မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 26 juli 2010

မဲဆောက်-မြ၀တီတံတား လကုန်ပြန်ဖွင့်ရန် ထိုင်းဘက်မှ မျှော်လင့်

ရဲရင့် / ၂၆ ဇူလိုင် ၂၀၁၀
မြန်မာဘက်မှ ပိတ်ထားသည့် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ယခုလကုန်ခန့်တွင် ပြန်ဖွင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီးတွင် ထိုင်းဘက်မှ ပြောကြားသည်။
မြန်မာဘက်မှ ပိတ်ထားသည့် ချစ်ကြည်ရေးတံတား ပြန်ဖွင့်နိုင်ရန် မြန်မာဒု-နိုင်ငံခြားရေးဝန်ကြီး ဦမောင်မြင့် ဦးဆောင်သည့်အဖွဲ့နှင့် ထိုင်း ဒု-ကုန်သွယ်ရေးဝန်ကြီး နိုင်အလုံကောန်ဖွန်လဗွတ် ဦးဆောင်သည့်အဖွဲ့တို့ မြ၀တီမြို့၌ ယနေ့ဆွေးနွေးအပြီးတွင် ထိုင်း ဒု-ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။
၎င်းက“ဒီလ(၃၀)ရက်နေ့မှာထိုင်းနဲ့မြန်မာနယ်စပ်ပူးတွဲကော်တီ(JBC)စည်းဝေးကျရင် ချစ်ကြည်ရေးတံတားပြန်ဖွင့်နိုင်ဖို့ ဆက်ပြီး ဆွေးနွေးကြပါမယ်။ ကျနော်ထင်ပါတယ်၊ ဒီ ကော်မတီ စည်းဝေးပွဲပြီးရင် ချစ်ကြည်ရေးတံတား ပြန်ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေသခံသတင်းထောက်များအား မဲဆောက်မြို့တွင် ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ထိုင်းဘက်မှ တည်ဆောက်သည့် ကမ်းထိန်းနံရံကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြသော်လည်း ပြီးပြတ်ခြင်းမရှိသေးဘဲ လာမည့် (၃၀)ရက်နေ့တွင် မြ၀တီမြို့၌ ဆက်ဆွေးနွေးကြမည်ဟု ထိုင်းဝန်ကြီးက ပြောသည်။
ချစ်ကြည်ရေးတံတားနှင့် ဂိတ်များပိတ်ထားခြင်းကြောင့် နှစ်ဖက်စလုံးတွင် နှစ်နိုင်ငံကုန် သွယ်ရေး ဆုံးရှုံးနစ်နာမှုများ ရှိသည့်အချက်အပေါ်တွင်မူ အမြင်သဘောထားများ တူညီခဲ့ကြောင်း ထိုင်းဝန်ကြီးက ပြောကြားသည်။
ယခုလ(၁၈)ရက်နေ့မှစ၍ အကြမ်းဖက်မှုအန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ် (၂၀) ခန့်ကို စတင်ပိတ်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပစ္စည်းတင်ပို့သူ လုပ်ငန်းရှင်တဦးက တံတားရက်ရှည်ပိတ်လျှင် ထိုင်းလုပ်ငန်းရှင်နှင့် ကုန်သည်များ နေ့စဉ် ဘတ်သန်းနှင့်ချီ၍ နစ်နာမှုရှိသည်ဟု ပြောဆိုသည်။
၎င်းက “ပွင့်ပွင့်လင်းလင်းပြောရရင် ထိုင်းစီးပွားရေးသမားတွေဟာ ကိုယ့်လုပ်ငန်းအတွက် ဘဏ်မှာ အတိုးနှုန်းနဲ့ ဘတ်ငွေ သန်းတရာ နှစ်ရာ ချေးပြီး လုပ်ငန်းလည်ပတ်ရတယ်။ ဒီလိုကုန်တွေ သွားလို့မရဘူးဆိုတော့ နစ်နာမှုက များတယ်။ မြန်မာကုန်သည်တွေလည်း အနည်းနဲ့အများတော့ နစ်နာမှုတွေရှိမှပဲ” ဟု ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဇန်န၀ါရီလအထိ စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံအထိ ရှိခဲ့သည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား (၁)ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်ငွေသန်း(၆၀)ခန့် ထိခိုက်နစ်နာမှုရှိသည်ဟု ထိုင်းဘက်က ပြောဆိုသည်။

Geen opmerkingen: