မြန်မာပြည် အချိန်
သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
zaterdag 31 juli 2010
NDF အဖွဲ့ဝင်တချို့ကို အသနားခံစာ တင်ခိုင်း
ဧရာဝတီ Saturday, July 31, 2010
.နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်ကျခံဖူးသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အဖွဲ့ဝင်များ ရွေးကောက်ပွဲဝင်လိုလျှင် အသနားခံစာ တင်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ခေါ်ယူပြောဆိုကြောင်း သတင်းရရှိသည်။
၁၉၉၀ ပြည့်နှစ်တွင် စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးပမ်းမှုဖြင့် ထောင်ကျခဲ့ဖူးသည့် NDF ခေါင်းဆောင်ဦးခင်မောင်ဆွေ အပါအဝင် ဦးတင်အောင်၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက နေပြည်တော်သို့ ခေါ်ယူ၍ “အစိုးရနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း” ဖော်ပြထားသည့် အသနားခံစာကို တင်ပြရမည်ဟု ပြောဆိုကြောင်း သိရသည်။
“ဒါကတော့ ရှင်းပါတယ်။ စာတင်ရင် သူတို့က ခွင့်ပြုမယ်၊ မတင်ရင် ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် အခု ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်၆၃နှစ်မြောက်အာဇာနည်နေ့ကNDFအဖွဲ့အာဇာနည်ခေါင်းဆောင်များကိုလွမ်းသူ့ပန်းခွေချ အလေးပြုရန်လာရောက်စဉ်(ဓာတ်ပုံ-ဧရာဝတီ)
NDF ပါတီဝင် ၄ ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော လွှတ်တော် အမတ်များလည်း ဖြစ်ခဲ့ကြသည်။ ယခု အဝေးရောက် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းနှင့် နိုင်ငံတော် သစ္စာဖောက်မှု အမှုတတွဲတည်း ဖြစ်ခဲ့ကြပြီး ဒေါက်တာ စိန်ဝင်းက ပြည်ပသို့ တိမ်းရှောင် လွတ်မြောက်သွားသည်။
အသနားခံစာတွင် နိုင်ငံတော် သစ္စာဖောက်မှုအတွက် သတ်မှတ် ထောင်ဒဏ်များ ကျခံခဲ့ရပြီးဖြစ်ကြောင်းနှင့် ထိုကိစ္စမျိုး နောက်တကြိမ် မပတ်သက်တော့ကြောင်း ထည့်သွင်းဖော်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း NDFဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးသာဆိုင်က ပြောသည်။
“မျှော်လင့်မထားပါဘူး။ စိတ်မကောင်း ဖြစ်ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်လို့မရရင်တောင်မှပဲ ပါတီမှာ တာဝန်ဆက်ယူသွားပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နာမည်တွေကို ဖော်ပြပြီးတော့ ပါတီ မှတ်ပုံတင်ခွင့်ကို အစိုးရက ခွင့်ပြုပြီးသားလေ” ဟု ဦးသာဆိုင်က ဆိုသည်။
NDF ခေါင်းဆောင် ၄ ဦးသည် ရှေ့နေများနှင့် တိုင်ပင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းပြန်ရန် ဆွေးနွေးနေကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် NDF ခေါင်းဆောင်များက မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ စစ်အစိုးရ ကျောထောက်နောက်ခံရှိသည့် အဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်နေခြင်း၊ စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်လျှက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် တရားဝင် ပြောင်းလဲခဲ့ခြင်းများကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းများ တည်ထောင်ခဲ့သော NDF ပါတီသည် ဇူလိုင်လ ၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ကျခဲ့သည်။
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။
ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း
ဘိုဘိုလန်းစင် Saturday, July 31, 2010
.“...ကျုံးဘေးမှာလမ်းလျှောက်နေတုန်းနန်းတော်ထဲကယာဉ်တန်းထွက်လာပြီးဗိုလ်ချုပ်နေဝင်းက ကားပေါ်ကနေလက်ပြသွားတယ်။ကိုလှကိုနောက်ကျောကမြင်တာတောင်မှတ်မိပုံထောက်တော့ဟိုတခါ မေမြို့အိမ်တော်မှာခေါ်တွေ့တုန်းကပြောဖူး တဲ့သားကိစ္စကိုလည်း မမေ့လောက်ဘူးထင်ပါရဲ့...” (လူထုဒေါ်အမာ၏ ကိုယ်ရေးမှတ်တမ်းတစောင်မှ) (၁၉၇၂ ခန့်)
ဗိုလ်ချုပ်ကြီး အဂ္ဂမဟာ သီရိသုဓမ္မ နေဝင်း ၏ မှတ်ဉာဏ်နှင့် စပ်လျဉ်း၍ မိတ်ဆွေများလည်း ကြားဖူးပြီး ဖြစ်ပါမည်။ လူတယောက်ကို ပြန်တွေ့တိုင်း သူကမှတ်မိ နှုတ်ဆက်တတ်သော ဝသီကြောင့် “မင်း ဒီမှာပဲလား..”အမေးခံရသူကို သူ့ “အနားပြာ”များက အလိုက်သိလွန်ပြီး ဖြုတ်ပစ်လိုက်၍ ဒုက္ခရောက်ရသည့်အကြောင်း “နေဝင်းပုံပြင်”များမှာ လက်ရှိ မြန်မာ့ နိုင်ငံရေး မိုးလေဝသနှင့် နှိုင်းစာကြည့်လျှင်ပင် ဖြစ်တန်ရာသော အကြောင်းရပ်များဟု ယူဆသင့်ပေ၏။
၁၉၇၆ ခု ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မျက်နှာဖုံး သတင်း အနေနှင့်တွေ့ရသည့် တပါတီ အာဏာရှင် ဦးနေ၀င်း(ကွယ်လွန်)နှင့် ရတနာနတ်မယ်တို့ ၏ လက်ထပ်မင်္ဂလာ သတင်း
ထိုသို့နှုတ်ဆက်ခံရသူများ အထဲ စာရေးဆရာ ရန်ကုန်တက္ကသိုလ် ဥပဒေ ကထိက မောင်ကိုယုက“ခင်ဗျားတောင် ဒီလိုနေရာ ရောက်သေးတာပဲ၊ ကျုပ်လဲရောက်မှာပေါ့ဗျ”ဟု အငေါ်ပြန်တူးမိ၍ အလုပ်ပြုတ်သွားသည် ဆိုသော ပုံပြင်ကို တွေးမိတိုင်း နေရာ တလွဲမှာ လူတလွဲတွေနှင့် ဖြစ်ပျက်နေသော မြန်မာလောကကြီးကို မြင်လာမိတော့သည်။
ဟုတ်ကဲ့။ လွဲတာတွေ များလွန်းတော့လည်း အစောင်းကိုမှ အတည့်မှတ်ချင်စရာပင်။ နိုင်ငံရေး ယဉ်ကျေးမှုက နှစ် ၅၀ လောက် လွဲလာသည့်အခါ ပြည်သူ့ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဟု တင်းကျပ်စွာ သတ်မှတ်ထားသော ရွှေပြည်ကြီးဖြစ် ဥပဒေတော်ကြီး တွင်ပင် ဝန်ထမ်းတစုကို ထူးထူးရှယ် အခွင့်အရေးများပေး၍ ပြည်စိုးပြည်ပိုင် နှင်းထားသည်ကိုကြည့်လေ။ သူ့အရပ်နှင့် သူ့ဇာတ် ပိုင်လို့ ဤမျှ လက်ရဲနေခြင်း မဟုတ်ပါလား။ တကယ်တမ်းတော့လည်း နိုင်ငံရေးသမားတွေ အာဏာမက် ကွဲပြဲနေလို့ ဝင်ထိန်းပေး နေရပါသည်ဆိုသော ဗျာဒိတ်ခံ ကိုယ်တော်ကြီးများ အာဏာ ငန်းဖမ်းပြီး တောတွင်းဥပဒေနှင့် လက်ဦးသူက ဖြုတ်ထုတ်ရှင်း လိုက်ကြသည်မှာ သူတို့“အဖေကြီး”ပါ ဝိပါက်တော် မကြွင်းခဲ့ပါတကား။ လက်နက်နှင့်မင်းလုပ်သည့် ပဒေသရာဇ် နိုင်ငံရေး အစဉ်အလာကြီးကတော့ အရှိန်တညီးညီးနှင့် မွန်းတည့်နေဆဲပင်။
မွေးနေ့များ အချစ်အမုန်းနှင့် အလှည့်လေးများ
နံပါတ်ဝမ်းကြီးခေါ် ဗိုလ်ချုပ်ကြီးနေဝင်းကို ၁၉၁၁ မေ ၁၄ မွေးသည်ဟု အစဉ်အလာအားဖြင့် လက်ခံလာကြပါသည်။ ၁၉၉၅ ရန်ကုန် တက္ကသိုလ် စိန်ရတုပွဲ အကန်တော့ခံ ကျောင်းသားဟောင်းများ စာအုပ်တွင်လည်း ရက်တမျိုးတွေ့ဖူးပါသည်။ ၁၉၁၀ ဇူလိုင် ၆ ဆိုသည်ကတော့ သူ့ဇနီးဟောင်း ဒေါ်နီနီမြင့်ဌာနက ပြုစုသည့် ရဲဘော်သုံးကျိပ် စာအုပ် အလိုအရပင်။ သေခါနီး တရားထိုင်ချိန် မှာတော့ အမှန်တိုင်းပြောမည် မှတ်ပါသည်။ မွေးနေ့များသကဲ့သို့ ဗိုလ်ချုပ်ကြီးတွင် ဇနီးလည်းပေါသည့်အပြင် သတ်သတ်မှတ်မှတ် ယူသည့် အရေအတွက်ပင် ဘယ်နှယောက်မှန်း သေချာမသိကြပါ။
ထိုနည်းနှင်နှင် စစ်ဗိုလ်ကြီးတန်မဲ့ ဉာဏ်နီဉာဏ်နက်ကလည်း အင်မတန်များပါသည်။ ဂဠုန်စော ကို လုပ်ကြံသည့် ကိစ္စ၊ ဘကြီး ဘဘေ၏ နိုင်ငံတော်သစ္စာဖောက်မှု သက်သေပြ အသံဖမ်းစက်တို့လို “ဇာတိပြ” လက်ရာမျိုးမှသည် ၁၉၆၂ အာဏာသိမ်းပွဲ၊ ပြည်သူပိုင်သိမ်းခြင်း၊ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၁၉၆၈ ပြည်တွင်းညီညွတ်ရေး အကြံပေး အဖွဲ့နှင့် ၁၉၇၄ ဆိုရှယ်လစ် သမ္မတ နိုင်ငံတော်သစ်၊ နောက်ဆုံး ၈၈ အရေးအခင်းကို လက်တလုံးကြား ပြန်အာဏာသိမ်းပွဲစသည့် အံ့ချီးမကုန် ကလိမ်ချုံများမှာ လက်မြောက်လှသည်။
လက်ရှိ ဒီမိုကလိမ်ဆင်ရွေးကောက်ပွဲမှာ ယုံချင်ယောင်ဆောင်သည့် နိုင်ငံရေးလူနပ်တသိုက်ကိုသာ အမဲတုံးပစ်ဖမ်းနိုင်သည်။
ဗိုလ်ချုပ်ကြီး၏ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးမှာကား တချို့လက်ဝဲ နိုင်ငံရေး သမားကြီးများနှင့် နိုင်ငံရေး သန်သူ ပညာတတ်များကို နှစ်အနည်းငယ်ခန့် ဖမ်းစားခဲ့နိုင်သည်သာမက စီးပွားရေးနှောင့်နှေးတာ မှောင်ခိုဝိသမတွေကြောင့်ဟု ၁၉၈၇ ငွေစက္ကူတွေ သိမ်းချိန်အထိ ယုံနေခဲ့သည့် ပြည်သူများပင် ရှိခဲ့သည် မဟုတ်ပါလော။
“ဆိုရှယ်လစ်အနံ့ပေးလိုက်ရင် လိုက်သွားတာပဲ”ဟု ဦးသိန်းဖေမြင့်ကို သူ့ဇနီးက မှတ်ချက်ပေးသည်ကိုပဲ မှတ်မိနေပါသည်။ မဆလ ပါတီဝင် မဟုတ်ပေသိ ထိုခေတ်ပညာရေး ယဉ်ကျေးမှုလှုပ်ရှားမှုများတွင် ဆိုရှယ်လစ်စိတ် တိုင်းပြည်စိတ်နှင့် ကျွန်ုပ်ဘိုးဘွားများ ကဲ့သို့ အလေးစားခံ ပညာတတ်အသိုင်းအဝိုင်းက ကူညီအားပေးမှု ရှိခဲ့ပေသေးသည်။ ယခုကဲ့သို့ ဆိတ်ခလောက် သတင်းသမား ပညာရှင် တသိုက် မည်မျှနာမည်ပျက်ခံ ကျားကန်ပေးငြား ထန်းပလတ်စုတ်က နတ်ရုပ်မဖြစ်သည့် အပေါက်မျိုးမဟုတ်ပေ။ အာကာ ဘောင်က ကိုကိုမောင် အသက်သွင်းသည့် အညမည ဆိုရှယ်လစ်ရေသူမမှာ လာလတ္တံ့ လေဒီဘွိုင်း ဒီမိုကရေစီ ထက်တော့ ကြည့်ပျော်သေးသည် ဆိုက မမှားပေ။
သို့သော် ဆဲဗင်းဂျူလိုင်၊ ဦးသန့်၊ ၈၈ စသည့် အရေးအခင်းများတွင် လက်လွတ်စပယ် စစ်အင်အားသုံးခဲ့ခြင်း၊ သောင်းကျန်းမှု စစ်ဆင်ရေးများအတွင်း ဖြတ်လေးဖြတ်စသည့် မလေး ဗီယက်နမ်စစ်များမှ သယ်လာသည့် ချေမှုန်းရေး ပေါ်လစီများကြောင့် စစ်တပ်အနေနှင့် ခုချိန်ထိ အာဏာသိုက်စောင့်ဘဝက မကျွတ်ဝံ့ဖြစ်နေရပေသည်။ ဗိုလ်ချုပ်ကြီးအား မင်းဆိုးမင်းညစ်အဖြစ် မော်ကွန်းတင်ခံရခြင်းမှာ ဤသို့ စစ်တပ်အားကိုး ဖိနှိပ်သတ်ဖြတ်မှုများ၊ ခြစားမှုများကြောင့် လူထုနှင့် အခွင့်ထူးခံများကြား အမုန်း မီးပင်လယ်ကို အတိုင်းမသိ ကျယ်ပြောစေခြင်း၊ လက်ဝဲကျွံ ဆိုရှယ်လစ်ပေါ်လစီများနှင့် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံသာမက သူ့ပုဂ္ဂလိက စည်းစိမ်ခံမှုကလည်း တိုင်းပြည်၏ အကြည်ညိုမဲ့စေခြင်းတို့ကြောင့်ပင်။ သို့ကြောင့် နာဆာ၊ တီးတိုး စသည့် သူ အတု ယူရာ ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီး အာဏာရှင်ကြီးတချို့ကဲ့သို့ တိုင်းပြည် ဖခင်ဘဝမရောက်ဘဲ ပထွေးဆိုးဘဝနှင့် ဘဝဆုံးခဲ့ရသည်။ ပိုဆိုးသည်က သမီးကို မုဒိန်းကောင်နှင့် အဓမ္မ မင်္ဂလာ ပြုစေခဲ့ခြင်းတည်း။
ကျွန် သဘောက်တို့ရမည့် နေဝင်းစပေ့စ်
မြန်မာပြည်တွင် နေဝင်းအမွေဟု ထင်ထင်ရှားရှားပြစမ်းပါဆိုလာလျှင် ပဒေသရာဇ် အသုံးတော်ခံ စစ်နိုင်ငံကြီးနှင့် ရဟန်းရှင် လူ ပညာရှင်တို့ မကျေလည်စရာ မြန်မာစာ သတ်ပုံစာအုပ် စိမ်းစိမ်းများကိုသာ ဆွဲထုတ်ပြလိုသည်။ စစ်တပ် မျိုထားသောနိုင်ငံကို အရပ်ရောင်ထွက်အောင် လွှတ်တော် ရွေးကောက်ပွဲ ပါတီစုံ အဆောင်အယောင်နှင့် မည်သို့ဆင်စေကာမူ ပွဲစားရှင်လောင်းမှာ နူနာမကင်း၍ ရှင်ဖြစ်မည့်ပုံမပေါ်ချေ။ နေပြည်တော် ခံကတုတ်မှ အချိန်မရွေးထွက်လာမည့် ဇွမ်ဘီ တပ်ကြီးကို အဘယ် ပါချီပါချဲ့ နိုင်ငံရေးသမားက နားရွက်လှုပ်ဝံ့ ပါအံ့နည်း။
                                                                                     ဦးနေဝင်း
စင်စစ် ၁၉၅၈ အိမ်စောင့်ခေတ်ကတည်းက မြန်မာပြည်တ၀န်း နိုင်ငံရေး ခါးပိုက်ဆောင် တပ်များကို ရှင်းလင်းပြီး အာဏာကို စုစည်း ထားသည့် စစ်တပ်သည် တိုင်းပြည်တွင် သြဇာအကြီးဆုံး နိုင်ငံရေး အင်အားစုဖြစ်ခဲ့ပြီးလေပြီ။
သတ်ပုံကိစ္စတွင်လည်း မြန်မာစာကော်မရှင်ကို လက်ကိုင်တုတ် လုပ်ကာ ဟံသာဝတီ ဦးဘရင်၊ ဒဂုန် ဦးစန်းငွေ၊ ဦးဆန်းထွန်း စသည့် ဘောင်းတော်ညိတ် မြန်မာပညာရှိတသိုက်နှင့် “တ” တွေ “တစ်”တွေ ထင်ရာလုပ်သွားခြင်းကို ဆရာ ဇဝန ကဲ့သို့ “အဟမ်း အဟမ်း သတ်ပုံကျမ်းကြီး”ဟု ချောင်းဟန့်ဝံ့သူ မည်သူမှ မရှိတော့ဘဲ မကျေမချမ်းနှင့် လက်ခံခဲ့ရသည်။
မှတ်မိသေးသည်၊ ကျွန်ုပ် ဘွားအေ က“လဲတွေအကုန်လုံး လည်းနဲ့ပေါင်းရတော့မယ်တဲ့ကွ”ဟု ညသတ် ရှေ့ကပေါက် အသံ ပီပီကြီးနှင့် မြည်တွန်နေခြင်းကိုပင်။ စိတ်ဆိုးလည်း ဆိုးလောက်စရာ၊ ဥက္ကဋ္ဌကြီး မန္တလေးမေမြို့ရောက်လျှင် မြန်မာစာကထိက ဟောင်း ဆရာ မောင်မောင် တင်ကလေး နှင့်အတူ သူတို့စုံတွဲကို ခေါ်,ခေါ်တွေ့ကာ သတ်ပုံကိစ္စမေးမြန်းတိုင်ပင်ပြီးမှ ထင်ရာ လုပ်ခဲ့သည်ကိုး။
ရန်ကုန်က ဆရာ ဇေယျ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကိုလည်း မင်းလို သူ့အလို မလိုက်၍ ချောင်ထိုးထားခဲ့သည်။ ပိုဆိုးသည်က ရှေးစာအုပ်များကို လက်ရှိမူနှင့် လျှောက်ပြင်၍ ဖောက်ပြန်ပျက်စီးရခြင်း။ စင်စစ်မတော့ ပညာရှိအဆက်ဆက်ငြင်းမပြီးနိုင်သည့် ကိစ္စကြီးကို စစ်ပုံစံတစံတည်း ဖြစ်အောင် ရိုက်သွင်းသည့် အတွက် စာပေရေးထုံးတွင် ဒွိဟပွားစရာတွေ ပိုလို့ များလာခဲ့ရခြင်းပင်။
စစ်အစိုးရ စက်ရိပ် အပြင်က မီဒီယာတွေကပါ ဤသတ်ပုံတိုင်း လိုက်ပြီး တ တစ် လဲ လည်း ပဲ ဘဲ ဦး အုံး တွေကို လျှောက်ပြင် လာသည့်အခါ ရှေးကထုတ်သည့် သတ်ပုံဟောင်းများကို ရှာဖွေတိုက်ဆိုင်ကြည့်ကြပါဦးဟုသာ ဟစ်ချင်တော့သည်။
ထို့ထက် ဗိုလ်ချုပ်ကြီးသည် ယဉ်ကျေးမှု ရှေးရိုးစွဲဖြစ်သည်။ နိုင်ငံခြား မုန်းတီးရေးနှင့် တိုင်းပြည်ကို တံခါးပိတ်ခဲ့သည်။ မြန်မာပြည်ကို ကိုလိုနီ အမွေမှလွတ်ပြီး စီးပွားရေး တကယ်တမ်း လွတ်လပ်အောင် ဆောင်ကြဉ်းခဲ့သည်ဆိုသော မိုက်ကယ် အောင်သွင်၏ စာမျိုး ကို ဖတ်ရလျှင် နဝရတ် ဟိုတယ် ရေကန်ပေါင်မှ သမီးတော်ဘုရား မွေးနေ့တွင် ပုဆိုး ထဘီများနှင့် တွဲဖက် ကနေသည့် မဆလ ၏ သားအို သမီးအိုများ ဗီဒီယိုခွေကိုသာ သတိရမိသည်။ ကြည့်လိုက်ရသူတဦးက ဒါကြည့်ပြီးတော့ တတိုင်းပြည်လုံးကို ပိတ်ဆို့ ထား ချိန် မှာ သူတို့အသိုင်းအဝိုင်းထဲမတော့ အပြင်လမ်းကြောင်းတွေက မပြတ်ပွင့်နေတုန်းပဲ ဆိုတာ ပို သိသာတယ် ဟု ကောက်ချက်ချ သည်ကိုသာ ကြားနေဆဲပင်။
ဟုတ်၏၊ ကိန်းဘရစ်ခ်ျထုတ် မိုက်ကယ်ချာနီ၏ ခေတ်သစ်မြန်မာပြည်သမိုင်းတွင် မဆလ ခေတ်က အခွင့်ထူးခံ ရေပေါ်ဆီ လူတန်းစား သည် ဆက်၍လည်း(စီးပွားရေး နိုင်ငံခြားနှင့်ကူးလူးဆက်ဆံရေး အခွင့်ထူးများ ဆက်လက်ခံစားပြီး)ဒီမိုကရေစီ ကူးပြောင်းရေးတွင် ကဖျက်ယဖျက် လုပ်နေဆဲဆိုသည့် အချက်မှာ ၂၀၁၀ တွင် ပြည်တွင်းပြည်ပ တတိယ အုပ်စု ဆိုသူများ၏ ခွင်များကိုကြည့်ရင်း ရုပ်လုံးက ပို၍ပေါ်လာသည်။
အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကဲ့သို့ လက်သာရာယိမ်းသည့် မဆလ ကလည်း နီးစပ်ရာ စစ်အသိုင်းအဝိုင်းကိုသာ ပြည်ပ ပညာ တော်သင် လွှတ်ပြီး လူမွေးခဲ့သည် မဟုတ်ပါလား။
ယခု အန်ဂျီအို သံ စပေ့စ်သံ ဟစ်နေသူများတွင်လည်း ထိုအနွယ်အဆက်ပညာရှင်၊ ဓနရှင်များက ကြီးစိုးနေသည်ကို တတိယလိုင်း စာစောင်များ၊ ပြည်ပကွန်ဖရင့် ဆွေးနွေးပွဲတက် ပြည်တွင်းကိုယ်စားလှယ် စာရင်းများကိုကြည့်လိုက်လျှင် တန်းသိလိမ့်မည် (မျက်နှာကြီးဆွေတော်စဉ်တော့ သိရမည်)။
လက်ရှိစစ်အစိုးရကိုလည်း နိုင်ငံခြားကြောက်စိတ်ရှိသည်၊ ရှေးရိုးစွဲဟု မသိနိုးနားပြောသံများကြားတိုင်း“မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ”ဆိုသည့် ကဝိလက္ခဏ သံပေါက်ကိုပဲ ထပ်ခါထပ်ခါ ရွတ်ပြချင်မိသည်။ မဆလ စီးပွားရေး အဆောက်အအုံမှာ လည်း စင်စစ် ဂျပန်နှင့် မြန်မာ့မိတ်ဆွေများ ထောက်ပံ့မှုကို မှီခိုနေရသည့် ကုန်ကြမ်းဈေးကွက် ကိုလိုနီသာသာပဲ ရှိပါသည်။
သြော် ခုတော့ ဗိုလ်ချုပ်ကြီးလည်း လွန်လေပြီ။ ပုဏ္ဏက လက်သစ် ပဒေသရာဇ် ခေတ်ကို ရိုက်ချိုးမည့် ခေတ်ပြောင်းတော်လှန်ရေး ကား ရုပ်လုံးမပီသေးသလို နေပြည်တော် ပေါ်တွင် နေဝန်းက ရှိန်ပြင်းဆဲ။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရေး ဆွေးနွေးပွဲ မအောင်မြင်
ဘစောတင် Saturday, July 31, 2010
.မြန်မာ အာဏာပိုင်များက သီတင်း၂ ပတ်ခန့် ပိတ်ထားသော ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ယမန်နေ့က၂ နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသော်လည်း ယင်း နယ်စပ် တံတား မဖွင့်လှစ်နိုင်သေးကြောင်း သတင်းရရှိသည်။
နယ်စပ် ချစ်ကြည်ရေး တံတား ပြန်လည်မဖွင့်လှစ်နိုင်ခြင်းမှာ ၂ နိုင်ငံ အပြန်အလှန် တောင်းဆိုချက်များ မလိုက်လျောနိုင် သောကြောင့် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက်၁၀ နာရီခန့်ကမြန်မာနိုင်ငံမြ၀တီမြို့ရှိ StarLightဟိုတယ်တွင်ပြုလုပ်သည့် ၂ နိုင်ငံဆွေးနွေးပွဲတွင် ထိုင်းဘက်မှ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များ အမြန်ဖွင့်လှစ်ပေးရေးကို တောင်းဆိုပြီး မြန်မာဘက်မှ တံတားများ နှင့် ဂိတ်များဖွင့်လှစ်ပေးလိုပါက ၎င်းတို့ တောင်းဆိုသော အချက်များကို ဦးစွာဆောင်ရွက်ပေးရမည်ဟု ပြန်လည် တောင်း ဆို ကြောင်း မြ၀တီမြို့ရှိ အာဏာပိုင် အသိုင်းအ၀ိုင်းက ပြောသည်။
                ကုန်စည်စီးဆင်းမှု ပိတ်ထားဆဲ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား(ဓာတ်ပုံ - ဧရာဝတီ)
၂ နိုင်ငံ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးရာ ကော်မတီနှင့် နီးစပ်သူ မြန်မာတဦးက“ထိုင်းဘက် ဂိတ်တွေကို အမြန်ဆုံးဖွင့် ပေးဖို့ တောင်းဆိုပေမယ့် မြန်မာဘက်က ဘာမှ ရေရေ ရာရာ မပြောပါဘူး။ ဖွင့်မယ်လည်းမပြောဘူး။ မဖွင့်ဘူးလည်း မပြော ဘူး။ ဒါပေမယ့် မြန်မာဘက်က လိုလားချက်များကိုတော့ တောင်းဆိုတယ်။ အဲဒါတွေကို လိုက်လျောရင်တော့ ဖွင့်ပေးမယ် ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က (၁)နှစ်နိုင်ငံ နည်းပညာ ကျွမ်းကျင် မှု ဆိုင်ရာ ကော်မတီအဖွဲ့ ဖွဲ့ ရန်။ (၂) မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် နှင့် မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းရှိ မီတာ ၆၀၀ မြေထိန်း နံရံ ပြုလုပ်မှုနှင့် ထိုင်းဘက်ခြမ်းရှိ ရေထိန်းနံရံ ကာရံကာ ရေစီးအား တားဆီးဆောင်ရွက်ခဲ့မှု များကို ရပ်တန့် ပေးရန် (၃) မြ၀တီ ရေလယ်ကျွန်းတွင် ၁၉၈၉ ခုနှစ် ကောင်းကင် ဓာတ်ပုံပါ အခြေအနေအတိုင်း ၁၉၉၇ ခု နှစ် တွင်၂ နိုင်ငံ ကတိပြုထားသည့်အတိုင်း လိုက်နာရန် (၄) ကော့သောင်းနှင့် ရနောင်းကြားရှိ ဖော့လုံကျွန်းအား မြန်မာပိုင်အဖြစ် သတ်မှတ် ရေးတို့ကို တောင်းဆိုသည်ဟု ၂ နိုင်ငံ နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးရာ ကော်မတီနှင့် နီးစပ်သူ က ပြောပြသည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ မှ ဆက်ဆံရေးနှင့် ဥပဒေရေးရာဌာန မှ ညွှန်ကြားရေးမှူးချုပ် Mr.Vasim beeravethyhl က မြန်မာ ဘက်က တောင်းဆိုသော အချက်များကို အတတ်နိုင်ဆုံး လိုက်လျောပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ဂိတ် များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ပြေလည်ရန် ဆောင်ရွက်သွားလိုကြောင်း ပြန်လည် ပြောဆိုသည်ဟု သိရ သည်။
အဆိုပါဆွေးနွေပွဲသို့ မြန်မာဘက်မှ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်တက်ရောက်ပြီး ထိုင်းဘက်မှ ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ မစ္စတာ ၀စ်တီ ဝေဒ ၀စ်ချီ ဦးဆောင်တက်ရောက်ခဲ့ကြောင်း၊ ထိုင်းဘက်မှ ကိုယ်စားလှယ် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။
၂ နိုင်ငံ ချစ်ကြည်ရေး တံတားနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲ မည်သည့် နေ့ရက်၌ ပြန်လည် ပြုလုပ်မည်ဆိုသည်ကို ၂ ဘက် တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း နယ်စပ် ပူးပေါင်းဆောင်ရွက် ရေးရာ ကော်မတီနှင့် နီးစပ်သူ က ဆိုသည်။
ထိုနယ်စပ် ချစ်ကြည်ရေး တံတားကို ဇူလိုင်လ အစောပိုင်းတွင် တကြိမ် ပိတ်ခဲ့သည်။ ဇူလိုင်လ ၁၇ ရက်မှစ၍ ထပ်မံ ပိတ် ထား ခြင်းဖြစ်ပြီး မည်သည့် အတွက်ကြောင့် ပိတ်သည်ဟု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေ ခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။
ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။
ယင်း နယ်စပ် တံတားကို ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။
တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်း သတင်း များက ဖော်ပြသည်။
ထိုင်းကုန်သည်များနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်နသည့် မြန်မာကုန်သည် ဦးတင်မြင့်က“ထိုင်းတွေကတော့ တံတား အမြန် ပွင့်စေချင်တယ်လေ။ သူတို့က တံတားဖြတ်ဖို့  အခွန်တွေ ဆောင်ထားရတယ်။ ပြီးတော့ တရားဝင် တံတားပေါ်က သွားတာ ချည်းပဲ ဘတ် သန်း ၆၀ ဖိုး လောက် ဗမာပြည်ဘက်ကို သွင်းနေကြတာ။ အခြားဂိတ်တွေက ၀င်တာနဲ့ဆို သန်းရာချီတယ်။ ဒါကြောင့် ထိုင်းတွေက တံတားပိတ်နေတာကို မလိုလားဘူး။ အမြန်ပွင့်စေချင်ကြတယ်”ဟု ပြောသည်။
မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀)ခန့်ရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။
တံတားနှင့် ဂိတ်များကို ပိတ်ပင်လိုက်သောကြောင့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြုလုပ်ပေးနေသော ယာယီနိုင်ငံကူးလက်မှတ်ရုံး (မြ၀တီ)မှလည်း လုပ်ငန်းများ ရပ်တန့်လျက်ရှိသည်။ ယာယီ နိုင်ငံကူးလက်မှတ် လုပ်သူများသည် မကြာခင် က ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
တချိန်တည်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုပြုလုပ်နေသော မြ၀တီ ကုန်သွယ် ရေး ဇုန်ကိုလည်း မြန်မာ အာဏာပိုင်များက ဇူလိုင်လ ၂၈ ရက်က စတင်၍ ကုန်သွယ်မှုခေတ္တ ပိတ်ထားလိုက်သည်။
vrijdag 30 juli 2010
USDP ဖွဲ့စည်းပုံ စည်းမျဉ်း စစ်အစိုးရ မူဝါဒသာ ဖြစ်
ထက်အောင် Friday, July 30, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကို ဖွဲ့စည်း ထူထောင်ခဲ့ ခြင်းသည် “သမိုင်းရေး ပကတိ လိုအပ်ချက် အရ” ဖြစ်သည်ဟု ၂၀၁၀ခုနှစ်မေလတွင်ပါတီတွင်းထုတ်ဝေခဲ့သည့်USDP၏ ဖွဲ့စည်းပုံစည်းမျဉ်း စာအုပ်အရ သိရသည်။
ဧရာဝတီက လက်ခံရရှိခဲ့သည့် အစိမ်းရောင် မျက်နှာဖုံးနှင့် စာမျက်နှာ ၈၁ မျက်နှာ ပါရှိသော “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း”စာအုပ်၌ USDP ရွေးကောက်ပွဲတွင် အနိုင်ရပါက နိုင်ငံကို အုပ်ချုပ်သွားမည့် မူဝါဒ များကို အသေးစိတ် ဖော်ပြထားသည်။
ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းတခုလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထင်ဟပ်ထားပြီး “နိုင်ငံတော်၏ နယ်မြေ အပိုင်း အခြား ဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမျှ ခွဲမထွက်ရ ဆိုသည့် ဥပဒေစည်းနှောင်မှု(LegalBinding)ပြဌာန်းချက်ကိုအလေးအနက်ကိုင်စွဲမည်”ဟုပါတီ၏လုပ်ငန်းစဉ်များ၌ထိပ်ဆုံး လုပ်ငန်းစဉ်ဖြစ်သော “အမျိုးသားရေး လုပ်ငန်းစဉ်”တွင် ဖော်ပြထားသည်။
ပါတီ၏နိုင်ငံရေးလုပ်ငန်းစဉ်များတွင်“ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါလူ့အခွင့်အရေး သတ်မှတ်ချက်များနှင့်အညီ လူ့အခွင့် အရေးများ ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားပြီး လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် “လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်”ကို အခြေခံဥပဒေနှင့်အညီ ကျင့်သုံးသွားမည်ဟု ဆိုထားသည်။
USDP ကို လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော စစ်ခေါင်းဆောင် ၀န်ကြီးများဖြင့် ဖွဲ့စည်းထားသည်။ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး နိုင်ငံများစာရင်း၌ ထည့်သွင်းခံရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တရားဝင် ထုတ်ဝေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း စာအုပ်ငယ်များအား အများပြည်သူ သိရှိစေရန် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး လှုပ်ရှားသူများကို စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။
USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)ကို အမွေခံထားပြီး အဖွဲ့၏ ၁၇ နှစ်တာ သမိုင်း တလျှောက်တွင် နိုင်ငံရေး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
ဒီမိုကရေစီအရေး ဆောင်ရွက်သူများကို လမ်းမများပေါ်တွင် အများပြည်သူများ ရှေ့မှောက်၌ လူအုပ်စုဖြင့် ရိုက်နှက်ခြင်း၊ ဥပဒေက ခွင့်ပြုထားခြင်းမရှိဘဲ အာဏာပိုင်များသဖွယ် ဖမ်းဆီးခြင်းနှင့် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းကဲ့သို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရန် ကြိုးစားမှုတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်းတို့ကို အဓိက စီစဉ် ဆောင်ရွက်ခဲ့ကြောင်း အထောက်အထားများ ရှိသည်။
ပါတီ၏ “တပ်မတော်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ”တွင် တပ်မတော်ကို ပြည်တွင်းပြည်ပရန်မှ အပြည့်အ၀ကာကွယ် နိုင်စွမ်းရှိရန် စွမ်းအားစုကြီး ၃ ရပ် အပေါ် အခြေခံ တည်ဆောက်သွားမည်ဟု ဖော်ပြထားသည်။
“နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကကျသည့် နိုင်ငံရေးစွမ်းအား (Political Might)၊ စီးပွားရေး စွမ်းအား(EconomicMight) နှင့်ကာကွယ်ရေး စွမ်းအား (Military Might) တို့ကို ခိုင်မာအောင်တည်ဆောက်သွားမည်”ဟုပါတီဖွဲ့စည်းပုံစည်းမျဉ်း၏စာမျက်နှာ၁၁ပါ “ကာကွယ်ရေးလုပ်ငန်းစဉ်” များတွင် ဖော်ပြထားသည်။
ယင်းမူဝါဒကို ကြည့်ခြင်းအားဖြင့် လက်ရှိတပ်မတော်၏ ပါတီနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်နေခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများကို စစ်တပ်ပိုင် ကုမ္ပဏီများက ရယူထိန်းချုပ်ထားခြင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်သော တပ်မတော် ဖြစ်ရန် ကြိုးပမ်းခြင်း စသည့် ရည်မှန်းချက်များကို နောင်လာမည့် လွှတ်တော်နှင့် အစိုးရ အဖွဲ့တွင် အဓိက ဖော် ဆောင်သွားဖွယ် ရှိသည်။
နိုင်ငံတော် ၏ အာဏာကြီး ၃ ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပြီးလျှင် သတင်းမီဒီယာကဏ္ဍကို တိုင်းပြည်၏ စတုတ္တမဏ္ဍိုင်အဖြစ် မြန်မာအစိုးရ အဆက်ဆက် သတ်မှတ်ခဲ့သည့်အချက်ကိုUSDPဖွဲ့စည်းပုံစည်းမျဉ်းက ဆက်လက်ဆွဲကိုင် ထားသော်လည်း ဒီမိုကရေစီစနစ်၏ စံနှုန်းတခုဖြစ်သော လွတ်လပ်သော သတင်းမီဒီယာ ပေါ်ထွန်းရေးကို ကြိုဆိုခြင်း မရှိဘဲ မီဒီယာသည် “အမျိုးသားအကျိုးစီးပွားကို အခြေခံ ဆောင်ရွက်စေရေး”ကို ဦးတည်ထားသည်။
လက်ရှိ အခြေအနေတွင် တရားဝင် ဖွဲ့စည်းထူထောင်ထားသော နိုင်ငံရေးပါတီများ၏ မူဝါဒ သဘောထားများကို စာပေစိစစ်ရေးက ဖြတ်တောက် ပိတ်ပင်နေသော်လည်း တဖက်တွင် စစ်အစိုးရပိုင် သတင်းစာများက USDP အတွက် လွတ်လပ်စွာ သွယ်ဝိုက်မဲဆွယ်လျက်ရှိသည်။
ရွေးကောက်ပွဲတွင်USDPအနိုင်ရရှိသွားပါက ထိုကဲ့သို့ တဖက်စောင်းနင်းဖြစ်နေသော မီဒီယာအခြေအနေကိုဆက်လက် တွေ့မြင်နေရဦးမည်ဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို “အမျိုးသားအကျိုးစီးပွား”ဟုတံဆိပ်တပ်ပြီးမီဒီယာကိုဆက်လက်ထိန်းချုပ်သွားလိမ့်မည်ဟု လေ့လာသူများက ဝေဖန်ကြသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်းပြည်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ တောင်သူ လယ်သမားများ ဖြစ်ကြသည်။ သို့ရာတွင် မြန်မာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်း လယ်သမားများသည် ခေတ်အဆက်ဆက်တွင် ၎င်းတို့ ထွန်ယက်လုပ်ကိုင်နေသော လယ်မြေများကို ပိုင်ဆိုင်ခွင့်မရှိကြဘဲ အစိုးရများကသာ ပိုင်ဆိုင်ကြသည်။ ထို အခြေအနေသည် USDP အာဏာရရှိသွားပါက ဆက်လက် တည်ရှိနိုင်သည်။
USDP ဖွဲ့စည်းပုံစည်းမျဉ်း၏ တောင်သူလယ်သမားရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် “လယ်လုပ်သူ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရေး” မူဝါဒကို ပြဌာန်းထားပြီး “လယ်လုပ်သူ လယ်ပိုင်ခွင့်” ကို ငြင်းဆိုထားသည်။
ဧရာဝတီက သီးခြားလက်ခံရရှိထားသောစာမျက်နှာ၂မျက်နှာပါUSDP၏ “တောင်သူလယ်သမားများအတွက် ဆောင်ရွက် ပေးမည့် အဓိကအချက်များ”အထောက်အထား စာရွက်စာတမ်းတွင် လယ်လုပ်သူ လယ်ပိုင်ခွင့် မူဝါဒကို အဘယ့်ကြောင့် မကျင့်သုံးရခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဖော်ပြထားသည်။
“လယ်လုပ်သူကို လယ်မြေပိုင်ဆိုင်ခွင့် ပေးခဲ့လျှင် ငွေကြေးချမ်းသာသော လယ်သမားများ၊ လုပ်ငန်းရှင်များ လက်ဝယ်သို့ မြေယာ ပိုင်ဆိုင်မှုများ ကျရောက်သွားပြီး မြေရှင်ကြီးစနစ် ပေါ်ပေါက်လာကာ တောင်သူလယ်သမားများ မြေယာမဲ့ဘ၀သို့ ရောက်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့ကြောင့် မိမိတို့ပါတီအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် လက်ရှိအခြေအနေတွင် ထိုမူဝါဒကိုသာ ကျင့်သုံးခြင်းဖြစ်သည်” ဟု ဆိုထားသည်။
ယင်းမူဝါဒကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၄၈ နှစ် ကြာခဲ့ပြီဖြစ် သည်။ သို့သော် လယ်သမားများ၏ လက်ရှိဘဝအခြေမှာ ပိုမို ဆင်းရဲကျပ်တည်းလျက် ရှိဆဲဖြစ်သည်။
USDPသည်တောင်သူလယ်သမားများ၏အကျိုးစီးပွားကိုဖော်ဆောင်မည့်လယ်သမား အဖွဲ့အစည်းကြီးတရပ် ပေါ်ပေါက်ရန် ဆောင်ရွက်ပေးမည် ဟုလည်း ဖော်ပြထားသည်။
USDP၏မူဝါဒများသည်ပြည်သူကိုဗဟိုပြုရေးဆွဲထားခြင်းမဟုတ်ဘဲ အစိုးရကို ဗဟိုပြု ရေးဆွဲထားခြင်းဖြစ်ပြီး USDPပါတီသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာပြည်တွင် အပြောင်းအလဲကို များများစားစား တွေ့မြင်ရဖွယ် မရှိကြောင်း လေ့လာသူများ သုံးသပ်သည်။
ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး
အောင်သက်ဝိုင်း Friday, July 30, 2010 .စစ်
အစိုးရသည် ကာကွယ်ရေးဝန်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့်မတ်လ၂၇ ရက်နေ့ကကျင်းပသော၆၅နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင်စစ်သားများ စစ်ရေးပြနေစဉ် (ဓာတ်ပုံ - Reuters)
နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန် ၊ ယစ်မျိုးခွန်
အပါအ၀င် အခွန်အတုပ်များနှင့်ဝန်ကြီးဌာနများ အပါအ၀င် စီးပွားရေး အဖွဲ့အစည်းများထံမှ ရရှိသော ၀င်ငွေမှာ တနှစ်လျှင် ကျပ် ထရီလီယံ ၂၀ ကျော် ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာနအတွက် ကျပ် ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် စာရင်း ဇယားများတွင် ဖော်ပြထားသည်။
အဆိုပါ ၀င်ငွေစာရင်းတွင် ပြည်ပနိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ထည့်သွင်း ဖော်ပြထားခြင်းရှိပေ။
၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ် ၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။
ထို အသုံးစရိတ်များတွင် တပ်မတော်ရေးရာ အသုံးစရိတ်များ မပါဝင်ပေ။
တပ်မတော် အသုံးစရိတ်ဆိုသည်မှာ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူသည့် စရိတ်၊ ပြည်ပနိုင်ငံများသို့ စစ်ပညာတော်သင်များ၊ နျူကလီးယား နည်းပညာလေ့လာရေး ကဲ့သို့သော ငွေအရင်းအနှီး ကြီးမားသည့် အသုံးစရိတ်များဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နီးစပ်သည့် ဘဏ် လုပ်ငန်းကျွမ်းကျင်သူ တဦးက ရှင်းပြသည်။
“ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အသုံးစရိတ် သီးသန့်ချည်းပဲ နိုင်ငံဝင်ငွေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိတယ်”ဟု ၎င်းက ဆို သည်။
မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ နီးပါး၏ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငေမွှာ ကျပ် ၅၂၃ ဘီလီယံ ကျော်သာ အသုံးပြုခဲ့ သည်ဟု သိရသည်။
ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေသည် ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ချွတ်ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေကြောင်း လေ့လာသူ ပညာရှင်များက ထောက်ပြပြောဆိုသည်။
“ဆေးရုံတက်ရင် ဆေးထိုးအပ်၊ ဂွမ်းက အစ၊ ခွဲစိတ်ခ၊ ဆေးဝါး အဆုံး အစအရာရာ ကုန်ကျ စရိတ်တွေ ပြည်သူတွေ ကိုယ်တိုင် အကုန်အကျ ခံနေရတယ်။ ကျန်းမာရေး ကဏ္ဍအတွက် က ဘတ်ဂျက် သုံးငွေတော်တော်နည်းတယ်။ စစ်တပ်ကြီးတွေ ဘယ်လောက်ဖွဲ့ဖွဲ့၊ စစ်စခန်းကြီးတွေ ဘယ်လောက် ဆောက်ဆောက်၊ ပြည်သူ့ကျန်းမာရေး မကောင်းရင် ခိုင်မာ တောင့်တင်းတဲ့ ကာကွယ်မှုမျိုး၊ လုံခြုံမှုမျိုး မရနိုင်ဘူး”ဟု ပြည်တွင်း သတင်းစာဆရာ တဦးက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနအတွက် သုံးစွဲငွေမှာ ကျပ် ဘီလီယံ ၆၀၀ ကျော် ဖြစ်ပြီး အဆိုပါဌာန၏ သုံးစွဲငွေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာန၏ သုံးစွဲငွေက များပြားကြောင်း စုံစမ်းသိရှိရသည်။
ပညာရေးကဏ္ဍ သုံးစွဲငွေမှာ ကျပ် ၁.၈၇ ထရီလီယံကျော် ရှိသော်လည်း အဓိကအားဖြင့် တက္ကသိုလ်၊ ကောလိပ် တည်ဆောက် ရေးတွင် ကုန်ကျစရိတ် များပြားကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း အသီးသီးတွင် တက္ကသိုလ် ကောလိပ်များတိုးချဲ့တည်ဆောက်ခြင်းဖြင့် တမြို့တည်း၊ တနေရာ တည်းတွင် ကျောင်းသားများ တစုတဝေးတည်း မဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပညာရေးတိုးတက်မှုအတွက် အထောက် အကူ မပြုနိုင်ဟု သတင်းသမား တဦးက ပြောဆိုသည်။
“ဆန္ဒပြပွဲတွေဖြစ်မှာစိုးလို့ ကျောင်းသားတွေ မစုစည်းမိအောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ခွဲပြီး မြို့စွန်၊ မြို့ဖျား နေရာတိုင်း ဆောက်နေတယ်ဆိုတာ အားလုံးအသိပဲ။ တက္ကသိုလ် ကောလိပ် ဆောက်ရုံနဲ့တော့ ပညာရေး မတိုးတက်နိုင်ဘူး”ဟု ၎င်း က ဆိုသည်။
စစ်အစိုးရသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို တိုးချဲ့လျက်ရှိရာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တိုးတက် နေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်း စစ်အစိုးရ က စစ်ရေး အသုံးစရိတ်အတွက် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိ သော ပုံမှန်ထက် ပိုမိုများပြားသည့် ဘတ်ဂျက် ချပေးမှုရှိခဲ့ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို ၁၉၈၈ မတိုင်ခင်က သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် တရားဝင် ထုတ်ပြန်ခြင်း ယနေ့အထိ မရှိကြောင်း တွေ့ရသည်။
ထို့အပြင် စစ်အစိုးရ ၏ စစ်ရေး အသုံးစရိတ်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်း မတွေ့ရှိရပေ။
မြန်မာစစ်တပ်၏ စစ်အင်အား ၄ သိန်း ခန့်ရှိမည်ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။
ဝန်ကြီးများ ရွေးကောက်ခံ နယ်မြေ သတ်မှတ်ပြီးစီး
ခင်ဦးသာ Friday, July 30, 2010
.စစ်အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများသည် ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ တချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် USDPပါတီ မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံသွားမည် ဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာတော့ ဘယ်ဝန်ကြီးက ဘယ်မြို့နယ်အမတ် ဆိုတာ အားလုံး သတ်မှတ်ပြီးပါပြီ၊ ဒါပေမယ့် တရားဝင်တော့ စာထုတ် ပြန်တာ မရှိသေးပါဘူး၊ ရွေးကောက်ပွဲရက်နီးမှ တရားဝင် စာထုတ်နိုင်တယ်”ဟု ရန်ကုန်မြို့တော်ဝန်နှင့် နီးစပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)စည်းရုံးရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
သက်ဆိုင်ရာ နယ်မြေဒေသမှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန် USDPက သတ်မှတ်ပေးထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။
ရန်ကုန်တိုင်းအတွင်း၌ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် က မင်္ဂလာတောင်ညွန့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ က ကွမ်းခြံကုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင် သိမ်း က ကော့မှူး စသည့် မြို့နယ်များတွင် USDP ကိုယ်စားလှယ်များအနေဖြင့် ၀င်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရ သည်။
ရန်ကုန် မြို့မှ သတင်းထောက် တဦးက“ရန်ကုန်မှာတော့ မြို့တော်ဝန်ရယ် ၊ ပညာရေး ဒု ၀န်ကြီးရယ် ၊ သက်ဆိုင်ရာ မြို့နယ် ကြံ့ဖွံ့ဝင်တွေ ၊ အာဏာပိုင် အဖွဲ့တွေကပဲ နည်းလမ်းပေါင်းစုံနဲ့ စည်းရုံးနေတာ တွေ့တယ် ၊ ဒါတွေ အားလုံးက ကြံ့ဖွံ့ပါတီဝင်တွေ ပဲလေ၊ တခြား ဘယ်ပါတီတွေ ရှိမှန်းတောင် လူတွေ သိပ်မသိကြသေးဘူး ၊ မဲပေးရင် ဘယ်ပါတီကို ပေးရကောင်းမှန်းလဲ မသိကြ သေးဘူး”ဟု ပြောသည်။
ထို့အပြင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း က မကွေးတိုင်း တောင်သာမြို့နယ်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၊ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင် က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီး ဗိုလ်ချုပ် စိုးနိုင်ငံ က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ဟောင်း ဦးဘုန်းဆွေ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်၊ ကျန်းမာရေး ဒု ၀န်ကြီး ဒေါက်တာမြဦး က ပဲခူးတိုင်း ပေါင်းတည် မြို့နယ် စသည့် ဒေသများတွင် လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဟု ဧရာဝတီမှ စုံစမ်း သိရှိရသည်။
အဆိုပါဝန်ကြီးများအနက် ၀န်ကြီးတချို့မှာ မြို့နယ် အပြောင်းအလဲဖြစ်နိုင်သေးကြောင်းလည်း USDP ပါတီဝင်တဦးက ပြော သည်။
ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းဆွေသည်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ၀င်ရောက် အရွေးခံမည် ဟု ဒေသခံ တချို့က ပြောဆိုနေကြသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
ပါတီဝင်အဖြစ် အသိအမှတ်ပြု ခံထားရသူသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲ အတည်ပြုထား သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသော်လည်း ပါတီဝင် ၀န်ကြီးများ အားလုံးသည် နိုင်ငံဝန်ထမ်း ၀န်ကြီး များ ဖြစ်ပြီး ၀န်ထမ်းလစာများကိုယူနေကြကြောင်း၊ ထို လုပ်ဆောင်ချက်မှာ ၄င်းတို့ ရေးဆွဲထားသည့် ဥပဒေကို ကိုယ်တိုင် အသိ အမှတ် မပြုရာရောက်ကြောင်း ရှေ့နေကြီး တဦးကပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ( USDA) ၏ အမွေခံဖြစ်သော USDP ပါတီဝင် အင်အားမှာ ၈ သန်းကျော် ရှိကြောင်း USDP ပါတီ အကြီးအကဲ တဦးက ပြောဆိုထားသည်။
USDPသည်ရွေးကောက်ပွဲကော်မရှင်သို့ယနေ့အချိန်အထိပါတီဝင်အင်အားတင်ပြသည်ကို မတွေ့ရှိရသေးပေ။
USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။
တနိုင်ငံလုံးရှိ USDAအသင်းဝင်ဦးရေမှာ ၂၄ သန်းကျော်ရှိကြောင်း စစ်အစိုးရသတင်းများတွင် ဖော်ပြခဲ့သည်။
USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။
USDPသည်ရွေးကောက်ပွဲကော်မရှင်သို့ပါတီဝင်အင်အားတင်ပြသည်ကိုယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ဖော် ပြောဆို ခြင်း မရှိသေးပေ။
မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို
ရန်ပိုင် Friday, July 30, 2010
.မန္တလေးမြို့တွင် ၃ လနှင့် အပြီး တည်ဆောက်မည့် မန္တလေး ကုန်သွယ်ရေး ဗဟိုစီမံကိန်း (MMC) တည်ရှိရာသို့ အာဏာပိုင်များက ပြောင်းရွှေ့ ခိုင်းမည်ကို ဒေသခံ ပွဲရုံ လုပ်ငန်းရှင်များ စိုးရိမ်လျက် ရှိကြောင်းသိရသည်။
အဆိုပါစီမံကိန်းမြေနေရာမှာ၇၆ဧကကျယ်ဝန်းပြီးကုမ္ပဏီ ၅ ခုက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကုန်သိုလှောင်ရမည့် ဂိုဒေါင်များ၊ ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ၊ ဘဏ်များနှင့် ပန်းခြံများလည်း ပါဝင်မည်ဟု မန္တလေးမြို့ ကျွဲဆည်ကန်မှ ပွဲရုံလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ပွဲရုံတွေ ဆောက်ပြီး ရောင်းမယ်။ ဈေးနှုန်းက တခန်းကို ကျပ် သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြားလို့ ကြားတယ်။ ငွေကို ၆ ခါ ခွဲသွင်းရမယ်၊၊ပွဲရုံတွေအားလုံး ပြောင်းခိုင်းမယ်လို့လည်း ကြားတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ အရောင်းအ၀ယ် လုပ်ငန်းများ ကျဆင်းနေသည့်အတွက် လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများ ရပ်တည်နိုင်ရန်ပင် များစွာ ကြိုးစားနေရကြောင်း၊ စစ်အစိုးရ အာဏာရယူခဲ့သည့် နောက်ပိုင်းတွင် ပွဲရုံလုပ်ငန်းများကို ကျွဲဆည်ကန် ကားကြီးကွင်းနှင့် ပွဲရုံတန်းများသို့လည်း ပြောင်းရွှေ့ခိုင်းပြီး ဖြစ်သည့်အတွက် ယခုတကြိမ် ထပ်မံ မပြောင်းလိုတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုကဲ့သို့ ကုန်သွယ်ရေး ဗဟိုစီမံကိန်း အကောင်အထည်ဖော်ရခြင်းမှာ ရန်ကုန်မြို့တွင်ရှိသည့် ဘုရင့်နောင် ပွဲရုံတန်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့သော် မန္တလေး ကုန်သည် ပွဲစားလောကတွင် အရင်းအနှီးတောင့်တင်းသူ ကုန်သည်ကြီးများသာ ပြောင်းရွေ့နိုင်မည်ဟု ထင်ကြောင်း ပွဲစား၊ ကုန်သည်နှင့် စက်ပိုင်များပါဝင်ပြီး “ကထိန်တော် အသင်း”ဟု လူသိများသော မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေးဋ္ဌာနမှ ဦးအောင်ဆွေဟိန်းက ပြောသည်။
“အခုလက်ရှိ ကုန်စည်ဒိုင်မှာ အရောင်းအ၀ယ်ဖြစ်တာက အိတ် ၅၀ လောက်ကနေ အိတ် ၂၀၀၊ ၃၀၀ လောက် လုပ်ကြတာ။ တန်ချိန် ဘယ်လောက်၊ ကွန်တိန်နာ ဘယ်နှလုံးဆိုပြီး လုပ်နိုင်တဲ့သူ မရှိဘူး၊ အဲဒီတော့ ပြောင်းဖို့မလွယ်ဘူး” ဟု ၎င်းက ဆိုသည်။
ယခင်ကမူ မန္တလေး ကုန်စည်ဒိုင်ကိုပင် ထိုနေရာသို့ ပြောင်းရွှေ့ရမည်ဟု ပြောဆိုမှုများရှိကြောင်း၊ သို့သော်လည်း ပြောင်းရွှေ့ ရမည်ဆိုလျှင်လည်း ထောက်ပံ့မှုများ ရှိမှသာလျှင် ကုန်သည်များအနေဖြင့် ပြောင်းရွှေ့နိုင်မည်ဟု ထင်ကြောင်း ဦးအောင်ဆွေဟိန်းက ရှင်းပြသည်။
မန္တလေးမြို့ခံ စာရေးဆရာတဦးကလည်း “ကားကြီးတွေနဲ့ ကုန်တင်ကုန်ချလုပ်နေတာ မြို့ပြနဲ့ မသင့်တော်တော့ဘူး။ အဲဒီတော့ နားနေစခန်းကြီးတွေနဲ့ ကုန်စည်စခန်းကြီးတွေကို မြို့ပြင်မှာ ထပ်ဆောက်တာ” ဟု ပြောသည်။
MMC ပွဲရုံတန်း စီမံကိန်းကို တည်ဆောက်ခွင့် ရရှိထားသည့် ကုမ္ပဏီများမှာ နယူးစတားလိုက်ကုမ္ပဏီ၊ အောင်မြင်သူ ဆောက်လုပ်ရေး၊ မင်း ဆောက်လုပ်ရေး၊ MotherLove ဆောက်လုပ်ရေး၊ Future Engineering ဆောက်လုပ်ရေးတို့ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က MMC ပွဲရုံတန်း စီမံကိန်း ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပြီး ပေ ၆၀x ၈၀ အကျယ်အ၀န်းရှိ ဂိုဒေါင် ၂၃၆ လုံး၊ ပေ ၃၀x ၈၀ အကျယ်ရှိ ဆိုင်ခန်းပေါင်း ၁၆၀ နှင့် ပေ ၄၀x ၆၀ နှစ်ထပ် RC လူနေအဆောက်အဦးပေါင်း ၃၄ ခန်း၊ ဘဏ်များနှင့် ပန်းခြံလည်း ပါဝင်မည် ဖြစ်ကြောင်း၊ အားလုံး အချိန်ကာလ ၃ လအတွင်းတွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်ခွင့်ရ ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
နေရာ အနေအထားအရ ထုံးဘို- မြစ်ငယ် ဖြတ်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးနံဘေးတွင် တည်ရှိသည့် အတွက် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
နိုင်ငံရေးတာဝန် ထမ်းဦးမည်ဟု ဦးဝင်းထိန် ပြော
ဖနိဒါ
သောကြာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ ထောင်တွင်း အနှစ် ၂ဝ နီးပါး နေခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းထိန်က အားမလျှော့ဘဲ နိုင်ငံရေးလုပ်ငန်းများ ဆက်လုပ်ဦးမည်ဟု ပြောသည်။
“ဟိုး လှုပ်ရှားမှု စကတည်းကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကိစ္စတွေ လုပ်ပေးခဲ့ရတာကိုး။ ၉၅ မှာ လွတ်တဲ့အချိန်လည်း ဒါတွေပဲ လုပ်ခဲ့ရတယ်ဆိုတော့ ဒါတွေပဲ ရှေ့ဆက်လုပ်ရမလား မပြောတတ်ဘူး” ဟု အသက် ၆၉ နှစ်ရှိ ဦးဝင်းထိန်က ပြောသည်။
သို့သော် စစ်ကိုင်းတိုင်း ကသာအကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် အားကျိုးမာန်တက် လုပ်ဆောင်နိုင်ပါ့မလားဟူ၍ မိမိကိုယ်ကို မေးခွန်း ထုတ်နေမိသည်ဟုလည်း သူက ပြောသည်။
                                              ဦးဝင်းထိန် (အကျီဖြူနှင့်) ထောင်မှလွတ်ပြီး ဦးတင်ဦးကို ဂါရဝပြု
“အဲဒါကို ကိုယ့်ကိုယ်ကို မေးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က တတိုင်းပြည်လုံး တောင်ဖျား၊ မြောက်ဖျားအထိ သွားတာတောင် ကျနော်က လိုက်ပါနိုင်တယ်။ အခုတော့ အဲဒီလောက် လုပ်ပေးနိုင်မလား သံသယဖြစ်တယ်။ သို့သော် အဲဒါကြောင့်မလို့ ငြင်းမယ်ဆိုတဲ့ သဘောထားတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။
တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန် လုပ်ကိုင်ခဲ့ဖူးပြီး၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေးအရာရှိလည်း ဖြစ်ခဲ့ဖူးသည်။
ဦးဝင်းထိန် လွတ်လာချိန်တွင် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ ဝင်ပြိုင်ရေးနှင့် ပတ်သက်၍ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုတို့ ကွဲပြဲနေချိန်လည်း ဖြစ်သည်။
“အန်ဒီအက်ဖ်နှင့် ပူးပေါင်းရန် အကြောင်းမရှို” ဟု ဦးဝင်းထိန်က ပြောသည်။
ဦးဝင်းထိန်ကို လွှတ်ပေးလိုက်ခြင်းမှာ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် အကွဲအပြဲကို ထပ်မံ မီးထိုးပေးလိုက်ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။
“အန်အယ်ဒီနဲ့ အန်ဒီအက်ဖ်တို့က အဆင်မချောဘူးလေ။ နှစ်ဖက်ဖြစ်နေတဲ့ “ကြက်လည်းပန်းစေ၊ ယာလည်း ညက်စေ” အခြေအနေပဲလေ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းချကြတဲ့ ပွဲကို ပိုပြီး အားဖြည့်ပေးနိုင်ဖို့လို့ ထင်တာပဲ။ ဦးဝင်းတင်၊ ဦးတင်ဦးတို့ဘက် အားဖြည့်ပေးလိုက်တဲ့ တပ်မှူးတယောက်ပေါ့ဗျ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ဦးဝင်းထိန်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်ခါကျကာ ၁၉ နှစ်နှင့် ၈ လ နေခဲ့ရသည်။
သူသည် နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး၊ အစာအိမ်၊ အရိုးကျီးပေါင်း စသည့် ရောဂါများ ခံစားနေရသည်။
သူသည် ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ်ကျောင်းဆင်းကာ ၅ နှစ်ကြာ စစ်မှုထမ်းပြီးနောက် တပ်တွင်း အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်မှုဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဝ’ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ စည်းရုံးခွင့်မပြု
မြင့်မောင်
သောကြာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၇ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားသော နယ်မြေအတွင်း စစ်အစိုးရနှင့် နီးစပ်သော ပါတီများကို ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများ ပိတ်ပင်ထားကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။
ဝ’ဒီမိုကရက်တစ်ပါတီနှင့် ဝ’အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့က ပန်ဆန်း၊ မိုင်မော၊ ပန်းဝိုင်နှင့် နားဖန်း မြို့နယ်များအတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် အကြောင်းကြားခဲ့သည့်အပေါ် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UnitedWaStateParty-UWSP)ဝ’ထိပ်ပိုင်း ခေါင်းဆာင်များက ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။
“UWSPထိန်းချုပ်တဲ့နယ်မြေမှာသူတို့ကို ဝင်ပြီးတော့ စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဖို့ ခွင့်မပြုဘူးလေ။ ...မေးတော့လည်း စည်းရုံးခွင့် မပြုသေးဘူးလို့ပဲ ဝ’ ခေါင်းဆောင်တွေက ပြောတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။
UWSP တွင် အင်အား ၂ဝဝဝဝ ခန့်ရှိ စစ်တပ်ရှိကာ ထိုင်း-မြန်မာနယ်စပ်တွင် တပ်ရင်း ၅ ရင်း၊ တရုတ်-မြန်မာနယ်စပ်တွင် တပ်ရင်း ၃ ရှိသည်။ စစ်အစိုးရက ဝ’တပ်များကို နယ်ခြားစောင့်တပ်ပြောင်း၍ ရွေးကောက်ပွဲဝင်ပြိုင်ရန် တောင်းဆိုထားသော်လည်း ဝ’ဘက်က ငြင်းပယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ လက်ခံကြသည်။
၁၉၉ဝ ခုနှစ်က စစ်အစိုးရနှင့် UWSP တို့ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရာ ဝ’ က အထူးဒေသတခု ရသည်။ သို့သော် ဝ’တိုင်းရင်းသားအများစုနေထိုင်ရာ မြို့ ၆ မြို့အနက် ဟိုပန်နှင့် ပန်ယန်းကိုတော့ စစ်အစိုးရက ထိန်းချုပ်သည်။
အကဲခတ်များက UWSP ထိန်းချုပ်ထားသော ဒေသများမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ဖွယ်မရှိဟု ပြောသည်။
တပြည်ထောင်စနစ်ကိုလက်ခံထားသောစစ်အစိုးရ၏ မဟာမိတ်ဖြစ်သောဝ’အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ အကြီးအကဲတဦးဖြစ်သော ဦးလုပ်ပေါင်က UWSP နှင့် ထိပ်တိုက်မတွေ့လိုသော သဘောဖြင့် စည်းရုံးရေး ပိတ်ပင်ခံရခြင်း ဟုတ်၊ မဟုတ် ဖြေကြားရန် ငြင်းဆိုသည်။
“အခု မိုးတွင်းဖြစ်နေလို့ တောင်ပေါ်ရွာတွေကို မသွားနိုင်သေးဘူး။ ပါတီဝင် ၅ဝဝ ပြည့်အောင် မြို့ပေါ်မှာ နီးစပ်ရာကို ယူပြီးတော့ နေပြည်တော်ကို ပို့လိုက်ပြီ။ နီးစပ်ရာကိုတော့ အားလုံး စည်းရုံးရေး ဆင်းနေပါတယ်။ တောင်ပေါ်ဒေသတွေကတော့ လမ်းပန်းအခက်အခဲတွေ ရှိနေတော့ မသွားကြဘူး” ဟု ဦးလုပ်ပေါင်က ပြောသည်။
ဝ’ ဒီမိုကရက်တစ်ပါတီနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော UWSP ကို ဆက်သွယ်၍ မရနိုင်ပါ။
သို့သော် လားရှိုးတွင် အခြေစိုက်သော ပါတီနှစ်ခုလုံးမှာ လာရှိုး၊ ဟိုပန်၊ တန်ဆန်း၊ တောင်းရင်းဝ တို့တွင်သာ အဓိက ဝင်ပြိုင်မည်ဟုလည်း ကြေညာထားပြန်သည်။
ဦးအောင်ကျော်ဇောကတော့ “နှစ်ဖွဲ့စလုံးက မြန်မာစစ်အစိုးရရဲ့ လက်ဝေခံတွေ ဖြစ်တယ်” ဟု ပြောသည်။
ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် သဘောတူညီချက်မရသော တိုင်းရင်းသား နယ်မြေအချို့ကို ချန်လှပ်၍ထားမည်ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရပ်ကွက်တခုက မဇ္ဈိမကို အစောပိုင်းက ပြောထားသည်။ UWSPထိန်းချုပ်ရာနယ်မြေအတွင်း ရွေးကောက်ပွဲများ ဖြစ်နိုင်ရေးမှာ မရေရာလှဘဲ ရှိသည်။
UWSP ကို ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပြိုင်ရန် နေပြည်တော်က လိုလားနေသော်လည်း ဝ’ ဘက်က ငြင်းဆန်ထားသည်ဟုလည်း အကဲခတ်များက ပြောသည်။
နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများ ရှိနေသည်။ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ရှိ ပန်လုံမြို့နယ်နှင့် ဟိုပန်နယ်မြေအတွင်း ဝ’တပ်မဟာ ၃၁၈ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်များအကြား ယခုလ ၁၇ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ရာ ဝ’ တပ်သားတဦး သေဆုံးခဲ့သည်ဟု အကဲခတ်များက ပြောသည်။
မိုးကြိုးပစ်၍ တဦး သေ၊ တဦး ဆေးရုံတင်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကောက်စိုက်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် ကလေးမြို့ ချမ်းသာကြီးရွာမှ အသက် ၂ဝ နှစ်အရွယ် ကောက်စိုက်သမဖြစ်သူ မကျိန်ဒိုဇမ် သေဆုံးကာ၊ အခြားတဦးမှာ စိတ်ခြောက်ခြားနေသဖြင့် ဆေးရုံတင် ကုသနေရမှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်း ကလေးမြို့အနောက်မြောက် ၁၈ မိုင်ခန့်ရှိ စခန်းကြီးအုပ်စု ချမ်းသာကြီးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်ရှိ ဦးထန်ခန့်ဆွမ် ပိုင်ဆိုင်သော လယ်မြေတွင် ကောက်စိုက်သမ ၁၅ ဦး ကောက်စိုက်နေစဉ် ဇူလိုင် ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုးကြိုးပစ်သဖြင့် အဖ ဦးပေါင်ခန့်ဆွမ့်နှင့် အမိ ဒေါ်နိမ့်ခန့်ညောင်တို့၏ သမီး မကျိန်ဒိုဇမ်သည် ပွဲချင်းပြီး သေဆုံးကာ၊ ၁၈ နှစ်အရွယ် မကျိန်မော်စီကိုမူ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။
“မိုးကတော့ ရွာပါတယ်။ မိုးကြိုးက ၃ ခါပစ်တယ်။ နောက်ဆုံးပစ်တဲ့ မိုးကြိုးက ထိသွားတာပါ။ မိုးကြိုးပစ်တော့ ၅ ယောက် လဲသွားတယ်။ ၅ မိနစ်လောက်အကြာမှာ ပြန်သတိရလာကြတယ်။ ၄ ယောက်က ပြန်ထလာကြတယ်။ တယောက်ကတော့ ချက်ချင်း ဆုံးသွားတယ်။ တယောက်ကတော့ စိတ်သိပ်မှန်တော့သလိုဖြစ်လို့ ချက်ချင်း ဆေးရုံပို့လိုက်တယ်” ဟု ချမ်းသာကြီးကျေးရွာ ရယက ဥက္ကဋ္ဌ ဦး Kam Sai Thang က မဇ္ဈိမကို ပြောသည်။
“သေဆုံးသူရဲ့ ညာဘက်နားကနေ သွေးအများကြီးထွက်တယ်။ ခေါင်း ညာဘက်က မည်းကုန်တယ်။ ရင်ခေါင်း၊ ဝမ်းဗိုက်၊ နောက်ခါး၊ လည်ပင်းနဲ့ ကိုယ်တဝက်လောက်က မည်းကုန်တယ်။ မီးလောင်သလိုပါပဲ။ ရဲစခန်းကို အကြောင်းကြားပြီးပါပြီ။ သူ့ကိုတော့ မနေ့ ညနေမှာပဲ သင်္ဂြိုဟ်လိုက်တယ်”ဟု သူက ထပ်ပြောသည်။
မကျိန်ဒိုဇမ် ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်ဖြစ်သူ လယ်သမား ဦး NiangKhanLian နှင့် ၉ လသမီး Niang BiakMuanCing တို့ ကျန်ရစ်ခဲ့သည်။
“ကလေးငယ်ကို သိပ်သနားလို့ လူကြီးတွေ တိုင်ပင်ပြီး၊ ရွာထဲက အိမ်တွေကို အလှူခံမယ်။ ရတဲ့ ငွေတွေနဲ့ ကလေးရဲ့ ရှေ့ရေးအတွက် ထောက်ပံကြေးပေးမယ်။ နောက်ပတ်လောက်မှာ စကောက်မယ်”ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ တဦးက မဇ္ဈိမကို ပြောသည်။
စိတ်ခြောက်ခြားနေသော မကျိန်မောစီသည် ဖျားနာဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း ကလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ တာဝန်ကျ သူနာပြုဆရာမ တဦးက ပြောသည်။
မိုးကြိုးပစ်ရာတွင် မူးလဲသွားခဲ့သူများ ဖြစ်ကြသည့် အသက် ၂ဝ နှစ်အရွယ် မကျိန်ဒိုမန်၊ ၄၃ နှစ်အရွယ် မကျိန်ဒိပ်နှင့် ၂၄ နှစ်အရွယ် မကျိန်ညိပ်နွမ်တို့ ဖြစ်ကြပြီး၊ သူတို့အားလုံးမှာ ယခုအခါ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီ ဖြစ်သည်။
ချမ်းသာကြီးကျေးရွာတွင် လူနေအိမ်ခြေ ၂၆ဝ ခန့်နှင့် လူဦးရေ ၁၃ဝဝ ခန့် နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်သည်။ မိုးကြိုးပစ်ခံရသဖြင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။
(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ
မျိုးချစ်သူ / ၃၀ ဇူလိုင် ၂၀၁၀
ရန်ကုန်ဒေသခံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ကြိုတင်မဲများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်မဲများကို ပါတီဝင်များထံမှ ပထမဦးဆုံး ကောက်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီစည်ရုံးရေး အဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။
အစိုးရ၀န်ထမ်းများကို ပါတီဝင်ပြုလုပ်၍မရသောကြောင့် ၀န်ထမ်းမိသားစုများထဲမှ အသက် (၁၈)နှစ် ပြည့်ပြီးသည့်သူများကို ကြိုတင်မဲကောက်ခံရန်အတွက် ပါတီဝင်အဖြစ် စည်းရုံးထားပြီး ဖြစ်ကြောင်းလည်း မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများထံမှ သိရသည်။
“ကြံ့ဖွံ့ပါတီဆိုတာကြံ့ဖွံ့အသင်းကဖြစ်လာတာပဲလေ၊အဲဒီအသင်းကလည်းအစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ” ဟု မြို့နယ်စည်းရုံးရေးမှူးတဦးက ပြောသည်။
ရန်ကုန်တွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း (၃)သန်းကျော်ရှိခဲ့ရာမှ ယခုအခါ ပါတီဝင်အဖြစ်ပြောင်းလဲရာတွင် အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်လိုက်ကြောင်း၊ သို့သော် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ ၀န်ထမ်းမိသားစုများကို ပါတီဝင်အဖြစ်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် ပါတီဝင်အရေအတွက်မှာ ယခင်အသင်းဝင်အတိုင်း မဟုတ်သော်လည်း ယင်းအရေအတွက်နီးပါး ရှိနိုင်ကြောင်း ၎င်းကပြောသည်။
ရန်ကုန်တွင် ယခင်က ကြံ့ဖွံ့အသင်းအနေဖြင့်လုပ်နေသော လမ်းများခင်းခြင်း၊ ဆေးခန်းများဖွင့်ခြင်း စသည်တို့ကို ယခုအခါ ပါတီအမည်ပြောင်းကာ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
အစိုးရ၀န်ထမ်းများအတွင်း အစိုးရက ဖွဲ့ထားသောပါတီကိုသာ မဲပေးလိုသူများ ရှိသကဲ့သို့ မလိုလားသူများလည်း ရှိနေကြောင်း ပညာရေးဝန်ထမ်း မိသားစုများထံမှ သိရသည်။
“ကျမတို့ဒဂုံတက္ကသိုလ်မှာဆိုရင် အခု ဆရာဆရာမတွေကို ပါတီဝင်တော့လုပ်လို့မရဘူး။ ဒါပေမယ့် မဲတော့ပေးခွင့်ရှိတဲ့အတွက် မဲပေးတဲ့အခါ ခြင်္သေ့ကိုပဲ မဲပေးဖို့တိုက်တွန်းတယ်လို့ ဌာနအလိုက် ပြောထားတာ ရှိတယ်။ ခက်နေတာက တချို့တွေကတော့ ကြောက်ကြတယ်လေ။ ကြိုတင်မဲကောက်ရင်တော့ ထည့်ရမှာပဲလို့ ပြောနေတဲ့သူတွေရှိတယ်။ အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လို့ကတော့ တမဲမှကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။ အခုပဲကြည့်လေ ကြိုတင်မဲကောက်မယ်တဲ့၊ ဘာသဘောလဲ။ ကျမကတော့ မထည့်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်”ဟု ဒဂုံတက္ကသိုလ် ပထ၀ီဝင်ဌာနမှ အချိန်ပိုင်းနည်းပြ ဆရာမတဦးက ပြောသည်။
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကပင် အသင်းဖွဲ့ကာ စနစ်တကျလုပ်ထားသော ပါတီဖြစ်သွားပြီး တစညပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကပင် တည်ရှိလာသည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးနှင့် ငွေသုံးစွဲနိုင်မှုအများဆုံးပါတီတို့ ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “သူတို့ပါတီတွေကတော့ အင်အားသုံးနိုင်တဲ့ပါတီတွေဖြစ်တယ်။ ခက်နေတာက တခြားပါတီတွေအနေနဲ့ အခုအချိန်မှာ ကန့်သတ်မှုတွေ အများကြီးရှိနေတယ်၊ လူစုလူဝေးလုပ်ပြီး ဟောပြောစည်းရုံးတာက အစပေါ့ဗျာ။ သူတို့ကတော့ လူထုနဲ့ နီးနီးကပ်ကပ်လုပ်နိုင်တယ်။ ကြံ့ဖွံ့ပါတီဆိုရင် အစိုးရပဲလေ၊ ဘာပဲလုပ်လုပ် လုပ်နိုင်တာပဲ၊ အကန့်အသတ်မရှိဘူး။ အဲဒီတော့ အခုကပဲ ဘက်လိုက်နေပြီ။ ဒါဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မလိုဘဲ သိနိုင်ပါတယ်” ဟု ပြောသည်။
ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားပြီး ယခင်က ကြံ့ဖွံ့အသင်းဝင် တနိုင်ငံလုံးတွင် (၂၄) သန်းခန့်ရှိခဲ့ရာမှ အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်ကာ စိစစ်ပါက ယခုအခါ တနိုင်ငံလုံးတွင် အသင်းဝင်အင်အား (၁၀)သန်းခန့် ဆက်လက်ရှိနေသေးပြီး ယင်းကို ဆက်လက်စိစစ်ကာ ပါတီဝင်အဖြစ်ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖံွ့ပါတီဝင်တဦးက ပြောသည်။
ကြံ့ဖွံ့ပါတီသည် ဧပြီ (၂၉) ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် (၂၆) ဦး ပါဝင်သော အစိုးရ၀န်ကြီးများ၊ အရာရှိကြီးများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်သည်။
ဂန္ဒီနဲ့ ရွှေရွှေ အတူနေရမတဲ့လား
စိန်အိုးစည် / ၃၀ ဇူလိုင် ၂၀၁၀
ရွှေဂျိုး လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့သို့ စက်ဘီးစုတ်ကလေး ထိုးရပ်လိုက်ချိန်တွင် မိုးတိုးမတ်တပ်နှင့် ထိုင်ရမလို ထရမလို ဖြစ်နေသော တယ်လီဖုန်း ပြောနေသည့် လေအိုးကို တွေ့ရလေသည်။ ထို့နောက် လေအိုးတယောက် ဖုန်းပိတ်လိုက်ပြီး ရွှေဂျိုးကို ကြည့်ကာ ပြုံးဖြီးဖြီး လုပ်နေလေသည်။
ရွှေဂျိုး ။ ။ ကိုလေအိုး ဘယ်လိုဖြစ်နေတာလဲ၊ တယ်လီဖုန်းပြောတာပဲ အေးအေးဆေးဆေး ထိုင်ပြောရောပေါ့။ ဘယ်လိုဖြစ်လို့ ထိုင်ရမလို ထရမလို ဖြစ်နေတာလဲ။ အိမ်က မိန်းမက ဖုန်းထဲကနေ ဗိုက်ကြောလိမ်ဆွဲနေလို့လားဗျ။ ကြည့်ရတာ မသက်မသာဗျာ။
လေအိုး ။ ။ ဘယ်ကလာ ဗိုက်ကြောလိမ်ဆွဲရမလဲဗျာ။ “ကိုကိုနော် မြန်မြန်ပြန်ခဲ့၊ မကြာနဲ့” လို့ ဖုန်းထဲကနေ ချွဲနေတဲ့ အသံကို နားထောင်ရင်း အားမလိုအားမရဖြစ်လာလို့ အားပါသွားတဲ့သဘောပါ ကိုရွှေဂျိုးရာ ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ လေအိုး ရယ်)။
ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး ဗုဒ္ဓဂယာ လိုက်သွားတယ်ဆို၊ ဘယ်နေ့က ပြန်ရောက်လဲ ဟဲ ဟဲ။
လေအိုး ။ ။ လေအိုးက သန်းရွှေကြီးရဲ့ကိုယ်မှာကပ်နေတဲ့ ကပ်ပါးကောင်လည်းမဟုတ်၊ သန်းရွှေရဲ့ ဘော်ဒီဂတ်လည်း မဟုတ်နဲ့ ဘယ်လိုဖြစ်လို့ ဗုဒ္ဓဂယာကို လိုက်သွားရမလဲ ကိုရွှေဂျိုး။ သွားမယ့်သွားရင်လည်း သန်းရွှေကြီးတို့ သွားတဲ့အချိန်တော့ သွားမလား ကိုရွှေဂျိုးရာ။ မတော် ဘုန်းကြီးပါမကျန် သတ်ထားတဲ့သူတွေကို မြေမျိုရင် လေအိုးပါ အချောင်ဒုက္ခများရချည်ရဲ့။ မနက်စောစောစီးစီး မနောက်စမ်းပါနဲ့။
ရွှေဂျိုး ။ ။ ဟဲ ဟဲ သန်းရွှေကြီးတောင် မနေ့က ကြပ်ပြေးကို ပြန်ရောက်လာပြီပဲ၊ မကြောက်စမ်းပါနဲ့ ကိုလေအိုးရာ။ “တပည့်တော် ငမိုက်သားကြီးကို ငရဲကျမှ ကြိုက်သလို ဒဏ်ခတ်ပါ၊ အခုတော့ ရွေးကောက်ပွဲလေး ကျင်းပပြီး တပည့်တော် သားစဉ်မြေးဆက် မြန်မာပြည်ကို ဆက်အုပ်ချုပ်ခွင့်ရအောင် လုပ်ခွင့်ပေးသနားပါဦး”လို့ အသနားခံစာ တင်လာသလား မသိဘူးဗျ။ မနေ့ညက သန်းရွှေကြီး လေယာဉ်ပေါ်က တုံတုံချိချိ ဆင်းလာတာကို တီဗွီထဲမှာ တွေ့လိုက်ရတယ်။
လေအိုး ။ ။ အေးဗျာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်လို့ ဆိုကြပေမယ့် ဟိုတလောကတော့ ပြည်သူတွေ ချစ်မြတ်နိုးတဲ့ ပိုလန်သမ္မတ လက်ကာဆင်စကီးနဲ့အဖွဲ့ လေယာဉ်စင်းလုံး ပျက်ကျပြီး သေပွဲဝင်ရလေရဲ့။ မနေ့တနေ့ကလည်း ပါကစ္စတန်မှာ လေယာဉ်ပျက်ကျတာ လူ (၁၅၀) ကျော် ကြွသွားလေရဲ့။ တကယ်ဆို ဖြစ်ချင်းဖြစ် ကျောင်းသား၊ ပြည်သူတွေတင်မက ရဟန်းသံဃာတော်ပါမကျန် သတ်တဲ့ သန်းရွှေကြီးတို့လို လူတွေ စီးလာတဲ့ လေယာဉ် ပျက်ကျပါတော့လားဗျာ။ တတောရှင်းသွားတာပေါ့ ဟဲ ဟဲ။ အခုတော့ဗျာ “သေသင့်တဲ့သူတွေက မသေ၊ မသေသင့်တဲ့သူတွေက သေ”ဆိုသလို ဖြစ်နေတယ်၊ လောကကြီးရဲ့ သရော်လှောင်ပြောင်ချက်တွေများလား ကိုရွှေဂျိုးရာ။
ရွှေဂျိုး ။ ။ ဟဲ ဟဲ အဲသလို သွားဆုမတောင်းနဲ့ ကိုလေအိုး၊ ဒါမျိုးက မေတ္တာပို့လေ အသက်ရှည်လေ ဖြစ်တတ်တယ်ဗျ။ တော်ကြာ ကိုလေအိုး မေတ္တာပို့လေ မြန်မာပြည်သူတွေ ကံဆိုးလေဖြစ်မယ်။ နောက်ပြီး လူမိုက်ကံကောင်းဆိုတဲ့ စကားလည်း ရှိတာကိုး ကိုလေအိုးရာ။ မတွေ့ဘူးလား ဒီလောက် ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတဲ့ အမိုက်တကာ့ထိပ်ခေါင် သန်းရွှေကြီးတို့လက်ထက်ကျမှ ရွှေဂျိုးတို့နိုင်ငံမှာလည်း ထွက်လိုက်တဲ့ သဘောဝဓာတ်ငွေ့တွေဗျာ။ ဒါပေမယ့် သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို သူတို့ ဆက်ပြီး မိုက်လုံးကြီးဖို့အတွက်ပဲ သုံးတော့ ပြည်သူတွေခမျာ အမှိုက်ပုံတောင် ဖြဲစားနေရတဲ့ ဘ၀ကို ရောက်ရောမဟုတ်လား။
လေအိုး ။ ။ ဟဲ ဟဲ ကိုရွှေဂျိုး ပြောတာ ဟုတ်တယ်။ ဒါပေမယ့် လူမိုက်နဲ့ငွေ အတူမနေဆိုတာလည်း ရှိသေးတယ်လေ။ အခုဆိုကြည့်ဗျာ သဘာဝတရားက တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ဖို့ သဘာဝဓာတ်ငွေ့တွေ ဖောဖောသီသီ ပေးထားပေမယ့် လူမိုက် သန်းရွှေကြီးတို့က ပြည်သူချစ်အောင် တိုင်းပြည်ကောင်းအောင် လုပ်ရမယ်လို့ မစဉ်းစားတတ်ဘဲ လက်နက်နဲ့ ဖိနှိပ်မှ အာဏာမြဲမယ်ဆိုတဲ့ ကလေးတွေးနဲ့ လက်နက်တွေဝယ်လိုက်၊ အရည်မရအဖတ်မရ လိုဏ်ခေါင်းတွေတူးလိုက်ပဲ လုပ်နေတော့ ရသမျှ ငွေတွေက ရုရှားက ကိုပူတင်တို့ အိတ်ကပ်ထဲရောက်လိုက်၊ ပေါက်ဖော်ကြီး ဟူကျင်းတောင်တို့ဆီ လွှဲလိုက်၊ မိုက်ဖော်မိုက်ဖက် ကင်ဂျုံအီလေးဆီ ပို့လိုက်နဲ့ ကုန်ရောမဟုတ်လားဗျ။
ရွှေဂျိုး ။ ။ အေးဗျာ မိုက်ချက်ကတော့ ကမ်းကုန်ပဲဆိုတာ သန်းရွှေကြီးတို့လို လူတွေကို ပြောတာပဲဖြစ်မယ်ဗျ။
လေအိုး ။ ။ ဒါပေမယ့်နော် ကိုရွှေဂျိုး၊ အခုတခေါက် ခရီးစဉ်မှာ လူမိုက် သန်းရွှေကြီးကို အိန္ဒိယအစိုးရက ပညာသားပါပါ ဆုံးမလွှတ်လိုက်တယ်ဗျ သိပြီးပြီလား ဟဲ ဟဲ။
ရွှေဂျိုး ။ ။ ဘယ်လို ဆုံးမလိုက်တာလဲ ကိုလေအိုး၊ လင်းစမ်းပါဦး။
လေအိုး ။ ။ ကိုရွှေဂျိုး ဓာတ်ပုံ မတွေ့လိုက်ဘူးလား။ အိန္ဒိယအစိုးရ တာဝန်ရှိ အမျိုးသမီးတဦးက သန်းရွှေကြီးတို့ စုံတွဲကို မဟတ္တမဂန္ဒီ ရုပ်တုကြီးနဲ့ဂန္ဒီလမ်းစဉ်(၇)ချက်ကို လက်ဆောင်ပေးလိုက်တာလေဗျာ။ ဟဲ ဟဲ … ဒါ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ သန်းရွှေကြီးကို လူလယ်ကောင်မှာ အနုနည်းနဲ့ အရှက်ခွဲလိုက်တာပေါ့ဗျ။ သန်းရွှေကြီးဆို ဂန္ဒီရုပ်တုကြီးကို မကြည့်ရဲဘဲ မျက်နှာကြီးလွှဲပြီး လက်ခံနေပုံများ တကယ်ရယ်ရတယ် ဟဲ ဟဲ။
ရွှေဂျိုး ။ ။ ကိုလေအိုး ပြောတဲ့ လူမိုက်နဲ့ငွေ အတူမနေဆိုသလို သန်းရွှေကြီးလည်း ငြင်းပယ်ရခက်လို့ လက်ခံယူပေမယ့် ဂန္ဒီနဲ့ ရွှေရွှေ အတူမနေဆိုပြီး မျက်နှာလွှဲနေတာနေမှာပေါ့ဗျ။ မဟုတ်ဘူးလား၊ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်ရဲ ဆိုသလို ဒီလောက် လူသတ်၊ ကမ်းကုန်အောင် ရက်စက်တဲ့သူက မဟတ္တမဂန္ဒီကြီးလို အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ သူတော်ကောင်းကြီးမျက်နှာကို ဘယ်ကြည့်ရဲမတုန်းဗျာ။ အဲဒါကြောင့် မျက်နှာလွှဲနေတာနေမှာပေါ့။
လေအိုး ။ ။ အဲဒါဆို လူမိုက် သန်းရွှေကြီးအတွက် အခက်ပဲနော် ကိုရွှေဂျိုး။ သူ မျက်နှာမကြည့်ရဲတဲ့ ဂန္ဒီကြီးရုပ်တုကို နေပြည်တော် ဘယ်နေရာမှာ ထားမှာပါလိမ့်၊ ဖျောက်ဖျက်ပစ်ပြန်ရင်လည်း အိန္ဒိယအစိုးရက ငါတို့ပေးတဲ့ ရုပ်တုကြီးကောလို့ မေးမြန်းစစ်ဆေးလာရင် တခက်နော်။ သန်းရွှေကြီးတော့ မြွေဖမ်းတာပဲ။
ရွှေဂျိုး ။ ။ သန်းရွှေကြီးတော့ မြွေဖမ်းမဖမ်း မသိဘူး ကိုလေအိုးရေ၊ ရွှေဂျိုးတော့ အောက်ရေ တိုးနေတာကို သန်းရွှေကြီးလို မျက်နှာမလွှဲအားတော့လို့ ဆိုင်နောက်ဖေးကို ပြေးလိုက်ဦးမယ် ဟဲ ဟဲ ဟဲ။
လေအိုး ။ ။ ကဲ ကဲ ဒါဆို လေအိုးလည်း ချစ်ဇနီး ပူပူနွေးနွေး စိတ်ကောက်ပြီး မျက်နှာလွှဲတာ မခံနိုင်လို့ လစ်တော့မယ်ဗျို့။ ကိုရွှေဂျိုးလည်း ပြေးပေတော့။
ပြောပြောဆိုဆို လေအိုးနှင့် ရွှေဂျိုး တယောက်ကိုတယောက် မျက်နှာလွှဲကာ ဆန့်ကျင်ဘက်လားရာဆီသို့ ပြေးကြကုန်လေသတည်း။ ။
ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား
တက်လူ / ၃၀ ဇူလိုင် ၂၀၁၀
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင်သံဃာ့အရေးအခင်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ရွှေတိဂုံစေတီတော် အနီးတ၀ိုက်တွင် လုံခြုံရေးများ ချထားကြောင်း ရန်ကုန်မြို့ခံ မျက်မြင်များက ပြောသည်။
ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီးရှိ ညောင်တုန်း ပိဋကတ်တိုက်၊ ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာပိဋကတ်တိုက်တို့မှ သံဃာတော်များကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က နှင်ထုတ်ကာ တိုက်များကို ချိတ်ပိတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ယင်းသို့ လုံခြုံရေးများ တိုးမြှင့်ချထားခြင်းဖြစ်သည်။
“ပိဋကတ်တိုက်ကသံဃာတော်တွေကိုပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့ ကြိုတင်လုံခြုံရေးချထားတာဖြစ်တယ်။ ဘုန်းကြီးတွေကို လျှော့တွက်ထားလို့မရဘူး” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် လူကြီးတဦးက ပြောသည်။
အဆိုပါ ပိဋကတ်တိုက် (၃)တိုက်အပါအ၀င် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းအနီး ပိဋကတ်တိုက် (၆) တိုက်မှ သံဃာတော်များနှင့် တိုက်ပိုင်ရှင်တို့၏ ဆွေမျိုးများကို ဇွန်လ (၃ဝ) ရက် နောက်ဆုံးထား၍ ကျောင်းတိုက်မှထွက်ခွာသွားကြရန် ရွှေတိဂုံဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်။
“ရွှေတိဂုံစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်တော်မူတဲ့နေရာဖြစ်တယ်။ အဲဒီလို စေတီပရ၀ုဏ်အနီးမှာ ရဲတွေက လက်နက်တွေကိုင်ပြီးတော့ လုံခြုံရေးယူနေတာ အမြင်မတော်ဘူးပေါ့ဗျာ။ ပြီးတော့ ဘုရားဖူးတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်လေ”ဟု ဘုရားအရှေ့မုခ်အနီးတွင် ဂိတ်ထိုးရပ်နားသည့် တက္ကစီကားမောင်းသူတဦးက ပြောသည်။
ယခုပြောင်းရွှေ့ရသော ကျောင်းတိုက်များမှ သံဃာများနှင့် ရွှေတိဂုံစေတီခြေတော်ရင်းရှိ အခြားကျောင်းတိုက်များမှ သံဃာတော်များမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြဖူးသည်။
စစ်အစိုးရသည် အဆိုပါ ကျောင်းတိုက်မြေနေရာများအား သီရိင်္လကာအစိုးရနှင့် တရုတ်အစိုးရတို့ထံ ရောင်းချရန် ရည်ရွယ်ချက်ရှိသည်ဟု သိရကြောင်းလည်း ပြောင်းရွှေ့ရသော ဘုန်းကြီးကျောင်းတိုက်များနှင့် နီးစပ်သည့် ဒကာတပည့်များက ပြောကြားသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက် မသတ်မှတ်နိုင်သေး
ရဲရင့် / ၃၀ ဇူလိုင် ၂၀၁၀
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်တွင် မြ၀တီမြို့၌ ထိုင်း-မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသော်လည်း တံတားပြန်ဖွင့်မည့်နေ့ကို မသတ်မှတ်နိုင်သေးဘဲ ပြီးဆုံးသွားသည်ဟု သိရသည်။
မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့နှင့် ထိုင်းနိုင်ငံမှ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ဝသ်စင်ထီရ၀ီချီယန် ဦးဆောင်သောအဖွဲ့တို့သည် နယ်စပ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသော်လည်း ပြီးပြတ်မှုမရှိသည့်အတွက် ထပ်မံ ဆွေးနွေးရန်ရှိသေးသည်ဟု ထိုင်းဘက်မှ ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲ မစတင်မီ ဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က ချစ်ကြည်ရေးတံတားပေါ်တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။
“ဒီနေ့ဆွေးနွေးမှာကထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပိတ်တဲ့ကိစ္စ၊ကမ်းထိန်းနံရံ တည်ဆောက်တဲ့ကိစ္စ၊ သောင်ရင်းမြစ် အတွင်းမှာရှိတဲ့ ရေလယ်ကျွန်းရဲ့မြစ်ကြောကို ထိုင်းဘက်က ပြန်ဖော်ပေးဖို့နဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတား တည်ဆောက်ရေးကိစ္စတို့ကို ဆွေးနွေးသွားမယ်” ဟု ဦးမောင်မြင့်က ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ထိုင်းဘက်ဆိုင်ရာ ဥက္ကဋ္ဌက နယ်ခြားသောင်ရင်းမြစ်အပါအ၀င် အခြားနယ်စပ်ကိစ္စများကို ဆက်လက် ဆွေနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကျန်ရှိသေးသည်ဟုသာ ဒေသခံသတင်းထောက်များကို မြ၀တီမှအပြန်တွင် ပြောကြားခဲ့သည်။
ယခုလဆန်းပိုင်းမှ စတင်ကာ မြ၀တီခရိုင်အာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ (၄)ကြိမ်ခန့် ချစ်ကြည်ရေးတံတားကိုဖွင့်ချီပိတ်ချီပြုလုပ်ခဲ့ရာမှယခုလ(၁၈)ရက်နေ့မှစ၍ အကြမ်းဖက်မှုအန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှတံတားကို အချိန်ပြည့်ပိတ်လိုက်ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင်တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းဝင်တဦးက ပြောသည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား (၁)ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်ငွေသန်း (၆၀)ခန့် ထိခိုက်နစ်နာမှုရှိသည်ဟု ထိုင်းဘက်မှ ပြောဆိုသည်။
ဝန်ကြီးများ USDP အတွက် စည်းရုံး
နရီလင်းလက် Friday, July 30, 2010
.“မဲပေးမယ်ဆို ‘ဆန်စိ’ ကို ပေးဖို့ မမေ့နဲ့ ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင် ၀န်ကြီးချုပ် ဗိုလ်ချူပ် ကြီးဟောင်း ဦးသိန်းစိန်က ရှမ်းပြည်နယ်သို့ သွားရောက်စဉ် ပြောကြား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
‘ဆန်စိ’ ဆိုသည်မှာ ရှမ်းတိုင်းရင်းသား ဘာသာအရ “ခြင်္သေ့” ဟု အဓိပ္ပာယ်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA)၏ အမှတ် တံဆိပ် ဖြစ်သောကြောင့် USDPအားမဲပေးရန် ပြောဆို စည်းရုံးခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး ကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ ဘက်စုံ စီမံကိန်းသို့ သွားရောက် ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။
အစိုးရစရိတ်သုံးစွဲ၍ သွားရောက်သည့် ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ယခုကဲ့သို့ မဲဆွယ် စည်းရုံးမှု ပြုလုပ်ခြင်း သည် ၎င်းတို့ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃) ၊ အပိုဒ်၁၂(က)၅ အရနိုင်ငံတော်ပိုင်ငွေကြေး၊မြေ၊အိမ်၊အဆောက်အအုံ၊ယာဉ်၊ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိပါက ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိကြောင်း ဖော်ပြထားသောကြောင့် ယင်း ဥပဒေကို သွယ်ဝိုက်သောနည်းဖြင့် ချိုးဖောက်ကြောင်း တွေ့ရသည်။
ပညာရေး ဒုတိယ ၀န်ကြီး ဦးအောင်မျိုးမင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းများအား လှည့်လည် စစ်ဆေး နေချိန်တွင် USDP ကို မဲပေးရန် ပြောဆိုသွားခဲ့ကြောင်း သိရသည်။
“အနာဂတ်နိုင်ငံတော်မှာကျောင်းသူကျောင်းသားတွေသွေးထွက်သံယိုဖြစ်တာမမြင်စေချင်ရင် ကြံ့ဖွံ့ပါတီကို မဲထည့်ပါ ဆိုပြီး ဒုဝန်ကြီးက ကျောင်းကိုလာရင်း ပြောသွားတယ်”ဟုရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသူတဦး က ဆိုသည်။
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် အပါအ၀င် ရန်ကုန်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကို လည်း ယခုကဲ့သို့ ပြောဆိုသွားကြောင်း တက္ကသိုလ် အသိုင်းအ၀န်းက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည်လည်း မြို့နေလူထုထက် ပိုမိုများပြားသည့် ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာအုပ်စုများသို့ သွားရောက်၍ USDPအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“အဓိကကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းမှာရှိနေတဲ့ ကျေးရွာလေးတွေကို ဦးစားပေးပြီး စည်းရုံးရေးဆင်းတာ၊ ကြည့်မြင်တိုင် တဖက်ကမ်းက ဇလုတ်ညွှန့်တို့ ၊ ဆိပ်ကြီးခနောင်တို တို့ ၊ အလံ တဖက်ကမ်းဆိုရင် လည်း ကျောက်ဝိုင်းကြီး ကျောက်ဝိုင်းလေး ရွာတွေကို ဆင်းတာ”ဟု ရန်ကုန်တိုင်းမှ USDP ပါတီဝင် တဦးက ပြောသည်။
ရန်ကုန်မြို့တည်ထောင်စဉ် ကတည်းက ဂရမ်ပိုင် ထုတ်ပေးထားခြင်းမရှိသော ကျေးရွာများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ဌာနမှူးများနှင့် ညှိနှိုင်းပြီး အိမ် ဂရမ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယင်း ခရီးစဉ် အတွင်း မြို့တော်ဝန် ဦးအောင်သိန်းလင်း က ပြောဆိုစည်းရုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အစိုးရ ခင်းပေးထားသည့် ကျောက်ချောလမ်းအဆင့် ကျေးရွာလမ်းများအား ကတ္တရာလမ်းခင်းပေးခြင်း၊ စည်ပင်သာယာရေး ကော်မတီမှ တူးဖော်ပေးထားသည့် ရေကန်များကို နေရာ ၃ နေရာ ထားပြီး အုတ်ကန်ပြုလုပ်ပေးကာ ကျေးရွာအတွင်း ရေဖြန့် ဝေ ပေးသွားမည် ဖြစ်ကြောင်း၊ အစိုးရ စီမံကိန်း အနေနှင့် လုပ်ဆောင်ထားသည်များကို USDPက ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျောက်ချောလမ်းတွေကို ကတ္တရာလမ်းခင်းပေးမယ်၊ ရေကန်တူးပြီး ကျေးရွာထဲကို ရေသွယ်လို့ ရအောင်လုပ်ပေးမယ်။ ဒီအတွက် ကြံ့ဖွံ့ပါတီကို မဲပေးရမယ်လို့ ပြောသွားတယ်”ဟု ခနောင်တို ကျေးရွာမှ ရွာသားတဦးက ပြောသည်။
USDP အနေနှင့် ပါတီရန်ပုံငွေ လျာထားမှုများ ရှိနေသော်လည်း ပြည်နယ်နှင့်တိုင်းအလိုက် ရန်ပုံငွေ ချထားပေးခြင်း မရှိသေး သောကြောင့် စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိပိုင်ငွေကြေးဖြင့်သာ သုံးစွဲရသကဲ့သို့ စည်းရုံးရေးဆင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာမှ ပေးထားသည့် ကားဖြင့် သွားရောက်ခြင်းမရှိသကဲ့သို့၊ စည်ပင်ဝန်ထမ်းများအား ခေါ်ယူ သွားခြင်းမရှိကြောင်း ကျေးရွာများသို့ ရောက်ရှိရာတွင်လည်း USDAအသင်းဝင်ဟောင်းများသာ ကြိုဆိုကြကြောင်း အထက်ပါ ရန်ကုန်တိုင်း USDP ပါတီဝင်က ပြောသည်။
USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။
USDPသည်ရွေးကောက်ပွဲကော်မရှင်သို့ပါတီဝင်အင်အားတင်ပြသည်ကိုယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။
ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး
အောင်သက်ဝိုင်း Friday, July 30, 2010
.ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးများတွင် ငါးသိန်းတန် CDMA 800 MHZ မိုဘိုင်းဖုန်း အလုံးရေ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ ရှိသည်။
                                                     (ဓာတ်ပုံ - peacock-landnews.blogspot.com)
ငါးသိန်းတန် ဖုန်းများ စတင် ချထားပေးစဉ်က ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာ အလုံးရေ တသိန်း ခွဲချထား ပေးရန် စီမံချက်ကို ချမှတ် အကောင် အထည် ဖော်ခဲ့ပြီး ယခု မြို့ကြီး အများစုတွင် ဖုန်းအလုံးရေ သိန်းနှင့်ချီ ဆက်လက် ချထားပေး ထားခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်ပြီး ဦးတေဇ ပိုင်ဆိုင်သော CentralMarketingကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးပေါင်းကာ CDMA 800 MHZ မိုဘိုင်းဖုန်းများ ချထား ပေးလျက် ရှိသည်။
“ရန်ကုန်၊ မန္တလေးအပြင် တခြား မြို့ကြီးတွေမှာလည်း ငါးသိန်တန်ဖုန်း သုံးလို့ရအောင် စီစဉ်ပြီး အလုံးရေ အကန့်အသတ်မရှိ ချပေးသွားမယ်” ဟု Central Marketing ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။
ယခင်က အဆိုပါ ငါးသိန်းတန်ဖုန်းများသည် နယ်မြေအကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ နယ်မြေ ကန့်သတ်ချက်မရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက အင်းစိန်မြို့နယ်အတွင်းမှာ လျှောက်ပြီး ရထားတဲ့ ဖုန်းက အင်းစိန်မြို့နယ် ထဲမှာပဲ သုံးလို့ ရတယ်။ တခြားမြို့နယ်ထဲတွေ ယူသွားရင် လိုင်းမမိဘူး။ အခု နယ်မြေ ကန့်သတ်ချက် မရှိတော့ဘူး။ အင်းစိန်မြို့နယ်က ဖုန်းက မရမ်းကုန်းမှာလည်း သုံးလို့ရတယ်။ ရန်ကင်းမှာလည်း သုံးလို့ရတယ်။ နယ်မြေကန့်သတ်ချက်မရှိ ရန်ကုန်တမြို့လုံးသုံး လို့ရပြီ” ဟု အလုံမြို့နယ်မှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာတဦးက ဆိုသည်။
ငါးသိန်းတန်ဖုန်းများ နယ်မြေကန့်သတ်ချက်မရှိ ချထားပေးပြီးနောက် ရန်ကုန်မြို့တွင် ဖုန်း လျှောက်ထားသူများ များပြားလာကြောင်း၊ တနေ့လျှင် လျှောက်ထားသူ ၂၀၀၀ အထိ ရှိကြောင်း သိရသည်။
“ရန်ကုန်တမြို့လုံး ငါးသိန်းတန်ဖုန်း သုံးလို့ရတယ် ဆိုကတည်းက ဖုန်းလျှောက်တဲ့သူ တော်တော်များတယ်။ မနက် အစောကတည်းကလူတွေရာပေါင်းများစွာတိုးဝှေ့နေကြတာ”ဟု အလုံမြို့နယ် ဆက်သွယ်ရေးစခန်းမှ
ဝန်ထမ်းတဦးက ပြောသည်။
ဦးတေဇ၏ Elite ကုမ္ပဏီသည် ငါးသိန်းတန်ဖုန်းအပြင် FEC ၂၀ တန် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်၊ FEC ၅၀ တန် CDMA ၄၅၀ မဂ္ဂါဟက် တခါသုံးဖုန်းကတ် များကိုလည်း ရောင်းချလျက်ရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးသော ဂျီအက်စ်အမ် ဖုန်းမှာ ငွေကျပ် ၁၅ သိန်းပေးသွင်းပြီးမှ အသုံးပြုနိုင်သည့်အတွက် ရန်ကုန်မြို့နေ လူတန်းစားအများစု အသုံးပြုနိုင်ကြခြင်း မရှိပေ။
“GSMဖုန်းကအစိုးရသွင်းဈေးတင်၁၅သိန်းဆိုတော့လူတော်တော်များများမကိုင်နိုင်ကြဘူး။ ငါးသိန်းတန်ဖုန်းကျတော့ကိုင်နိုင်လာတဲ့လူ ပိုများတယ်” ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ စီးပွားရေး ကုမ္ပဏီအများစုကလည်း ၄င်းတို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးအတွက်ငါးသိန်းတန်ဖုန်းများ ဝယ်ယူကြသည်ဟု သိရသည်။
“စီးပွားရေးကုမ္ပဏီတွေလည်းငါးသိန်းတန်ဖုန်း လျှောက်ကြတယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ငါးလုံးလောက် လျှောက်ကြတယ်” ဟု ငါးသိန်းတန်ဖုန်း လျှောက်ထားပေးသည့် အကျိုးဆောင် ပွဲစားတဦးက ဆိုသည်။
ငါးသိန်းတန်ဖုန်းတွင် ဖုန်းကတ်တခုအတွက် ငွေကျပ် ငါးသိန်းတိတိ ပေးသွင်းရပြီး ဖုန်းဟန်းဆက်အပါအ၀င် ဖုန်းလျှောက်ရန် ပေးသွင်းရသည့် စာရွက်စာတမ်းဖိုးများကိုပါ တွက်ချက်လျှင် ဖုန်းတလုံးအတွက် အနည်းဆုံး ငွေကျပ် ခြောက်သိန်းခွဲခန့် ကုန်ကျ သည်ဟု သိရသည်။
စီးပွားရေးပညာရှင်တဦးကမူ လက်ကိုင် မိုဘိုင်းတလုံးအတွက် မြန်မာငွေ ကျပ်ငါးသိန်း (အမေရိကန်ဒေါ်လာ ငါးရာ) ပေးနေရခြင်းမှာ သဘာဝမကျဘဲ အိမ်နီးချင်း နိုင်ငံများကဲ့သို့ မိုးဘိုင်း ဖုန်းများ ဈေးပေါပေါဖြင့် လူတိုင်းအသုံးပြုနိုင်ရန် စီစဉ်ပေးသင့်သည်ဟု ဆိုသည်။
“စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖုန်းအတွက်၊ ကားအတွက် မြန်မာငွေ သိန်းရာချီ သုံးနေရတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်းသုံးနေရတော့ စီးပွားရေးမှာ ရင်းနှီးမြုပ်နှံရမယ့် အရင်းအနှီး နည်းသွားတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေး တိုးတက်ဖို့ဆိုတာ ဖုန်း၊ ကား၊ နေရာ တို့လို အခြေခံ စီးပွားရေးအဆောက်အအုံတွေ ဈေးချို ဖို့လိုတယ်” ဟု အဆိုပါ ပညာရှင်က သုံးသပ်သည်။
ငါးသိန်းတန်ဖုန်း၊ ဂျီအက်စ်အမ် အပါအ၀င် မိုဘိုင်းဖုန်းအများစု၏ ဖုန်းခေါ်ဆိုခမှာ တမိနစ်လျှင် ငွေကျပ် ၅၀ ဖြစ်သည်။
၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ ငါးသိန်းတန်ဖုန်း ချထားပေးသည့် အရေအတွက် ၆၅၀၀၀ ကျော်ရှိလာပြီဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
လူဦးရေ သန်းခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း၊ အော်တိုကြိုး ဖုန်းအပါအ၀င် ဖုန်းလိုင်းစုစုပေါင်းသုံးသန်းခွဲနီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။
ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်
ဘစောတင် Friday, July 30, 2010
.ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သိုးမွေး စက်ရုံများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်ကို ထိုင်းရဲများက ယမန်နေ့ ညနေတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ သို့သော် နယ်စပ်တံတား ပိတ်ထား၍ မြန်မာဘက် အခြမ်းသို့ပြန်မပို့နိုင်ဘဲ ပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။
မဲဆောက်မြို့ရှိ မပန်းသီး သိုးမွေးစက်ရုံနှင့် မော်တာ သိုးမွေးစက်ရုံများသို့ ထိုင်းရဲက ကားနှင့်ဝင်၍ ပိတ်ဖမ်းသဖြင့် အလုပ်သမား အားလုံးနီးပါး ပါသွားခြင်း ဖြစ်ကြောင်း ဝင်ရောက်ဖမ်းဆီးချိန်တွင် ရှိနေသူ ကိုမင်းစိုးက ပြောသည်။
“သူတို့က မော်တာရုံကို အရင်ဝင်ပြီး ဖမ်းလိုက်တယ်။ မော်တာရုံက ၂ ရုံရှိတယ်။ ၂ ရုံလုံးကို အကုန်ဖမ်းလိုက်တယ်။ ပြီးတော့မှ မပန်းသီးရုံကို ၀င်ဖမ်းတယ်။ ရှစ်ဘီးကားကြီးနဲ့ တင်သွားတယ်။ ကားမဆံ့လို့ တချို့လည်း ကျန်ခဲ့တယ်” ဟု ကိုမင်းစိုးက ပြောပြသည်။
အလုပ်ရှင်များက ဈေးပေါသော အလုပ်သမားများကို လိုချင်သဖြင့် အလုပ်သမားလက်မှတ်၊ ယာယီ နိုင်ငံကူး လက်မှတ်များကို ပြုလုပ် မပေးသောကြောင့် ယခုကဲ့သို့ အဖမ်းခံရဖြင်းဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ဝေဖန်ထောက်ပြသည်။
“အဲဒီစက်ရုံတွေက အလုပ်သမား ၁၅၀ လောက် ရဲကဖမ်းသွားတယ်။ ဖမ်းတာကတော့ လက်မှတ်မရှိလို့ပေါ့။ အလုပ်သမားတွေက လက်မှတ်လုပ်ချင်ပေမယ့်လည်း အလုပ်ရှင်တွေက လက်မှတ်လုပ်မပေးတော့ ရဲက လာဖမ်းရင် ခံရတာပေါ့” ဟု ကိုမိုးဆွေက ပြောသည်။
ယင်းသို့ ဖမ်းဆီးရာတွင် အလုပ်သမား လက်မှတ်ရှိသူများလည်း ပါသွားသဖြင့် လက်မှတ်ရှိသူ ၃၀ ကို အရင်ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
ကျန်အလုပ်သမားကို ရဲများက ခေါ်ဆောင်ပြီး မြန်မာဘက်ခြမ်းသို့ ပြန်ပို့ရန်သွားသော်လည်း ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအားလုံးကို ပိတ်ထားသဖြင့် ပြန်မပို့နိုင်ဘဲ အလုပ်သမားများကို ညနေ ၆ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကိုမင်းစိုးက ပြောသည်။
မြန်မာဘက်မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားသဖြင့် ထိုင်းအာဏာပိုင်များက မြန်မာ အလုပ်သမားများကို ဖမ်းဆီးကာ ပြန်ပို့ရန် စီစဉ်ပြီး အကဲစမ်းခြင်းဖြစ်နိုင်သည်ဟု မဲဆောက်ရှိ မြန်မာများက ဆိုသည်။
တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းအား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ်ပစ်ခဲ့သည်။
ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။
တံတားပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကုန်စည်စီးဆင်းမှု တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက် ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။
donderdag 29 juli 2010
“ မနက်ဖြန်အရေး ”
သွားရမယ့်လမ်းတွေကမဆုံးသေးဘူး -----
ခရီးလမ်းမှာမတွေဝေစေဖို့
အကြား၊အမြင်၊ဗဟုသုတအဟာရများစွာတောင်းတ
သေချာတာတခုက
လိုချင်တဲ့အဟာရတွေအားလုံးကို
တကြိမ်တခါတည်းနဲ့အကုန်မရနိုင်ဘူး --- ။
မိတ်ဆွေ့  ရောင်းရင်းနဲ့ -----
သူငယ်ချင်းတို့ရေ
မနက်ဖြန်တွေများစွာရှိနေသေးသမျှ
မစဉ်းစားပဲနဲ့မိုက်ပြစ်လို့မရ
ပွဲပြီးမီးသေလုပ်ပြစ်လို့မရ
အတိတ်ဆိုတာကအရိပ်လိုလိုက်နေလို့
ဥာဏ်သတိနဲ့ယှဉ်ကာနေမှတန်ရာကျ
အဲ့ဒါ့  လောကရဲ့သဘာဝ --- ။
လောကမှာဘယ်အရာမှမတည်မြဲလို့ -----
ဆိုးညစ်လွန်းတဲ့ ဆဒမ်းလည်းကြိုးစင်တက်ခဲ့ရတယ်
အဲ့ဒီလိုပဲ
ဘင်လာဒင်တယောက်လည်း
ကျီးလန့်ဆန်စားကာနေထိုင်နေရ
မိမိလုပ်ရပ်တွေရဲ့ အဖြေမှန်တွေပဲပါ့ --- ။
အတ္တကိုယ်စီနဲ့လောကီသားတွေ -----
မမျှတတဲ့ ကိုယ်ပိုင်အတ္တတွေကို
ပြန်မျိုချဖို့ဆိုတာကတော့ ခက်ခဲလွန်းလှ
မနက်ဖြန်အရေးတွေအတွက်
သမိုင်းလှလှရေးခဲ့မယ်ဆိုရင်တော့
စဉ်းစားဆင်ခြင်ဥာဏ်ရင့်သန်မှပဲ
သင့်တင့်ကာ တန်ရာကျမယ်ပါ့ --- ။
           ဇာနည်မောင်
နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို
ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀
နအဖကိုဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ တပ်ရင်းတပ်ဖွဲ့များအား မိမိတို့နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောကြားသည်။
ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)ကိုနအဖတပ်ရင်း၊ တပ်ဖွဲ့များကစစ်ရေးအရ ပြင်ဆင်မှုများ လုပ်နေသည့်အတွက်ကေအန်ယူ၏အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်က ပြောကြားလိုက်ခြင်းဖြစ်သည်။
၎င်းက “ဒီကေဘီအေအပေါ်မှာ ထားရှိတဲ့ ကေအန်ယူရဲ့မူအရ သူတို့ကို အခြေချခွင့်ပြုတာဖြစ်ပါတယ်။ သူတို့ကို ရန်သူဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ကေအန်ယူက သူတို့ဘက်ကနေ ကူပြီး တိုက်ခိုက်ပေးသွားမှာဖြစ်တယ်။ ဒါက အမျိုးသားညီညွတ်မှုတရပ် ဖြစ်ပါတယ်”ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
သို့သော် ခွဲထွက် ဒီကေဘီအေတပ်ဖွဲ့များအနေဖြင့် နအဖကို ဆန့်ကျင်ခြင်းမပြုဘဲ ကေအန်ယူ နယ်မြေအတွင်း ၀င်ရောက်အခြေချခွင့် ပြုမည်မဟုတ်ကြောင်း၊ ဘက်ပြောင်း၍ ပြန်လည်ပူးပေါင်းမည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ကေအန်ယူက ပြောကြားသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆန့်ကျင်သည့် ဒီကေဘီအေ တပ်မဟာ (၅)ကို နအဖစစ်တပ်များနှင့် နအဖသစ္စာခံ ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လာလျှင် ခွဲထွက်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ပေးရန် ပြင်ဆင်ထားသည်ဟု ၎င်းဒေသအနီး အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။
၎င်းက “ဒီကေဘီအေတပ်မဟာ (၅) က ကျနော်တို့နဲ့ မပူးပေါင်းလည်း ပြဿနာမဟုတ်ဘူး။ သူတို့ နအဖကို ဆန့်ကျင်တာကို ကြိုဆိုတယ်။ သူတို့ဘက်က ရပ်တည်ဖို့ ကျနော်တို့ တပ်တွေအသင့်ပဲ” ဟု ပြောသည်။
ဒီကေဘီအေ တပ်မဟာ (၅)မှ တပ်မှူးတဦးကမူ “နယ်ခြားစောင့်တပ်ကို ငြင်းဆန်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး နအဖက ကျနော်တို့ကို စစ်ရေးအရ ဖြေရှင်းဖို့ သူတို့တပ်ရင်းတွေ တိုးပြီးချထားတယ်။ ကျနော်တို့ကလည်း တပ်မဟာမှူးရဲ့ အမိန့်အတိုင်းပဲ စစ်ရေးအရ လက်ဦးမှုရအောင် ကြိုတင်ပြင်ဆင်ထားတယ်။ ကေအန်ယူနဲ့ပြန်ပေါင်းဖို့တော့ လုံးဝမရှိဘူး၊ ဒီကေဘီအေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို လုံးဝအပျက်မခံနိုင်ဘူး” ဟု ပြောသည်။
ယခုလ (၂၂)ရက်၌ ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် နအဖဘက်က ဆင့်ခေါ်ရာတွင် ဗိုလ်မှူးကြီး စောလားပွယ်က မသွားဘဲ ငြင်းဆန်ခဲ့ရာမှ စတင်ကာ ယခုကဲ့သို့ စစ်ရေးအခြေအနေများ တင်းမာလာခြင်း ဖြစ်သည်ဟု ယင်းတပ်မှူးက ပြောသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် နအဖ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) မှ ဗိုလ်မှူးချုပ်သန်းစိုးက ဗိုလ်မှူးကြီး စောလားပွယ်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခြင်း ခံရမည်ဟု ယခုလဆန်းပိုင်း၌ ပြောဆိုခဲ့ပြီး တပ်အင်အားကို တိုးမြှင့်ချထားခြင်းဖြစ်သည်ဟု သိရသည်။
ဒီကေဘီအေ တပ်မှူးများအနက် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်ခံချင်သူများ ရှိသကဲ့သို့ လက်မခံနိုင်သူများလည်း ရှိကြောင်း၊ လုံးဝလက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲသူမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် တဦးသာရှိကြောင်း အဆိုပါအဖွဲ့ မှ တပ်မှူးတဦးက ပြောသည်။
၁၉၉၄ ခု နှစ်ကုန်ပိုင်းတွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အရပ်တွင် ဌာနချုပ်ကို အခြေစိုက်ကာ တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်။
ဒီကေဘီအေ ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်ပြီး အဖွဲ့၏နာယက ဆရာတော်မှာ ဦးသုဇနဖြစ်ကာ ကေအန်ယူမှ ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် အရာခံဗိုလ် စောကျော်သန်းမှာ ဒီကေဘီအေ၏ စစ်ဦးစီးချုပ်ဖြစ်သည်။
ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ
ဧရာဝတီ Thursday, July 29, 2010
.နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ စိုးရိမ်နေရပြီး မြန်မာ အစိုးရနှင့်လည်း အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နေသော မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေပြီး မကြာခင် ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။
ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာ ပြန်ဆို ရေးသား ထုတ်ဝေ ခဲ့သည့် စာရေး ဆရာ ဟိန်းလတ်အား ဧရာဝတီ သတင်းထောက် ဝေမိုးက ယင်း စာအုပ် ပြန်လည် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်း ထားပါသည်။
စာရေး ဆရာ ဟိန်းလတ်သည် ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့(ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ် အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ယခုနှစ်တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ကော်မတီ၌ ဗဟို အလုပ်မှုဆောင် တဦး ဖြစ်သည်။
၁၉၆၅ ခုနှစ်မှ စ၍ ဝတ္ထု ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ယခုအထိ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၅၁ အုပ် ရေးသားပြီး ဖြစ်သည်ဟု သိရသည်။ ၂၀၀၂ တွင် လီကွမ်ယု အတ္ထုပ္ပတ္တိ ဖြစ်သည့် တတိယ ကမ္ဘာမှ ပထမ ကမ္ဘာသို့ စာအုပ်နှင့် အမျိုးသားစာပေဆု(ဘာသာပြန်)ရရှိခဲ့သည်။
စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပေါ်ပြူလာ ဂျာနယ်တွင်လည်း စာတည်း ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့် မေလမှ စ၍ ပေါ်ပြူလာဂျာနယ် အပါအဝင် တခြား ဂျာနယ်များကို ထုတ်ဝေနေသည့် Asian Fame Media Group ၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူလာသူ ဖြစ်သည်။
မေး။ ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် အကြောင်း ရေးတဲ့စာအုပ် ပြန်သိမ်းခံရတယ်ဆိုတာ ဟုတ်ပါလားဆရာ၊ ဘယ်လိုဖြစ်တာပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ် ၊ ကျနော်က အင်္ဂလိပ်စာပဲ တတ်တော့ အမေရိကန်က ထုတ်တဲ့ သူ့အကြောင်းရေးတဲ့ စာအုပ် နှစ်အုပ်ကို ကိုးကားတယ်၊ အမှန်ကတော့ ကျနော်က အားလုံးပေါင်းပြီးရေးတာ၊ အဲ့သည် ကိုးကားတဲ့ စာအုပ်နှစ်အုပ်ကို မြောက်ကိုရီးယား ဘက်က အချက်အလက်တွေမှားတယ် ဆိုပြီး သူတို့က မကြိုက်တာပါ။
မေး။ ။ ဘာစာအုပ်တွေလဲဆရာ ၊ အမေရိကန် ဂျာနယ်တွေ မဂ္ဂဇင်းထဲမှာ ပါတာတွေလား၊ စာရေးဆရာ ဘာတေးလ် လင့်တ်နာ ရဲ့ စာအုပ်တွေလား။
ဖြေ။ ။ မဟုတ်ပါဘူး၊ ၂၀၀၉ ခုနှစ်လောက်က နောက်ဆုံးထုတ်တဲ့ လုံးချင်းစာအုပ်ကြီး နှစ်အုပ်ပါ၊ အဲ့သည်စာအုပ် နှစ်အုပ်မှာ ပါတဲ့ အချက်အလက်တွေ မှန်မမှန်တော့ မသိဘူး၊ ကျနော်လည်း ရှားပါးတဲ့ အချက်တွေဆိုပြီးတော့ ဘာသာပြန်တယ်၊ မြောက် ကိုရီးယား သံရုံးက ထုတ်တဲ့ စာအုပ်တွေလည်း ပါတယ်၊ ကျနော်က စုပေါင်း ရေးတော့ အချက်အလက်တွေ အကုန်ထည့်တာပေါ့၊ အဲ့သည်တော့ မြောက်ကိုရီးယားက အဲ့သည်မှာပါတဲ့ အချက်တွေက မှားတယ်လို့ ပြောတယ်၊ ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ ကျနော်လည်း ကူးရေးရတာလေ၊ အဲ့သည် ပြဿနာပါပဲ။
မေး။ ။ ဆရာ စတင်ထုတ်ဝေစဉ်က ခွင့်ပြုချက်နဲ့ ထုတ်တာပဲ မဟုတ်လား။
ဖြေ။ ။ ဟုတ်ပါတယ်၊ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်တာပါ။
မေး။ ။ မြောက်ကိုရီးယား သံရုံးက ဘယ်လိုသိသွားလို့ ဆရာ့ကို တိုက်ရိုက်ကန့်ကွက်တာလဲ။
ဖြေ။ ။ စာအုပ်ထွက်ပြီး ၂ လလောက်အကြာမှာ သိသွားတာ၊ သူတို့ သံရုံးမှာ ဗမာစာတတ်တဲ့ သူတွေက ဒါတွေမှားတယ် ဆိုပြီး ချွန်ပေးလိုက်တာ၊ ကျနော်ကြားတာက ကျနော့်ရဲ့ ဗမာလိုရေးထားတဲ့ စာအုပ်က တချို့အချက်တွေကို အင်္ဂလိပ်လို ဘာသာ ပြန်ခိုင်းတယ်၊ ဥပမာ- မြောက်ကိုရီးယား စစ်တပ်ဖွဲ့စည်းပုံ ဇယားကို အသေအချာကြည့်ပြီး မှားတယ်ပြောတယ်၊ ဒါတွေဟာ သူတို့ဟာ မဟုတ်ဘူးလို့ပြောတယ်၊ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ဇယားတွေကိုထောက်ပြတော့ အဲ့ဒါပဲ ထင်တယ်၊
ဖွဲစည်းပုံမှာ ဗိုလ်ချုပ်ကြီးက ဘယ်နှစ်ယောက် ဆိုတဲ့ အမေရိကန်စာအုပ်တွေထဲပါတဲ့ ဇယားပါ၊ သူတို့ မြောက်ကိုရီးယား သံရုံးက ထုတ်တဲ့စာအုပ်တွေမှာတော့ ဒီလိုလျှို့ဝှက်ချက် ပါတာမျိုးတွေ ဘယ်ပါမလဲ၊ စာရေးတဲ့သူဆိုတာ ဘယ် အမှား အမှန်သိမလဲ၊ ဇယားထဲ ပါတာတွေ ရေးရတာပဲ၊ စာဖတ်ပရိသတ်ကလည်း ဒါမျိုးတွေမှ ကြိုက်တာ၊ ကျန်တာကတော့ အကောင်းချည်းပဲ၊ မကောင်းတဲ့ အချက်တွေကို ရှောင်ပြီးမှ ရေးတာ၊ ကိုးကား စာအုပ်ကိုမေးတော့ ဒီစာအုပ်တွေပဲဆိုတော့ အဲ့ဒါ နယူးယောက်က ထုတ်တဲ့ စာအုပ်တွေ၊ မကောင်းတာတွေ စာဖတ်ပရိသတ်လက်ထဲ မရောက်တာကောင်းတယ်၊ ဖြန့်ပြီးလည်း ကျန်တဲ့ဟာ ပြန်ပေး ပါဆိုတော့ ကျနော်လည်း စကားနည်း ရန်စဲ ပြန်ပေးလိုက်တယ်၊ မပေးရင် ဘာလုပ်မလဲတော့ မသိဘူး၊ ပေးလိုက်တော့ ပြီးသွားတာ ပေါ့၊ ကျနော် ကတော့ ဆုံးရှုံးတာပေါ့။
မေး။ ။ ဆရာ့ကို ကန့်ကွက်တာ စာပေစိစစ်ရေးကလား သံရုံးကလား၊ ခေါ်ပြီး ပြောတာလား၊ ဖုန်းတို့ စာတို့နဲ့ သတိပေးတာလား၊ မထုတ်ခင်က သံရုံးက အချက်အလက်ယူသေးလား။
ဖြေ။ ။ သံရုံးက ခေါ်ပြောတာပါ၊ သူတို့ဆီက လိုအပ်တဲ့စာအုပ်ကိုတော့ ယူပါတယ်။ ပြုစုတဲ့ အခါကျ တော့ လက်ဝဲရော လက်ယာရော ၀ါဒအကုန်လုံး ယူရတယ်၊ ဒါဟာ ကျနော်တို့ရဲ့လုပ်နည်းပဲ၊ ဒါပေမယ့် သူတို့ စာအုပ်တခုတည်း နဲ့ မရဘူး၊ သူတို့ စာအုပ်တွေက အရမ်းလေးတယ်၊ အချက်အလက်တွေချည်း ဖွား/သေ စာရင်းလို ရေးတာ၊ ဒါကြောင့် ကျနော်တို့က စာအုပ်ရေးလို့ မရဘူး။ ကျနော် အတ္ထုပ္ပတ္တိ စာအုပ် ရေးလာတာ ၂၅ အုပ်လောက်ရှိပြီ၊ တိန့်ရှောင်ဖိန် တို့ ၊ အီရန် သမ္မတ အာမာဒီနီဂျက် တို့ ရေးတာပဲ၊ ဘယ်မှာ တရုတ်လိုတို့ ၊ အီရန်လိုတို့ ဘယ်ရှာရေးမလဲ၊ ထွက်တဲ့စာအုပ် ဘာသာပြန်တာပဲ၊ ဒါက ကျနော့် အခွင့်အရေး လေ၊ တရုတ်ကတော့ ရှင်းတယ်၊ ဒါမျိုးရေးရင် အားလည်းမပေးဘူး၊ ကန့်လည်းမကန့်ကွက်ဘူး။
မေး။ ။ ကျနော်တို့ သိရတာ လိုက်သိမ်းတယ်၊ ဖျက်ဆီးတယ်လို့ သိရတယ်၊ ဆိုင်တွေပေါ် ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းတယ်၊ ဆရာ့ရှေ့မှာ မီးရှို့တယ်လို့ ကြားတယ်၊ အဲ့ဒါ ဟုတ်ပါသလား။
ဖြေ။ ။ ကျနော်ကို လက်ကျန်စာအုပ်တွေ တောင်းတာနဲ့ အကုန်ပေးလိုက်ပြီ၊ ဆိုင်ပေါ်ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းရင် သူတို့ ပိုက်ဆံပေးနေရမှာ စိုးတဲ့အတွက် လိုက်သိမ်းမယ်မထင်ဘူး၊ သူတို့က ပိုက်ဆံအကုန်မခံချင်ဘူးလေ၊ တချို့ဆိုင်တွေက အပြတ် ၀ယ်ထားတာလေ၊ ဘယ်အသိမ်းခံမှာလဲ၊ မီးရှို့တယ်ဆိုတာ မဟုတ်ပါဘူး၊ သူတို့ကို စာအုပ်လက်ကျန် ၃၃၀ လောက် အကုန်ပေး လိုက်တာ၊ မီးရှို့တယ်ဆိုတာ ကောလာဟလ ပါ။
မေး။ ။ စာပေစိစစ်ရေး အဖွဲ့ကရော နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားမှာစိုးလို့ ဆရာ့ကို ပြောပါသလား။
ဖြေ။ ။ မပြောပါဘူး၊ ကျနော့် ဘက်ကတောင် ဒီကိစ္စက ဘာမှမဆိုင်ဘူး သူတို့ ခွင့်ပြုပြီးသားဆိုပြီး ဘာမှတောင် မတိုက်တွန်းဘူး၊ မြန်မာအစိုးရဘက်က ပြန်ကြားရေးရော စိစစ်ရေးရော ဘာမှမပြောပါဘူး၊ အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။
မေး။ ။ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် အကြောင်းရေးတုန်းက သူတို့ကိုဝေဖန်ထားတာတွေ ပါတယ်လို့ သိရတယ်၊ အခု မြောက်ကိုရီးယား ခေါင်းဆောင်အကြောင်းမှာရော ပါလား။
ဖြေ။ ။ တိန့်ရှောင်ဖိန် အကြောင်းတုန်းက ငယ်ငယ်တုန်းက ကောင်းတယ်၊ ယဉ်ကျေးမှု တော်လှန်ရေးမှာ ဒုက္ခရောက်တယ်၊ လေးဦး ဂိုဏ်းက နှိကွပ်၊ နောက်ပိုင်း ပြန်ပြောင်းသွားတယ်၊ အကောင်းအဆိုး အကုန်ရေးတယ်၊ ဒီစာအုပ်မှာတော့ မကောင်းတာမပါဘူး၊ ဒါပေမယ့် သူတို့မူဝါဒ သူတို့နိုင်ငံက တရားဝင်ထုတ်တဲ့စာအုပ် မဟုတ်ရင်ဘယ်ဟာကိုမှ ခွင့်မပြုဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်လောက်ပဲ သူတို့ခေါင်းဆောင်ကို ကောင်းပါတယ်လို့ ချီးမွမ်းဦး သူတို့ထုတ်တာ မဟုတ်ရင် မကြိုက်ဘူး။
မေး။ ။ ဒီစာအုပ်မှာ ကင်ဂျုံအီးလ် က ဟင်းကောင်းကောင်း ကြိုက်တယ်လို့ ပါတယ်နော်။
ဖြေ။ ။ ဟုတ်တယ် ၊ ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်၊ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက်စားတယ် ဆိုတာ လောက်ပါတာပါ၊ ဒီထက်ဆက်ရေးရင် အများကြီးပဲ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက် တွေထားပြီး ကောင်းကောင်းစားတယ်၊ လူရှေ့ သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲ့သည့် စာအုပ်တွေမှာရေးထားတယ်၊ ကျနော်ဘာသာပြန်တာက ညင်တောင်ညင်သာသေးတယ်၊ တကယ်ရေးမယ်ဆိုရင်တော့ မကောင်းတာအများကြီးဘဲ။
မေး။ ။ စာဖတ်ပရိသတ်ကရော အဲ့သည်စာအုပ်ကို ကြိုက်လား။
ဖြေ။ ။ စာဖတ်ပရိသတ်ကတော့ မလှုပ်ဘူးဗျ၊ မကုန်တာသာကြည့်ပေတော့၊ ကြိုက်လို့ ကုန်သွားရင် သူတို့သိမ်းစရာမရှိဘူးပေါ့၊
စာဖတ်ပရိသတ်က ဘာမှစိတ်မ၀င်စားပါဘူး၊ ကျနော်ထုတ်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ အမေရိကန် သမ္မတ အိုဘားမား တုန်းကသာ ပြိုက်ခနဲ ကုန်သွားတာ၊ ၅ ခါလောက်ရိုက်ရတယ်၊ အီရန် သမ္မတ အကြောင်းလည်း မြန်မာပြည်မှာလည်း ဘယ်သူမှ မရေးသေးလို့
ခက်ခက်ခဲခဲ ကျနော်ရေးတယ်၊ ဒါပေမယ့် မကုန်ဘူး၊ ဒီစာအုပ်လည်း စီးပွားရေးတွက် စွန့်စားရေးတာပဲ မကုန်ဘူး၊ အမှန်အတိုင်း ပြောရင် ကောင်းလိုက်တာလို့ ဘယ်သူမှမပြောဘူး၊ လေသံတောင် မဟဘူး။
မေး။ ။ အခုလို အဖြစ်အပျက်ကို ဘယ်လိုထင်လဲ။
ဖြေ။ ။ ကျနော် အတ္ထုပ္ပတ္တိ ရေးတဲ့မူက မြန်မာပြည်သူလူထုက ကမ္ဘာ့ခေါင်းဆောင်တွေ ကြည့်ပြီး သံဝေဂ ယူနိုင်တယ်၊ ကောင်းတာ တွေကိုယူ မကောင်းတာတွေကို ပယ်မယ်၊ ဒီပုဂ္ဂိုလ်ကြီးတွေဟာ သူ့နိုင်ငံနဲ့ သူ့မျိုးချစ်ပုဂ္ဂိုလ်တွေချည်းပဲ လူငယ်တွေအနေနဲ့ အတုယူနိုင်အောင် ရေးတာ၊ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ အကြောင်းရေးဆိုလည်း ရေးမှာပဲ၊ သူ့မှာလည်း မကောင်းတာတွေရှိသလို အတုယူစရာ တွေရှိတယ်လေ၊ ဒါမှလည်း လူငယ်တွေ အသိပညာကြွယ်မှာပေါ့၊ နိုင်ငံတကာအမြင်၊ သမိုင်း သုံးသပ်ချက်တွေကို သိရမှာပေါ့၊ ပိုက်ဆံအတွက်ဆိုရင်တော့ ကျနော်ဘယ်ရေးမလဲ၊ ဒီလိုစာအုပ်မျိုးတွေကို ဗဟုသုတရစေ ချင်လို့ ပါ၊ ဒီလို စာအုပ်မျိုးတွေ အုပ်ရေ ၁၀၀၀ ကုန်ဖို့ အင်မတန် ခက်တယ်။