မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 juli 2010

ဂန္ဒီနဲ့ ရွှေရွှေ အတူနေရမတဲ့လား

စိန်အိုးစည် / ၃၀ ဇူလိုင် ၂၀၁၀
ရွှေဂျိုး လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့သို့ စက်ဘီးစုတ်ကလေး ထိုးရပ်လိုက်ချိန်တွင် မိုးတိုးမတ်တပ်နှင့် ထိုင်ရမလို ထရမလို ဖြစ်နေသော တယ်လီဖုန်း ပြောနေသည့် လေအိုးကို တွေ့ရလေသည်။ ထို့နောက် လေအိုးတယောက် ဖုန်းပိတ်လိုက်ပြီး ရွှေဂျိုးကို ကြည့်ကာ ပြုံးဖြီးဖြီး လုပ်နေလေသည်။
ရွှေဂျိုး ။ ။ ကိုလေအိုး ဘယ်လိုဖြစ်နေတာလဲ၊ တယ်လီဖုန်းပြောတာပဲ အေးအေးဆေးဆေး ထိုင်ပြောရောပေါ့။ ဘယ်လိုဖြစ်လို့ ထိုင်ရမလို ထရမလို ဖြစ်နေတာလဲ။ အိမ်က မိန်းမက ဖုန်းထဲကနေ ဗိုက်ကြောလိမ်ဆွဲနေလို့လားဗျ။ ကြည့်ရတာ မသက်မသာဗျာ။
လေအိုး ။ ။ ဘယ်ကလာ ဗိုက်ကြောလိမ်ဆွဲရမလဲဗျာ။ “ကိုကိုနော် မြန်မြန်ပြန်ခဲ့၊ မကြာနဲ့” လို့ ဖုန်းထဲကနေ ချွဲနေတဲ့ အသံကို နားထောင်ရင်း အားမလိုအားမရဖြစ်လာလို့ အားပါသွားတဲ့သဘောပါ ကိုရွှေဂျိုးရာ ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ လေအိုး ရယ်)။
ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး ဗုဒ္ဓဂယာ လိုက်သွားတယ်ဆို၊ ဘယ်နေ့က ပြန်ရောက်လဲ ဟဲ ဟဲ။
လေအိုး ။ ။ လေအိုးက သန်းရွှေကြီးရဲ့ကိုယ်မှာကပ်နေတဲ့ ကပ်ပါးကောင်လည်းမဟုတ်၊ သန်းရွှေရဲ့ ဘော်ဒီဂတ်လည်း မဟုတ်နဲ့ ဘယ်လိုဖြစ်လို့ ဗုဒ္ဓဂယာကို လိုက်သွားရမလဲ ကိုရွှေဂျိုး။ သွားမယ့်သွားရင်လည်း သန်းရွှေကြီးတို့ သွားတဲ့အချိန်တော့ သွားမလား ကိုရွှေဂျိုးရာ။ မတော် ဘုန်းကြီးပါမကျန် သတ်ထားတဲ့သူတွေကို မြေမျိုရင် လေအိုးပါ အချောင်ဒုက္ခများရချည်ရဲ့။ မနက်စောစောစီးစီး မနောက်စမ်းပါနဲ့။
ရွှေဂျိုး ။ ။ ဟဲ ဟဲ သန်းရွှေကြီးတောင် မနေ့က ကြပ်ပြေးကို ပြန်ရောက်လာပြီပဲ၊ မကြောက်စမ်းပါနဲ့ ကိုလေအိုးရာ။ “တပည့်တော် ငမိုက်သားကြီးကို ငရဲကျမှ ကြိုက်သလို ဒဏ်ခတ်ပါ၊ အခုတော့ ရွေးကောက်ပွဲလေး ကျင်းပပြီး တပည့်တော် သားစဉ်မြေးဆက် မြန်မာပြည်ကို ဆက်အုပ်ချုပ်ခွင့်ရအောင် လုပ်ခွင့်ပေးသနားပါဦး”လို့ အသနားခံစာ တင်လာသလား မသိဘူးဗျ။ မနေ့ညက သန်းရွှေကြီး လေယာဉ်ပေါ်က တုံတုံချိချိ ဆင်းလာတာကို တီဗွီထဲမှာ တွေ့လိုက်ရတယ်။
လေအိုး ။ ။ အေးဗျာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်လို့ ဆိုကြပေမယ့် ဟိုတလောကတော့ ပြည်သူတွေ ချစ်မြတ်နိုးတဲ့ ပိုလန်သမ္မတ လက်ကာဆင်စကီးနဲ့အဖွဲ့ လေယာဉ်စင်းလုံး ပျက်ကျပြီး သေပွဲဝင်ရလေရဲ့။ မနေ့တနေ့ကလည်း ပါကစ္စတန်မှာ လေယာဉ်ပျက်ကျတာ လူ (၁၅၀) ကျော် ကြွသွားလေရဲ့။ တကယ်ဆို ဖြစ်ချင်းဖြစ် ကျောင်းသား၊ ပြည်သူတွေတင်မက ရဟန်းသံဃာတော်ပါမကျန် သတ်တဲ့ သန်းရွှေကြီးတို့လို လူတွေ စီးလာတဲ့ လေယာဉ် ပျက်ကျပါတော့လားဗျာ။ တတောရှင်းသွားတာပေါ့ ဟဲ ဟဲ။ အခုတော့ဗျာ “သေသင့်တဲ့သူတွေက မသေ၊ မသေသင့်တဲ့သူတွေက သေ”ဆိုသလို ဖြစ်နေတယ်၊ လောကကြီးရဲ့ သရော်လှောင်ပြောင်ချက်တွေများလား ကိုရွှေဂျိုးရာ။
ရွှေဂျိုး ။ ။ ဟဲ ဟဲ အဲသလို သွားဆုမတောင်းနဲ့ ကိုလေအိုး၊ ဒါမျိုးက မေတ္တာပို့လေ အသက်ရှည်လေ ဖြစ်တတ်တယ်ဗျ။ တော်ကြာ ကိုလေအိုး မေတ္တာပို့လေ မြန်မာပြည်သူတွေ ကံဆိုးလေဖြစ်မယ်။ နောက်ပြီး လူမိုက်ကံကောင်းဆိုတဲ့ စကားလည်း ရှိတာကိုး ကိုလေအိုးရာ။ မတွေ့ဘူးလား ဒီလောက် ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတဲ့ အမိုက်တကာ့ထိပ်ခေါင် သန်းရွှေကြီးတို့လက်ထက်ကျမှ ရွှေဂျိုးတို့နိုင်ငံမှာလည်း ထွက်လိုက်တဲ့ သဘောဝဓာတ်ငွေ့တွေဗျာ။ ဒါပေမယ့် သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို သူတို့ ဆက်ပြီး မိုက်လုံးကြီးဖို့အတွက်ပဲ သုံးတော့ ပြည်သူတွေခမျာ အမှိုက်ပုံတောင် ဖြဲစားနေရတဲ့ ဘ၀ကို ရောက်ရောမဟုတ်လား။
လေအိုး ။ ။ ဟဲ ဟဲ ကိုရွှေဂျိုး ပြောတာ ဟုတ်တယ်။ ဒါပေမယ့် လူမိုက်နဲ့ငွေ အတူမနေဆိုတာလည်း ရှိသေးတယ်လေ။ အခုဆိုကြည့်ဗျာ သဘာဝတရားက တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ဖို့ သဘာဝဓာတ်ငွေ့တွေ ဖောဖောသီသီ ပေးထားပေမယ့် လူမိုက် သန်းရွှေကြီးတို့က ပြည်သူချစ်အောင် တိုင်းပြည်ကောင်းအောင် လုပ်ရမယ်လို့ မစဉ်းစားတတ်ဘဲ လက်နက်နဲ့ ဖိနှိပ်မှ အာဏာမြဲမယ်ဆိုတဲ့ ကလေးတွေးနဲ့ လက်နက်တွေဝယ်လိုက်၊ အရည်မရအဖတ်မရ လိုဏ်ခေါင်းတွေတူးလိုက်ပဲ လုပ်နေတော့ ရသမျှ ငွေတွေက ရုရှားက ကိုပူတင်တို့ အိတ်ကပ်ထဲရောက်လိုက်၊ ပေါက်ဖော်ကြီး ဟူကျင်းတောင်တို့ဆီ လွှဲလိုက်၊ မိုက်ဖော်မိုက်ဖက် ကင်ဂျုံအီလေးဆီ ပို့လိုက်နဲ့ ကုန်ရောမဟုတ်လားဗျ။
ရွှေဂျိုး ။ ။ အေးဗျာ မိုက်ချက်ကတော့ ကမ်းကုန်ပဲဆိုတာ သန်းရွှေကြီးတို့လို လူတွေကို ပြောတာပဲဖြစ်မယ်ဗျ။
လေအိုး ။ ။ ဒါပေမယ့်နော် ကိုရွှေဂျိုး၊ အခုတခေါက် ခရီးစဉ်မှာ လူမိုက် သန်းရွှေကြီးကို အိန္ဒိယအစိုးရက ပညာသားပါပါ ဆုံးမလွှတ်လိုက်တယ်ဗျ သိပြီးပြီလား ဟဲ ဟဲ။
ရွှေဂျိုး ။ ။ ဘယ်လို ဆုံးမလိုက်တာလဲ ကိုလေအိုး၊ လင်းစမ်းပါဦး။
လေအိုး ။ ။ ကိုရွှေဂျိုး ဓာတ်ပုံ မတွေ့လိုက်ဘူးလား။ အိန္ဒိယအစိုးရ တာဝန်ရှိ အမျိုးသမီးတဦးက သန်းရွှေကြီးတို့ စုံတွဲကို မဟတ္တမဂန္ဒီ ရုပ်တုကြီးနဲ့ဂန္ဒီလမ်းစဉ်(၇)ချက်ကို လက်ဆောင်ပေးလိုက်တာလေဗျာ။ ဟဲ ဟဲ … ဒါ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ သန်းရွှေကြီးကို လူလယ်ကောင်မှာ အနုနည်းနဲ့ အရှက်ခွဲလိုက်တာပေါ့ဗျ။ သန်းရွှေကြီးဆို ဂန္ဒီရုပ်တုကြီးကို မကြည့်ရဲဘဲ မျက်နှာကြီးလွှဲပြီး လက်ခံနေပုံများ တကယ်ရယ်ရတယ် ဟဲ ဟဲ။
ရွှေဂျိုး ။ ။ ကိုလေအိုး ပြောတဲ့ လူမိုက်နဲ့ငွေ အတူမနေဆိုသလို သန်းရွှေကြီးလည်း ငြင်းပယ်ရခက်လို့ လက်ခံယူပေမယ့် ဂန္ဒီနဲ့ ရွှေရွှေ အတူမနေဆိုပြီး မျက်နှာလွှဲနေတာနေမှာပေါ့ဗျ။ မဟုတ်ဘူးလား၊ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်ရဲ ဆိုသလို ဒီလောက် လူသတ်၊ ကမ်းကုန်အောင် ရက်စက်တဲ့သူက မဟတ္တမဂန္ဒီကြီးလို အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ သူတော်ကောင်းကြီးမျက်နှာကို ဘယ်ကြည့်ရဲမတုန်းဗျာ။ အဲဒါကြောင့် မျက်နှာလွှဲနေတာနေမှာပေါ့။
လေအိုး ။ ။ အဲဒါဆို လူမိုက် သန်းရွှေကြီးအတွက် အခက်ပဲနော် ကိုရွှေဂျိုး။ သူ မျက်နှာမကြည့်ရဲတဲ့ ဂန္ဒီကြီးရုပ်တုကို နေပြည်တော် ဘယ်နေရာမှာ ထားမှာပါလိမ့်၊ ဖျောက်ဖျက်ပစ်ပြန်ရင်လည်း အိန္ဒိယအစိုးရက ငါတို့ပေးတဲ့ ရုပ်တုကြီးကောလို့ မေးမြန်းစစ်ဆေးလာရင် တခက်နော်။ သန်းရွှေကြီးတော့ မြွေဖမ်းတာပဲ။
ရွှေဂျိုး ။ ။ သန်းရွှေကြီးတော့ မြွေဖမ်းမဖမ်း မသိဘူး ကိုလေအိုးရေ၊ ရွှေဂျိုးတော့ အောက်ရေ တိုးနေတာကို သန်းရွှေကြီးလို မျက်နှာမလွှဲအားတော့လို့ ဆိုင်နောက်ဖေးကို ပြေးလိုက်ဦးမယ် ဟဲ ဟဲ ဟဲ။
လေအိုး ။ ။ ကဲ ကဲ ဒါဆို လေအိုးလည်း ချစ်ဇနီး ပူပူနွေးနွေး စိတ်ကောက်ပြီး မျက်နှာလွှဲတာ မခံနိုင်လို့ လစ်တော့မယ်ဗျို့။ ကိုရွှေဂျိုးလည်း ပြေးပေတော့။
ပြောပြောဆိုဆို လေအိုးနှင့် ရွှေဂျိုး တယောက်ကိုတယောက် မျက်နှာလွှဲကာ ဆန့်ကျင်ဘက်လားရာဆီသို့ ပြေးကြကုန်လေသတည်း။ ။

Geen opmerkingen: