မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 2 april 2011

သင်္ကြန်ကာလခရီးသွားမည့်သူ၂ဆမြင့်တက်

နရီလင်းလက် Saturday, 02 April 2011 17:07
.ယခုနှစ်သင်္ကြန်ကာလပြည်တွင်းခရီးသွားလာမည့်နှုန်းမြင့်မားနေသည်ဟုခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ က ပြောသည်။
ယမန်နှစ်ကရန်ကုန်မြို့တွင်ရေပက်ခံထွက်နေသူများ။ယမန်နှစ်ကသင်္ကြန်တွင်းဗုံးပေါက်ကွဲမှုကြောင့် သင်္ကြန်ကာလခရီးသွားမည့်သူများလာခြင်းဖြစ်သည်(ဓာတ်ပုံ-Reuters)
နှစ်စဉ် သင်္ကြန်ကာလ၌ သွားလာမှု အများဆုံးဖြစ်သည့် ငွေဆောင်၊ ချောင်းသာ၊ ငပလီ ကမ်းခြေခရီးစဉ်နှင့် ပုဂံ၊ တောင်ကြီး ၊ အင်းလေး ၊ ရွှေလီ ခရီးစဉ်များတွင် ကုမ္ပဏီအလိုက်၊ မိသားစုအလိုက် ကြိုတင်စာရင်းပေး လက်မှတ်မှာယူထားသည်များမှာ
ပြီးခဲ့သည့် နှစ်ကထက်၂ ဆခန့် မြင့်တက်လာသည်ဟု ပြည်တွင်းခရီးသွားလာရေး ၀န်ဆောင်မှု ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
ယင်းသို့ ခရီးသွားမည့်သူများခြင်းမှာ ယမန်နှစ် သင်္ကြန်ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ယခုနှစ် ရေပက်ခံကားဖြင့် လည်ပတ်မည့်သူများ ၊ မဏ္ဍပ်တွင် ရေကစားမည့်သူများ လျော့နည်းသွားပြီး အများစုမှာ အပန်းဖြေခရီးစဉ်များကိုသာ စိတ်ဝင်စားလာသောကြောင့် ဖြစ်သည်ဟု သိရသည်။
၎င်းက ဆက်၍ “သင်္ကြန်မှာ မနှစ်ကလို ထပ်မဖြစ်လာဘူးလို့ ဘယ်သူမှ မပြောနိုင်သလို ဆိုးဆိုးရွားရွား လူတွေ သေကြတဲ့ ဖြစ်ရပ်က ဘယ်သူမှ မေ့လို့ရမှာမဟုတ်ဘူး။ အများစုက လည်ရပတ်ရမှာကို ကြောက်သွားကြတာပေါ့။ ဒါကြောင့် တချို့က ရိပ်သာတွေဝင်ပြီး ကုသိုလ်ကောင်းမှုတွေ လုပ်တာရှိသလို မိသားစုအလိုက်နဲ့ ရုံးတွေအုပ်စုလိုက် အပန်းဖြေထွက် လာကြတာကို တော်တော်လေး သတိထားမိရလောက်အောင် များလာတယ်ပြောရမယ်” ဟု ပြောသည်။
ပြည်တွင်းခရီးစဉ်အတွက် ကြိုတင်လက်မှတ် မှာယူရာထဲတွင် တောင်ကြီး ခရီးစဉ်မှာ အများဆုံးဖြစ်သည်ဟု NewMotionTravels &Toursကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။
“ရက်ကတော့ဧပြီ၁၁-၁၂လောက်မှ စပြီး ခရီးထွက်တာဆိုတော့ အခုလောလောဆယ် ကြိုတင် လက်ခံထား သလောက်ဆိုရင်တော့အရင်နှစ်ကထက်၁ဆခွဲ၂ဆလောက်လူပိုများတဲ့အပြင် သွားတဲ့လူက တဦးချင်းထက် အုပ်စုလိုက် သွားတာ ပိုများနေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
၎င်းကဆက်လက်၍“တောင်ကြီးဘက်ကိုထွက်မှာ၆စီး၊ တစီးကို ၄၅ ယောက် ဆံ့တယ်။ ရွှေလီ ၄ စီး အပါအ၀င် တခြားနေရာတွေပါအပါစုစုပေါင်းအစီး၂၀ထွက်ဖို့ရှိတယ်။သင်္ကြန်နည်းနည်းစောနေသေးတော့ လောလောဆယ်ပြည့်တဲ့ ကားကပြည့်သလို တချို့ကားတွေ နေရာလွတ်ရှိသေးတယ်” ဟု ပြောသည်။
တောင်ကြီး ခရီးစဉ်မှာ ၄ ည အိပ် ၅ ရက် ကျပ် ၁ သိန်း ၈ သောင်း ၅ ထောင် ၊ ရွှေလီ ခရီးစဉ် ၇ ည အိပ် ၈ ရက် ကျပ် ၃ သိန်း ၁ သောင်း ဟု သိရသည်။
MoonPrincessTravelServicesကုမ္ပဏီ မှ မသဲ က “ကိုယ့် ကုမ္ပဏီအနေနဲ့ ဆိုရင်တော့ ကမ်းခြေဘက်ရော၊ တောင်ကြီး ခရီးစဉ်ဘက်ပါ သွားတဲ့နှုန်းက မျှတယ်ပြောရမှာပေါ့။ အစ်မတို့ ကုမ္ပဏီ ဈေးကွက်ကလည်း တယောက်ချင်းစီ မဟုတ်ဘဲ အုပ်စုလိုက် လူဘယ်နှယောက်ဆို ကျပ် ဘယ်နှသိန်း၊ ဒီလို ပတ်ကေ့ခ်ျ သွားတာဆိုတော့ဝင်လာတာများတာနဲ့သိသာတယ်။ဒီနှစ်ဆန်းကလည်းကခရီးသွား ပြည်ပဧည့်သည်များတော့ ခရီးသွားလုပ်ငန်းလုပ်တဲ့လူတွေ လုပ်ငန်းလည်ပတ်နိုင်တဲ့ အခြေအနေဖြစ်လာတာတော့ ၀မ်းသာစရာပေါ့” ဟု ပြောသည်။
ငွေဆောင် ကမ်းခြေတွင် ဖွင့်လှစ်ထားသည့် ဟိုတယ်တခုမှ တာဝန်ရှိသူက “လက်ရှိ အချိန်အထိတော့ ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့ ခရီးသွားကုမ္ပဏီတွေကနေ ကြိုတင် Bookingလုပ်ထားတာ လူ ၁၀၀ ကျော်ရှိနေပြီ။ များသောအားဖြင့်က ကုမ္ပဏီတွေ အပန်းဖြေထွက်လာတာ များတယ်။ ၂ ယောက် ၃ ယောက် လာတည်းမယ့် သူတွေကတော့ အနားနီးမှ သေချာသလောက်ရှိပြီး ထပ်လာမယ်ထင်တယ်”ဟု ဆိုသည်။
“ကျနော်တို့ ဟိုတယ်တွေကနေ သင်္ကြန်ကာလ အပန်းဖြေလာမယ့် လူတွေအတွက် အထူးအစီအစဉ်တွေ လုပ်ထားတာရှိပါတယ်။ ဥပမာ -ညဘက် မီးပုံပွဲ လုပ်ပေးတာမျိုး ဖြစ်ဖြစ်ပေါ့။ အနားနီးမှ လူသိပ်ကျလာရင် မနိုင်မှာစိုးလို့ ပစ္စည်းတွေ ပိုဝယ်တာမျိုး၊ ကြိုဝယ်တာမျိုးရှိသလို ရန်ကုန်မှာရှိတဲ့ ကျနော်တို့ ဟိုတယ်ခွဲတခုက စားပွဲထိုးတို့ ဘာတို့ လှမ်းခေါ်တာမျိုးတွေ လုပ်ဖို့လည်းရှိတယ်။ ရန်ကုန်မှာက ဒီအချိန် လူလည်းမကျဘူးလေ။ အများစုက ကမ်းခြေ လာတာများတယ်” ဟု ၎င်းက ဆက်လက်ပြော သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ နိုင်ငံခြားသားဧည့်သည် လာရောက် လည်ပတ်မှုများသည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီသို့ နိုင်ငံခြားသား လာရောက်မှုသည်၂၀၀၉ ခုနှစ်က၁၁၃၅၂၉ ဦးရှိခဲ့ပြီး၂၀၁၀ပြည့်နှစ်တွင်၁၇၅၀၅၄ အထိ တိုးတက်များပြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် အာရှ-ပစိဖိတ် ခရီးသွားဝန်ဆောင်မှု အသင်း၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွား ၀င်ရောက်မှုသည် ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၉ ခုနှစ်ကထက် မြင့်တက်လာပြီး ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း၏ ရာခိုင်နှုန်းအရ ဥရောပနိုင်ငံများမှ ၂၂ ရာခိုင်နှုန်း၊ အမေရိကန် နိုင်ငံမှ ၈ ရာခိုင်နှုန်း ဝင်ရောက်သည်ဟု သိရသည်။

Geen opmerkingen: