မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 26 juli 2010

စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ်-စဒက

ဖနိဒါ
တနင်္လာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၉ မိနစ် .

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်-စဒက
(Unity and Democracy Party of Kachin State – UDPKS)
ချင်းမိုင်(မဇ္ဈိမ)။ ။စစ်အစိုးရနှင့် နီးစပ်သော ကချင်ပါတီသစ်တခုဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်- စဒက ကို ဇွန်လက မြစ်ကြီးနားမြို့၌ ဖွဲ့လိုက်သည်။
ကချင်ပြည်နယ်အတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ရန်တည်ထောင်ထားသော ပါတီ ၄ ခုရှိသော်လည်း စဒက(အင်္ဂလိပ်ဘာသာဖြင့်UnityandDemocracyPartyofKachinState-UDPKS)သာလျှင် တည်ထောင်ခွင့်ရသေးသည်။
ဆက်သွယ်ရေးဝန်ကြီးဦးသိန်းဇော်၏ အကိုဖြစ်သူ ဦးခင်မောင်လှအပါအဝင် စစ်အစိုးရထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းများ ပါတီတွင် ဦးဆောင်ကာ အငြိမ်းစား ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ကာ စုစုပေါင်း ၁၉ ဦးရှိသည်။
သို့သော် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရန်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိရန် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ကြံ့ဖွံ့ပါတီဝင်ဟောင်းဖြစ်သူUDPKSပါတီဥက္ကဌ ဦးခက်ထိန်နန်က ပြောသည်။
UDPKS သည် ကချင်ပြည်နယ်တခုအတွင်း၌သာ ဝင်ပြိုင်မည့်ဒေသပါတီတခုဖြစ်ပြီး ပြည်နယ်ရှိ မြို့ နယ် ၁၈ ခုလုံးတွင် ယှဉ်ပြိုင်မည်ဟုဆိုသည့် ယင်းပါတီကို ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စု နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်လျှောက်သည်။ ၁၄ ရက်သာကြာပြီးနောက် ယခုလ ၁၆ ရက်နေ့ ၌ တည်ထောင်ခွင့်ရသည်။
ပါတီမှတ်ပုံတင်ခွင့်အတွက်လည်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ယခုလ၂၃ ရက်နေ့က ဥက္ကဌ ဦးခက်ထိန်နန်၊ဒုဥက္ကဌ(၁)ဦးခင်မောင်လှ၊ဒုဥက္ကဌ(၂)ဦးစိုင်းအေးကျော်၊အတွင်းရေးမှူး ဦးဖောင်လားဂမ်ဖန်တို့ သွားရောက်လျှောက်ထားခဲ့သည်။
လက်ရှိ UDPKSပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ယခင်က ကြံ့ဖွံ့ပါတီဝင်များဖြစ်ကြပြီး စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့က ကချင်ပါတီအဖြစ်ဖွဲ့ရန် သူတို့ အား တိုက်တွန်းခဲ့ပြီးနောက် ကြံ့ဖွံ့ပါတီဝင်များအဖြစ်မှ နှုတ်ထွက်ကာ UDPKSပါတီကို တည်ထောင်ခဲ့ကြသည်ဟု နီးစပ်သူများက ပြောကြသည်။
ကျောက်စိမ်းနှင့် ရွှေတူးဖော်ရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးခက်ထိန်နန်အား အင်္ဂလိပ် ခေတ် ကချင်တပ်အမှုထမ်း ဗိုလ်ကြီး ခက်လ၊ ဒေါ်ဝါရာရွယ်ဂျားတို့မှ မိုးကောင်းမြို့နယ် မရမ်ကျေးရွာ တွင် ၁၉၅၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ မွေးဖွားခဲ့ပြီး မန္တလေး တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ ကချင်ပြည်နယ်၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် (မဆလ) ခေတ်တွင် အင်ဂျန်းယန်မြို့နယ် လမ်းစဉ်လူငယ် အတွင်းရေးမှူး ဖြစ်သည်။
ပါတီဥက္ကဌ ဦးခက်ထိန်နန်ကမူ “ကချင်ပါတီ အားလုံးက ဒီနေ့ထိ မချပေးသေးဘူးဆိုတော့ ကျနော်တို့ဘက်ကလည်း ကချင်ပြည်နယ် မှာ ပါတီတခုတော့ ရှိသင့်တယ်ဆိုပြီးတော့ ပါတီဖွဲ့လိုက်တာဘဲ” ဟု မဇ္ဈိကို ပြောသည်။
UDPKS ကို စစ်အစိုးရ၏ ထောက်ပံ့မှုဖြင့် ရယူဖွဲ့စည်းထားခြင်းမဟုတ်ဟု သူက ငြင်းဆိုသည်။
၁၉၉ဝ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ ဖားကန့်မြို့သို့ သွားရောက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေရာမှMyuGin Daiကျောက်စိမ်းကုမ္ပဏီကိုဦးဆောင်ထူထောင်ခဲ့သည်။ထို့ပြင်ရွှေနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ဆောင်နေသည့် “အောင်ရွှေကမ္ဘာ ကုမ္ပဏီ” ပိုင်ရှင်လည်း ဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် တနိုင်ငံလုံးတွင် ဆန္ဒခံယူပွဲကော်မရှင်အဖွဲ့ဝင် ၄၅ ဦးတွင် ကချင်ပြည်နယ်မှ ကိုယ်စားလှယ်တဦးဖြစ်ပြီး မကွေးတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်ပြီး ၂ဝဝ၅ ခုနှစ် မှ ၂ဝဝ၈ ခုနှစ် အထိ ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် ယင်းကော်မတီ၏ နာယကနှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူ နေသူ ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သော ဒေါ်ရှဒေါင် ခေါန်တောင် သည် ကချင်ပြည်နယ်တွင်း နာမည်ကြီး ကျောက်စိမ်းတူးဖော်ရေး Jade Land ကုမ္ပဏီပိုင်ရှင် ဦးယွပ်ဇော်ခေါင်၏ ဇနီးဖြစ်သည်။
အခြားသော ဗဟိုအလုပ်မှုဆောင်များတွင် ကချင်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ KIO နှင့် စစ်အစိုးရကြား အပစ်ရပ်ဆဲနိုင်ရန် ကြားဝင် ဆက်စပ် ပေးသည့် ဘာသာရေးခေါင်းဆောင် ဆရာကြီး ဆဘွယ်ဂျွမ်၏ ကိုယ်စားလှယ်ဆိုသူ ဦးပေါလု နှင့် မကြာမီက နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲ လိုက်သော ဦးဇခုံတိန်ယိမ်း၏ သား ဦးယိမ်းဆောန်တို့ပါဝင်သည်။
ပါတီတည်ထောင်ခွင့်မရသေးသည့် ကျန်ကချင်ပါတီ ၃ ခုမှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP၊ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ နှင့် ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)တို့ ဖြစ်သည်။
ပါတီ ဒု ဥက္ကဌ (၁) သည် ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်၏ အကိုအရင်းဖြစ်သူ ကချင်ပြည်နယ် ဇာတိ အထက်တန်းပြ ကျောင်းဆရာ (ငြိမ်း) ဦးခင်မောင်လှ ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ဒုဥက္ကဌဟောင်းဦးဆောင်သည့် KSPP ပါတီသည် ညှိနှိုင်းရန် ခက်မည်ဟု စစ်အစိုးရက သုံးသပ်ပြီး ယင်းပါတီအစားUDPKSကိုဖွဲ့စည်းစေခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။
ဒေါက်တာတူးဂျာကမူ “ကျနော်တို့က ကောင်းရာကောင်းကြောင်းအတွက် ညှိနှိုင်းလို့ရတယ်။ ကျနော် တို့က ခေါင်းမာတယ် ဆိုပြီးတော့မှ ကျနော်တို့ပါတီကို ပစ်ပယ်ထားပြီးတော့မှ တခြားပါတီကို ဖွဲ့စည်း မယ်ဆိုရင် မှန်ကန်သော ရွေးချယ်မှုလို့ မထင်ဘူး” ဟု မဇ္ဈိမကိုပြောသည်။
UDPKS သည် ရွေးကောက်ပွဲကော်မရှင်သို့ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးဖြင့် နိုင်ငံရေးပါတီ တည် ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုလ ၁၂ ရက်နေ့တွင် ပါတီအစည်းအဝေး ပြုလုပ်၍ အဖွဲ့ဝင် လေးဦးကို ထပ်မံဖြည့်စွက်ခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် ၁၉ ဦးရှိသည်
၁။ ဦးခက်ထိန်နန်(ကချင်) (ဥက္ကဋ္ဌ)
၂။ ဦးခင်မောင်လှ(ဗမာ) (ဒု ဥက္ကဋ္ဌ ၁)
၃။ ဦးစိုင်းအေးကျော်(ရှမ်း) (ဒု ဥက္ကဋ္ဌ ၂)
၎။ ဦးဖောင်လား ဂမ်ဖန်(ကချင်) (အတွင်းရေးမှူး)
၅။ ဒေါ်ရှဒေါင် ခေါန်တောင် (အဖွဲ့ဝင်)
၆။ ရှေ့နေ လဗျဂမ်(ကချင်) (အဖွဲ့ဝင်)
၇။ ဦးပေါလု (ကချင်) (အဖွဲ့ဝင်)
၈။ ဦးဖုန်ရမ်ကု (ရဝမ်) (အဖွဲ့ဝင်)
၉။ ဦးယိမ်းဆောန် (လရှီး) (အဖွဲ့ဝင်)
၁ဝ။ ဦးအင်လမ်း ဇော်ခေါင်(ကချင်) (အဖွဲ့ဝင်)
၁၁။ ဦးမာခေါ(လီဆူ) (အဖွဲ့ဝင်)
၁၂။ ရှေ့နေ ဒွဲဘူ (ကချင်) (အဖွဲ့ဝင်)
၁၃။ ဦးဝင်းမြင့် (ဗမာ) (အဖွဲ့ဝင်)
၁၄။ ဦးကျော်ငြိမ်း (ဗမာ) (အဖွဲ့ဝင်)
၁၅။ ဦးအလေးပါ (လီဆူ) (အဖွဲ့ဝင်)
၁၆။ အထက်တန်းပြ (ငြိမ်း) ဆရာမ ဒေါ်ဂျာနန်(ကချင်) (အဖွဲ့ဝင်)
၁၇။ ဦးကံစီး တူးအောင်(ကချင်) (အဖွဲ့ဝင်)
၁၈။ အမည်မသိသေး
၁၉။ အမည်မသိသေး



Geen opmerkingen: