42
တကမ္ဘာလုံးမှ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ဗြိတိန်ထီးနန်း၏ ဒုတိယမြောက် တော်ဝင် မင်းသား ဝီလျံ နှင့် ကိတ် မစ်ဒယ်လ်တန် တို့၏ မင်္ဂလာပွဲကို ၀က်စ်မင်စတာ ဘုရားကျောင်းတွင် ယနေ့ ပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာများလည်း သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
ယနေ့ကြီးကျယ်ခမ်းနားစွာလက်ထပ်မင်္ဂလာပွဲကျင်းပခဲ့သည့်ဗြီတိသျှတော်ဝင်ဇနီးမောင်နှံမင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်(ဓာတ်ပုံ-GettyImages)
“လောလောဆယ် ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့ဆုံးမှာရောက်နေတယ်။ ဒီနေ့ အစ်မနဲ့ အတူ အောက်စ်ဖို့ တက္ကသိုလ်၊ လန်ဒန် တက္ကသိုလ်နဲ့ တခြား တက္ကသိုလ်တွေက မြန်မာ သူငယ်ချင်း ၄၀ လောက် ပွဲလာကြည့်ကြတယ်။ နေရာတွေကတော့ တယောက်နဲ့ တယောက် မတူဘူးပေါ့”ဟု လန်ဒန်မြို့တွင် နေထိုင်သည့် မသင်းမာ က ဧရာဝတီကို ပြောပြသည်။
အောက်စ်ဖို့် တက္ကသိုလ်တွင် Nursing Management ဘာသာရပ်သင်ကြားနေသည့် မသင်းမာက“တော်ဝင် ဘုရင်မကြီးရဲ့ မြေး မင်္ဂလာဆောင်ဖြစ်သလို ၊ ဘုရင်စနစ်ကိုလေးစားတဲ့ သူတွေက စိတ်ဝင်တစား စောင့်ကြည့်တဲ့ပွဲပေါ့။ သတင်းပေါင်းစုံကို နေ့တိုင်းကြည့်နေရတော့ အခု အရှေ့အလယ်ပိုင်းမှာဆိုရင်လည်း အာဏာလုပွဲတွေ အမျိုးမျိုးဖြစ်နေတယ်။ စိတ်ညစ်စရာ သတင်းတွေရှိရင်လည်း စိတ်ညစ်ရပြီးတော့ တခါတလေ အခုလိုပျော်စရာမင်္ဂလာသတင်းကို ကြားချင်တယ်ပေါ့”ဟု ပြောသည်။
အကြီးကျယ်ဆုံးသောမင်္ဂလာပွဲဖြစ်သောကြောင့် လန်ဒန်ရှိ လူပေါင်းအားလုံးနီးပါး တက်ရောက်ခဲ့ကြကြောင်း၊ အိုင်ယာလန်ကဲ့သို့အနီးအနားနိုင်ငံများမှလည်းမင်္ဂလာပွဲသို့ လာရောက်ကြည့်ရှုသူများ တွေ့ရကြောင်းလည်း သူက ပြောဆိုသည်။
“မင်းသား၂ယောက်လုံးကိုကလေးဘ၀ကတည်းကချစ်တယ်။ဒါ့အပြင်အင်္ဂလန်ရဲ့ဘုရင်စနစ်ကို လေးစားတာရယ်၊ သူတို့ရဲ့ အစဉ်အလာကြီးမားလွန်းတာတွေကြောင့် ဒီပွဲကို လာကြည့်တာ။ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ ဒီမိုကရေစီ ဘုရင်စနစ်ကို ပြောင်းတဲ့နေရာမှာလည်း လူတွေသတ်တာ ဖြတ်တာမရှိဘဲ ညင်ညင်သာသာကူးပြောင်းခဲ့တာတွေကြောင့် လေးစားတယ်”ဟု မသင်းမာက ဆိုသည်။
အဆိုပါ တော်ဝင်မင်္ဂလာပွဲသို့ တက်ရောက်သည့် မြန်မာ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ ကြားတွင်ရှိနိုင်သည်ဟု လန်ဒန် အနောက် ဘက်တွင် နေထိုင်သည့် မဖြူ ကလည်း ဧရာဝတီကို ပြောသည်။
“နှစ်ပေါင်း၃၀အတွင်းမှာတော်ဝင်မင်္ဂလာပွဲကိုပထမဆုံးကိုယ်တိုင်မြင်ရတော့မယ်ဆိုတော့ အရမ်းပျော်မိတယ်။ဒီနေ့ပိတ်ရက်ဖြစ်တော့တချို့ကလည်းနန်းတော် ရှေ့မှာ၊ တချို့ကြတော့လည်း ဘုရားကျောင်းရှေ့မှာတော်တော်များများကိုယ့်အစီအစဉ်နဲ့လာကြည့်ကြမယ်လို့ထင်တယ်”ဟု သူက ပြောပြသည်။
မနက် ၇ နာရီကတည်းက ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့ကို ရောက်ရှိနေသည့်အတွက် ရှေ့ဆုံးနေရာရရှိနေသော်လည်း များပြားလွန်းသည့် လူအုပ်ကြောင့် မတ်တတ်ရပ်ရုံမှ လွဲ၍ လှုပ်ရှားမရဟု သူက ဆက် ပြောသည်။
“၀ီလျံက ဘုရင်ဖြစ်မယ့်သူဆိုတော့ အားလုံးက နဂိုကတည်းက စိတ်ဝင်စားနေတာ၊ သူ့ မင်္ဂလာပွဲဆိုတော့ ပိုစိတ်ဝင်စားကြတာပေါ့။ကျမဘေးနားကလူတွေဆိုရင်အိုင်ယာလန်ကနေလွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ပွဲလာကြည့်ဖို့ ရောက် နေ တာ။ ကိုယ်တွေက နိုင်ငံခြားသား အနေနဲ့ စိတ်ဝင်စားပြီး ဗဟုသုတ ရအောင် လာကြည့်တာ”ဟု မဖြူက ဆိုသည်။
မင်္ဂလာပွဲ ကျင်းပမည့် ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့တွင် နေရာကောင်းရရှိရန် ယမန်နေ့ကတည်းက ညအိပ်စောင့် ယာ ယီတဲများဖြင့် အုပ်စုလိုက် စောင့်အိပ်နေကြသည်ကို တွေ့ရသည်။
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(BurmaCampaign-UK)မှ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ဇိုရာ ဖန်းက“လူအရမ်းများတော့ ကိုယ်တိုင်သွားမကြည့်ဖြစ်တော့ဘူး။ အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ စုပြီး တီဗီကနေ စောင့်ကြည့် မယ်။ လန်ဒန်မှာကတော့ ဟိုးရက်တွေကတည်းက လန်ဒန်တမြို့လုံးမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာတွေကို တွေ့နေရ တယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး မြန်မာ လူငယ်တွေလည်း တော်တော်စိတ်ဝင်စားနေကြတယ်”ဟု ပြောသည်။
“ကျမသူငယ်ချင်းတွေကတော့ ဒီမင်္ဂလာဆောင်ပွဲကို ကိုယ်တိုင်သွားကြည့်မယ်လို့ ပြောတယ်။သူတို့ကတော့ ပြီးခဲ့တဲ့ ဒိုင်ယာ နာမင်းသမီးနဲ့ ချား မင်းသား မင်္ဂလာပွဲကို ကြားပဲ ကြားခဲ့ဖူးတယ်။ ကိုယ်တိုင်မမြင်ဘူးတော့ လက်ရှိသူတို့လည်း ဒီမှာရောက် နေ တော့ မင်္ဂလာဆောင်ကို သွားကြည့်ပြီး ခံစားမယ်လို့ ပြောကြတယ်”ဟု သူကဆက်လက် ပြောဆိုသည်။
မြန်မာပြည်တွင်း၌လည်း တော်ဝင်မင်္ဂလာသတင်းနှင့် ပတ်သက်၍ ဂျာနယ်အများအပြားတွင် ဖော်ပြကြသကဲ့သို့ အဆိုပါ သတင်း အား ပြည်တွင်းစာဖတ်ပရိသတ်များလည်း စိတ်ဝင်စားနေသည်ဟု သိရသည်။
“တခြား နိုင်ငံရေးအရ အကြီးကျယ်ဆုံး လက်ထပ်ပွဲ ဖြစ်လာမှာမို့ စိတ်ဝင်စားတာထက် စာရင် မြန်မာမှာ အများစုက မင်းသမီး ဒိုင်ယာနာကို ပိုသိကြတာလေ။ သူ့သား ရဲ့ မင်္ဂလာဆောင်ပွဲဆိုတော့ လူတွေက ပိုစိတ်ဝင်စားကြတယ်”ဟု ရန်ကုန်မြို့ရှိ ခရီးသွား ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ တဦးက ပြောပြသည်။
သူက ဆက်၍“ပြည်တွင်းမှာ တိုက်ရိုက် အင်တာနက်ကနေ လွှင့်တာကို ကြည့်ဖို့ လိုင်းက အရမ်းနှေးတယ်လေ။ စလောင်း လွှင့် တဲ့ ဆိုင်ကို သွားရမှာဆိုတော့ အရင်နေ့က ပြည်ပ သူငယ်ချင်း ဒေါင်းလော့လုပ်ပြီး ပို့ပေးတဲ့ သူတို့ ၂ ယောက် အကြောင်း ဖိုင် ကို ကြည့်နေတယ်”ဟု သူက ဆက်ပြောသည်။
ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်(QueenElizabethII)၏မြေးအကြီးဆုံး ဖြစ်သကဲ့သို့ အိမ်ရှေ့ စံမင်းသားကြီး ချားစ်နှင့်မင်းသမီးဒိုင်ယာနာတို့၏သားနှစ်ယောက်အနက်အကြီးဆုံးသားဖြစ်သည့် ဒုတိယမြောက် တော်ဝင်မင်းသား ၀ီလျံ (၂၈ နှစ်)သည် တွဲဖက် လေယာဉ်မှူး(Co-Pilot)အဖြစ် တော်ဝင်လေတပ်၏ ရှာဖွေ ကယ်ဆယ်ရေး ရဟတ်ယာဉ် အုပ်စုတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
ကိတ် မစ်ဒယ်လ်တန်(၂၈ နှစ်)သည် အွန်လိုင်းပေါ်မှာ ပါတီပွဲအတွက် ပြင်ဆင်သည့် ပစ္စည်းများ ရောင်းချသူ ဖခင် နှင့် လေယာဉ်မယ် မိခင်တို့မှ မွေးဖွားလာသည့် သာမန် မိသားစုဝင်တဦး ဖြစ်ပြီး မွေးချင်းညီအစ်မ သုံးယောက်ထဲတွင်သမီးအကြီးဆုံး ဖြစ်သည်။ ယခင်ကကိတ်သည်Jigsawအဝတ်အစားကုမ္ပဏီတွင် အဝယ်တော်လုပ်ပြီး ယခု ကျွမ်းကျင်သည့်ဓာတ်ပုံဆရာဖြစ် ရန် ကြိုးစားနေသူ ဖြစ်သည်။
မင်္ဂလာပွဲ ကျင်းပပြီးပါက မင်းသား ၀ီလျံသည် Cambridgeမြို့စားနေရာကို ရရှိမည်ဖြစ်ပြီး ကိတ် မစ်ဒယ်လ်တန်သည် Cambridgeမြို့စားကတော် နေရာရရှိမည်ဖြစ်သည်ဟု ဂါးဒီယန်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
တော်ဝင်မင်းသားကို လက်ထပ်ပြီးပါက ကိတ်သည် မင်းသမီး နေရာရလာမည်ဟု ထင်ခဲ့ကြသော်လည်း ယခုလောလောဆယ် တွင် မြို့စားကတော် နေရာနှင့်သာ ကျေနပ်လိုက်ရမည်ဖြစ်ကြောင်း ယင်း သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ မင်္ဂလာပွဲကို အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ဖိတ်ကြားကြောင်း သိရသည်။
မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(BurmaCampaign-UK)မှ MarkFarmanerက “တော်ဝင်မိသားစု မင်္ဂလာပွဲကို မြန်မာပြည် လို တိုင်းရင်းသား အမျိုးသမီးတွေကို အဓမ္မ ကျင့်တဲ့ ၊ အတိုက်အခံတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ ဒီလို နာမည်ဆိုးနဲ့ ကျော်ကြား တဲ့ အစိုးရ တရပ်ကို ဖိတ်တာ ရှက်စရာကောင်းတယ်”ဟု ပြောသည်။



အစိုးရသစ်လက်ထက် သတင်းလွတ်လပ်ခွင့် မျှော်လင့်ချက်မရှိ

ဧရာဝတီ Friday, 29 April 2011 11:51
.မြန်မာအစိုးရသစ် စတင် အာဏာရယူလာသည်မှာ ၁ လနီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်မရရှိသေးဘဲ အစိုးရသစ်ကို တိုက်တွန်းဝေဖန် ထောက်ပြသော သတင်းများ၊ အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ သတင်းများ အပါအ၀င် သတင်းအများစုကို ဖြုတ်ပယ်မှုများ ရှိနေသေးကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ-AP)
သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများတွင် ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်သော သတင်း မီဒီယာများ၏ကဏ္ဍအရေးကြီးကြောင်းထည့်သွင်းပြောဆိုခဲ့သော်လည်းယခုအချိန်အထိ သတင်းလွတ်လပ်ခွင့် မပေးဘဲ ပိတ်ပင်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
“အရင်ထက် စာရင်တော့ စိစစ်ရေးက သတင်းတွေ လွှတ်ပေးတာရှိပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေ အဓိက လုပ်ရမယ့် အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲသင့်တဲ့ အကြောင်းတွေကိုတော့အခုအချိန်အထိဖော်ပြခွင့်မပေးသေးဘူး”ဟုရန်ကုန်အခြေစိုက် သတင်းသမားတဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်လက်မှတ်ထိုး လှုပ်ရှားမှုသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အပြုသဘော ကြိုဆိုသည်ဆိုသော သတင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရန် နိုင်ငံရေးအင်အားစုများက တောင်းဆိုသည့် သတင်း စသည်ဖြင့်ဖော်ပြနိုင်ရန် သတင်းဂျာနယ်တချို့က စာပေစိစစ်ရေးကို တင်ပြကြကြောင်း၊ သို့ရာတွင် စာပေစိစစ်ရေးက ယင်းသတင်းများအား လုံးဝ ဖော်ပြခွင့်မပေးဘဲ ဖြုတ်ပယ်ခဲ့ကြောင်း သိရှိရသည်။
“နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပြည်တွင်း မီဒီယာတွေကို ကျယ်ကျယ်လောင်လောင် ပြောလာတယ်။ စာပေစိစစ်ရေးက အဲဒီ သတင်းတွေမှန်သမျှကို လုံးဝပယ်ချတယ်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုသတင်းတွေလည်း ဖော်ပြခွင့်မရဘူး။ ဒါက သတင်း လွတ်လပ်ခွင့် မရသေးဘူးဆိုတာထင်ထင်ရှားရှားပြနေပါတယ်”ဟု သတင်းဂျာနယ် အယ်ဒီတာဦးက ဆိုသည်။
ယခုတပတ်ထုတ် သတင်းဂျာနယ်များတွင် နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ဓာတ်ပုံများကို ဂျာနယ် အတွင်းစာမျက်နှာများတွင် ဖော်ပြခွင့် ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က နာရေးကူညီမှုအသင်းသို့ အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ လှူဒါန်းသည့် သတင်းနှင့် NLDမှ ဦးဝင်းတင်က ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနား တက်ရောက်သည်ဆိုသော သတင်းများကိုမူ စာပေ စိစစ်ရေးက ဂျာနယ်အများစုတွင် ဖြုတ်ပယ်ခဲ့သည်။
သို့ရာတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ဝင်ဒေါက်တာတင်ထွန်းဦး အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူသော MyanmarTimesဂျာနယ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအောက်၌ ပုံစာအဖြစ် ငွေလှူသည့် အကြောင်းကို ဖော်ပြခွင့် ပြုထားသည်။
အစိုးရ ၀န်ထမ်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ သတင်းများလည်း ဖော်ပြခွင့် မရကြောင်း ဂျာနယ်အသိုင်းအဝန်းက ပြောသည်။
“မှတ်ပုံတင်လုပ်ဖို့ လ၀က ကို ပိုက်ဆံပေးရတာ၊ ရန်ကုန်လေဆိပ်မှာ ပြန်လာတဲ့ အလုပ်သမားတွေကို ပိုက်ဆံ တောင်းနေတာ၊ ဆေးရုံတွေမှာ ပိုက်ဆံပေးမှ ခွဲစိတ်ပေးတာ အဲဒီလို သတင်းမျိုးတွေက လူထုကြားထဲက တက်လာတဲ့ သတင်းတွေပါ။ ဒါပေ မယ့် စာပေစိစစ်ရေးက ဒါမျိုးတွေကို ဖော်ပြခွင့်မပေးသေးဘူး။ ဒီသတင်းတွေက တကယ့်ကို လူထုအကျိုးပြု သတင်းတွေ ဖြစ်တဲ့အတွက် ဖော်ပြခွင့်ပေးသင့်ပါတယ်”ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။
မကြာသေးမီကလည်း သာသနာရေး ဝန်ကြီးဌာနမှ သတင်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုကြောင့် ဝန်ထမ်းများအား ခေါ်ယူစစ်မေးခြင်း၊ နယ်ပြောင်းအရေးယူခြင်းတို့ ပြုခဲ့သည်။
သတင်းဂျာနယ်အများစုကနေ့စဉ်သတင်းစာထုတ်ဝေခွင့်ရရှိရန်မျှော်လင့် နေကြသော်လည်း ယခုအချိန်အထိအစိုးရကတရားဝင်ခွင့်ပြုချက် မပေးသေးဘဲ စစ်တပ် ကျောထောက်နောက်ခံပေးထားသော မြ၀တီသတင်းစာတစောင်ကိုသာထုတ်ဝေခွင့်ပေးခဲ့ခြင်းကမမျှတသော လုပ်ရပ်ဖြစ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောဆိုနေကြသည်။
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကမူ သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များမှအပ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး၊ သုတ၊ ရသ၊ ကလေးစာပေ အပါအ၀င် စာပေ အမျိုးအစား ၆ မျိုးကို စာပေစိစစ်ရေး တင်ရန် မလိုဘဲ ထုတ်ဝေခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

စက်ရုံ စီးနင်းသော အလုပ်သမားများ အလုပ်ပြန်ဆင်း

သန်းထိုက်ဦး Friday, 29 April 2011 18:18
ကြက်သားစက်ရုံကုမ္ပဏီမှလုံခြုံရေးအစောင့်အကျပ်များနှင့်ခိုက်ရန်ဖြစ်ပွားခဲ့သောမြန်မာ အလုပ်သမားများတွင်ထိခိုက်ဒဏ်ရာရရှိသူတဦးကိုနစ်နာကြေးငွေပေးမည်ဟူသော အလုပ်ရှင်၏သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပြီး ယနေ့ အလုပ်ပုံမှန် ပြန်ဆင်းနေကြောင်း သိရသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ်တွင်ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ မြန်မာ အလုပ်သမားများ အဆောင်အနီးတွင် ဂစ်တာတီးနေစဉ် ထိုင်းလုံခြုံရေး အစောင့်အကျပ်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ပြီး ယခုတပတ် ဗုဒ္ဓဟူးနေ့က စတင်၍ အလုပ်သမား ၁၀၀၀ ခန့် သပိတ်မှောက် ခဲ့ကြခြင်း ဖြစ်သည်။
လုံခြုံရေး အစောင့်အကျပ်များက ၀ိုင်းရိုက်ခဲ့သော အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်းဆိုသူကို အလုပ်ရှင်က နစ်နာကြေး ဘတ် ငွေ ၂၀၀၀၀ ပေးမည်ဟု သဘောတူညီမှုရရှိကာ ဆန္ဒပြမှုများကို ရပ်ဆိုင်းပြီး အလုပ်ပြန်ဆင်းနေပြီ ဖြစ်ကြောင်း ၎င်း စက်ရုံမှ အလုပ်သမား ကိုနိုင်က ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် နေ့က မြန်မာအလုပ်သမားများက ဓားစာခံအဖြစ် ဖမ်းဆီးထားသော လုံခြုံရေး အစောင့်အကျပ် တဦးကို လည်း ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆိုသည်။
အလုပ်သမားများက ကုမ္ပဏီ လုံခြုံရေး အစောင့်အကျပ်များ ပိုင်သော ကားနှင့် ဆိုင်ကယ်တို့ကို ဖျက်စီးမှုနှင့် ပတ်သက်ပြီး အလုပ်ပိုင်ရှင်က ဖြေရှင်းပေးခဲ့ကြောင်း၊ အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားသောနေ့တွင် ဓာတ်ပုံလာရိုက်သည့် နယ်မြေခံ ရဲ ၅ ဦးထဲမှ တဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သို့သော် ဖမ်းဆီးခဲ့သည့် ရဲကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏ ပစ္စတိုသေနတ်၊ စကားပြောစက်နှင့် ကင်မရာ အပါအ ၀င် ဖုန်းများ ပျောက်ဆုံးခဲ့ကြောင်း အလုပ်သမား ကိုနိုင်က ရှင်းပြသည်။
“ဖုန်းနဲ့ ကင်မရာတို့ကို သူဘာမှ မပြောဘူး၊ အဓိက သူလိုချင်တာက သေနတ်ကိုပေါ့နော်၊ ကျနော်တို့လည်း ပြန်ရှာသေးတယ်၊ ဒါပေမယ့် မတွေ့ဘူး”ဟု ဆိုသည်။ သေနတ်ကို ယူသွားသူများက ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့် ရဲကို ပြန်မပေးရဲ ခြင်း ဖြစ်နိုင်ကြောင်း ကိုနိုင်က ဆက်လက်ပြောဆိုသည်။
အလုပ်သမားများစက်ရုံကိုမစီးနင်းချိန်ကာလအထိပြဿနာအဖြေရှာ၍ရသည့်စက်ရုံ ပဋိပက္ခတခုသာဖြစ်သည်ဟု ဖဲ့ချဘွန်းခရိုင်ဝန်ကြီးKongekwilasRujiwatthanaphongကို ကိုးကား၍ ယနေ့ The Nation သတင်းစာ၌ ဖော်ပြထားသည်။
စက်ရုံအနီးအနား၌ နေထိုင်သည့် ထိုင်း အမျိုးသမီးတဦးကလည်း“မြန်မာ အလုပ်သမားတွေကို လူလို မဆက်ဆံပါဘူး”ဟုပြော ဆိုကြောင်း The Nation တွင် ပါရှိသည်။
မြန်မာ အလုပ်သမားများသည် ကုမ္ပဏီလုံခြုံရေး အစောင့်အကျပ်များ၏ မတရား နှိပ်စက်မှုများကိုလည်း မကြာခဏခံရကြောင်း ၎င်းက ဆိုသည်။
လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(HRDF)ကညွှန်ကြားရေးမှူး အန်ဒီဟောလ်ကလည်း အလုပ်သမားများသည်ယာယီ နိုင်ငံကူးလက်မှတ် ရရန်အတွက် ကြိုးပမ်းနေကြောင်း၊ အလုပ်သမားများ အနေဖြင့် အလုပ်သမားအခွင့် အရေးကို အပြည့်အ၀ မရရှိသောကြောင့် မကျေနပ်မှုများ တနေ့တခြား ကြီးထွားလာကြောင်း ပြောသည်။
ယင်း အခင်းဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန်ကို သေချာသိရှိနိုင်ရန် အာဏာပိုင်များက စုံစမ်း ဖော်ထုတ်ရမည် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။
အလုပ်သမားများအဆိုအရဓားစာခံအဖြစ်အဖမ်းခံရသောရဲကိုအလုပ်သမားများက ရိုက်နက်ခဲ့သည့်အတွက် အလုပ်ပိုင်ရှင်ကထိုက်တန်သောနစ်နာကြေးပေးမည်ဖြစ်ကြောင်းပြောသည်။အတည်မပြုနိုင်သော သတင်းများ အရ ဘတ်ငွေ ၅၀၀၀၀ ပေးမည် ဟု ကြားသိရသည်။
ယင်း အလုပ်ရုံတွင် အလုပ်လုပ်နေသူများသည် မြန်မာနှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး တရားဝင် အလုပ်လုပ်သမား လက်မှတ် မရှိသူ အများစုဖြစ်ကြောင်း သိရသည်။
အခင်ဖြစ်ပွားခဲ့သည့် နေ့က လုံခြုံ ရေးတင်းကျပ်ထားသော်လည်း အင်အားသုံးဖြိုခွင်းခဲ့သည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။ ယမန်နေ့ ညနေကလည်း စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားသော ရဲနှင့် လူဝင်မှု ကြီးကြပ်ရေး(လ၀က) တို့က ပြန်ရုပ်သိမ်းသွားပြီး ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံး သိန်းခန့်ရှိ ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

ကျောက်ဖြူ ပြည့်တန်ဆာခန်းများ အာဏာပိုင်များ ကာကွယ်ပေးနေ

ခင်ဦးသာ Friday, 29 April 2011 16:31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရပ်ကွက်တချို့၌ ကာရာအိုကေဆိုင်များ၊ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာပြီး ထိုလုပ်ငန်းများ၏ လုံခြုံရေးကို သက်ဆိုင်ရာ အာဏာပိုင်များက အခကြေးငွေယူကာ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
                                               မဒေးကျွန်းပေါ်မှရေနက်ဆိပ်ကမ်းတရုတ်စီမံကိန်း(ဓာတ်ပုံ-နိရဉ္စရာ)
“ည ၉ နာရီ၊ ၁၀ နာရီလောက်ဆိုရင် ရေနက်ဆိပ်ကမ်းအတွက် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေက ပိုက်ဆိပ် ရပ်ကွက်ဘက်ကို အလှူသွားသလိုပဲ အစုလိုက် အပြုံလိုက် သွားနေကြတာ။ သူတို့ရဲ့လုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေက တာဝန်ယူပေးထားတယ်”ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။
ကျောက်ဖြူမြို့တွင် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာကြောင်း၊ ရန်ကုန်မြို့မှ လိင်အလုပ်သမ ရာနှင့်ချီ ခေါ်ဆောင်လာကာ ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ စေတီတောင် ရပ်ကွက်တို့၌ ဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်းများတွင် လုပ်ကိုင်ခိုင်းထားကြောင်း သိရသည်။
ထိုလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြသောကြောင့် ဒေသခံများက ၎င်းတို့၏ သားသမီးများ၊ ပညာသင်အရွယ် လူငယ်များအတွက် စိုးရိမ်မှုများဖြစ်နေကြသည်ဟု မြို့ခံများက ဆိုသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ တည်ဆောက်နေသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင် စက်ရုံစီမံကိန်း လုပ်ငန်းများအတွက် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ၏ လိင် ဖြေဖျော်ရေးအတွက် အဆိုပါ ပြည့်တန်ဆာခန်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။
စီမံကိန်းလုပ်ငန်းများအတွက် တရုတ်နိုင်ငံသားများ ထောင်နှင့်ချီ၍ ကျောက်ဖြူမြို့သို့ ရောက်ရှိနေပြီး မေလနှင့်ဇွန်လတွင် တရုတ်နိုင်ငံသား ၁၀၀၀ ခန့် ထပ်မံရောက်ရှိဦးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်ဖြူမြို့သို့ ရောက်လာစဉ် ပြောဆိုသွားကြောင်း မြို့ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် တဦးက ပြောသည်။
“ဦးလှမောင်တင်ကတရုတ်တွေရဲ့လုံခြုံရေး၊နေထိုင်ရေးတွေကိုဒေသခံတွေပါဝင်ကူညီပေးဖို့လည်း ပြောသွားတယ်။ ဒီအပေါ်မှာ မြို့ခံတွေက ၀န်ကြီးချုပ်ကို မကျေမနပ် ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ကျောက်ဖြူမြို့သို့ ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူ တဦးအနေဖြင့် လာ ရောက်ခဲ့သော်လည်း ကြံ့ဖွံ့ပါတီဝင်များနှင့်သာ တွေ့ဆုံခဲ့ပြီး တခြားသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များနှင့် တွေ့ဆုံမှုမရှိခဲ့ဟု သိရသည်။
“သူကကြံ့ဖွံ့ပါတီဝင်ဆိုပေမယ့်ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေပြီလေ။ဒါပေမယ့်ပါတီစွဲ ပုဂ္ဂိုလ်စွဲ ထားနေတုန်းပဲ။ ဒေသခံ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီဝင် တဦးက ဝေဖန်သည်။
ကျောက်ဖြူမြို့ပေါ်၌ ပြည့်တန်ဆာလုပ်ငန်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ကိစ္စကိုမူ ပြည်နယ်ဝန်ကြီးက တစုံတရာ ပြောဆိုသွားခြင်း မရှိဟု သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်အပြင်အဖွဲ့ဝင်ဝန်ကြီးများသည်လည်းကျောက်ဖြူမြို့သို့မကြာခဏ ရောက်ရှိနေသည့်တိုင်ထိုဒေသတ၀ိုက်၌ဒေသအာဏာပိုင်များ၏ ခြိမ်းခြောက်မှု၊ဒေသခံ စစ်တပ်၏ ဆက်ကြေးမတရားတောင်းခံနေမှု၊အခွန်အခမတရားကောက်ခံနေမှုများသည် တစုံတရာ အပြောင်းအလဲမရှိဘဲ ပိုမိုဆိုးလာသည်ဟု ကျောက်ဖြူဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းပေါ်ပေါက်ပြီးနောက်ပိုင်းတွင် လုံခြုံရေးအတွက်ဟုဆိုကာ စစ်တပ်အင်အားတိုးချဲ့လာပြီး ကျောက်ဖြူ လေတပ်စခန်း ဌာနချုပ် လက်အောက်ခံ စစ်တပ်မှ စက်လှေများသည် ပင်လယ်ပြင်အား ကြီးစိုး၍ ဆက်ကြေး တောင်းခံခြင်းများ ဆက်တိုက် လုပ်နေကြောင်း သိရသည်။
“ကျောက်ဖြူဆိပ်ကမ်းကိုဘယ်လိုလှေမျိုးပဲလာလာပိုက်ဆံတောင်းတယ်၊ပင်လယ်ထဲမှာ စစ်တပ်စက်လှေတွေ ဟိုနားတစင်း၊ ဒီနားတစင်း ဖြန့်ချထားပြီး မြင်တဲ့ စက်လှေတိုင်းကို ကပ်ခိုင်းတယ်၊ လှေပေါ်တွေ့တာယူတယ်၊ ပိုက်ဆံတောင်းတယ်၊ ကပ်ခိုင်းလို့ မကပ်ပေးရင် သေနတ်နဲ့ ပစ်တယ်”ဟု ကျောက်ဖြူ - တောင်ကုတ် ပြေးဆွဲနေသော စက်လှေပိုင်ရှင် တဦးက ဆိုသည်။
“မြို့ပေါ်သွားရင်ဟိုပစ္စည်းဝယ်လာပေးပါ၊ဒီပစ္စည်းဝယ်လာပေးပါဆိုပြီးမှာတယ်။ဝယ်လာပေးပြီးရင် ပိုက်ဆံပြန်မပေးဘူး၊ကျေးဇူးပဲသွားလို့ရပြီဆိုပြီး ပြောတယ်”ဟု စက်လှေပိုင်ရှင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
မောင်းလာသည့် စက်လှေအား ပိုက်ဆံတောင်းရန် ကမ်းကပ်ခိုင်းရာ အနည်းငယ်နောက်ကျသွား၍ ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်းအုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာလကသေဆုံးခဲ့ရသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင်၎င်းနှင့်ဆက်နွှယ်နေသော စီမံကိန်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်း မလာကျွန်း၊ ကျောက်ဖြူမြို့ပေါ်တို့၌ အသီးသီး တည်ဆောက်နေကြပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူကျောက်ဖြူ -လားရှိုး-မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် မီးရထားလမ်း စီမံကိန်းကိုလည်း မကြာမီ တည်ဆောက်မည်ဟု သိရသည်။
မီးရထားလမ်း စီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ChinaRailwayEngineeringCorporation၏ ဥက္ကဋ္ဌ Mr-LiChangJinဦးဆောင်သောတရုတ်အဖွဲ့နှင့်မြန်မာအစိုးရတို့သည်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးထိုစီမံကိန်းသည်၃နှစ်ခန့်ကြာမြင့်မည်ဟုဧပြီလ၂၈ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

နေပြည်တော် ၀က်ရောင်းဝယ်သူများ တိမွေးကု ထောက်ခံစာယူရန်လို

စည်သူ Friday, 29 April 2011 16:07
နေပြည်တော်ခရိုင်အတွင်းဝက်နားရွက်ပြာရောဂါဖြစ်ပွားနေသည့်အတွက်ဝက်များရောင်းဝယ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(မွေး/ကု)၏ကျန်းမာကြောင်း ထောက်ခံချက်ယူရမည် ဖြစ်ကြောင်း ဒေသခံ ၀က်မွေးမြူသူများက ပြောသည်။
                မန္တလေးတိုင်းတွင်းရှိ ရေကန်အတွင်း၌ဝက်များမွေးမြူထားသောခြံတခြံ(ဓာတ်ပုံ-ကြေးမုံဝင်း)
နေပြည်တော်ပျဉ်းမနားမြို့နယ်မွေး/ကုဌာနတွင်ဧပြီ၁၉ရက်ကပြုလုပ်သည့်ဝက်နားရွက်ပြာရောဂါအကြောင်း ပညာပေးဟောပြောပွဲ၌မွေး/ကုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်ကြီးက နေပြည်တော်ခရိုင်တွင် ၀က်နားရွက်ပြာရောဂါဖြစ် ပွားနေကြောင်း တရားဝင် ပြောကြားထားသည်။
“ဒေါက်တာ အောင်ကြီးက ၀က်တွေနာမကျန်းဖြစ်ရင် မွေး/ကု ကို အကြောင်းကြားဖို့ ပြောသွားပါတယ်”ဟု ဟောပြောပွဲ တက် ရောက်ခဲ့သည့် ဒေသခံ တဦးက ပြောသည်။
နေပြည်တော်တွင် ၀က် နားရွက်ပြာ ရောဂါ ဖြစ်ပွားမှု ထောင်ဂဏန်းရှိပြီး သေဆုံးမှု ရာဂဏန်းခန့်ရှိကြောင်း ဒေသခံ ၀က်မွေးမြူသူများ၏ အဆိုအရ သိရသည်။
“ဖြစ်တာက ဧပြီလဆန်းကတည်းက ဖြစ်တာ။ တိမွေးကုကို အကြောင်းကြားပေမယ့် ဘာမှ မလုပ်ဘူး။ သင်္ကြန်ပြီးမှ ပညာပေး ဟော ပြော တာတွေ လုပ်လာတာပါ၊ အခုလည်း ၀က်သယ်ဆောင်ရောင်းဝယ်ရင် မွေး/ကု ဌာနရဲ့ဝက်ကျန်းမာကြောင်း ထောက်ခံချက် ရယူရမယ်လို့ ထုတ်ပြန်ထားပါတယ်”ဟု ပျဉ်းမနားမြို့မှ ၀က်မွေးမြူသူတဦးက ပြောကြားသည်။
မကျန်းမာသည့်ဝက်များ၊ ၀က်နားရွက်ပြာဖြစ်သည့်ဝက်များ သယ်ဆောင်ရောင်းချပါက မည်သို့ အရေးယူမည် ဆိုသည်ကိုမူ ယင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားခြင်းမရှိကြောင်း သိရသည်။
နေပြည်တော် အပါအ၀င် မန္တလေးတိုင်း နှင့် မကွေးတိုင်း များတွင် ၀က်နားရွက်ပြာ ရောဂါ ဖြစ်ပွား၊ သေဆုံးမှု ရှိကြောင်း ဧပြီ ၂၇ ရက် ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ၀က်နားရွက်ပြာ ရောဂါသည် မန္တလေးတိုင်းတွင် ဖေဖော်ဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ၆၀၀ ကျော် သေဆုံးခဲ့ပြီး မကွေးတိုင်း၌ဧပြီလဆန်းတွင်ဆက်လက်ဖြစ်ပွားခဲ့ကာဝက်ကောင်ရေ ၁၂၀ ခန့် သေဆုံးခဲ့ကြောင်း မွေး/ကုဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်ထားသည်။
ဝက်သားများ ၀ယ်ယူစားသုံးရာတွင်လည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ခံ ဈေးများတွင်သာ ၀ယ်ယူ စားသုံးရမည်ဟု ထုတ်ပြန်ထားသော်လည်း ယင်းဈေးများတွင်ပင် ၀က်နားရွက်ပြာ ရောဂါကြောင့် သေဆုံးသည်ဟု ယူဆရသည့် ၀က်သေများကို ရောင်းချလျက်ရှိကြောင်း ဒေသခံတချို့က ပြောသည်။
ပျဉ်းမနားမြို့တောင်သာရပ်ကွက်မှဝက်မွေးသည့်အမျိုးသမီး တဦးက“၀က်ဈေးက တော်တော်ကျသွားတယ်။ အရင် တပိသာ ဒိုင်သွင်းဈေး ကျပ် ၄၀၀၀ လောက်ကနေ အခု ၁၅၀၀ လောက်တောင် မနည်းပြောရတယ်။ ၀က်သားစားသူလည်း လျော့သွားတယ်လေ”ဟု ပြောဆိုသည်။
“ဒေသခံအများစုက ၀က်နားရွက်ပြာဖြစ်နေတာကို မသိကြဘူး။အခု နောက်ပိုင်းမှ သိလာတာ။ဒါတောင် မသိတဲ့သူတွေနည်း နည်းရှိသေးတယ်။ အဲဒီတော့ဝက်မွေးတဲ့သူတွေကလည်း သူတို့မရှုံးအောင် သေတဲ့ဝက်(၀က်နားရွက်ပြာရောဂါဟုယူဆရ)၊နာတဲ့ဝက်တွေကိုဈေးထဲမှာရရာဈေးနဲ့ရောင်းတာလေ။ ဒေါက်တာအောင်ကြီးကတော့ဝက်နားရွက်ပြာရောဂါက၀က်ချင်းပဲကူးတာ၊လူကိုမကူးဘူးလို့ ပြောသွားတယ်”ဟု အထက်ပါ ဟောပြောပွဲ တက်ရောက်ခဲ့သည့် ဒေသခံက ဆိုသည်။
ဝက်နားရွက်ပြာ ရောဂါသည် ၀က်၏ တံတွေး၊ ဆီး၊ မစင်၊ နို့ရည်၊ သုတ်ရည်၊ ၀က်တန်ဆာ၊ ရောဂါဖြစ်သည့်ဝက် ရွှေ့ပြောင်းမှု၊ ရော ဂါ ရှိသည့် ၀က်၏ အရိုး၊ အသားစများကို စားသုံးမှုမှတဆင့် ကူးစက်တတ်ကြောင်း၊ ယင်းရောဂါကြောင့် ၀က်များသေဆုံးပါက ရေ မျှောခြင်း၊ အမှိုက်ပုံး၊ ရေမြောင်းများတွင် စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျမြေမြှုပ်ခြင်း၊မွေးမြူရေး လုပ်ငန်းသုံး ပိုးသတ်ဆေးများ ပက်ဖြန်းခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း မွေး/ကု ဦးစီးဌာနက နှိုးဆော်ထားသည်။
ဝက်နားရွက်ပြာ ရောဂါ လက္ခဏာများဖြစ်သော နှာရည်ယိုခြင်း၊ အပူများခြင်း၊ သားပျက်သားလျှောခြင်း၊ ဗိုက်၊ ကျော နှင့် နားရွက်များတွင် အပြာကွက်များဖြစ်ပါက မွေး/ကု ဌာနသို့ အကြောင်းကြားရန်လည်း နှိုးဆော်ထားသည်။

donderdag 28 april 2011

တရားမ၀င် တပတ်ရစ်ကား တင်သွင်းမှု များပြားလာ

ဧရာဝတီ Thursday, 28 April 2011 12:05
ထိုင်းနယ်စပ်မှတဆင့်မြန်မာနိုင်ငံသို့တရားမ၀င်သွင်းသည့်ဂျပန်တပတ်ရစ်ကားအရေအတွက်မှာ လတ်တလော၌တညလျှင် အစီးရေ ၁၀၀ နှင့် အထက်တွင် ရှိနေသည် ဟု ကားကုန်သည်များက ပြောသည်။
car-ygn-apr-28-11
ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၁၀ လှေဆိပ်တွင် တွေ့ရသည့် မြန်မာဘက် ပို့မည့်ကားများ (ဓာတ်ပုံ - ဧရာဝတီ)
ယင်း ဂျပန်တပတ်ရစ်ကားများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နှင့် သီရီလင်္ကာ စသည့် အိမ်နီးချင်း နိုင်ငံများသို့ တဆင့် ပြန်လည်ရောင်းချသည့်ဈေးကွက် မြင့်မားလာသောကြောင့်မြန်မာသို့ တင်သွင်းမှု များပြားလာခြင်း ဖြစ်ကြောင်း သိရ သည်။
မြန်မာကားကုန်သည်တဦးက“ထိုင်းဘက်က၀င်တဲ့ဂျပန်တပတ်ရစ်ကားတွေကိုအရင်ကမြန်မာတွေ အစီးများပေမယ့် အခုနောက်ပိုင်း ဒီကားတွေကို တဆင့် ပြန်ရောင်းတဲ့ဈေးကွက်က ကြီးလာတော့ မြန်မာဘက်ကိုဝင်တဲ့ ကားတွေ လာ သလောက် ကုန်တဲ့အထိဖြစ်နေလို့ ကားကုန်သည်တွေ အရင်ကထက် ပိုပြီး အပြိုင်သွင်းနေကြတယ်”ဟု ပြောသည်။
ထိုင်းနယ်စပ် မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ တင်သွင်းနေသော အဆိုပါကားများမှာ ယခုလဆန်းမှစတင် ၍ ပုံမှန် ထက် ၃ ဆခန့် ရှိလာပြီး ရောင်းအား တက်လာသော်လည်း ဈေးနှုန်းမှာ ယခင်ကအတိုင်းဖြစ်ကြောင်း၊ ယခင်က တညလျှင် ကားအစီး ၄၀ ခန့်သာ တင်သွင်းနေရာမှ လက်ရှိတွင် အမျိုးအစားစုံ ကားအစီးရေ ၁၀၀ ကျော်သည်ဟု တပတ်ရစ် ကား တင်ပို့သည့် ထိုင်းကုမ္ပဏီ တခု၏ မြန်မာ အရောင်းစာရေး တဦးက ပြောပြသည်။
တပတ်ရစ်ကား တစီး၏ မြန်မာဘက်သို့ ရောင်းချသည့် တန်ဖိုးမှာ ဘတ် ၂ သိန်း နှင့် ၃ သိန်း ၀န်းကျင်ရှိကြောင်း ကားပွဲစား တဦး၏ ပြောဆိုချက်အရ သိရသည်။
မြန်မာဘက်မှအ၀ယ်များသောကြောင့် လက်ရှိ မဲဆောက်မြို့ဘက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဘေးရှိ အမှတ် ၁၀၊ ၁၂၊ ၁၇၊ လှေဂိတ်များတွင် မြန်မာဘက်ရောင်းချမည့် ဂျပန် တပတ်ရစ်ကား အစီးရေ ၄၀၀၀ ခန့်ရှိနေသည်။
ဂျပန်နိုင်ငံမှတဆင့်ထိုင်းနိုင်ငံဘန်ကောက်ဆိပ်ကမ်းသို့ရောက်ရှိလာသည့်ကားများကို ထိုင်းတပတ်ရစ်ကားကုမ္ပဏီများက၁၂ဘီးတပ်ကားသယ်ယာဉ်များဖြင့် တင်ဆောင်ကာ တရက်လျှင်အစီးရေ ၁၀၀ ကျော်ကို မဲဆောက်ကမ်းနားရှိ လှေဆိပ်များသို့ နေ့စဉ်လာရောက်ပို့ဆောင်လျက် ရှိသည်။
၎င်းကားများကို မြ၀တီဘက်သို့ တရားဝင်တင်သွင်းခွင့်မရှိသည့်အတွက် မြ၀တီခရိုင် အာဏာပိုင်အဖွဲ့ပေါင်းစုံနှင့်ညှိနှိုင်းပြီး ကားတစီးလျှင် ဘတ်ငွေ ၁၀၀၀၀ အထက် ပေး၍သွင်းရသည်ဟု ကားကုန်သည်များက ပြောသည်။
ယမန်နှစ်ဇူလိုင်လမှစ၍မြန်မာအာဏာပိုင်များကလုံခြုံရေးအကြောင်းပြချက်ဖြင့်မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င်၊ တံတားဘေး ၀ဲယာရှိ တရားမ၀င်လှေဂိတ် ၃၀ ခန့်ကို ပိတ်လိုက်ပြီးနောက် တရားဝင် နယ်စပ် ကုန်သွယ်ရေး ရပ်တံ့ခဲ့သည်။
နယ်စပ်ဂိတ်များပိတ်လိုက်သောကြောင့်မြန်မာကုန်သည်များကထိုင်းကုန်ပစ္စည်းများကို မြန်မာဘက်ခိုးသွင်းရသော် လည်း၊ ဂျပန် တပတ်ရစ် ကား တင်ပို့မှုများမှာ လုံးဝရပ်တံ့ခြင်းမရှိဟု မြန်မာ ကားကုန်သည်က ပြောသည်။
၎င်းက“မြန်မာဘက်ကထိုင်းကုန်ပစ္စည်းတွေကိုပိတ်လို့ရချင်ရလိမ့်မယ်၊ဒီကားသွင်းတာကိုတော့၊ ဘယ်လိုမှပိတ်လို့မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီကားလုပ်ငန်းကိုလုပ်နေတာ စစ်တပ်ကြီးကြီးပိုင်းက လူတွေ လုပ်နေတာဖြစ်တယ်၊ သူတို့သား သမီးတွေနဲ့ သူတို့လူတွေပဲ ဒီနယ်စပ်အထိ၊ စီမံခန့်ခွဲနေတာဖြစ်တယ်၊ ဒီအလုပ်ကို သာမန်လူတွေလုပ်လို့မရဘူး”ဟု ဆက်ပြောသည်။
မဲဆောက်မှ မြ၀တီဘက်သို့ တရားမ၀င် ကားတင်သွင်းမှုများကို ပြည်ပ သတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများနှင့် အတူ သတင်းထုတ်လွှင့်မှုများရှိသောကြောင့် ကားများထားရှိသည့် ထိုင်းဘက်ခြမ်း လှေဆိပ်များတွင် ဓာတ်ပုံရိုက်ခွင့် မပြုကြောင်း တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်း ဆိုင်းဘုတ်ကြီးများ ရေးသားထားသည်။

ဈေးစည်ပင်ကြောင့် သီရိမင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်များ အခက်ကြုံ

ယုယမိုး Thursday, 28 April 2011 12:56
ရန်ကုန် သီရိမင်္ဂလာဈေးကြီး၏ ဈေးသူဈေးသားများ၊ ဆိုင်ခန်း ပိုင်ရှင်များသည် ဈေးများဌာန စည်ပင်သာယာရေး ကော်မတီ၏ မတရား အခွန်ကောက်ခံမှု၊ အဂတိလိုက်စားမှု များကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု သိရသည်။
thirimarket1
သီရိမင်္ဂလာဈေးသစ် ဖွင့်ပွဲ (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်မြို့၏အကြီးဆုံးကုန်စိမ်းဈေးကြီးဖြစ်သည့် သီရိမင်္ဂလာဈေးကြီးကို ၏၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းကရန်ကုန်တိုင်း လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ယခုအထိမပြီးစီးသေးကြောင်း၊ဆောက်လုပ်ရေး ကုန်ကျစရိတ်များကိုလည်းဈေးဟောင်းမှပြောင်းရွှေ့ ရောင်းချလာသူ ဈေးသူဈေးသား များထံမှ ကောက်ခံ နေကြောင်း၊ ထို့အပြင် ဈေးစည်ပင်သာယာရေးမှ တာဝန်ယူ ကုန်ကျခံရမည့် ဈေးလုံခြုံရေး လမ်း လျှပ်စစ်မီတာခ များအား ဆိုင်ခန်း အကျယ်အ၀န်းကို လိုက်ကာ ပေးဆောင်ရမည်ဟုဈေးစည်ပင်မှထုတ်ပြန်လိုက်ကြောင်းသီရိမင်္ဂလာဈေးတွင်ကုန်စိမ်းများ ရောင်းချနေသည့် ဦးချိုကြီးက ပြောသည်။
“ကျနော်တို့ ဈေးသစ်ကို မပြောင်းခင်ကတော့ ဈေးစည်ပင်သာယာရေး ဌာနမှူး ဦးတင်ကိုကို ကိုယ်တိုင်က တည်ဆောက် ရေးတွေ အားလုံးပြီးမှ ပြောင်းရမယ်၊ ဆိုင်ခန်းတွေကို အတိအကျ ပြန်နေရာ ချထားပေးမယ်၊ ဘာအခွန်အခမှ ထပ် မတောင်းဘူးလို့ မနှစ်က မတ်လမှာ အသေအချာ ပြောခဲ့ပါတယ်။ အခုတော့ ဆိုင်ခန်း ဆောက်လုပ်ရေးတွေ မပြီးသေးခင် ဈေးပြောင်းပေးရတဲ့အပြင်၊ ဆောက်လုပ်ဆဲ ဆိုင်ခန်းတွေရဲ့ ကုန်ကျစရိတ်တွေပါ ပေးရတယ်” ဟု သူက ဆိုသည်။
ယခုလ ၂၃ ရက်နေ့ကလည်း ဈေးလုံခြုံရေး လျှပ်စစ်မီးဖိုးများကို ကောက်ခံသွားကြောင်း၊ အစိုးရ ယူနစ်အတိုင်း ကောက်ခံပါက တဈေးလုံးအတွက် ကျပ် ၈ သောင်း ၀န်းကျင်သာ ကုန်ကျမည် ဖြစ်သော်လည်း ထိုစနစ်ဖြင့် ကောက်ခံခြင်း မဟုတ်ဘဲ ဆိုင်ခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး ကောက်ခံသဖြင့် နစ်နာကြောင်း ၎င်းက ဆက်ပြောသည်။
“ဆိုင်ခန်းကျဉ်းရင် တခန်းကို ကျပ် ၅၀၀ နှုန်း၊ ကျယ်ရင် ၁၀၀၀ နှုန်းပေးရတယ်။ ဧပြီတလတည်းရဲ့ မီးဖိုးမဟုတ်ဘဲ ၄ လစာ မီးဖိုး ဆိုပြီး Back Date နဲ့ ပေးရမှာပါ” ဟု ဦးချိုကြီးက ဆိုသည်။
သီရိမင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းစုစုပေါင်း ၂၀၀၀ ကျော် ရှိသဖြင့် လုံခြုံရေး မီတာခမှာ တဈေးလုံးအတွက် ကျပ် သိန်း ၁၀ ဂဏန်းချီ ပေးဆောင်နေရသည်ဟု သူက ပြောသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက ဈေးဌာနမှူး ဦးတင်ကိုကို အား ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။
ဆိုင်ခန်းပိုင်ရှင်များသည်ဈေးစည်ပင်မှသတ်မှတ်ပေးသောနေရာများတွင်သာရောင်းချရပြီး နေရာကောင်းသည့် ဆိုင်ခန်းများ အား ဈေးစည်ပင်က လေလံတင် ရောင်းစားထားမှုများလည်း ရှိကြောင်း သိရသည်။
“ကျမတို့ ဆိုင်ခန်းတွေဆို ဈေးဝင်ပေါက်နဲ့ နီးတဲ့နေရာမျိုး မဟုတ်ဘဲ ချောင်ကျတဲ့ အနောက်ဘက် နားလောက်ကို ပေးထားတယ်။ ဆိုင်ခန်းပိုင်ရှင် တော်တော်များများလည်း ကျမလိုပဲ။ ဆိုင်ခန်းနေရာ ကောင်းတွေကိုတော့ ဈေးစည်ပင်က လေလံတင် ရောင်းစားဖို့ သိမ်းထားတယ်။ ဇန်န၀ါရီ လတုန်းကတောင် ဆိုင်ခန်းတချို့ လေလံတင်သေးတယ်” ဟု ငှက်ပျောသီး ပွဲရုံပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။
ဈေးသစ်တွင် ယခင် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းကြောင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ လာသည်မှာ ၄ လခန့် ရှိပြီဖြစ်သော်လည်း ပုံမှန် မဖြစ်သေးဘဲ ယခင် ၀ယ်နေကြ ဖောက်သည်များမှာ ဆိုင်ခန်းနေရာများကို မမှတ်မိသဖြင့် နီးစပ်ရာ ဆိုင်များတွင်သာ ဝယ်ယူကြသောကြောင့် နစ်နာရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ သူက “ကုန်တင်ကုန်ချ အလုပ်သမား စရိတ်များလည်း ယရင်ထက် ၂ ဆပို ပေးနေရတယ်။ အခုလို လမ်းမီး မီတာခတွေကို ကျမတို့ ဈေးသူဈေးသားတွေကပဲ အကုန်အကျ ခံရမယ်ဆိုတော့ အခက်အခဲ တွေ့နေကြပါတယ်” ဟု ပြောသည်။
သီရိမင်္ဂလာ ဈေးသူဈေးသားများသည် ယခင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က ယာဉ်ကျောပိတ်ဆို့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အဓမ္မ ပြောင်းရွှေ့ခိုင်းမှုကြောင့် ကြည့်မြင်တိုင်မြို့နယ် ဈေးဟောင်းနေရာမှ ယခုလှိုင်မြို့နယ် ပိတောက်ချောင်း အနီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည်။

ဓာတ်ဆီ မှောင်ခိုဈေးကွက် ပိုအလုပ်ဖြစ်လာ

ဧရာဝတီ Thursday, 28 April 2011 17:18
ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များအားလုံးတွင်ကားတစီးတနေ့ဓာတ်ဆီနှစ်ဂါလန်သာ ရောင်းချပေးသော စနစ်ကို ဧပြီလ ၂၄ ရက်နေ့မှ တရားဝင် စတင်ကျင့်သုံး လိုက်ပြီးနောက် ဓာတ်ဆီမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်သွားသည်။
Oil-Shop-black-market
စက်သုံးဆီ မှောင်ခိုအရောင်းဆိုင်တဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - Popular News)
ဓာတ်ဆီ မှောင်ခိုဈေးကွက်တွင် ဧပြီလ၂၄ ရက်မတိုင်မီက ဓာတ်ဆီ တဂါလန် ကျပ် ၅၀၀၀ အောက်ဝန်းကျင်တွင်သာအရောင်း အ၀ယ်ရှိခဲ့ကြောင်း၊ စနစ်သစ်စတင်ကျင့်သုံးသော ဧပြီလ ၂၄ ရက်နောက်ပိုင်းတွင် ဓာတ်ဆီတဂါလန် ကျပ် ၅၆၀၀ အထိ ဈေးတက် သွားကြောင်း ဓာတ်ဆီ ရောင်းဝယ်သူများက ပြောသည်။ ယနေ့ ဓာတ်ဆီဈေး အနည်းငယ်ပြန်ကျသွား၍ ကျပ် ၅၃၀၀ ခန့်ရှိသည်။
“သင်္ကြန်ပြီးတော့ မှောင်ခိုဈေး ဓာတ်ဆီတဂါလန် ကျပ် ၄၅၀၀ ကနေ ၄၉၀၀ ကြားမှာပဲ အရောင်းအ၀ယ် ဖြစ်တယ်။အဲဒါကားတစီးဓာတ်ဆီတနေ့နှစ်ဂါလန်ပဲရောင်းမယ်ဆိုတော့မှောင်ခိုဈေးကပြန်ထိုး တက်သွားတယ်။အပြင်မှာအခုဓာတ်ဆီတဂါလန်ရောင်းဈေး(ဓာတ်ဆီထုတ်သူက မှောင်ခိုသမားထံပြန်ရောင်းသည့်ဈေး)၅၄၀၀၊၀ယ်ဈေး(မှောင်ခိုသမားများထံမှသုံးစွဲမည့်သူက၀ယ် သည့်ဈေး) ၅၆၀၀ ဖြစ်နေတယ်”ဟု ရန်ကုန်မြို့မှ ကားသမားတဦးက ပြောသည်။
ပုဂ္ဂလိကသို့လွှဲပြောင်းခြင်းမပြုမီယခင်စစ်အစိုးရလက်ထက်ကအစိုးရ စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင်ကားတစီးတနေ့ဓာတ်ဆီနှစ်ဂါလန်သာရောင်းချပေးခဲ့ရာ ယခုပြန်လည်ကျင့်သုံးသောစနစ်သည်စစ်အစိုးရလက်ထက်ကစနစ်ဟောင်းကိုပြန်လည် အသက်သွင်းခြင်းဖြစ်သည်ဟု ရန်ကုန် ကားသမားများက ပြောဆိုကြသည်။
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ တဂါလန် အစိုးရ သတ်မှတ်ဈေး ၂၅၀၀ ကျပ်ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ဆီဆိုင်များတွင် ဓာတ်ဆီထုတ်ရန် ရာနှင့်ချီ တန်းစီနေသော ကားတန်းများ ပပျောက်စေရန် ရည်ရွယ်၍ ကားတစီး တနေ့ ဓာတ်ဆီနှစ်ဂါလန် သာ ရောင်းပေးသည့် စနစ် ကျင့် သုံးသော်လည်း သုံးရက်စာ ၆ ဂါလန်အထိ ထုတ်ရောင်းကြောင်း သိရှိရသည်။
“အထက်က ညွှန်ကြားချက်အတိုင်း ရောင်းတာပါ။ ဆိုင်အားလုံး ကားတစီးတနေ့နှစ်ဂါလန်ပဲ ရောင်းခိုင်း ထားတယ်။ နှစ်ရက်၊ သုံး ရက်စာ ဆီကြိုထုတ်သွားလို့ရပါတယ်။ အခုဆီတန်းစီတဲ့ကား လျော့သွားပါတယ်”ဟု ရန်ကုန် လှိုင်မြို့နယ်၊ ရွှေဇင်ယော် ဓာတ်ဆီ အရောင်းဆိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
မှောင်ခိုဈေးကွက် ပပျောက်ရန်အတွက် ကားတစီးတနေ့ဓာတ်ဆီနှစ်ဂါလန် ရောင်းချသည်ဆိုသော်လည်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များက မှောင်ခိုဈေးကွက်သို့ ခိုးထုတ်ရောင်းချမှုများ ဖြစ်ပေါ်နေခြင်းကြောင့် မှောင်ခိုဈေးကွက်ပို၍ပင် ကြီးမားလာကြောင်း သိရှိရသည်။
“ဆီဆိုင်တွေနဲ့ ပေါင်းထားတဲ့ ဆီမှောင်ခိုထုတ်တဲ့ အုပ်စုတွေရှိတယ်။ သူတို့က ကားထဲမှာ ဂါလန် ၅၀ ၊ ၁၀၀ ဆန့် အောင် ဆီ တိုင် ကီ တွေကို ပြင်ရိုက်ပြီး ဆီဆိုင်တွေက သူတို့ကို ဆီတွေ ခိုးထုတ်ရောင်းပေးတယ်။ ရတဲ့အမြတ်ကို ကားသမားနဲ့ ဆီဆိုင်နဲ့ တ၀က် ဆီယူကြတယ်။ ဆီဆိုင်တိုင်းလိုလိုမှာ ဆီမှောင်ခိုသမားနဲ့ချိတ်ပြီး ဓာတ်ဆီကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ရောင်းကြတယ်”ဟု အင်းစိန်မြို့နယ် ဘီအိုစီကွေ့ရှိ Denkoပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တွင် ဓာတ်ဆီ တန်းစီလေ့ရှိသူ အငှားကား မောင်းသူ တဦး က ပြောသည်။
ဓာတ်ဆီကန့်သတ်ရောင်းချမှုကြောင့် အမှန်တကယ် အသုံးပြုမည့်သူအများစု အခက်အခဲများကြုံတွေ့ရကြောင်း သိရသည်။
“ဓာတ်ဆီသုံး အငှားကားတွေ အကုန်လုံး ဒုက္ခရောက်တယ်။ တနေ့ နှစ်ဂါလန်ဆိုတော့ ဘယ်လိုမှ မလောက်ဘူး။ မှောင်ခိုဈေးကွက် မှာက ဆီတဂါလန် ကျပ် ၅၀၀၀ ကျော်တယ်။ အော့တိန်းဓာတ်ဆီကလည်း တဂါလန်ကို ၄၁၀၀ ရှိတယ်။ CNG အငှားကားက ဓာတ်ငွေ့တအိုးဖြည့်ရင်၂၀၀၀ ပဲကုန်တယ်။ တနေကုန် မြို့ပတ်မောင်း ခရီးသည်ရှာလို့ရတယ်။ ဓာတ်ဆီသမားက မြို့ပတ် ခရီးသည် မရှာနိုင်ဘူး။ ခရီးတိုတကြောင်း CNG ကားက ၁၀၀၀ လောက်နဲ့ လိုက်နိုင်ပေမယ့် ဓာတ်ဆီကားက ခရီးတို တကြောင်း အနည်းဆုံး ၂၀၀၀ လောက်ရမှ ကိုက်တယ်။ ဓာတ်ဆီ အငှားကားတွေအကုန်လုံး အတော်ကို ပြဿနာတက်နေတယ်”ဟု အထက် ပါ အငှားကား မောင်းသူ က ပြောဆိုသည်။
ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီကန့်သတ်ရောင်းချမှုသည် ဈေးကွက် စီးပွားရေးသဘာနှင့် မလျော်ညီကြောင်း ပြောသည်။
“ဓာတ်ဆီကို တဂါလန် ၂၅၀၀ နဲ့ သတ်မှတ်ရောင်းတယ်။ ကားတစီး ဓာတ်ဆီ နှစ်ဂါလန်ပဲ ကန့်သတ်ရောင်းတယ်။ ဒါတွေက ဈေး ကွက်စီးပွားရေး သဘောတရားမဟုတ်ပါဘူး။ ဈေးကွက်ကို ဖွင့်ပေးရမယ်။ ဈေးကွက်ဈေးနှုန်းအတိုင်း ဆီဆိုင်တွေက လိုက် ရောင်း ခွင့်ပြုရမယ်။ ဒါပေမယ့် အစိုးရက ဓာတ်ဆီဝယ်မသုံးနိုင်တော့တဲ့ ကားတွေအတွက် CNG သဘာဝဓာတ်ငွေ့သုံး ကားတွေ အဖြစ်
ပြောင်းလဲခွင့်ပေးမယ်ဆိုရင် ဓာတ်ဆီပြဿနာ အထိုက်အလျောက် ပြေလည်သွားမယ်။ CNG က ကိုယ့်နိုင်ငံကထွက်နေတာပဲ။ ဘယ်ကမှ တင်သွင်းစရာမလိုဘူး။ ၀ယ်စရာမလိုဘူး”ဟု စီးပွားရေး ပညာရှင်က ဆိုသည်။
အစိုးရ စက်သုံးဆီ အရောင်းဆိုင် ၂၄၀ ကို ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအ၀င် အစိုးရနှင့် နီးစပ်မှုရှိသော ပုဂ္ဂလိကကုမ္ပဏီပေါင်း၂၀ က စွမ်းအင်ဝန်ကြီးဌာနမှ၂၀၁၀ ခုနှစ်ဇွန်လ ၁၀ ရက်နေ့ တွင် တရားဝင် လွှဲပြောင်း ရယူ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ငွေ့သယ် ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး

ကိုဝိုင်း | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၃၆ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပါ မူဆယ်-လားရှိုး ရထားလမ်းပိုင်းကို ၃နှစ်အတွင်းအပြီးတည်ဆောက်မည်ဟုမြန်မာ-တရုတ်အစိုးရများအကြားဗုဒ္ဓဟူးနေ့တွင်သဘောတူညီ လိုက်သည်။
 ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ဒေသမှ ရေနံနှင့် ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းရန် ရည်ရွယ်တည်ဆောက်မည့် ကျောက်ဖြူ-မူဆယ် ပိုက်လိုင်းတလျှောက် ရထားလမ်းစီမံကိန်း၏ ပထမအဆင့်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာ၌ ကြာသပတေးနေ့တွင် ဖော်ပြပါရှိသည်။
 မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့်
candb
“မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲ (ဓါတ်ပုံ မြန်မာ့အလင်း)
တရုတ်အစိုးရပိုင်ChinaRailway EngineeringCorporationအကြား “မူဆယ်-ကျောက်ဖြူရထားလမ်းပို့ဆောင်ရေးစနစ်စီမံကိန်း”ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို နေပြည်တော်၌ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ရာ၊ အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။
China Railway Engineering Corporation ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Li Chang Jin ဦးဆောင်သည့် အဖွဲ့အပြင် မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ရှေ့နေချုပ်လည်း တက်ရောက်ကြသည်။
လက်ရှိအစိုးရ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ Zhao Deyi တို့က စာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။
 မူဆယ်-လားရှိုး ရထားလမ်းအရှည် မိုင် ၈ဝ ခန့်၊ တံတား ၄၁ စင်း၊ ဥမင်လိုဏ် ၃၆ ခု၊ ဘူတာ ၇ ခု တည်ဆောက်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် ၃ နှစ် ခန့်မှန်းထားကြောင်း သတင်းစာက ဆိုသည်။
 စီမံကိန်းကုန်ကျငွေကို ယခင် စစ်အစိုးရက တရားဝင် ကြေညာခဲ့ခြင်း မရှိသော်လည်း တရုတ်အစိုးရပိုင် CNPCကုမ္ပဏီနှင့်မြန်မာ့ရေနံနှင့်သဘောဝလုပ်ငန်းတို့အစုပိုင်သည့်ရေနံပိုက်လိုင်း တည်ဆောက်ရေးအတွက်ပင် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ ခန့်ကျော် ကုန်ကျမည်ဟု ရွှေဂတ်စ် လှုပ်ရှားမှု ရခိုင်အဖွဲ့က ထုတ်ပြန်ထားသည်။
တရုတ်လောင်စာပိုက်လိုင်းကုမ္ပဏီChinaPetroleumPipelineBureau(CPP)ကတာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး မဒေးကျွန်းမှ စတင်မည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံသို့ မူဆယ်မှ ဝင်ရောက်မည်။
 “ပိုက်လိုင်းက ရှမ်းပြည်မြောက်ပိုင်းက လားရှိုး-မူဆယ်ကားလမ်းရဲ့ အရှေ့ဘက်အတိုင်း ဆင်းလာပြီး၊ ၁ဝ၅ မိုင်နားကနေ ဝမ်တိန်မြို့ဘက်၊ ကြူကုတ်-ပန်ဆန်းနဲ့ မူဆယ်မြို့ကြားကနေဝင်မှာ။ ရထားလမ်းက ရွှေလီအထိ ရောက်မယ်” ဟု တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
 ပိုက်လိုင်းဖြတ်မည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ တရုတ်နယ်စပ်ဆင်းသည့် လမ်းကြောပေါ်တွင် ကိုးကန့် လက်နက်ကိုင်တပ်နှင့်ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၄ တို့ အခြေစိုက် လှုပ်ရှားနေသော်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေး ပျက်မည်ကို လိုလားကြမည် မဟုတ်ဟု သူက သုံးသပ်သည်။
ရခိုင်ပြည်နယ်ဘက်တွင် ပိုက်လိုင်းဖြတ်မည့်လမ်းနှင့် မလွတ်ကင်းသည့် မြေယာများကို သိမ်းဆည်းရာ၌ နစ်နာသူများ ရှိသော်လည်း ရမ်းဗြဲကျွန်း ဖွံ့ဖြိုးလာမည်ကိုမူ ကြိုဆိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်က ပြောသည်။
 “ဒါပေမဲ့ ကျောက်ဖြူမှာ ရခိုင်လူထု ပျောက်ပြီးမှ မန္တလေးလိုဟာမျိုးပေါ့ဗျာ၊ တရုတ်မြို့ကြီး ဖြစ်သွားပြီးရင် ရခိုင်တွေက တောင်ကုတ်လို ဂျိုင့်တွေ၊ တောင်တွေကြားကို ရောက်သွားပြီး လုပ်စားရမဲ့ ကိုင်စားရမဲ့ ဖြစ်သွားမှာကို ကျနော်တို့ ကြောက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
 ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်စခန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရေးစခန်း၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်ပြီး ကိုရီးယားပိုင် ဒေဝူးကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများက စတင်နေပြီဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်း အပြီးသတ်မည်ဟု တရားဝင် သတင်းများက ဆိုသည်။
 အစိုးရအသစ်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကလည်း “တပ်မတော် အစိုးရ” လက်ထက်က မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ၂ နှစ်၊ ၃ နှစ်အတွင်း ပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဟု ပြောဆိုထားသည်။
 တရုတ်နယ်စပ် မူဆယ်ဘက်တွင်မူ ရထားလမ်းသစ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသော်လည်း သံမဏိပိုက်လုံးရှည်များ ၁ဝ ဘီးကားများဖြင့် မြန်မာဘက် တင်ဆောင်နေသည်ကို ယခင်လမှစ၍ သတိထားမိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။


ရေအောက်စံ ဘုရားသုံးဆူ စေတီဟောင်း ပြန်ပေါ်

ကွန်းချမ်း | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၇ နှစ်ခန့်အကြာ ရေအောက်နစ်မြုပ်ခဲ့သည့် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းရှိ ဘုရားသုံးဆူ စေတီဟောင်းနှင့် ဝင်းကရွာဟောင်းမှ သာသနိက အဆောက်အအုံများ မြစ်ရေခန်းခြောက်နေသဖြင့် ပြန်ပေါ်လာခဲ့သည်။
 ပြန်ပေါ်လာသည့်ကျောင်း၊သိမ်နှင့်သာသနိကအဆောက်အအုံများမှာ ပျက်စီးနေပြီး၊ စေတီဟောင်းကိုလည်း အုတ်ပုံအဖြစ်သာ မြင်တွေ့ရတော့ကာ ရွာဟောင်းမှာမူ ရေအောက်တွင် နစ်မြုပ်ဆဲဖြစ်သည်။
 လက်ရှိ ခေါ်တွင်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနှင့်
sati
ဆယ်စုနှစ် သုံးခုနီးပါး ရေအောက်နစ်မြုပ်၍ ပျက်စီးခဲ့ရသည့် ဘုရားသုံးဆူစေတီဟောင်း (ဓာတ်ပုံ - မဇ္ဈိမ)
ကီလိုမီတာ ၂ဝ ကျော် ကွာဝေးပြီး ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ဝင်းကရွာသစ်အနီးတွင် ထိုသို့ ပြန်ပေါ်လာပုံကို ဒေသခံများ မြင်တွေ့ကြသည်။
 စံခလယ်ချောင်း၊ဘီးခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာ၌ ဘုရားသုံးဆူစေတီဟောင်းနှင့် ဝင်းကရွာဟောင်း တည်ရှိသည်။
 “ရွာဟောင်း ရေမြုပ်ကတည်းကဆို အခုလို ရေခန်းတာ ၅ ကြိမ် ရှိပြီ။ ၇ နှစ် တကြိမ်လောက် ဒီလိုခန်းတတ်တယ်။ ဒါပေမဲ့ မနှစ်နဲ့ ဒီနှစ်က ဆက်တိုက်ရေခန်းတယ်” ဟု ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတားအနီး စံခလယ်ချောင်းတွင် ဖောင်အိမ်ငှားခြင်းဖြင့် ၂၅ နှစ်ကျော် အသက်မွေးလာခဲ့သူ နိုင်ချစ်ငွေက ပြောသည်။
 ထိုင်းအစိုးရက ချောင်းသုံးသွယ် ပေါင်းစုံရာမှ ဖြစ်ပေါ်လာသည့် ကွေးမြစ်လက်တက်မှ ရေများကို ထွန်ဖါဖွန် ရေကာတာဖြင့် ထိန်းသိမ်းပြီး ရေအားလျှပ်စစ် ထုတ်လုပ်သည့် စီမံကိန်းကြောင့် ရေအောက်နစ်မြုပ်ခဲ့ရာမှ ၅ ကြိမ်မြောက် ပြန်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
sati1
ရေအောက်နစ်မြုပ်ပြီး ပြန်ပေါ်လာသည့် ဝင်းကရွာဟောင်းမှ သိမ်တော် (ဓာတ်ပုံ - မဇ္ဈိမ)
ပုံမှန်နွေရာသီ ရေအနည်းဆုံးအချိန်တွင် စံခလယ်ချောင်း၌ ရေ ၁၈ ပေ ရှိပြီး ယခုနှစ်တွင် ၉ ပေသာ ကျန်ရှိကာ ဆက်လက်လျော့နည်းဖွယ် ရှိသည်ဟု နိုင်ချစ်ငွေက ပြောသည်။

စေတီဟောင်းနှင့် သာသနိက အဆောက်အဦးဟောင်းသို့ မော်တော်ကား၊ စက်လှေများဖြင့် နေ့စဉ် လာရောက်လေ့လာသည့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ၅ဝ - ၆ဝ ဦးခန့် ရှိပြီး ရုံးပိတ်ရက်များတွင်မူ ၁ဝဝ ကျော် ရှိသည်။
 “အခု ရေနည်းတော့ ဖေါင်အိမ်နဲ့ သွားလာလို့ မရတော့ဘူး။ ပဲ့ချိတ်စက်လှေတွေနဲ့ပဲ သွားကြတာ များတယ်။ ဝင်းကရွာဟောင်းနဲ့ စေတီဟောင်းကိုပဲ သွားကြတာ များတယ်” ဟု နိုင်ချစ်ငွေက ပြောသည်။
 လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝ ကျော် ဟံသာဝတီ မင်းနေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သည့် မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းအချို့က ဆိုသည်။
 ရေအောက်နစ်မြုပ်နေသည့် ရွာဟောင်းကို လွန်ခဲ့သည့် ၁၉၄၉ ခုနှစ် လွတ်လပ်ရေး ရပြီးစအချိန်က ဝင်းကဆရာတော်ဘုရားကြီးနှင့် ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်လာသည့် မြန်မာနိုင်ငံအောက်ပိုင်းမှ အိမ်ထောင်စု ၆ဝ ခန့်ရှိ မွန်လူမျိုးများက တည်ထောင်ခဲ့ကြသည်။

မြန်မာ့အရေး တိဘက်အစိုးရသစ် ဆက်လက်ထောက်ခံ

ကိုပေါက် | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၅၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အကြမ်းမဲ့ နှလုံးရည်တိုက်ပွဲ အခြေခံမူချင်း တူညီသဖြင့် မြန်မာ့ဒီမိုကရေစီရေးကို ဆက်လက်ထောက်ခံသွားမည်ဟု တိဘက် ပါလီမန်ရေးရာနှင့် မူဝါဒရေးရာ သုတေသနဌာန TPPRC အတွင်းဝန် မစ္စတာ ဆမ်ဖဲဒေါ်ဂျီ (Dorji)က ပြောဆိုသည်။
 တိဘက် အဝေးရောက် အစိုးရ၏ ဝန်ကြီးချုပ်သစ်အဖြစ် ၄၃ နှစ်အရွယ် မစ္စတာ Lobsang Sangay ကို ရွေးချယ်တင်မြှောက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာအပြီး ယခုလို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
 “ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့စီမိုကရေစီအရေးကို အမြဲထောက်ခံခဲ့ရတာကတော့ သူမ လှုပ်ရှားသမျှဟာ အကြမ်းမဲ့ နည်းနာတွေပဲ ဖြစ်လို့ပါ။ ကျနော်တို့လည်း အကြမ်းမဲ့ နည်းနာတွေနဲ့ လှုပ်ရှားနေကြတာပဲ မဟုတ်လား။ တူညီတဲ့ အခြေခံမှုတွေကိုပဲ လိုက်နာနေကြတာ ဖြစ်တယ်လေ” ဟု မစ္စတာဒေါ်ဂျီက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “တိဘက်ပြည်သူတွေဟာ
Sangay
တိဘက်ဝန်ကြီးချုပ်သစ် Lobsang Sangay မတ်လ ရွေးကောက်ပွဲတွင် မဲပေးနေစဉ် (ဓာတ်ပုံ -http://online.wsj.com)
မြန်မာ့ဒီမိုကရေစီအရေးကို အမြဲထောက်ခံတာနေပါ။ ဒါပေမဲ့ တိဘက်အစိုးရအနေနဲ့က ကိုယ့်ရပ်တည်ချက်ကို ကြေညာဖို့ အခြေအနေ မပေးသေးပါဘူး။ အိန္ဒိယအစိုးရနဲ့အတူ လုပ်ရမှာတွေက ရှိနေပါတယ်။ ကျနော်တို့ဘက်က အမြဲထောက်ခံနေတာပါ” ဟု ဆိုသည်။
 ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်လားမား တိဘက်နိုင်ငံရေးမှအနားယူကြောင်းပြီးခဲ့သည့် မတ်လအတွင်း ကြေညာပြီးနောက် ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်သစ် ရွေးကောက်ပွဲ၌ မစ္စတာ Lobsang Sangay ကို ပြည်ပရောက် တိဘက်ပြည်သူများ၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။
တိဘက်ပါလီမန်နှင့် အစိုးရရုံးများမှာ အိန္ဒိယနိုင်ငံ ဟင်မာချယ်ပရာဒေ့ရှ်ပြည်နယ် ဒရမ်ဆာလာမြို့၌ တည်ရှိသည်။
 အိန္ဒိယအခြေစိုက်မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိဘက်အမတ်များ၊ ကျောင်းသားလူငယ်များ၊ အမျိုးသမီးများသည် ပူးပေါင်းဆောင်ရွက်မှုများ ပုံမှန်ရှိခဲ့ကြောင်း အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
 “အဆင့်တိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ လူငယ်ကျောင်းသားပိုင်းမှာ နက်နက်နဲနဲ ပူးပေါင်းဆောင်ရွက်တာပြဿနာမရှိပေမယ့်နိုင်ငံရေးခေါင်းဆောင်မှုအပိုင်းမှာတော့တိဘက်ခေါင်းဆောင်တွေနဲ့ မြန်မာ့နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကျတော့ ပူးပေါင်းဆောင်ရွက်မှုကို တချို့နေရာတွေမှာ ထိန်းရပါတယ်။ တရုတ်နိုင်ငံက တမျိုးအဓိပ္ပာယ်ဖတ်မှာစိုးလို့ ကျနော်တို့ ထိန်းရတာတွေ ရှိသလို၊ တိဘက် ဘက်ကလည်း ထိန်းပြီးတော့ အတူလက်တွဲလုပ်ရတာ ရှိပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
 
တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် တိုက်တွန်းတောင်းဆိုခဲ့ပြီး၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်ပါ အမေရိကန်ဒေါ်လာ တသောင်းနှင့် ရူပီးငွေ ၅ သိန်း ပေးလှူခဲ့ကြောင်း ဒေါက်တာတင့်ဆွေက ဆက်ပြောသည်။
 ပြည်ပရောက် တိဘက်လူမျိုးဦးရေ တသိန်းခွဲခန့်ရှိရာ အိန္ဒိယနိုင်ငံ၌ တသိန်းခန့် နေထိုင်လျက်ရှိသည်။ ကမ္ဘာတဝှမ်းရှိ တိဘက် ၆ဝ ရာခိုင်နှုန်းမှ ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် ၅၆ ခုမှ အစီရင်ခံချက်များအရ မဲပေးသူ၏ ၅၅ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အခြားပြိုင်ဘက် ၂ ဦးကို အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်လာသူ မစ္စတာ Lobsang Sangay မှာ သက်တမ်း ၅ နှစ်အတွက် လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်၍ တာဝန်ထမ်းဆောင်ရမည်။
 ဤသက်တမ်းအတွက် ထူးခြားသော မူဝါဒရေးရာ ပြောင်းလဲမှုများ ရှိနိုင်မည်မဟုတ်ဟု အတွင်းဝန် မစ္စတာဒေါ်ဂျီက ဆိုသည်။
 ၁၉၅ဝ ခုနှစ်တွင် တိဘက်ကုန်းပြင်မြင့်ကို တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က သိမ်းပိုက်လိုက်ပြီး၊ တရုတ်ပြည်မကြီးထဲမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် သတ်မှတ်သည့်အပေါ် တိဘက်များ ပုန်ကန်ထကြွကာ အိန္ဒိယထဲသို့ ၁၉၅၉ မှစ၍ ခိုလှုံလာခဲ့သည်။
တိဘက်ဝန်ကြီးချုပ်သစ်မှာအိန္ဒိယတွင်မွေးဖွားခဲ့ပြီးဒေလီတက္ကသိုလ်မှ ဥပဒေဘွဲ့ရကာ ပညာတော်သင်ဆုဖြင့် ဟားဗတ်တက္ကသိုလ်သို့တက်ရောက်ခဲ့သည်။တိဘက်လူမျိုးထဲမှ ဥပဒေပါရဂူဘွဲ့ကို ဟားဗတ်ဥပဒေကျောင်းမှ ပထမဆုံး ရရှိခဲ့သူ ဖြစ်သည်။
အဝေးရောက် တိဘက်အစိုးရကို ‘တရားမဝင်’ အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ‘ခွဲထွက်ရေးလှုပ်ရှားမှုများ’ ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က သတင်းထောက်များကို အင်္ဂါနေ့တွင် ပြောဆိုကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

မြေကျင်း တူးရသူ အမျိုးသမီးနှစ်ဦး ILO ကို တိုင်

ကျော်ခ | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး ၂ ဦးက ၎င်းတို့ကို မြေကျင်းပေါင်း ၃ဝ တူးခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေး အတွင်းရေးမှူးကို အဓမ္မလုပ်အားပေးစေခိုင်းမှုဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထံ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက တိုင်ကြားခဲ့ကြသည်။
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သဲကုန်းတူးမြောင်းကျေးရွာသူ ဒေါ်မြင့်သန်းနှင့် တနှစ်ကျော်ကြာ ကွာရှင်းပြီးခင်ပွန်းဟောင်းတို့အချင်းများသည်ကိုဆူပူမှုဟုဆိုကာဒဏ်ပေးသည့်အနေဖြင့်ကျေးရွာအုပ်ချုပ်ရေး အတွင်းရေးမှူးဖြစ်သူဦးလှရီက အနက် ၁ ပေ၊ အကျယ်၁ဝပေကျယ်ဝန်းသော မြေကျင်းများ တူးခိုင်းခဲ့သည်။
ခင်ပွန်းဖြစ်သူကို အရေးယူအပြစ်မပေးသော်လည်း ထိုအခင်းဖြစ်ပွားစဉ်အတွင်း ဒေါ်မြင့်သန်း၏ ညီမဖြစ်သူ ဒေါ်ဝင်းက အမဘက်မှ ဝိုင်းဝန်းကူညီပြောဆိုခဲ့သဖြင့် မြေကျင်းတူးရာတွင် ပူးတွဲဒဏ်ပေးခံခဲ့ရခြင်း ဖြစ်သည်။
အမျိုးသမီးများနှင့်မမျှတသည့်အဆိုပါပြစ်ဒဏ်ပေးခြင်းကို မခံနိုင်သဖြင့် ယခုကဲ့သို့ တိုင်တန်းခြင်းဖြစ်သည်ဟု အသက် ၅၃ နှစ်အရွယ် ဒေါ်မြင့်သန်းက မဇ္ဈိမကို ပြောသည်။
“စစခြင်း ကျမတို့ကို မြေကျင်း ၅ဝ ကို ကိုယ်တိုင်တူးခိုင်းပါတယ်။ ကျမတို့က မိန်းမသားလည်း ဖြစ်တယ်၊ သက်အရွယ်အရလည်းမလုပ်နိုင်တဲ့အကြောင်းပြောပြတော့ရွာထဲကလူကြီးတွေကလည်းဝိုင်းအသနားခံတယ်။ အဲဒါနဲ့ ၃ဝ ပဲ တူးခိုင်းတယ်။ ကျမတို့က မတူးနိုင်တော့ လူငှားပြီး ၃ ရက်ထဲ အပြီးတူးပေးရတယ်” ဟု သူက ဆိုသည်။
မြေကျင်းတူးခအဖြစ် တကျင်းလျှင် ၁၅ဝဝ ကျပ်ဖြင့် လူငှားတူးခဲ့ရပြီး အဆိုပါ လုပ်အားခများကိုလည်း ကျပ် ၁ဝဝကို၁၅ကျပ်တိုးဖြင့် ချေးငှား၍ တူးခဲ့ရကာ ယခုတိုင် အကြွေးမကျေသေးဟု ဆိုသည်။ ဒေါ်မြင့်သန်းသည် ထမင်းဟင်းချက်ပြုတ် ရောင်းချသူဖြစ်ပြီး၊ ခင်ပွန်းနှင့် ကွဲကွာခဲ့စဉ်က ကလေး ၄ ယောက်ကျန်ခဲ့ကာ ယခုအခါ ညီမဖြစ်သူ ဒေါ်ခင်ဝင်းနှင့်အတူ နေထိုင်ကြသည်။ 
အခင်းဖြစ်စဉ်မှာတနှစ်ခန့်ရှိခဲ့ပြီဖြစ်သော်လည်းကာယကံရှင်ဖြစ်သူများမှာတရားဥပဒေအရ ဖြေရှင်းပေးနိုင်ရန် သုံးခွမြို့ပေါ်ရှိ မြို့နယ် မယက (ယခု အုပ်ချုပ်ရေးမှူးရုံး) နှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာရုံးသို့ သွားရောက် တိုင်တန်းခဲ့သော်လည်း အရေးယူခြင်း မရှိခဲ့ပေ။
သုံးခွမြို့ပေါ်ရှိအမျိုးသမီးရေးရာရုံးသို့သွားရောက်တိုင်တန်းရာတွင်ကျေးရွာဥက္ကဋ္ဌကလုပ်အားပေးစေခိုင်းခြင်းသာ ဖြစ်သဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ပေး၍ မရကြောင်း ပြောဆိုသလို မယကရုံး တာဝန်ရှိသူများကလည်း ခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်များ၏ အကူအညီဖြင့် ယခုကဲ့သို့ ILO ထံသို့ တိုင်ကြားနိုင်ခဲ့ကြောင်း ဒေါ်မြင့်သန်းက ပြောပြသည်။
ယင်းဖြစ်စဉ်တွင် လိုက်လံကူညီပေးနေသည့် သုံးခွမြို့နယ် NLD လူငယ် ကိုရင်အေးက “ဒီအမျိုးသမီးတွေက တခုလပ်၊မုဆိုးမတွေ။သူတို့ကမကျေနပ်လို့သာဇွဲရှိရှိနဲ့တိုင်နေတာ။စီးပွားရေးကလည်း အဆင်ပြေတာမဟုတ်ဘူး။ သူတို့အနေနဲ့ အကူအညီတောင်းလာတဲ့အပေါ်မှာ ကျနော်တို့ရုံးချုပ်က ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
ဒေါ်မြင့်သန်းနှင့်ဒေါ်ဝင်းတို့၂ဦး၏တိုင်ကြားချက်များကို ရန်ကုန်မြို့ပေါ်ရှိ ILO ရုံးအနေဖြင့် ရရှိထားပြီးဖြစ်ကာ၊ စိစစ်နေဆဲဖြစ်ကြောင်း ထိုရုံး၏ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“ဒီကိစ္စမှာ ကျနော်တို့ သိရသလောက်တော့ အတွင်းရေးမှူးက လုပ်ပိုင်ခွင့်အာဏာထက် ပိုပြီး လုပ်ထားတဲ့ သဘောပါ။ ဒီအတွက် ကျနော်တို့ဘက်က ဒီကိစ္စကို ဆက်ပြီး လုပ်ဆောင်ပေးသွားမှာပါ” ဟု သူက ဆိုသည်။
ILO အနေဖြင့် မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ကိစ္စများ တိုင်ကြားရေးအတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် နားလည်မှုစာချွန်လွှာကို ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာအစိုးရနှင့် နေပြည်တော်၌ နောက်ထပ် တနှစ်သက်တမ်းတိုးခဲ့သည်။
စာချွန်လွှာထဲတွင် အတင်းအဓမ္မခိုင်းစေမှုကို ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စအဖြစ် သတ်မှတ်ကာ အကယ်၍ ယခင်က ဥပဒေများသည် အတင်းအဓမ္မ ခိုင်းစေမှုကို အားပေးသလို ဖြစ်နေပါက ထိုဥပဒေများအား ပြင်ဆင်ရန်နှင့် ရုပ်သိမ်းရန်၊ ပုံစံအမျိုးမျိုးဖြင့် ရှိနေသည့် အဓမ္မ လုပ်အားပေး ပပျောက်စေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အရေးယူသည့် ဥပဒေ အပါအဝင် အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေး ဥပဒေများ အသုံးချမှုနှင့် လိုက်နာမှုများ မြင့်တက်လာစေရေး ဆောင်ရွက်ရန်တို့ ဖြစ်သည်။
သို့သော် ၂ဝဝ၅ ခုနှစ်တွင် ကျော်ကြားသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးများကို ယခုကဲ့သို့ တိုင်တန်းခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်ကြိမ်းဝါးသည်ဟူသည့် စွပ်စွဲချက်ဖြင့် အာဏာပိုင်များက ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။

ဆိုက်ဘာကန့်လန့်ကာ

ထွန်းထွန်း | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်
ခေတ်သစ်နည်းပညာကမ္ဘာမှာ ပညာဗဟုသုတနဲ့ သတင်းအချက်အလက် ရှာဖွေရေး၊ အချိန်တိုအတွင်း အပြန်အလှန်ဆက်သွယ်ရေးနဲ့လွတ်လပ်တဲ့အတွေးအမြင်စာစုတွေကိုအများသူငါဆီမျှဝေတင်ပြနိုင်ရေး အတွက် အင်တာနက်ဟာ မရှိမဖြစ်အသုံးတည့်ရုံသာမက မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့ နိုင်ငံမျိုးမှာ ပိုပြီးလိုအပ်တယ်လို့တောင် ဆိုသူတွေ ရှိပါတယ်။
ဒီအထဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေသစ်က အင်တာနက်ဟာ မရှိမဖြစ်ပါလို့ ဆိုပါတယ်။
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုနေမျိုးဝေကတော့ “အင်တာနက်မရှိရင် ကျနော်တို့ ပါတီ မထောင်ဘူးဗျ” တဲ့။ ပါတီရန်ပုံငွေ ချို့တဲ့တဲ့ သူတို့အတွက် အင်တာနက်ဟာ အကောင်းဆုံး စည်းရုံးရေး လက်နက်ပါလို့လည်း ဆိုပါတယ်။
“ပါတီမှာ သူဌေးဆိုတာ တယောက်မှ မပါဘူး။ ရန်ပုံငွေ ရှိတဲ့သူ မပါဘူး။ ဥပမာဆိုလိုတာက ပါတီရဲ့ တည်ထောင်သူတွေပေါ့။ ပါတီတည်ထောင်သူတွေက ငမွဲတွေချည်းပဲ”
intercyber3
လက်ရှိ အင်တာနက်ထိန်းချုပ်ထားမှုစနစ်ပြ ပုံ
အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီရဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးကလည်း အင်တာနက်ဟာ ကနေ့ကမ္ဘာအပြင် မြန်မာတွေအတွက်ပါ အဓိကလိုအပ်လာပြီလို့ ရှုမြင်ပါတယ်။
“အင်တာနက်ဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားမှ မဟုတ်ဘူး၊ ကျောင်းသားမှ မဟုတ်ဘူး။ နောက်ဆုံး ရဟန်းတော်တွေ လောကုတ္တရာစာပေတွေကို လေ့လာတဲ့အခါမှာ အိန္ဒိယတို့၊ သီရိလင်္ကာတို့နဲ့ ချိတ်ဆက်ပြီးတော့ ဒီလိုပူးတွဲနေတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက်ဆိုတာက နေ့စဉ် မရှိမဖြစ်သုံးစွဲရတဲ့ ပစ္စည်းတခုလိုမျိုး ဖြစ်လာပါပြီ”
အဲဒီလို လိုအပ်ချက်အဖြစ် ရှုမြင်သူတွေ ရှိနေပေမယ့်လည်း လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ၃ သိန်းပဲ ရှိတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ စာရင်းက ဆိုနေပါတယ်။
သုံးစွဲသူအနည်းအများအပေါ်စောဒကတက်ဖွယ်ရှိပေမယ့် intercyber2တကယ်တမ်းမှာ အင်တာနက်ဟာ မြန်မာပြည်သားတွေရဲ့နေ့စဉ်ဘဝအတွက်အရေးကြီးမကြီးကမေးခွန်း ထုတ်စရာပင်။
“ယနေ့ခေတ်ကမ္ဘာမှာအင်တာနက်မသုံးဘူးဆိုရင် အကန်းနဲ့ တူမှာပေါ့။ မျက်မမြင်နဲ့ တူမှာပေါ့။ ကျနော်တို့က ကမ္ဘာကြီးပေါ်မှာ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ နေဖို့ လိုတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Information ဆိုတာက ရနိုင်လေ၊ ကောင်းလေပဲ။ ဘာတွေဖြစ်နေလဲ၊ ကမ္ဘာပေါ်မှာ ဘာတွေပြောင်းလဲနေလဲ။ ဒီဟာတွေကို ကျနော် ယူပါတယ်။ နောက်တခုက လွှတ်တော်မှာ ကျနော် တင်သွားတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒီ Data (အချက်အလက်) တွေအတွက် လိုအပ်တဲ့အပိုင်းတွေ သုံးပါတယ်၊ ယူပါတယ်” လို့ ဒေါက်တာမြတ်ဉာဏစိုးက သူ့အတွက် အင်တာနက် အသုံးတည့်ရပုံကို နမူနာတခုပြ ပြောပါတယ်။
လွှတ်တော်ကိစ္စအတွက်သာမဟုတ်ဘဲပြည်တွင်းပြည်ပချိတ်ဆက်မှုတွေနဲ့ လူထုလှုပ်ရှားမှု လုပ်ငန်းတွေမှာပါ အသုံးဝင်ပါတယ်လို့ ပြောသူကတော့ ဒီနှစ်ထဲမှာပဲ ပါတီဝက်ဆိုက်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ပါ။
“ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းများနဲ့ ဆက်သွယ်ရေးဟာ ပိုပြီးတော့ နည်းနည်းလေး ကောင်းမွန်လာတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့ထက် ပိုပြောနိုင်တာက ကျနော်တို့ရဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေ၊ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်တဲ့နေရာမှာတော့ အများကြီးကို အကျိုးရှိတယ်။ ကျနော်တို့ရဲ့ ဝက်ဆိုက်ဆိုရင် ဖတ်တဲ့သူတွေ၊ အကြံပေးတဲ့သူတွေ အများကြီး ပေါ်လာတယ်။ နောက်ပြီးတော့ NLD ဝက်ဆိုက်ကို ဝင်ကြည့်ရကောင်းမှန်း သိလာတယ်။ ကျနော်တို့ ပြည်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ နေရာမှာတော့ အများကြီး ကျယ်ပြန့်လာတယ်”
ပါတီအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုကြပေမယ့် သုံးစွဲရာမှာ အင်တာနက်မြန်နှုန်း လေးလံကြန့်ကြာလို့အချိန်ကုန်လူပန်းသလိုအစိုးရပိတ်ပင်ကန့်သတ်ချက်များလွန်းလို့လွတ်လပ်ခွင့်တွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ ညည်းတွားသံတွေကလည်း စိန်ခေါ်နေပြန်ပါတယ်။
“အဓိကကတော့ကျနော်တို့ဆီမှာနှေးတာပါ။ကွန်နက်ရှင်မိအောင်လို့အတော်ကြိုးစားရပါတယ်။ ကွန်နက်ရှင်လေးမိလို့သုံးနေတုန်းရှိသေးပြန်ပြုတ်သွားတာပေါ့လေ။ဒီအပေါ်မှာ အချိန်ပေးရလွန်းအားကြီးတယ်ပေါ့။ကွန်နက်ရှင်နည်းတာရယ်၊သုံးရတဲ့အခါမှာနှေးတာရယ်။ဒါက အဓိကပါပဲ” လို့ ဒေါက်တာမြတ်ဉာဏစိုး ပြောပါတယ်။
အင်တာနက်သုံးစွဲမှု ထိန်းချုပ်ဖို့ အင်တာနက်ဆိုင်တွေမှာ လုံခြုံရေးကင်မရာ တပ်ခိုင်းတာ၊ သုံးစွဲမှုမှတ်တမ်း ဝင်စစ်တာတွေကလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း သုံးစွဲသူဦးရေ လျော့ကျသွားလို့ ဆိုင်ရှင်တွေရဲ့ ဝင်ငွေ ကျဆင်းလာတာကြောင့် ညည်းတွားသံတွေ ကြားရပြန်ပါတယ်။
“ပြည်သူလူထုကလည်း အင်တာနက်ကို အိမ်တွေမှာ မသုံးနိုင်ဘူး။ ဆိုင်တွေမှာ သွားသုံးရတယ်။ ဆိုင်တွေမှာလည်း နိုင်ငံရေးဝက်ဆိုက်များ မကြည့်ရဆိုတဲ့ စာတန်းတွေက ရှိနေတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟာတွေကို ကြည့်တာရှုတာ တော်တော်နည်းသွားပြီ။ သောင်းဂဏန်းလောက်ပဲ ရှိတော့တယ်” လို့ ကိုနေမျိုးဝေက ဆိုပါတယ်။
အစိုးရက အင်တာနက်စင်စစ်ကို သုံးခွင့်မပြုဘဲ တဆင့်ခံ အင်ထရာနက်အဆင့်ကိုပဲ ခွင့်ပြုထားတာပါ။
၂ဝ၁ဝအထိInternetService Provider (ISP) နှစ်ခုပဲ အသုံးပြုခဲ့ပါတယ်။ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ISP ကကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေအားလုံးနဲ့ ADSL/Dial-up စနစ် သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးပါတယ်။ရတနာပုံတယ်လီပို့စ်ပိုင်ISPကတော့Dial-up,ADSL,FTTH, Wireless/Boradbandစနစ်နဲ့သုံးစွဲသူတွေကိုဝန်ဆောင်မှုပေးတယ်လို့ပြည်ပအခြေစိုက်မြန်မာသတင်းသမဂ္ဂBMAရဲ့ “အမျိုးသားအဆင့် ရတနာပုံ မြန်မာWebPortal- ဖွံ့ဖြိုးမှုလော? ဖိနှိပ်မှုလော?” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အဲဒီ ISP နှစ်ခုအထက်မှာ ဟံသာဝတီ အမျိုးသား Gate Way ရှိပြီး အဲဒီကတဆင့် နိုင်ငံတကာ အင်တာနက် လိုင်းတွေကို ချိတ်ဆက်တာ ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲချိန်မှာ ဆာဗာအဆင့်ဆင့်ကို ဖြတ်ရတာကြောင့် မြန်နှုန်းနှေးကွေးတာတွေ ဖြစ်လာစေပါတယ်။
၂ဝ၁ဝ အောက်တိုဘာနောက်ပိုင်း စစ်အစိုးရက အင်တာနက်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးလာပါတယ်။ ISP စနစ်သစ်မှာ စာတိုက်နှင့် ကြေးနန်း ISP နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ISP ဆိုပြီး ပင်မ နှစ်ခု ပြန်ဖြစ်လာပါတယ်။ ရတနာပုံ တယ်လီပို့စ် ISP ကတော့ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ISP အောက်မှာ ထားတော့မှာပါ။
ထူးခြားချက်အနေနဲ့ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကနေပြီး မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကို ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဟံသာဝတီ အမျိုးသား Gate Way ကတော့ အရင်အတိုင်းပဲ ရှိနေမှာ ဖြစ်တဲ့အတွက် အင်တာနက်သုံးသူတွေကို ကန့်သတ်မယ်ဆိုရင် ရတနာပုံတယ်လီပို့စ် တခုထဲနဲ့ပဲ ပြုလုပ်နိုင်ပြီလို့ ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။
intercyberဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ တင်းကျပ်တဲ့ ဥပဒေတွေကလည်း အင်တာနက် သုံးစွဲမှုကို ခြိမ်းခြောက်နေဆဲပါ။
မြန်မာအစိုးရက သတင်းဆက်သွယ်ရေး နည်းပညာ (ICT) နှင့် ပတ်သက်ပြီး ဥပဒေ ၃ ခု ချမှတ်ထားပါတယ်။ ဒီဥပဒေတွေက မြန်မာကွန်ပျူတာ သိပ္ပံဖွံ့ဖြိုးရေး ဥပဒေ၊ Wide Area Network ဥပဒေနှင့် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေတို့ပါ။
၂ဝဝ၄ ခုနှစ် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေရဲ့ အပိုဒ်ခွဲ ၃၃ မှာဆိုရင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသည့် အင်တာနက် အသုံးပြုသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ (သို့မဟုတ်) ကြီးလေးသော ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်အပြစ်ပေးနိုင်သည်လို့ ဆိုထားပါတယ်။
ဒီဥပဒေတွေကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေ၊ နေဘုန်းလတ် အပါအဝင် ဘလော့ဂ်ဂါတချို့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပါ။
ဒီလို တင်းကျပ်မှု၊ ဘလော့ဂ်ဂါတွေ ဖမ်းဆီးထောင်ချခံရမှုတွေကြောင့် RSF က မြန်မာနိုင်ငံကို အင်တာနက်ရဲ့ ရန်သူစာရင်းသွင်းထားပြီး အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်း အင်တာနက် လွတ်လပ်ခွင့်မှာ ဒုတိယအချိုးဖောက်ဆုံးအနေနဲ့ မှတ်တမ်းတင်ထားတာပါ။
မရှိမဖြစ် သုံးစွဲသင့်လာပြီဖြစ်တဲ့ အင်တာနက်ကို မြန်မာအစိုးရက ဘာကြောင့် ကန့်သတ်ချုပ်ချယ်ရလဲဆိုရင် အကြောက်တရားပဲလို့ ဦးဝင်းတင်က ယူဆပါတယ်။

“သူတို့ (အစိုးရ) က ကြောက်ရွံ့မှုအပေါ်မှာ တည်ပြီးတော့ အင်တာနက်သုံးစွဲမှုတွေကို အမျိုးမျိုး ချုပ်ကိုင်လာပါတယ်။ ချုပ်ကိုင်လာတဲ့အတွက် အင်တာနက်ဆိုင်တွေ၊ ကဖေးတွေဆိုရင် ဘယ်လိုင်းတွေ ဘယ်လိုင်းတွေ ဘာတွေ ပိတ်ပါတို့ လိုင်းတွေ ဝင်လို့မရတာ ပိတ်တာက တပိုင်း၊ နောက် လိုင်းတွေကို နှေးအောင် လုပ်တာတို့၊ ဒါတွေကလည်း အများကြီး ရှိပါတယ်။ အဲဒါအပြင် အင်တာနက်ဆိုင်တွေမှာ CCTV တွေ တပ်ရမယ်ဆိုတာမျိုးတွေ၊ ချုပ်ကိုင်မှုမျိုးစုံလုပ်ထားပါတယ်။ လုပ်လည်း လုပ်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ ကြောက်ရွံ့မှုဆိုတာ ဒီနိုင်ငံရေးအပေါ်မှာ တည်တယ်။ လူထုက သူတို့ကို မုန်းတီးမှုအပေါ်မှာ ကြောက်ရွံ့ခြင်းဖြစ်တယ်”
ချုပ်ကိုင်မှုတွေဟာ တိုးတက်မှုကို တားဆီးပိတ်ပင်တဲ့ အရာလို့ ကိုနေမျိုးဝေက ကောက်ချက်ဆွဲပါတယ်။
“ကျနော်နဲ့ ထောက်ကြန့်မှာ အိမ်နားနီးချင်း နေတဲ့သူတွေတောင် ကျနော် လုပ်နေတာတွေ ဟုတ်တိပတ်တိ မဖတ်ရဘူး။ စာရွက်ထုတ်ပေးမှ ဖတ်ရတယ်။ စာရွက်ဆိုတာ ဈေးကြီးတယ်ဗျ၊ မပေးနိုင်ဘူး။ အိုင်တီသုံးပြီး အင်တာနက်ကနေ ဖြန့်တဲ့ဟာကျတော့ လွယ်တာပေါ့။ ငွေကုန်ကြေးကျ သက်သာတာပေါ့။ အစိုးရကနေ ခေတ်မီဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ဒီ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လုပ်ပိုင်ခွင့်တွေကို ပိတ်မထားရုံပဲ”
အစိုးရကဘယ်လိုပဲတားဆီးပိတ်ပင်ပေမယ့်ကျော်လွှားအသုံးပြုနေသူတွေ ရှိနေပါသတဲ့။ အကြောက်တရားနဲ့ ပိတ်ပင်မှုကို ကျော်လွှားမယ့် သူတွေကတော့ ဒီကနေ့ခေတ် လူငယ်တွေ၊ ပညာတတ်တွေပါလို့ ဦးဝင်းတင်က ဆိုပါတယ်။
“သိသာထင်ရှားတာကတော့ ဒီအင်တာနက်တို့ ဘာတို့ကနေပြီးတော့ သုံးနေတာပဲဗျ။ ဥပမာ ကလေးတွေ ပြောနေဆိုနေတဲ့ စကားထဲမှာ သူတို့ ဘယ်လောက်ပဲပိတ်ပိတ် Proxy ဆိုတဲ့ နည်းတွေနဲ့ သူတို့ ဖွင့်လို့ရတယ် ဆိုပြီးတော့ ပြောနေကြတယ်။ ဆိုပါတော့ သာမန်အားဖြင့် VOA, BBC, RFA, DVB တို့ ဆိုတဲ့ဟာတွေကို သာမန်အားဖြင့် လိုင်းတွေ ဖွင့်လို့မရဘူးဗျ။ Google တို့၊ facebook တို့ဆိုတာတောင် လိုင်းတွေက ဖွင့်လို့ မရချင်ဘူး။ သို့သော် ဒါတွေကို ကလေးတွေက လွယ်လွယ်ကူကူနဲ့ပဲ Proxy ဆိုတဲ့ဟာတွေ၊ နည်းပညာတွေ သုံးပြီး ဖွင့်သုံးနေတာပဲဗျ”
စစ်အစိုးရ တဖြစ်လဲ လူဝတ်လဲအစိုးရလို့ အများက ခေါ်ဆိုနေကြတဲ့ အစိုးရသစ်တရပ် ရှိလာပါပြီ။ အစိုးရရဲ့ ပြောင်းလိုက်တဲ့ မူဝါဒတွေထဲက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆိုတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အဓိက အထောက်အကူဖြစ်မယ့် အရာဟာ အင်တာနက်ပါလို့ ဒေါက်တာမြတ်ဉာဏစိုးက မြင်ပါတယ်။
“တိုင်းပြည်က တကယ်ပြောင်းနေပြီဆိုတာကို ကျနော် လက်ခံပါတယ်။ ပြည်ထောင်စု အစိုးရသစ်လည်း ပေါ်လာပြီ ဆိုတော့ အရွေ့တခုကို သွားနေတယ်။ လိုအပ်တာတွေကို ကျနော်တို့ဘက်က ကူညီပေးဖို့လည်း ဝန်လေးစရာ မရှိပါဘူး။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရအနေနဲ့လည်း တချို့ကိစ္စတွေမှာ နည်းနည်း မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခု ဒီအင်တာနက်ကိစ္စဆိုရင် တကယ်လုပ်မယ်ဆိုရင် အင်မတန်လွယ်လွယ်လေးပါ”
ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်သွားမယ်ဆိုတဲ့ ဦးဝင်းတင်ကတော့ အစိုးရအနေနဲ့ တားဆီးစေကာမူ မရနိုင်ဘူးဆိုတာ သက်သေပြလို့ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
“ဒီလူငယ်တွေ သို့မဟုတ်လည်း နည်းပညာတတ်တဲ့ အတတ်ပညာရှင်တွေအနေနဲ့ သူတို့ ဘယ်လိုပဲလုပ်လုပ် ကျော်လွှားပြီးတော့ ဖောက်ထွင်းပြီးတော့ ကမ္ဘာနဲ့ ဆက်နေတယ်။ အခြားသော မိတ်ဆွေများနဲ့၊ ရဲဘော်ရဲဘက်များနဲ့ ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါကြောင့် သူတို့ ဘယ်လိုပဲ ပိတ်ပိတ်၊ ဆို့ဆို့ သိပ်ပြီး ထိရောက်တဲ့ အနေအထားမျိုး ရှိလိမ့်မယ်လို့တော့ ကျနော် သိပ်မထင်လှဘူး”

dinsdag 26 april 2011

တောင်သူလယ်သမားကို မြှင့်တင်ပေး ရန် ဒေါ်စု

သဲသဲ အင်္ဂါနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ် . 
နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းပြည်၏ လူဦးရေ အများစုဖြစ်သော တောင်သူလယ်သမားများ၏ အခြေအနေ မြှင့်တင်နိုင်မှသာ နိုင်ငံတိုးတက်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအကြိမ် တောင်သူလယ်သမားများပညာပေးသင်တန်း၌ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။
စိုက်ပျိုးရေးနည်းပညာ တိုးတက်စေရန်နှင့် လယ်သမားများ၏ အခက်အခဲများ ဆွေးနွေးရန် ဧပြီလ ၂၆ ရက်နေ့မှစ၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိNLDရုံးချုပ်၌ ၃ ရက်ကြာ ပြုလုပ်မည့် တောင်သူလယ်သမားများ ပညာပေးသင်တန်း အပတ်စဉ် ၁ ဖွင့်ပွဲ ကျင်းပရာ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။
“တိုင်းပြည်ရဲ့ အခြေအနေ တိုးတက်ဖို့ဆိုရင် လယ်သမားများရဲ့ အခြေအနေကို မမြှင့်တင်လို့မရဘူး။ အဲလိုမြှင့်တင်ရာမှာ လယ်သမားတွေရဲ့ သားသမီးတွေ ပညာရေး မြင့်လာအောင် မြှင့်တင်ကြရမယ်လို့ .. အဲသလို လမ်းညွှန်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
သင်တန်းသို့ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တောင်သူလယ်သမား ၄၆ ဦး တက်ရောက်ပြီး၊ NLDအဖွဲ့ဝင် စိုက်ပျိုးရေးကျောင်းဆင်း ပညာရှင်များက စိုက်ပျိုးရေးနည်းပညာများ ပို့ချသွားမည်ဖြစ်သည်။
အင်္ဂါနေ့နေ့လည်၂နာရီတွင်ပြုလုပ်သည့် သင်တန်းဖွင့်ပွဲသို့ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်ဝင်များ တက်ရောက်ကာ တောင်သူလယ်သမားများနှင့် မိတ်ဆက်တွေ့ဆုံကြခြင်း ဖြစ်သည်။
စိုက်ပျိုးရေး နည်းစနစ်များအပြင် စိုက်စရိတ်ချေးငွေ၊ မြေယာသိမ်းမှုများနှင့် လွတ်လပ်စွာ စိုက်ပျိုးခွင့် ရရှိရေး စသည့် လယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း နှစ်ဖက်ဆွေးနွေးသွားမည်ဟု ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
“ပိုးမွှားတွေသတ်တဲ့ ပိုးသတ်ဆေးတွေ ဘယ်လိုသုံးရမယ် ဆိုတာမျိုးတွေလည်း ပါသလို၊ မြေယာနဲ့ ပတ်သက်တဲ့ အခက်အခဲလည်း ရှိမှာပေါ့ဗျာ။ နောက်ပြီး စရိတ်စကတို့၊ စားကျက်ကိစ္စ၊ အေးအေးချမ်းချမ်း စိုက်နိုင်အောင် ဘယ်လို ကာကွယ်စောင့်ရှောက်ပေးမလဲ ဆိုတာတွေကအစ အကုန်ပါမှာပေါ့ဗျာ” ဟု သူက ပြောသည်။
ဒေသနှင့် မကိုက်ညီသည့် သီးထပ်သီးညှပ်များ အဓမ္မစိုက်ပျိုးခိုင်းသဖြင့် တောင်သူများ အရှုံးပေါ်ခြင်းနှင့် ချေးငွေ မလုံလောက်သဖြင့် စိုက်ပျိုးစရိတ် ခက်ခဲသည့် ပြဿနာများကို သင်တန်းတွင် လယ်သမားများက အများဆုံး ပြောဆိုခဲ့ကြသည်။
အမှန်တကယ်လယ်ယာလုပ်ကိုင်သူများအတွက်၎င်းတို့လယ်မြေများတည်ငြိမ်မှုရှိရန် ဆောင်ရွက်ပေးစေလိုသည်ဟု ဦးတင်ဦးက ဆိုသည်။
သင်တန်းတက်လာသူ လယ်သမားများအတွက် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ NLDမြို့နယ်အဖွဲ့ကထောက်ပံ့ကူညီသည်ဟုNLDတောင်သူများ လုပ်ငန်းကော်မတီဝင် ဦးမောင်မောင်ကြီးက ပြောသည်။
“သူတို့ ရန်ကုန်မှာနေရတဲ့ ၅ ရက်လောက် အတောအတွင်းမှာ သက်ဆိုင်ရာ မြို့နယ်ပါတီအဖွဲ့တွေက သွားလာနေထိုင်ရေး အဆင်ပြေအောင် အားလုံးကူညီပံ့ပိုးပေးထားတာပါ” ဟု သူက ဆိုသည်။
သင်တန်းတက်လာသူများမှတဆင့် ၎င်းတို့ဒေသရှိ တောင်သူလယ်သမားများကို စိုက်ပျိုးရေး အသိပညာများ ပြန့်ပွားသွားရန်ပါ လုပ်ဆောင်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အခက်အခဲများကိုလည်း NLDက ဆက်လက်ကူညီသွားမည်ဟု သူက ဆက်ပြောသည်။
NLD သည် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ရန် ရည်ရွယ်ကာ မြို့နယ် ၁၉ ခုမှ တောင်သူလယ်သမား ၃၃ ဦး ပါဝင်သော လယ်သမား ကွန်ယက်တခုကို မတ်လအတွင်း ဖွဲ့စည်းခဲ့သည်။
အဆိုပါ ကွန်ယက်မှ လယ်သမားများအတွက် ဥပဒေနည်းလမ်းအရ တရားစွဲခြင်း၊ သတင်းအချက်အလက်များကို NLD ရုံးချုပ်သို့ ပေးပို့ခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။





သမ္မတ၏ ပထမဆုံးပြည်ပခရီးစဉ် ဘင်္ဂလားဒေ့ရှ်ဖြစ်မည်

ခင်ဦးသာ Tuesday, 26 April 2011 10:37
.သမ္မတသစ် ဦးသိန်းစိန်သည် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် လည်ပတ်မှုဖြင့် စတင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် DhakaDailyStarသတင်းစာ၌ဧပြီ၂၂ ရက် နေ့က ရေးသားထားသည်။
                                                                       သမ္မတသစ် ဦးသိန်းစိန် (ဓာတ်ပုံ - AP)
ဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာမီ သွားရောက်လည်ပတ်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်အား ကိုးကား၍ သတင်းစာက ရေးသားထားခြင်းဖြစ်ပြီး မည်သည့်ရက်တွင် လာရောက်မည်ဆိုသည်ကို မသိရ သေးပေ။
ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်၏ လေတပ်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဧပြီလ ၂၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေရာ ၎င်းသည် သမ္မတသစ် ဦးသိန်းစိန်မသွားမီ အကြိုခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်တချို့က ဆိုသည်။သမ္မတသစ်ဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၇ ရက်၊ ၈ ရက်နေ့များတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်း အဝေး(The18thAseanSummit)သို့လည်း တက်ရောက်မည့် အစီအစဉ်ရှိသည်။
မြန်မာ့လေတပ် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လေတပ်ဦးစီးချုပ် SM Ziaur Rahman နှင့် မနေ့ကတွေ့ဆုံ၍ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း Dhaka အခြေစိုက် မီဒီယာများက ရေးသား ထားကြသည်။
“စစ်တပ်ကိုယ်စားလှယ် အနေနဲ့လာတာဆိုတော့ အဓိက ဆွေးနွေးတာက စစ်ရေးကိစ္စပဲ ဖြစ်မှာပါ။ စီးပွားရေးကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကတော့ သူက အစိုးရအဖွဲ့ မဟုတ်တဲ့အတွက် ဆွေးနွေးမယ့် အနေအထားမတွေ့ရဘူး”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် နိရိဉ္စရာ သတင်းဌာန၏ အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ဧရာဝတီကို ပြောသည်။
မြန်မာလေတပ်ဦးစီးချုပ်သည်ဘင်္ဂလားဒေ့ရှ်လေတပ်ဦးစီးချုပ်နှင့်နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ အငြင်းပွားနေသည့် ရေပိုင်နက်ပြဿနာ၊ နယ်စပ်အကြမ်းဖက်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးမည်ဟု သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ ကြည်းတပ်ဦးစီးချုပ်၊ ရေတပ်-ဒုဦးစီးချုပ် တို့နှင့်ယနေ့ တွေ့ဆုံမည် ဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ၆ ရက်ကြာမြင့်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသ၌ နယ်နိမိတ်အငြင်းပွားမှုများ မကြာခဏဖြစ်ပွားလေ့ရှိ၍ နှစ်နိုင်ငံစလုံး၏ စစ်အင်အားတိုးချဲ့ရေး ကိစ္စများကို နယ်စပ်ဒေသများ၌ အပြန်အလှန်လုပ်ဆောင်နေကြပြီး မောင်းတောနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်း၌ လေတပ်စစ်စခန်းသစ် တခုကို ဧပြီ ၃ ရက်နေ့၌ ဖွင့်လှစ်ခဲ့သည်။
ထိုအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကိုယ်တိုင် တက်ရောက်ဖွင့် လှစ်ပေးခဲ့ပြီး “တိုင်းပြည်ရဲ့ လေပြင်ကိုသာမက ရေပြင်ကိုပါ ကာကွယ်ဖို့ လေတပ်ကို ကမ္ဘာ့အဆင့်မီ ဖွဲ့စည်းသွားမယ်” ဟု ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများတွင် ရေးသားထားသည်။
ပိုင်နက် အငြင်းပွားနေသော နှစ်နိုင်ငံပြဿနာကို ကမ္ဘာ့ကုလသမဂ္ဂက ဖြေရှင်းပေးရန် နှစ်နိုင်ငံစလုံးက တင်ပြထားခြင်းအား ယခုနှစ်အတွင်း အပြီးသတ် ဆုံးဖြတ်ပေးသွားရန် ရှိသည်ဟု သိရသည်။
နှစ်နိုင်ငံအကြား တည်ရှိသော ရေပြင်တွင် သဘာဝဓာတ်ငွေ့သိုက် အများအပြား တွေ့ရှိပြီး နောက်ပိုင်းတွင် ထိုရေပြင်အား သူပိုင်ကိုယ်ပိုင် အငြင်းပွားခဲ့သည့်အပြင် ၂၀၀၈ ခုနှစ်အတွင်း ရေတပ် စစ်သင်္ဘောများ စေလွှတ်၍ စစ်ရေး တင်းမာမှုများ ရှိခဲ့သည်။
ဘူးသီးတောင်၊ မောင်းတောဒေသ၌ အခြေစိုက်ထားသော မြန်မာစစ်တပ်သည် နှစ်နိုင်ငံအကြား ရေပြင်၌ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် အုန်းကျွန်းအမည်ရှိ ကျွန်း၏ အချက် အလက်၊ သမိုင်း အထောက်အထားများ ရရှိနိုင်ရန် သက်ကြီး ရခိုင်ပုဂ္ဂိုလ်များထံ မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
နအဖ စစ်အစိုးရ၏ ဒုတိယ အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ အရေးကိစ္စများကိုဆွေးနွေး ဖြေရှင်းခဲ့ပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင် တဦးအဖြစ် သွားရောက်ခြင်းဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်ဒေသ၌ ရေပိုင်နက်ပြဿနာ၊ စစ်ရေးပြဿနာ၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာမှု စသည့် အရေးများ ဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၌ မကြာမီရက်ပိုင်းက ဘာသာရေးအဓိ ကရုဏ်း ဖြစ်ပွားခဲ့ရာ ဒေသခံ ရခိုင်၊ သက်၊ မရမာ စသည့် ဗုဒ္ဓဘာသာဝင် ၃၀ ခန့် သေဆုံးခဲ့သည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ကာချုပ် ဦးစီးမည်

ဧရာဝတီ Tuesday, 26 April 2011 10:40
.တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIB) ဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိကြောင်းနေပြည်တော်အခြေစိုက် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
                                  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ-GettyImages)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထံသို့ လွှဲပြောင်းမပေးခင်ကပင်အမျိုးသားထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန်တရားဝင်ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ ညွှန်ကြားချက်အတိုင်းဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်လျက် ရှိကြောင်း သိရှိရသည်။
အမျိုးသားထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန်သမ္မတဦးသိန်းစိန်ဦးဆောင်သောအမျိုးသား လုံခြုံရေးကောင်စီက တရားဝင်ခွင့်ပြုထားကြောင်း၊အဓိကအားဖြင့်ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာနစသည့်ဌာန၃ခုကိုပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လိုအပ်ချက် အရ တခြားသော အရပ်ဘက်ဆိုင်ရာ ၀န်ကြီးဌာန များသည်လည်း အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
“အဲဒီအဖွဲ့ကအမျိုးသားလုံခြုံရေးကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာထားမယ်လို့သိရပါတယ်”ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်းအကြမ်းဖက် ဖောက်ခွဲမှုလုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့်လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သော အရေးကိစ္စအားလုံးကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် အစီရင်ခံစာ ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားရောက် သတင်းပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး နိုင်ငံတော် အာဏာကို တရားဝင် ရယူခဲ့သည်။

maandag 25 april 2011

ဖွံ့ဖြိုးရေးအတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်

ရန်ပိုင် Monday, 25 April 2011 18:33
.သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ပြောကြားသည်။
             မတ်လ ၃၁ ရက်နေ့က သမ္မတအိမ်တော်တွင် မိန့်ခွန်းပြောနေသော ဦးသိန်းစိန် (ဓာတ်ပုံ - AP)
ထိုအစည်းအဝေးတွင် “ယနေ့ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြသဖြင့် မိမိတို့ နိုင်ငံအနေဖြင့်လည်း ဖွံဖြိုးတိုးတက်အောင် ခေတ်နောက်ကျ မကျန်ရစ်ရအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ စားဝတ်နေမှု ပြည့်စုံဖူလုံရေးအတွက် လယ်ယာကဏ္ဍကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီ စက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံတိုးတက်အောင် ဆောင်ရွက်ကြရမည်” ဟုသမ္မတ ဦးသိန်းစိန်က ပြောကြောင်း ဧပြီလ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာတွင် ရေးသားထားသည်။
ထို့အပြင် မြေရှိလျှင် အလုပ်ရှိရမည်၊ ရေရှိလျှင် အလုပ်ရှိရမည် ဆိုသော ခံယူချက်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများအောင် ဖန်တီးဖော်ဆောင်ပေးပြီး လူသယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတများကို ထိထိရောက်ရောက် အသုံးချရမည်ဟုလည်း ပြောဆိုသည်။
ယခု အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရမှ သမ္မတအသစ် ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရအသစ်သို့ အာဏာလွှဲပြောင်းပေးပြီးနောက် ပထမဆုံး ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။
နိုင်ငံရေးလေ့လာသူများကမူ သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်များသည် ယခင်စစ်အစိုးရ လက်ထက် လေးလတကြိမ် ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးများ၊ နိုင်ငံတော် အခမ်းအနားများနှင့် သ၀ဏ်လွှာများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောဆိုသည်များနှင့် ထပ်တူညီမှုများကို တွေ့မြင်ရကြောင်း ဝေဖန်သုံးသပ်သည်။
ပြည်တွင်းအခြေစိုက် စီးပွားရေး ပညာရှင်တဦးကမူ ယင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က “မိမိတို့နိုင်ငံသည်ရေ၊မြေ၊သဘာဝသယံဇာတများ ရှိပါလျက်နှင့် အကြောင်းကြောင်းကြောင့် ဖွံဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ကြောင်းကိုအားလုံးအသိပင်ဖြစ်ကြောင်း”ဆိုသည့် ပြောဆိုမှုကို ကြည့်ခြင်းဖြင့် နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို အစိုးရသစ် သိမြင်သည်ဟု ယူဆကြောင်း၊ ထိုကြောင့် အစိုးရသစ်၏ လုပ်ဆောင်ချက်များကို အချိန်ပေး စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောသည်။
“သမ္မတတယောက်အနေနဲ့ စိတ်ထဲမှာ အစစ်အမှန် တကယ်ပြောင်းချင်လို့ ပါးစပ်က ထုတ်ပြောတာပါ။ တကယ်လည်း စေတနာရှိရှိ အကောင် အထည်ဖော်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကဆိုသည်။
ဦးသိန်းစိန်၏ တိုင်းပြည်စီးပွားရေး စီမံကိန်း အကောင်အထည်ဖော်ရေး ပြောဆိုမှုနှင့်ပတ်သက်၍ အကောင်းဘက်မှ ရှုမြင်ကြောင်း ဆက်လက်ပြောဆိုသည်။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ တိုင်းပြည်၌ မတိုးတက်သောကဏ္ဍဟူ၍ မရှိဘဲ တိုင်းပြည်စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများမှအစ အားလုံးတိုးတက်ကြောင်းကို အမြဲတစေ ပြောဆိုခဲ့သည်။
ဦးသိန်းစိန်၏မိန့်ခွန်းတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များအကြား ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အစိုးရ မည်သို့ပင် ပြောင်းလဲသည်ဆိုသော်လည်း တိုင်းပြည်မှာမူ ဆင်းရဲတွင်းနက်နေသည့်အတွက် တိုင်းပြည်တိုးတက်ရေး ဖော်ဆောင်မှုနှင့်ပတ်သက်၍အပြောချည်းသက်သက်မဟုတ်ဘဲအမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင်ကြိုဆိုပါကြောင်း၊နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးတည်ငြိမ်မှုလည်းလိုကြောင်း၊ သို့သော် အခြေခံကျသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့် အချက်များကိုမူ လျစ်လျူရှုထားကြောင်း ဝေဖန်သုံးသပ်သည်။
သမ္မတဦးသိန်းစိန်၏မိန့်ခွန်းတွင်နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်က ရရှိခဲ့သည့် ဖွံဖြိုးတိုးတက်မှုများကို ဆက်ခံပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အာဏာ နယ်စွန်နယ်ဖျားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် တဖက်နိုင်ငံကိုအထင်ကြီးအားကိုးစိတ်များပျောက်အောင်၊ တဖက်နိုင်ငံထက် သာလွန်ဖွံဖြိုးတိုးတက်အောင်၊ ကိုယ့်ဒေသကိုယ် ချစ်မြတ်နိုးပြီး ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်လာစေရန်၊ နယ်စပ်ဒေသများ တည်ငြိမ်ဖွံဖြိုး တိုးတက်စေလိုသည့် မိမိတို့ စေတနာကို နားလည် သဘောပေါက် ယုံကြည်စေရန် လက်တွေ့လုပ်ကိုင်ရန် ပြောဆိုခဲ့သည်။