မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 29 juli 2010

ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ

ဧရာဝတီ Thursday, July 29, 2010
.နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ စိုးရိမ်နေရပြီး မြန်မာ အစိုးရနှင့်လည်း အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နေသော မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေပြီး မကြာခင် ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။
ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာ ပြန်ဆို ရေးသား ထုတ်ဝေ ခဲ့သည့် စာရေး ဆရာ ဟိန်းလတ်အား ဧရာဝတီ သတင်းထောက် ဝေမိုးက ယင်း စာအုပ် ပြန်လည် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်း ထားပါသည်။
စာရေး ဆရာ ဟိန်းလတ်သည် ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့(ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ် အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ယခုနှစ်တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ကော်မတီ၌ ဗဟို အလုပ်မှုဆောင် တဦး ဖြစ်သည်။
၁၉၆၅ ခုနှစ်မှ စ၍ ဝတ္ထု ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ယခုအထိ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၅၁ အုပ် ရေးသားပြီး ဖြစ်သည်ဟု သိရသည်။ ၂၀၀၂ တွင် လီကွမ်ယု အတ္ထုပ္ပတ္တိ ဖြစ်သည့် တတိယ ကမ္ဘာမှ ပထမ ကမ္ဘာသို့ စာအုပ်နှင့် အမျိုးသားစာပေဆု(ဘာသာပြန်)ရရှိခဲ့သည်။
စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပေါ်ပြူလာ ဂျာနယ်တွင်လည်း စာတည်း ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့် မေလမှ စ၍ ပေါ်ပြူလာဂျာနယ် အပါအဝင် တခြား ဂျာနယ်များကို ထုတ်ဝေနေသည့် Asian Fame Media Group ၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူလာသူ ဖြစ်သည်။
မေး။ ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် အကြောင်း ရေးတဲ့စာအုပ် ပြန်သိမ်းခံရတယ်ဆိုတာ ဟုတ်ပါလားဆရာ၊ ဘယ်လိုဖြစ်တာပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ် ၊ ကျနော်က အင်္ဂလိပ်စာပဲ တတ်တော့ အမေရိကန်က ထုတ်တဲ့ သူ့အကြောင်းရေးတဲ့ စာအုပ် နှစ်အုပ်ကို ကိုးကားတယ်၊ အမှန်ကတော့ ကျနော်က အားလုံးပေါင်းပြီးရေးတာ၊ အဲ့သည် ကိုးကားတဲ့ စာအုပ်နှစ်အုပ်ကို မြောက်ကိုရီးယား ဘက်က အချက်အလက်တွေမှားတယ် ဆိုပြီး သူတို့က မကြိုက်တာပါ။
မေး။ ။ ဘာစာအုပ်တွေလဲဆရာ ၊ အမေရိကန် ဂျာနယ်တွေ မဂ္ဂဇင်းထဲမှာ ပါတာတွေလား၊ စာရေးဆရာ ဘာတေးလ် လင့်တ်နာ ရဲ့ စာအုပ်တွေလား။
ဖြေ။ ။ မဟုတ်ပါဘူး၊ ၂၀၀၉ ခုနှစ်လောက်က နောက်ဆုံးထုတ်တဲ့ လုံးချင်းစာအုပ်ကြီး နှစ်အုပ်ပါ၊ အဲ့သည်စာအုပ် နှစ်အုပ်မှာ ပါတဲ့ အချက်အလက်တွေ မှန်မမှန်တော့ မသိဘူး၊ ကျနော်လည်း ရှားပါးတဲ့ အချက်တွေဆိုပြီးတော့ ဘာသာပြန်တယ်၊ မြောက် ကိုရီးယား သံရုံးက ထုတ်တဲ့ စာအုပ်တွေလည်း ပါတယ်၊ ကျနော်က စုပေါင်း ရေးတော့ အချက်အလက်တွေ အကုန်ထည့်တာပေါ့၊ အဲ့သည်တော့ မြောက်ကိုရီးယားက အဲ့သည်မှာပါတဲ့ အချက်တွေက မှားတယ်လို့ ပြောတယ်၊ ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ ကျနော်လည်း ကူးရေးရတာလေ၊ အဲ့သည် ပြဿနာပါပဲ။
မေး။ ။ ဆရာ စတင်ထုတ်ဝေစဉ်က ခွင့်ပြုချက်နဲ့ ထုတ်တာပဲ မဟုတ်လား။
ဖြေ။ ။ ဟုတ်ပါတယ်၊ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်တာပါ။
မေး။ ။ မြောက်ကိုရီးယား သံရုံးက ဘယ်လိုသိသွားလို့ ဆရာ့ကို တိုက်ရိုက်ကန့်ကွက်တာလဲ။
ဖြေ။ ။ စာအုပ်ထွက်ပြီး ၂ လလောက်အကြာမှာ သိသွားတာ၊ သူတို့ သံရုံးမှာ ဗမာစာတတ်တဲ့ သူတွေက ဒါတွေမှားတယ် ဆိုပြီး ချွန်ပေးလိုက်တာ၊ ကျနော်ကြားတာက ကျနော့်ရဲ့ ဗမာလိုရေးထားတဲ့ စာအုပ်က တချို့အချက်တွေကို အင်္ဂလိပ်လို ဘာသာ ပြန်ခိုင်းတယ်၊ ဥပမာ- မြောက်ကိုရီးယား စစ်တပ်ဖွဲ့စည်းပုံ ဇယားကို အသေအချာကြည့်ပြီး မှားတယ်ပြောတယ်၊ ဒါတွေဟာ သူတို့ဟာ မဟုတ်ဘူးလို့ပြောတယ်၊ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ဇယားတွေကိုထောက်ပြတော့ အဲ့ဒါပဲ ထင်တယ်၊
ဖွဲစည်းပုံမှာ ဗိုလ်ချုပ်ကြီးက ဘယ်နှစ်ယောက် ဆိုတဲ့ အမေရိကန်စာအုပ်တွေထဲပါတဲ့ ဇယားပါ၊ သူတို့ မြောက်ကိုရီးယား သံရုံးက ထုတ်တဲ့စာအုပ်တွေမှာတော့ ဒီလိုလျှို့ဝှက်ချက် ပါတာမျိုးတွေ ဘယ်ပါမလဲ၊ စာရေးတဲ့သူဆိုတာ ဘယ် အမှား အမှန်သိမလဲ၊ ဇယားထဲ ပါတာတွေ ရေးရတာပဲ၊ စာဖတ်ပရိသတ်ကလည်း ဒါမျိုးတွေမှ ကြိုက်တာ၊ ကျန်တာကတော့ အကောင်းချည်းပဲ၊ မကောင်းတဲ့ အချက်တွေကို ရှောင်ပြီးမှ ရေးတာ၊ ကိုးကား စာအုပ်ကိုမေးတော့ ဒီစာအုပ်တွေပဲဆိုတော့ အဲ့ဒါ နယူးယောက်က ထုတ်တဲ့ စာအုပ်တွေ၊ မကောင်းတာတွေ စာဖတ်ပရိသတ်လက်ထဲ မရောက်တာကောင်းတယ်၊ ဖြန့်ပြီးလည်း ကျန်တဲ့ဟာ ပြန်ပေး ပါဆိုတော့ ကျနော်လည်း စကားနည်း ရန်စဲ ပြန်ပေးလိုက်တယ်၊ မပေးရင် ဘာလုပ်မလဲတော့ မသိဘူး၊ ပေးလိုက်တော့ ပြီးသွားတာ ပေါ့၊ ကျနော် ကတော့ ဆုံးရှုံးတာပေါ့။
မေး။ ။ ဆရာ့ကို ကန့်ကွက်တာ စာပေစိစစ်ရေးကလား သံရုံးကလား၊ ခေါ်ပြီး ပြောတာလား၊ ဖုန်းတို့ စာတို့နဲ့ သတိပေးတာလား၊ မထုတ်ခင်က သံရုံးက အချက်အလက်ယူသေးလား။
ဖြေ။ ။ သံရုံးက ခေါ်ပြောတာပါ၊ သူတို့ဆီက လိုအပ်တဲ့စာအုပ်ကိုတော့ ယူပါတယ်။ ပြုစုတဲ့ အခါကျ တော့ လက်ဝဲရော လက်ယာရော ၀ါဒအကုန်လုံး ယူရတယ်၊ ဒါဟာ ကျနော်တို့ရဲ့လုပ်နည်းပဲ၊ ဒါပေမယ့် သူတို့ စာအုပ်တခုတည်း နဲ့ မရဘူး၊ သူတို့ စာအုပ်တွေက အရမ်းလေးတယ်၊ အချက်အလက်တွေချည်း ဖွား/သေ စာရင်းလို ရေးတာ၊ ဒါကြောင့် ကျနော်တို့က စာအုပ်ရေးလို့ မရဘူး။ ကျနော် အတ္ထုပ္ပတ္တိ စာအုပ် ရေးလာတာ ၂၅ အုပ်လောက်ရှိပြီ၊ တိန့်ရှောင်ဖိန် တို့ ၊ အီရန် သမ္မတ အာမာဒီနီဂျက် တို့ ရေးတာပဲ၊ ဘယ်မှာ တရုတ်လိုတို့ ၊ အီရန်လိုတို့ ဘယ်ရှာရေးမလဲ၊ ထွက်တဲ့စာအုပ် ဘာသာပြန်တာပဲ၊ ဒါက ကျနော့် အခွင့်အရေး လေ၊ တရုတ်ကတော့ ရှင်းတယ်၊ ဒါမျိုးရေးရင် အားလည်းမပေးဘူး၊ ကန့်လည်းမကန့်ကွက်ဘူး။
မေး။ ။ ကျနော်တို့ သိရတာ လိုက်သိမ်းတယ်၊ ဖျက်ဆီးတယ်လို့ သိရတယ်၊ ဆိုင်တွေပေါ် ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းတယ်၊ ဆရာ့ရှေ့မှာ မီးရှို့တယ်လို့ ကြားတယ်၊ အဲ့ဒါ ဟုတ်ပါသလား။
ဖြေ။ ။ ကျနော်ကို လက်ကျန်စာအုပ်တွေ တောင်းတာနဲ့ အကုန်ပေးလိုက်ပြီ၊ ဆိုင်ပေါ်ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းရင် သူတို့ ပိုက်ဆံပေးနေရမှာ စိုးတဲ့အတွက် လိုက်သိမ်းမယ်မထင်ဘူး၊ သူတို့က ပိုက်ဆံအကုန်မခံချင်ဘူးလေ၊ တချို့ဆိုင်တွေက အပြတ် ၀ယ်ထားတာလေ၊ ဘယ်အသိမ်းခံမှာလဲ၊ မီးရှို့တယ်ဆိုတာ မဟုတ်ပါဘူး၊ သူတို့ကို စာအုပ်လက်ကျန် ၃၃၀ လောက် အကုန်ပေး လိုက်တာ၊ မီးရှို့တယ်ဆိုတာ ကောလာဟလ ပါ။
မေး။ ။ စာပေစိစစ်ရေး အဖွဲ့ကရော နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားမှာစိုးလို့ ဆရာ့ကို ပြောပါသလား။
ဖြေ။ ။ မပြောပါဘူး၊ ကျနော့် ဘက်ကတောင် ဒီကိစ္စက ဘာမှမဆိုင်ဘူး သူတို့ ခွင့်ပြုပြီးသားဆိုပြီး ဘာမှတောင် မတိုက်တွန်းဘူး၊ မြန်မာအစိုးရဘက်က ပြန်ကြားရေးရော စိစစ်ရေးရော ဘာမှမပြောပါဘူး၊ အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။
မေး။ ။ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် အကြောင်းရေးတုန်းက သူတို့ကိုဝေဖန်ထားတာတွေ ပါတယ်လို့ သိရတယ်၊ အခု မြောက်ကိုရီးယား ခေါင်းဆောင်အကြောင်းမှာရော ပါလား။
ဖြေ။ ။ တိန့်ရှောင်ဖိန် အကြောင်းတုန်းက ငယ်ငယ်တုန်းက ကောင်းတယ်၊ ယဉ်ကျေးမှု တော်လှန်ရေးမှာ ဒုက္ခရောက်တယ်၊ လေးဦး ဂိုဏ်းက နှိကွပ်၊ နောက်ပိုင်း ပြန်ပြောင်းသွားတယ်၊ အကောင်းအဆိုး အကုန်ရေးတယ်၊ ဒီစာအုပ်မှာတော့ မကောင်းတာမပါဘူး၊ ဒါပေမယ့် သူတို့မူဝါဒ သူတို့နိုင်ငံက တရားဝင်ထုတ်တဲ့စာအုပ် မဟုတ်ရင်ဘယ်ဟာကိုမှ ခွင့်မပြုဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်လောက်ပဲ သူတို့ခေါင်းဆောင်ကို ကောင်းပါတယ်လို့ ချီးမွမ်းဦး သူတို့ထုတ်တာ မဟုတ်ရင် မကြိုက်ဘူး။
မေး။ ။ ဒီစာအုပ်မှာ ကင်ဂျုံအီးလ် က ဟင်းကောင်းကောင်း ကြိုက်တယ်လို့ ပါတယ်နော်။
ဖြေ။ ။ ဟုတ်တယ် ၊ ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်၊ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက်စားတယ် ဆိုတာ လောက်ပါတာပါ၊ ဒီထက်ဆက်ရေးရင် အများကြီးပဲ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက် တွေထားပြီး ကောင်းကောင်းစားတယ်၊ လူရှေ့ သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲ့သည့် စာအုပ်တွေမှာရေးထားတယ်၊ ကျနော်ဘာသာပြန်တာက ညင်တောင်ညင်သာသေးတယ်၊ တကယ်ရေးမယ်ဆိုရင်တော့ မကောင်းတာအများကြီးဘဲ။
မေး။ ။ စာဖတ်ပရိသတ်ကရော အဲ့သည်စာအုပ်ကို ကြိုက်လား။
ဖြေ။ ။ စာဖတ်ပရိသတ်ကတော့ မလှုပ်ဘူးဗျ၊ မကုန်တာသာကြည့်ပေတော့၊ ကြိုက်လို့ ကုန်သွားရင် သူတို့သိမ်းစရာမရှိဘူးပေါ့၊
စာဖတ်ပရိသတ်က ဘာမှစိတ်မ၀င်စားပါဘူး၊ ကျနော်ထုတ်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ အမေရိကန် သမ္မတ အိုဘားမား တုန်းကသာ ပြိုက်ခနဲ ကုန်သွားတာ၊ ၅ ခါလောက်ရိုက်ရတယ်၊ အီရန် သမ္မတ အကြောင်းလည်း မြန်မာပြည်မှာလည်း ဘယ်သူမှ မရေးသေးလို့
ခက်ခက်ခဲခဲ ကျနော်ရေးတယ်၊ ဒါပေမယ့် မကုန်ဘူး၊ ဒီစာအုပ်လည်း စီးပွားရေးတွက် စွန့်စားရေးတာပဲ မကုန်ဘူး၊ အမှန်အတိုင်း ပြောရင် ကောင်းလိုက်တာလို့ ဘယ်သူမှမပြောဘူး၊ လေသံတောင် မဟဘူး။
မေး။ ။ အခုလို အဖြစ်အပျက်ကို ဘယ်လိုထင်လဲ။
ဖြေ။ ။ ကျနော် အတ္ထုပ္ပတ္တိ ရေးတဲ့မူက မြန်မာပြည်သူလူထုက ကမ္ဘာ့ခေါင်းဆောင်တွေ ကြည့်ပြီး သံဝေဂ ယူနိုင်တယ်၊ ကောင်းတာ တွေကိုယူ မကောင်းတာတွေကို ပယ်မယ်၊ ဒီပုဂ္ဂိုလ်ကြီးတွေဟာ သူ့နိုင်ငံနဲ့ သူ့မျိုးချစ်ပုဂ္ဂိုလ်တွေချည်းပဲ လူငယ်တွေအနေနဲ့ အတုယူနိုင်အောင် ရေးတာ၊ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ အကြောင်းရေးဆိုလည်း ရေးမှာပဲ၊ သူ့မှာလည်း မကောင်းတာတွေရှိသလို အတုယူစရာ တွေရှိတယ်လေ၊ ဒါမှလည်း လူငယ်တွေ အသိပညာကြွယ်မှာပေါ့၊ နိုင်ငံတကာအမြင်၊ သမိုင်း သုံးသပ်ချက်တွေကို သိရမှာပေါ့၊ ပိုက်ဆံအတွက်ဆိုရင်တော့ ကျနော်ဘယ်ရေးမလဲ၊ ဒီလိုစာအုပ်မျိုးတွေကို ဗဟုသုတရစေ ချင်လို့ ပါ၊ ဒီလို စာအုပ်မျိုးတွေ အုပ်ရေ ၁၀၀၀ ကုန်ဖို့ အင်မတန် ခက်တယ်။

Geen opmerkingen: