မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 31 maart 2010

NLD နိုင်ငံရေး ဆက်လုပ်မည်

ရန်ပိုင် Wednesday, March 31, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပါတီ မှတ်ပုံမတင် သော်လည်း နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ပါတီ၏ လက်ရှိ အနေအထားမှာ စစ်အစိုးရ၏ ဥပဒေအရ သတ်မှတ်ထားသည့် ကာလကျော်လွန်လျှင် ဖျက်သိမ်းရမည် ဖြစ်ကြောင်း၊သို့သော် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အရေး၊ ပြည်ထောင်စုစနစ်ထူထောင်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် အခြားသော လူမှုရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီ သို့ပြောသည်။
တနင်္လာနေ့က ပြုလုပ်သည့် ပါတီ မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေးတွင် NLD ဒု ဥက္ကဌ ဦးတင်ဦး တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
“ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပြီးပြီ၊ ပါတီကို ဥပဒေအရ ဖျက်လို့ မရဘူး၊ ပါတီ ရှိနေသေးတယ်လို့ ယူဆတယ်”ဟု ၎င်းက ဆိုသည်။
NLD ပါတီနှင့် ပါတီဝင်ထုကို ဆက်လက် ထိန်းသိမ်း ထားပြီး ဒီမိုကရေစီ အဖွဲ့အစည်း များနှင့် ဆက်လက် ဆက်ဆံ သွားရန်၊ နိုင်ငံတကာနှင့် သတင်း မီဒီယာများ ဆက်ဆံရေးကို ဆက်လက် ဆောင်ရွက်ရန်၊ တရားမ၀င် နိုင်ငံရေး လှုပ်ရှားမှုမျိုး မဟုတ်ဘဲ ဥပဒေဘောင် အတွင်းမှ ရနိုင်သမျှ လူထုအကျိုးပြု နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံကြောင်း၊ ပါတီ ဖျက်သိမ်းခံရလျှင် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ပြီးခဲ့သည့် တနလာင်္နေ့က ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးသို့ ပေးပို့ခဲ့သည့် စာတွင် ဒေါ်အောင်ဆန်းစုကြည်က ရေးသား ခဲ့သည်။
ပဲခူးတိုင်း NLDဗဟိုကော်မတီကလည်း နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် ယမန်နေ့က ရန်ကုန်ရှိ NLDရုံးချုပ် တွင် အစည်းအဝေးတခုပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြောင်း တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် ကပြောသည်။
“ပါတီရပ်တည်ခွင့်အတွက်ကျန်နေသေးတဲ့သက်တမ်းကာလမှာဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မတရားတဲ့ ဥပဒေတွေကို တရားဝင်ထပ်မံ ကန့်ကွက်ဖို့ကိုလည်း ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု ၎င်းကဆိုသည်။
ပါတီဝင်များ အနေဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ မှတ်ပုံမတင်သော်လည်း ပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အတိုင်း တရားဝင်ပါတီဝင်များ အဖြစ်ခံယူပြီး ပြည်သူအကျိုးပြုလုပ်ငန်း များကို ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်စိုးမြင့်က ပြောသည်။
ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်မည်မဟုတ်သော်လည်း ပါတီရပ်တည် ရှင်သန်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းလိမ့်မည်မဟုတ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် တနလာင်္နေ့က NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦးတို့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

သန်းထိုက်ဦး Wednesday, March 31, 2010
.ထိုင်း - မြန်မာ နယ်စပ် ကရင် ဒုက္ခသည် စခန်းတခုမှ ဒုက္ခသည် ၆၀၀ ကျော် နေရပ်သို့ ယနေ့ ပြန်လည် ထွက်ခွာသွား ကြကြောင်း သိရသည်။
နေရပ် ပြန်သွားသည့် ဒုက္ခသည်များမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်အတွင်းရှိ မဲ့အူစူစခန်းမှ ဖြစ်ကြပြီး ထိုင်း အာဏာပိုင်များ၏ ကူညီမှုဖြင့် မြန်မာပြည် ဘက်သို့ ပြန်သွားကြခြင်းဖြစ်သည်။
                 ယနေ့ မြန်မာပြည်ဘက်သို့ ပြန်သွားသော ဒုက္ခသည်များ (ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း)
“သူတို့ ဆန္ဒနဲ့ သူတို့ ပြန်ကြတဲ့ သဘောပါပဲ။ တချို့ မိသားစု တွေက မြန်မာပြည် ဘက်မှာ လယ်ယာ မြေတွေ ကျန်ခဲ့တယ်။ သူတို့ အဲဒီကို ပြန်သွားလိုက် ဒီဘက် ပြန်လာလိုက် ဆိုတော့ နောက်ပိုင်း ထိုင်း အာဏာပိုင် တွေက သိပ်ပြီး မကြိုက်တော့ဘူး။ သူတို့လည်း ဘာမှ မတတ်နိုင်တော့ ပြန်သွား ကြတယ်” ဟု ဒုက္ခသည် များကို ကူညီ ဆောင်ရွက် ပေးနေသည့် စောဂျစ်ပစီက ဧရာဝတီသို့ ပြောသည်။
မြန်မာပြည် ဘက်သို့ ပြန်သွားသော ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ ၃ လစာကို ထိုင်း - မြန်မာ နယ်စပ် တလျှောက်ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)ကထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
TBBCသည်ဒုက္ခသည်များကိုကူညီရန်အတွက်လူသားချင်းစာနာမှုအကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်းထားသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။
ကရင် သတင်းစဉ်မှ အယ်ဒီတာ နန်းဖောကေကမူ “အိုးအိမ် တွေလည်း စွန့်ခွာခဲ့တာ ကြာပြီဆိုတော့ ချက်ချင်းပြန်ပြီး ရပ်တည် နိုင်ဖို့ အတွက် လုံခြုံရေးကိစ္စရှိတယ်။ အခုလက်ရှိမှာ DKBA(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)က အဲဒီ နယ်မြေတွေမှာ စိုးမိုးထားတာ ဆိုတော့ သူတို့က ရွာသားတွေကို စစ်သားသစ် မစုဆောင်းဘူးလို့ ပြောလို့မရဘူး။ အဲဒီအတွက် တော့ စိုးရိမ်ရတယ်”ဟု ပြောသည်။
အလားတူပင် နိုဘိုး ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များလည်း မြန်မာဘက်သို့ ယခုတပတ်အတွင်း ပြန်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း စခန်းတွင် အိမ်ထောင်စု ၂၁ စုရှိပြီး လူဦးရေ ၁၀၀ ကျော် ရှိသည်။
                 ယနေ့ မြန်မာပြည်ဘက်သို့ ပြန်သွားသော ဒုက္ခသည်များ (ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း)
ပြီးခဲ့သည့် ဖေဖော်ဝါရီ လက ထိုင်းအာဏာ ပိုင်များသည် ဒုက္ခသည်များ နေရပ် ပြန်ပို့ရန် စီစဉ်ခဲ့ရာ လူ့အခွင့် အရေးအဖွဲ့ များနှင့် နိုင်ငံ တကာက ပြန်မပို့ရန် ဖိအားပေး မှုကြောင့် ယင်းအစီ အစဉ် ရပ်ဆိုင်း ခဲ့ရသည်။
ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲ များကြောင့် ထွက်ပြေး လာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထား သော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်း သွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ ရှိသည်။
ယင်း ဒုက္ခသည်များသည် ၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းမှ စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာ စစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ (၇)မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများဖြစ်သည်။
ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

သတင်း စီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ

နရီလင်းလက် Wednesday, March 31, 2010
.ပြည်တွင်း သတင်း အချက် အလက်များ ပြည်ပ မီဒီယာများသို့ စီးဆင်းမှုအား အဆင့်မြင့် နည်းပညာသုံး၍ ပိုမိုထိန်းချုပ်နိုင်ရန် တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်)က တိုးမြှင့် စီစဉ်နေကြောင်း နီးစပ်သူများထံမှ သိရ သည်။
          ရန်ကုန်မြို့ရှိ အင်တာနက် ကဖီးဆိုင်တဆိုင်တွင် အင်တာနက် အသုံးပြုနေသူများကို တွေ့ရစဉ်
သတင်း အချက် အလက်များ ခြေရာခံသည့် နည်းပညာများ သင်ယူရန် နိုင်ငံခြားသို့ သင်တန်း သားများ စေလွှတ်ခြင်း၊ ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ ၀ယ်ယူရန်စီစဉ် နေခြင်းများကို ပြုလုပ်လျက် ရှိသည်ဟု ကက-ကွန် မှ အရာရှိ တဦးက ပြောဆို သည်။
“အဓိကက ပြည်ပ သတင်း မီဒီယာ တွေဆီ သတင်းတွေ ပေါက်ကြား တာကို လုံးဝ မလိုချင်တာလေ၊ ဒါကြောင့်လည်း ဆိုက်ဘာ စီးတီးကနေ ကွန်နက်ရှင်ကို နှေးအောင် လုပ်လိုက်၊ လိုင်းတွေ ဖြတ်လိုက် လုပ်နေတာ၊ အခုကတော့ ပိုအဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ တားဆီးဖို့ သင်တန်း သားတွေ စေလွှတ်ခဲ့တာ”ဟု ၎င်းက ဆိုသည်။
ကက-ကွန် သည် ရတနာပုံ ဆိုက်ဘာစီးတီးတွင် အခြေပြု၍ သတင်းအချက်အလက်များအားလုံး စိစစ်ကြည့်ရှုနေကြောင်း သိရသည်။
“ရုရှား ၊အိန္ဒိယနဲ့ စင်ကာပူ နိုင်ငံတွေကို ကက-ကွန် မှာ တာဝန်ပေးဖို့ ဆိုပြီး သင်တန်းသား အယောက် ၁၅၀ လွှတ်ခဲ့တယ်''ဟု ကက-ကွန် ၀န်ထမ်းရေးရာဋ္ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းသင်တန်းသားများပြန်လည်ရောက်ရှိနေပြီဖြစ်၍ အသုံးပြုရန် ခေတ်မီ ပစ္စည်းကိရိယာများ လိုအပ်နေသောကြောင့် ထပ်မံ မှာယူရန်ပြင်ဆင်နေကြောင်းလည်း ၎င်းက ဆိုသည်။
ကက-ကွန် ကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးလက်အောက်တွင်လည်း (CyberCrime)ဆိုက်ဘာ မူခင်းများ ဌာန ဖွဲ့စည်း ထားကြောင်း ယင်းဋ္ဌာနမှ ဒုရဲအုပ် တဦးက ပြောပြသည်။
“အဓိကလုပ်ငန်းတွေကဆိုက်ဘာအသုံးပြုပြီးဖြစ်လာမယ့်မှုခင်းအန္တရာယ်တားဆီးရေးလို့ဆိုပြီး ပြောထားပေမယ့် တကယ့် အလုပ်ကတော့ ဆိုက်ဘာအသုံးပြုသူတွေဘာတွေ သုံးသွားတယ်၊ ဘယ်သူတွေနဲ့ဆက်သွယ်တယ်ဆိုတာတွေ စိစစ်တာ၊ အင်တာနက် သုံးတဲ့သူတွေအတွက်ကတော့ လုံခြုံစိတ်ချမှုမရှိတာအမှန်ပဲ''ဟု အထက်ပါ ဒုရဲအုပ်က ပြောသည်။
အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး ရုရှား ၊ အိန္ဒိယ နှင့်စင်ကာပူ နိုင်ငံများတွင် သင်တန်းတက်ရောက်ထားကြကြောင်း၊
ယင်း ဌာန၏ အကြီးအကဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းများဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး ဖြစ်ကြောင်းသိရသည်။
ပြင်သစ် အခြေစိုက် Alcatel Shanghai Bell ကုမ္ပဏီသည် ပြင်ဦးလွင် ရှိ ရတနာပုံ တယ်လီပို့ တွင် ဆောဖ့်ဝဲ ထုတ်လုပ်မှု လုပ်ငန်းအတွက် စစ်အစိုးရ နှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း ဆက်သွယ်ရေး ပစ္စည်း အမေရိကန် ဒေါ်လာ သိန်း ၆၀ ကျော်ဖိုး ရောင်းချခဲ့ပြီးကြောင်း မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။
AlcatelShanghaiကုမ္ပဏီ၏ရန်ကုန်ဌာနခွဲကိုကမ္ဘာအေးဘုရားလမ်းရှိဆီဒိုနားဟိုတယ်ငါးထပ်မြောက်တွင် ဖွင့်လှစ်ထားပြီး စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် နီးစပ်သည့် ကုမ္ပဏီတခုဖြစ်ကြောင်း သိရသည်။

နေပြည်တော် လေပြင်းကြောင့် ဝန်ထမ်းများထိတ်လန့်

အောင်သက်ဝိုင်း Wednesday, March 31, 2010
.နေပြည်တော်တွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် တနာရီ ကျော်ကြာ မိုးသက် လေပြင်း ကျရောက်ခဲ့ရာ အစိုးရ ၀န်ထမ်းများကြား ထိတ်လန့်မှု ဖြစ်ပေါ် ခဲ့ရကြောင်း သတင်း ရရှိသည်။
                       နေပြည်တော်ရှိ ဆောက်လုပ်ဆဲ လွှတ်တော်သစ် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့ ညနေ ၆ နာရီမှ ၇ နာရီခန့်ထိ မိုးသက် လေပြင်းများ ကျရောက်ခဲ့ သောကြောင့် နေပြည်တော်ရှိ အပင်များ ပြိုကျ၊ ပျက်စီးခြင်း၊ အဆောက် အအုံတချို့ အမိုးလန် ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိတ်လန့် ခဲ့ကြရသည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်း အ၀န်းက ဆိုသည်။
“တညနေလုံး ကောင်းကင်ကြီးက နီနေရာ ကနေ ညနေ ၆ နာရီလောက် ကျတော့ မိုးရော၊ လေရော ကျလာတယ်။ လေတိုက်တာ တော်တော် ပြင်းတယ်။ မိုးနဲ့လေ တွဲလာတော့ လေတချက် ဝေ့တိုင်း အဆောက် အဦတွေမှာ တ၀ုန်းဝုန်းနဲ့ အသံတွေ ထွက်လာတယ်”ဟု နေပြည်တော် ၀န်ကြီးဌာန အကြီးအကဲ တဦးက ပြောသည်။
မိုးလေ၀သက ခန့်မှန်းချက် ပေးမထားဘဲ မိုးသက်လေပြင်းများ ရုတ်တရက် ကျရောက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက်
မကောင်းသော နိမိတ် လက္ခဏာအဖြစ် ယူဆချက်များရှိနေပြီး မကြာမီ ငလျင်ကြီး လှုပ်နိုင်သည်ဆိုသည့် သတင်းများလည်း နေပြည်တော် ၀န်ထမ်းအသိုင်းအ၀န်းတွင် ပျံ့နှံ့နေသည်။
၁ နာရီကျော်ကြာ မိုးသက်လေပြင်းများ ကျနေရောက်စဉ် နေပြည်တော်တ၀န်း လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီး မိုးစဲသောအခါမှ လျှပ်စစ်မီးပြန်လည်ရရှိကာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ဝန်းကျင်ရှိ ပျဉ်းမနား၊ ရေဆင်းဒေသများတွင်မူ လျှပ်စစ်မီး နာရီပေါင်းများစွာ ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။
မိုးလေ၀သနှင့် ဇလဗေဒ ဌာနက အဆိုပါ မိုးသက်လေပြင်းသည် တနာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အတွင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး တချိန်တည်း၌ မန္တလေးတွင်လည်း မိုးသက်လေပြင်းများ ကျရောက်ခဲ့ကြောင်း ပြောသည်။
“အိန္ဒိယကနေ တရုတ်ကို ဖြတ်သန်းတဲ့ မြောက်ပိုင်းလေစီးကြောင်းကြောင့် ဒီလို မိုးသက် လေပြင်းတွေ ကျတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအထက်ပိုင်း နေရာတွေမှာ မိုးထစ်ချုန်းရွာမယ်လို့ မိုးလေ၀သက တရားဝင် ခန်းမှန်းချက် ထုတ်ပြန်ထားတယ်။ ဒါပေမယ့် လေစီးကြောင်းက နည်းနည်းလေး နိမ့်သွားတော့ နေပြည်တော်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း နေရာတွေအထိ မိုးသက်လေပြင်းတွေ ကျလာတာပါ။ ဒါ မုန်တိုင်း ရာသီအစရဲ့ လက္ခဏာလို့လည်း ပြောလို့ ရပါတယ်” ဟု မိုးလေ၀သဌာန အရာရှိတဦးက ပြောသည်။
ကမ္ဘာ့နေရာ အနှံ့အပြားတွင် ငလျင်များ ဆက်တိုက်လှုပ်နေသည့်အတွက် ရန်ကုန်တွင် လည်း ငလျင်လှုပ်မည်ဆိုသော သတင်းများ ပြည်သူများအကြား ပြောဆိုလျက်ရှိပြီး အထူးသဖြင့် အထပ်မြင့် တိုက်တာများတွင် နေထိုင်သူ ရန်ကုန်မြို့သူ မြို့သားများ စိုးရိမ် ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။

“ဘူး” မဟာဗျူဟာ ”

ရန်ကုန်သားတာတေ Wednesday, March 31, 2010 .“ထီ ….”
“ထီ ….”
“ထီ ...”
စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် ထီဆိုင် ကြော်ငြာဟု မထင်လိုက်ပါနှင့် ...။ မြရတနာနှင့် သန်းဆု ကုဋေ ကြော်ငြာလည်း မဟုတ်ပြန်ပါ။ ချိုကုပ် ဒူးကြီးနှင့် ဇနီး ဒေါ်ကွိုင်ကွိုင်တို့ တော်လှန်ရေးနေ့ ညစာစားပွဲ ခန်းဝင်တီးလုံး သို့မဟုတ် စည်တော်ရွမ်းသံ ကို အနီးစပ်ဆုံး အသံဖမ်း၍ ရေးထားခြင်း ဖြစ်ပါသည်။
တော်လှန်ရေးနေ့ ညစာစားပွဲအပြီး ၃ ရက်ခန့်အကြာတွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးနှင့် ချိုကုပ်ဒူးကြီးတို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်ကို ရန်ကုန်သားတာတေက မလျှို့မဝှက်ဘဲ အရင်းအတိုင်း ဤသို့ ဖော်ပြလိုက်ပါသည်။
ရုက္ခစိုး။ ။ ညစာစားပွဲ ဝင်တာများ ဗုံတီးပြီး ဝင်ရတယ်လို့ဗျာ။
ချိုကုပ်။ ။ ဗုံတီးတာ မဟုတ်ဘူးလေ အဲဒါ အောင်စည်ရွမ်းတာလို့ ခေါ်တယ်။
ရုက္ခစိုး။ ။ အဝင်တခါ အထွက်တခါ တီးတာ ဘယ်လိုသဘောလဲဗျ။
ချိုကုပ်။ ။ ဝင်ရင်လည်း တီးမယ်၊ ထွက်ရင်လည်း တီးမယ် … ဆိုတဲ့အဓိပ္ပာယ်လေ။ အဲဒီစည်ကြီးမှာ NLD လို့ ရေးထားတယ်။ NLD ရွေးကောက်ပွဲ ဝင်ရင်လည်း တီးမယ်၊ ထွက်ရင်လည်း တီးမယ် … ဘာလုပ်လုပ်တီးမယ်။
ဟဲဟဲ ဗေဒင်ဆရာက ပြောလို့ဗျ။ အောင်စည်ရွမ်းပြီး ညစာစားပွဲကို အဝင်အထွက်လုပ်ရင် NLD ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အောင်ပွဲခံရမယ်ဆိုလို့ … ။ တကယ်မှန်တယ်။ အခု ကျုပ် အောင်ပွဲခံရပြီ။
ရုက္ခစိုး။ ။ ကျုပ်ကို တွေ့ချင်တယ်ဆိုတာကကော … ဘာဖြစ်လို့လဲ။
ချိုကုပ်။ ။ ဘာမှ မဖြစ်ဘူး … အောင်ပွဲခံမလို့ ခေါ်တာ။ ကျုပ်က လူတွေကို ဘယ်သူ့မှ မယုံဘူးလေ။ ရွှေပန်းလည်း မယုံဘူး၊ မောင်ကွေးလည်း မယုံဘူး။ မတော် ကျုပ်ကို လုပ်ကြံရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် အာဏာသိမ်းရင်ကော ...။ ဒါကြောင့် လူမဟုတ်တဲ့ ခင်ဗျားလို နတ်နဲ့တူတူ အောင်ပွဲခံမလို့ ခေါ်လိုက်တာ။ ကဲ ကဲ သုံးဆောင်ဗျာ။
ရုက္ခစိုး။ ။ ဟာ … ကျုပ်က နတ်လေ … အငွေ့ပဲစားတာ မသိဘူးလား။
ချိုကုပ်။ ။ သိတယ်လေ။ အဲဒီလို အငွေ့ပဲစားတော့ အကုန်အကျ သက်သာတာပေါ့။ ဒီ စားသောက်ဖွယ်ရာတွေ အားလုံးက အကုန်လုံး ငှားထားတာတွေချည်းပဲ …။ ဟောဒီ ဘဲကင်နဲ့ ၁၂ မျိုးဟင်းချိုက ဆီအိုးနားဟိုတယ်က ငှားထားတာ၊ ဟောဒီဘက်က စားစရာ သောက်စရာတွေက မှောင်ခိုကြီးများဟိုတယ်က ငှားထားတာ … ကြိုက်တာသာ စားပေရော့။
ရုက္ခစိုး။ ။ တော်တော်လည်း ကုန်ကျနေပါဦးမယ်။ ဒါနဲ့ နေပါဦး။NLDက ရွေးကောက်ပွဲ မဝင်တာနဲ့ ခင်ဗျားက တကယ် အောင်ပြီလား။ သေချာလို့လား။
ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ချိုကုပ်။ ။ ခက်ပါလား ဦးရုက္ခစိုးရယ်။ NLD တွေတောင် သူတို့ဘာသာ ရွေးကောက်ပွဲ မဝင်ဘူး ဆုံးဖြတ်ပြီ ဆိုတာနဲ့ အလကားနေရင်း အောင်ပွဲခံနေသေးတာ၊ ကျုပ်လည်း အောင်ပွဲခံမှာပေါ့။ ဘာဖြစ်သေးလဲ။
ရုက္ခစိုး။ ။ကျုပ်သိသလောက်တော့ခင်ဗျားကNLDကိုရွေးကောက်ပွဲဝင်စေချင်နေတာမဟုတ်လား။ ခင်ဗျား ဖြစ်စေချင်သလို ဖြစ်မလာတော့ သူတို့အတွက် အောင်ပွဲပေါ့ဗျ။
ချိုကုပ်။ ။တကယ်ကမဟုတ်ဘူးဗျ။ ကျုပ်ကNLDကိုစိတ်ထဲကနေကြိတ်ပြီးကြောက်နေတာ။ အဟဲ။ NLD ဆိုတဲ့ နာမည်တလုံးကို ကြောက်တာလေ။ အဲဒီနာမည်နောက်မှာ လူတွေ အများကြီး ရှိနေတာ မဟုတ်လား။ ဒါပေမယ့် မကြောက်သလိုလို ဘာလိုလို ဟန်ဆောင်နေတာ။ သူတို့ကို လုံးဝ ရွေးကောက်ပွဲ ဝင်စေချင်တာ မဟုတ်ဘူး။
ရုက္ခစိုး။ ။ ဒါဆို ခုမှပဲ သက်ပြင်းချနိုင်တော့တယ် ဆိုပါတော့။
ချိုကုပ်။ ။ သက်ပြင်းချတာမဟုတ်ဘူး။ ပျော်ကို ပျော်သွားတာ။ သူတို့က ကျုပ်ဆင်တဲ့ ခွင်ထဲ တန်းခနဲ ဝင်လာတာကိုးဗျ။ အဲဒီလောက်ထိ လွယ်တော့လည်း နည်းနည်း ပျင်းတယ်ဗျာ။ စိတ်လှုပ်ရှားစရာ မကောင်းဘူးပေါ့။
ရုက္ခစိုး။ ။ တကယ်ဆိုရင်တော့ ခင်ဗျားကNLDကို ရွေးကောက်ပွဲ ဝင်အောင် စည်းရုံးသင့်တာပေါ့။ အခုဆိုရင် တယောက်တည်း အပြေးပြိုင်ရသလို ဖြစ်မနေဘူးလား။
ချိုကုပ်။ ။ တယောက်တည်း အပြေးပြိုင်ရတော့ကော ဘာဖြစ်လဲ။ ပထမရဖို့ လိုရင်းပဲဟာ။ ကျုပ်က အစကတည်းက အရှက်မှ မရှိဘဲ။ ဒီနေရာမှာ အရှက်မရှိတဲ့သူက နိုင်တာပဲဗျ။ ကြည့်လေ … သူတို့က ပါတီ ဂုဏ်သိက္ခာဘာညာနဲ့ …အရှက်ရှိပြလိုက်တာ အခုဆို အနှစ် ၂၀ လောက် ခေါင်းမာခဲ့တဲ့ ပါတီ ဖျက်ရတော့မယ် ဟီဟိ။
ရုက္ခစိုး။ ။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကို ဘူးသီးတလုံး လက်ဆောင်ပေးလိုက်တာဆို၊ အဲဒါကြောင့် အားလုံးက ဘူး ဆိုတဲ့ အဓိပ္ပာယ်ကောက်ပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်တာဆို ဟုတ်လား။
ချိုကုပ်။ ။ ဟုတ်မှာပေါ့ ...။ သူက ဘူး ဆို ဖရုံမသီးဘူး ဆိုပေမယ့် ကျုပ်က ခရမ်းသီးကော၊ ငရုပ်သီးကော၊ ပဲတောင့်ရှည်ကော အကုန် သီးပြဦးမှာ။
ရုက္ခစိုး။ ။ ဒါပေမယ့် နောက်ထပ် ရက် ၃၀ ကျန်သေးတယ်နော်။ အဲဒီရက် ၃၀ အတွင်း အစီအစဉ်ပြောင်းပြီး မှတ်ပုံ တင်လိုက်ရင်ကော။
ချိုကုပ်။ ။ အဲဒီလိုဆိုရင်တော့ ကျုပ်တို့ နည်းနည်း အလုပ်ရှုပ်မှာပေါ့ဗျာ။ ဘယ်လို မဲလိမ်၊ မဲခိုးမယ်ဆိုတာကို ကမ္ဘာကျော်ငလိမ်ကြီးတွေ၊ မြန်မာ့သူခိုးကြီးတွေနဲ့ အမြန်ဆုံးတိုင်ပင်ရမယ်။ ပြီးတော့ စွမ်းအားရှင်တွေအတွက် တုတ်တွေ အင်တာနေရှင်နယ်က မှာရမယ်။ ပြီးတော့ သူတို့ကို NLD အဖွဲ့ဝင်တွေကို အသားလွတ်ဝင်ရိုက်ခိုင်းပြီး … နေ့တွက် ပေးရမယ်။ ဟာ … နတ်ဖြစ်ပြီး ပါးစပ်ပုပ်ကြီးနဲ့ ...။ ခင်ဗျားပြောသလို မဖြစ်နိုင်ပါဘူးဗျာ။
ရုက္ခစိုး။ ။ ကဲ ကဲ မဖြစ်တော့ဘူးပဲ ထားပါတော့။ ရွေးကောက်ပွဲပြီးရင် ခင်ဗျား ဘာလုပ်မလဲ။
ချိုကုပ်။ ။ ကျုပ် … နိုင်ငံရေးကို စိတ်ကုန်ပြီဗျာ။ တရား အားထုတ်မလားလို့ စဉ်းစားနေတယ်။
ရုက္ခစိုး။ ။ ဘယ်လို…ဘယ်လိုတရားအားထုတ်မယ် ဟုတ်လား။ ကျားသား မိုးကြိုးဗျာ။ သမ္မတ တွေ ဘာတွေ ဝင်လုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလား။
ချိုကုပ်။ ။ ဘယ့်နှယ် သမ္မတ လုပ်ရမှာလဲ။ သမ္မတ လုပ်ရင် လေးနှစ်ပဲ ခံမှာပေါ့။ ပြီးရင် ဘုံပျောက်မှာ။ ကျုပ်က တပ်ချုပ်ကြီးပဲ တသက်လုံးလုပ်မှာ။
ရုက္ခစိုး။ ။ နေ … နေပါဦး … တရားအားထုတ်မယ်ဆို။
ချိုကုပ်။ ။ တရား အားထုတ်မယ်ဆိုတာက တရုတ်အားထားမယ်လို့ ပြောတာ ...။ တပ်ချုပ်ကြီးအဖြစ်နဲ့ တသက်လုံး နေမယ်။ တရုတ်ကြီးရဲ့ လမ်းစဉ်အတိုင်း ဘုရားစူး ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တရားဝင် တည်ထောင်မယ်။ ကျုပ်ကို ကန့်လန့်တိုက်မယ့် တခုတည်းသော ပါတီလည်း မရှိတော့ဘူး။ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ။
ရုက္ခစိုး။ ။ တချို့ပါတီတွေက မှတ်ပုံတောင် မတင်ရသေးဘူး …စည်းရုံးတာတွေဘာတွေလုပ်နေတယ် ကြားတယ်နော်။ ခင်ဗျားကို ကျော်တက်ရင် ဘယ်လိုလုပ်မလဲ။
ချိုကုပ်။ ။ သြော် အွေးလင်တို့ ရဲတင်းတို့ ပါတီလေးတွေလား။ လုပ်ပါစေ။ သူတို့တွေရှိနေမှ ကျုပ်ကို နိုင်ငံတကာက ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင်သွားတယ် ထင်မှာလေ။ အဲဒါကြောင့် သူတို့ကို နည်းနည်းပါးပါး ပံ့ပိုးပေးပြီး အော်ခိုင်းထားတာ။ ပါတီ မစုံမှာစိုးလို့တောင် ညီအစ်ကို ၂ ယောက်ကို တပါတီစီ ခွဲခိုင်းထားရတယ် ...။ တကယ်ဆို သူတို့မှာ ညီအစ်ကို မောင်နှမ ၁၀ ယောက်လောက်သာရှိ။ ၁၀ ပါတီရပြီ။ ပွဲပြီးပြီဗျာ။
ရုက္ခစိုး။ ။အခုလည်း ပါတီစုံသားပဲ …သူတို့ ညီအစ်ကို တပါတီစီရယ်၊ မဆလရယ်၊ ကြံ့ဖွံ့ရယ် … ဦးကိုယ့်ဝေတို့ ပါတီရယ်၊ အနည်းဆုံး ခင်ဗျားလုပ်ချင်တိုင်း လုပ်လို့ရတဲ့ ပါတီ ၅ ပါတီရှိတယ် မဟုတ်လား။
ချိုကုပ်။ ။ ဘယ်နှပါတီ ရှိရှိ NLD မရှိဖို့ အရေးကြီးတယ်။ မှတ်ပုံတင်ဖို့ သက်မှတ်ရက် ကျော်တာနဲ့ … သူတို့ ဆိုင်းဘုတ်တွေကအစ ဘာမှမထားဘူး အကုန်ဖြုတ်မယ်။ သူတို့ကို နာမည်အမျိုးမျိုးဖျက်မယ် … ကဲ … ကဲ လောလောဆယ် … အောင်ပွဲကြီး … ခံ … ခံ … ။ အောင်မလေး … ဘာတွေ ဖြစ်ကုန်ပြီလဲဟ ...။
စကားမဆုံးသေးခင် ကြပ်ပြေးနေပြည်တော်ကြီး၌ ရုတ်တရက် လေပြင်းမုန်တိုင်း တိုက်ကာ လျှပ်စစ်မီးများ ရုတ်တရက် ပြတ်တောက် သွားသောကြောင့် ချိုကုပ်ဒူးကြီး လန့်သွားခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်လည်း အလန့်တကြား အခန်းထဲ ဝင်လာသည်။
ကွိုင်ကွိုင်။ ။ မောင်တော်ဘုရား … မောင်တော်ဘုရား။ နိမိတ်တွေ မကောင်းတော့ဘူး ဘုရား။ ငလျင်လည်း လှုပ်ဦးမယ်လို့ ကြားနေပါတယ်။
ချိုကုပ်။ ။ ဒါ …ဒါ …ဟိုကောင်မလေးရဲ့ ဘူးသီး အစီအမံကြောင့်ဖြစ်ရမယ် … ။ ငါတို့ကို အောက်လမ်းနည်းနဲ့ လုပ်တာဖြစ်ရမယ်…ပုဏ္ဏားဖြူတွေ ပုဏ္ဏားညိုတွေဘယ်ရောက်ကုန်ပြီလဲ။ဘယ်ဗေဒင်ဆရာမှမရှိရင် ငါ့ဘာသာ အစီအမံလုပ်မယ်။ ကွိုင်ကွိုင် သေချာ နားထောင်။
ကွိုင်ကွိုင်။ ။ ဟုတ်ကဲ့ မောင်တော်ဘုရား။
ချိုကုပ်။ ။ တတိုင်းပြည်လုံးမှာ ရှိရှိသမျှ ဘူးသီးတွေအကုန်လုံး ပြုတ်ပြီး ငါးပိရည်နဲ့ တို့စားရမယ်လို့ အမိန့်ထုတ်လိုက်။ ဦးရုက္ခစိုးကြီးပါ စားသွား … သွား။ ဟင် ဘယ်ရောက်သွားပြီလဲ။
ဦးရုက္ခစိုးကြီးမှာ ဘူးသီးပြုတ်နှင့် ငါးပိရည်ရန်မှ လွတ်ရန် စောစီးစွာ ကိုယ်ရောင်ဖျောက်၍ ထိုနေရာမှ အသာလစ်ထွက် သွားပြီ ဖြစ်သည်။ ။
“ထွေရာလေးပါး”သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟု ဦးဝင်းတင် ပြောကြား

NEJ/ ၃၁ မတ် ၂ဝ၁ဝ
အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များအရ နိုင်ငံရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဝင်းတင်က ပြောကြားသည်။
၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည် ညွှန်းတဲ့အတိုင်းပဲ။ ကျနော်တို့ခေါင်းထဲမှာ၊ ကျနော်တို့အသည်းနှလုံးထဲမှာ နိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့ ဒီမိုကရေစီအဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တဲ့အချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဆက်ပြီးတော့ ဒါတွေကို ထိန်းသိမ်းသွားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီတည်ထောင်ရန်၊ လူ့အခွင့်အရေးများ အပြည့်အ၀ရရှိရန်၊ စစ်မှန်သည့် ပြည်ထောင်စုစနစ် ထွန်းကားရန်နှင့် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရန် ဆိုသည့်အချက်များသည် အန်အယ်လ်ဒီက ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။
သာမန်အားဖြင့် နဂိုရှိပြီးသား နိုင်ငံရေးရပ်တည်ချက်များကို ထိန်းသည့်သဘောဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ တနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီဝင်များနှင့် နဂိုရှိပြီးသား စည်းရုံးမှုကို ဆက်လက်တည်ဆောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ အပါအ၀င် ကျောင်းသားအဖွဲ့အစည်းများ စသည်တို့ဖြင့် ဆက်သွယ်လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“တိုင်းရင်းသားတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကို မြင့်မားစွာဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တတ်နိုင်သမျှ ကျနော်တို့ရဲ့ နဂိုရှိနေတဲ့ ညီညွတ်ရေး လူထုထောက်ခံမှုတွေကို ကိုင်စွဲပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျနော်တို့ အန်အယ်လ်ဒီပေါ် ကြီးမားစွာပဲရှိတယ်လို့ ယုံတယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။
အန်အယ်လ်ဒီအနေဖြင့် မှတ်ပုံတင်ခြင်း မတင်ခြင်းသည် အဓိကမဟုတ်ဘဲ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးပန်းတိုင်များက အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးပစ်မှတ်တခု ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ အစဉ်တစိုက်တောင်းဆိုနေတာ အန်အယ်လ်ဒီ စဖွဲ့တဲ့ ၁၉၈၈ ခုနှစ် အောက်တိုဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာရေးပြီးတော့ န၀တထံ ပို့ထားတဲ့ စာကစခဲ့တာ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတဲ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ပြောနေတာပဲ” ဟု ဦးဝင်းတင်က ပြောသည်။
“ဒီနေ့ပါတီမရှိပေမယ့်လို့ဒေါ်အောင်ဆန်းစုကြည်ရှိတယ်၊ပါတီမှတ်ပုံမတင်လို့ ပါတီအနေနဲ့ မရပ်တည်နိုင်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်မှ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်လည်း လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်ဖြစ်နေတာ။ ဒီနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ဘယ်လိုမှ ဖယ်ရှားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူက အသိအမှတ်ပြုထားတဲ့ ပြည်သူကနေ ယုံကြည်ကိုးစားနေတဲ့ နိုင်ငံရေး မိခင်ကြီးတယောက်လို ဖြစ်နေတယ်။ ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုနေရမှာပဲ” ဟုလည်း ၎င်းက ပြောကြားသည်။





နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား

မျိုးဝင်းဇော်/ ၃၁ မတ် ၂ဝ၁ဝ
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ပြည်တွင်း၌ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များကဲ့သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ ထုတ်ဝေရမည်ဖြစ်ကြောင်း စာပေစိစစ် ကြီးကြပ်မှုဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “နိုင်ငံရေးပါတီတွေဟာလည်း သူတို့ပါတီရဲ့ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်တွေကို ရေးသားထုတ်ဝေရာမှာ လက်ရှိ ပြည်တွင်းက ပုဂ္ဂလိက ဂျာနယ်တွေ လိုက်နာတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာရမှာပါ။ ထူးခြားတာတခုက ပုဂ္ဂလိက ဂျာနယ်တွေလို ထုတ်ဝေခြင်းမပြုခင် လာပြီး တင်ပြစရာ မလိုဘူး။ ကိုယ့်ဘာသာကိုယ် ထုတ်ဝေပြီးမှ မူချောကို လာတင်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မတ်လ (၁၇)ရက်နေ့က ထုတ်ပြန်သည့် စာပေစိစစ်ဗဟိုအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၄၂) မှာ လေ့လာနိုင်ပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ ညွှန်ကြားချက်ထဲတွင် နိုင်ငံရေးပါတီများသည် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်အဖွဲ့ထံ တင်ပြစရာမလိုဘဲ ထုတ်ဝေနိုင်သော်လည်း စည်းကမ်းချက်ပေါင်းများစွာဖြင့် ထိန်းချုပ်ထားပြီး ပါတီ မူဝါဒနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်စာစောင် ထုတ်ဝေမည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် အချက် (၁၁) ချက်ကိုလည်း ပူးတွဲဖော်ပြထားသည်။
အဆိုပါ အချက်များထဲမှာ လက်ရှိ ပုဂ္ဂလိက ဂျာနယ်များ လိုက်နာနေရသည့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်းချက်အားလုံးကို လိုက်နာရန်၊ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ကို လုံးဝ ဝေဖန်ခြင်းမပြုရန်၊ စစ်တပ်ကို ဝေဖန်ခြင်းမပြုရန်၊ လိုအပ်၍ ထုတ်ပြန်ထားသည့် အမိန့်မှန်သမျှကို ဝေဖန်ခြင်း အလျဉ်းမပြုလုပ်ရန် စသဖြင့် ရေးသားထားပြီး မလိုက်နာပါက ဥပဒေအရ အရေးယူခြင်း၊ အာမခံကြေးငွေ သိမ်းဆည်းခြင်းအပြင် ပါတီကိုလည်း အရေးယူမည်ဟု ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားသည်။
အဆိုပါနိုင်ငံရေးပါတီများ ထုတ်ဝေခွင့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ကို ဖတ်ကြည့်ပါက ဂျာနယ်များကဲ့သို့ စိစစ်ရေး မတင်ရသည်မှလွဲ၍ လုံးဝ လွတ်လပ်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည့်သူတဦးက ပြောသည်။
၎င်းက “ကျနော်တို့က အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီတွေ လုပ်ရပ်တွေကို ဝေဖန်နိုင်ဖို့ ဝေးလို့ ရပ်ကွက်အဆင့်တွေကိုတောင် ဝေဖန်လို့ မရဘူးဆိုတာ ပူးတွဲဖော်ပြချက် စည်းကမ်းချက် အမှတ် (၂) မှာ အတိအလင်း ဖော်ပြထားတယ်။ စည်းကမ်းချက် အမှတ် (၁) မှာဆိုရင်လည်း လိုက်နာဖို့ စာပေစိစစ်က ချမှတ်ထားတဲ့ စည်းကမ်းချက်ပေါင်း (၁ဝဝ) ကျော်နဲ့ အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ အများကြီး ရှိနေတယ်။ အမှတ် (၅) အချက်ဖြစ်တဲ့ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် အမိန့်များအား ဆန့်ကျင်ခြင်း မပြုရ ဆိုတာဟာလည်း အများကြီးကျယ်ပြန့်တယ်” ဟု ပြောသည်။
ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးက ၎င်းတို့အနေဖြင့် ယခု ညွှန်ကြားချက်များအရ မည်သို့မှ လွတ်လပ်စွာ ထုတ်ဝေခွင့် ရှိလာမည်မဟုတ်ကြောင်း ပြောဆိုသည်။
၎င်းက “တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိလာမယ့် ပါတီတွေ အများကြီး၊ ပါတီကိုယ်စားလှယ်လောင်းတွေ အများကြီး၊ ရွေးကောက်ပွဲမတိုင်မီ ကာလက တိုတိုလေး။ ကျနော်တို့က တပတ်မှတကြိမ် ထုတ်ဝေခွင့်ရပြီး စာမျက်နှာ အကန့်အသတ်ကလည်း ရှိနေသေးတော့ ပြည်သူတွေကို ဘယ်လိုမှ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မီ ပို့နိုင်မှာ မဟုတ်ဘူး။ ဒီကြားထဲ ခုချိန်ထိ စာပေစိစစ်ရေးက ခပ်ကြမ်းကြမ်း စိစစ်ဖြတ်တောက်နေဆဲပဲ” ဟု ပြောသည်။
စာပေစိစစ်၏ အဆိုပါညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စစ်အစိုးအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာထုတ်ဝေခွင့် ပေးမည်ဆိုသည်ကို ပြည်တွင်းသတင်းအယ်ဒီတာ၊ သတင်းထောက်များအကြား ယုံကြည်သူ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရက ထုတ်သည့် သတင်းစာ (၃) စောင်သာ ရှိပြီး ပုဂ္ဂလိကပိုင် သတင်းစာ လုံးဝထုတ်ဝေခွင့် ပြုမထားကြောင်း သိရသည်။





ရန်ကုန်မြို့လယ်ခေါင် ဘားလမ်း၌ မာဆတ်နှင့်ပြည့်တန်ဆာခန်း များပြား

အောင်ထက်/ ၃၁ မတ် ၂ဝ၁ဝ
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း တရားမ၀င် ဖွင့်လှစ်ထားသော Beauty Saloon အမည်ခံ မာဆတ်ခန်း (အနှိပ်ခန်း) အရေအတွက် သိသာစွာ တိုးလာသည်ဟု အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။
၂၀၀၉ ခုနှစ်စာရင်းဝင်အနှိပ်ခန်း(၅၂)ဆိုင်ရှိရာမှယခုအခါ(၂)ဆနီးပါးတိုးလာပြီး ပြည့်တန်ဆာလုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်လာကြသည်ဟု ထိုရဲဝန်ထမ်းက ပြောသည်။
ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) အထက်ဘလောက်တခုတည်း၌ပင် New Moon ၊ 9 Star ၊ ယွန်းဝတီ (၂) အပါအ၀င် အနှိပ်ခန်း (၁၀) ခုခန့် ရှိနေသည်ဟု ဘားလမ်းတွင် နေထိုင်သူတဦးက ပြောသည်။
ရန်ကုန်မြို့လယ်ကောင် အချက်အချာနေရာ ဘားလမ်းတွင် တီဗွီ၊ ရေခဲသေတ္တာ အစရှိသည့် လျှပ်စစ်ပစ္စည်းဆိုင်များကို မြေညီထပ်တွင် ဖွင့်လှစ်ထားပြီး အနှိပ်ခန်းများမှာ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဖွင့်လှစ်ထားကြောင်း၊ ဧည့်သည်တဦးလျှင် အခန်းအနေအထားပေါ်မူတည်၍ ၀န်ဆောင်ခ (၁) နာရီ (၃,၀၀၀၊ ၄,၀၀၀) ကျပ်ရှိကာ (၂၄) နာရီ ဖွင့်လှစ်ထားပြီး ည (၈) နာရီနောက်ပိုင်းတွင် ဧည့်အ၀င်အထွက် ပိုများကြောင်း အနှိပ်ခန်းပိုင်ရှင်တဦးက ပြောသည်။
ဘားလမ်းနေ ရယက အဖွဲ့ဝင်တဦးကလည်း “ည(၈)နာရီ နောက်ပိုင်းကနေ တညလုံးပဲ။ ဧည့်ကြိုကောင်လေးတွေက တိုက်ခန်းလှေကား ခြေရင်းတွေမှာ ရှိကြတယ်။ ဘားလမ်းထဲဝင်လာတဲ့ ကားတွေ၊ လူတွေအနား ပြေးကပ်လာပြီး အလုပ်လုပ်မလား၊မာဆတ်ရှိတယ်၊မာစွပ်ရမယ် ဆိုပြီး စည်းရုံးကြတယ်၊ ဈေးညှိကြတယ်။ သူတို့က အဲလို ဧည့်ခေါ်ပေးခ တဦး (၅၀၀)ကျပ်ရတယ်”ဟု ရှင်းပြသည်။
အဆိုပါ အနှိပ်ခန်းများသည် တရားဝင် ဖွင့်လှစ်ခွင့်မရှိဘဲ ဒေသအာဏာပိုင်များဖြစ်သည့် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဒု-ရဲတပ်ဖွဲ့မှူး၊စခန်းမှူးတို့ကိုတဦးလျှင်(၂)သောင်းကျပ်နှင့်ဒုစရိုက်နှိမ်နင်းရေး၊ အထူးစုံစမ်းစစ်ဆေးရေး၊သတင်းတပ်ဖွဲ့၊ထလရ (နိုင်)၊ ခရိုင်၊တိုင်းရဲ၊မှုခင်းတပ်ဖွဲ့၊ မြို့နယ် မယက၊ ရဲကင်းမှူး၊ နယ်ထိန်း၊လမ်းအပိုင်ရယကနှင့်စည်ပင်ရဲပါမကျန်အသီးသီးတို့အားတလလျှင်(၁)သောင်းကျပ်စီ ပေးသွင်းကြရကြောင်း အဆိုပါအနှိပ်ခန်းပိုင်ရှင်တဦးက ပြောသည်။
အဖွဲ့အစည်း(၂၀)ခန့်သို့လစဉ်ပေးသွင်းရသောလာဘ်ငွေသည်ဆိုင်တဆိုင်လျှင်(၃) သိန်းခန့်ရှိနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းတွက်ချက်ပြသည်။
အနှိပ်ခန်းများတွင်လုပ်ကိုင်နေသူများသည်အသက်(၁၈)မှ(၂၅)နှစ်ကြားအမျိုးသမီးငယ်များဖြစ်ကြပြီး မာဆတ်ခန်းတခုတွင် (၅)ဦးမှ(၁၀)ဦးအထိထားရှိတတ်ကြသည်။
၎င်းတို့သည်ဧည့်တဦးပြုစုခအဖြစ် နေစားစရိတ်ငြိမ်း(၂၀၀)ကျပ်သာရရှိပြီး ဧည့်သည်ပေးသော ဘောက်ဆူးငွေများ၊ အသွေးအသားရင်းနှီးမှုမှ ရရှိသည့် ငွေများသာ ၎င်းတို့အပိုဝင်ငွေဖြစ်သည်ဟု ထိုမိန်းကလေးများထံမှ သိရသည်။
အဆိုပါလုပ်ငန်းတွင်ကချင်၊ချင်းအမျိုးသမီးငယ်များအပြင်နာဂစ်မုန်တိုင်းသင့်ဒေသမှ မြန်မာမိန်းကလေးငယ်များသည် ၂၀၀၈ ခုနှစ်ပိုင်းမှစ၍ အများအပြား တိုးဝင်လာကြကြောင်း သိရသည်။
ဘားလမ်းတွင် နေထိုင်သူတဦးက “ဒီလိုလုပ်စားနေကြတာကို ထိထိရောက်ရောက် မတိုင်နိုင်လို့ကတော့ အလကားပဲ။၂၀၀၉ ခုနှစ်ထဲ(၂)ကြိမ် ဖြစ်ဖူးတယ်။ဧည့်သည်တွေကတိုင်းအင်ဂျင်နီယာမှူးကြီးအိမ်ကို တံခါးမှားခေါက်မိတာရယ်၊ဗိုလ်မှူးတယောက်ရဲ့အိမ်ခန်းကိုမာဆတ်ခန်းထင်ပြီးမှားဝင်သွားတာရယ်မှာ ဖမ်းတာဆီးတာတွေဖြစ်သွားတယ်။ ဒီနောက်ပိုင်းလမ်းသားတွေဘယ်လောက်တိုင်တိုင် မာဆတ်ခန်းတွေက ပန်းပန်လျက်ပဲ” ဟု ဆိုသည်။
ဘားလမ်းထဲတွင်ချမ်းမြေ့၊ချယ်ရီ၊သဒ္ဒါဦးစသည့်တရားဝင်ဖွင့်လှစ်ထားသည့် GuestHouse(တည်းခိုခန်း) များ၊မိတ်ကပ်အောင်အောင်၊ထားသစ္စာကဲ့သို့အလှပြင်ဆိုင်များလည်းရှိပြီးနေ့ညမပြတ် လူစည်ကားရာနေရာဖြစ်သည်။
ရန်ကုန်မြို့လယ်ဘားလမ်းသည်ညဥ့်ဦးညဥ့်လယ်ကားများလူများဖြင့်တရုန်းရုန်းအညှိအဟောက် လွှမ်းခြုံနေခြင်းကြောင့် မြို့ခံအချို့က Dirty Road ဟု ခေါ်ဝေါ်သုံးစွဲနေကြသည်။





အမေရိကန်သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာ

ရဲရင့်/ ၃၁ မတ် ၂ဝ၁ဝ
အမေရိကန်နိုင်ငံ အရှေ့တောင်အာရှဒေသ ဒုတိယလုံခြုံရေးတာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီးဝေါ လစ်ဂရေဆန်နှင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီးတို့သည် အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချမည့် ဒုက္ခသည်များ၏ အခြေအနေမှန်ကို သိရှိနိုင်ရန် ယနေ့နံနက်ပိုင်းတွင် မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာကြသည်။
အဆိုပါ သံတမန်အဖွဲ့သည် စခန်းအတွင်းရှိ မြန်မာဒုက္ခသည်များ၏အခြေအနေကို သိရှိနိုင်ရန် စခန်းကော်မတီ တာဝန်ရှိသူများ၊ ဒုက္ခသည်များ၊ စခန်းအုပ်ချုပ်ရေးမှူးများ၊ မယ်လဒုက္ခသည် စခန်းတည်ရှိရာ ထာ့ဆောင်ရန်းမြို့နယ် မြို့ပိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မယ်လဒုက္ခသည်စခန်း တာဝန်ခံ မန်းထွန်းထွန်းက “ဒုက္ခသည်တွေကို မေးတော့ ဒုက္ခသည်အများစုက မြန်မာဘက်ကို မပြန်ချင်ကြဘူး။ သင့်တင့်တဲ့ဘ၀တခုကို ထူထောင်နိုင်ဖို့ အခွင့်အလမ်းတွေကိုပဲ လိုချင်တယ်လို့ ပြောကြတယ်။ နောက်ပြီး ကျနော်တို့ကိုကျတော့ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အနေအထားတွေ မေးတယ်။ တဖက်သတ် ဥပဒေရေးဆွဲပြီး နအဖလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝ အယုံအကြည်မရှိတဲ့အကြောင်း ဒုက္ခသည်တွေရဲ့ကိုယ်စား ပြန်ပြောလိုက်ပါတယ်” ဟု ရှင်းပြသည်။
မယ်လဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ အခြေချခွင့်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က (၆) လခန့် ပိတ်ထားခဲ့ပြီးနောက် ယခုလ (၁၉) ရက်တွင် ပြန်လည်ခွင့်ပြုချက်ပေးပြီး မကြာမီ မယ်လဒုက္ခသည်စခန်းသို့ အမေရိကန်သံတမန်များ လာရောက်ခြင်းဖြစ်သည်။
မယ်လစခန်းမှ ဒုက္ခသည်တဦးက “ဒီအမေရိကန်အဖွဲ့က ကျနော်တို့ကိုမေးတယ်။ မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးရင် ဘယ်လိုလာမလဲလို့ မေးတယ်။ ရွေးကောက်ပွဲကြောင့် မြန်မာပြည်ကြီး အေးချမ်းသွားမယ်ဆိုတာကို ဘယ်ဒုက္ခသည်မှ မယုံဘူးဆိုတဲ့အကြောင်း ရှင်းပြလိုက်တယ်” ဟု ပြောသည်။
ဒုက္ခသည်စခန်းများကို အကူအညီပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးတခုမှ တာဝန်ရှိသူတဦးက ယခုကဲ့သို့ အမေရိကန်သံတမန်များ လာရောက်ခြင်းသည် စခန်းအခြေအနေကို လာရောက်လေ့လာခြင်းထက် မယ်လဒုက္ခသည်စခန်းမှ တဆင့် ဒုက္ခသည်များ အမေရိကန်သို့ မရိုးသားသည့်နည်းလမ်းများဖြင့် ထွက်ခွာခွင့်ကို ထိန်းချုပ်နိုင်ရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအသီးသီးမှ ဒုက္ခသည်များသည် မရိုးသားသည့် နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာမှုများရှိရာတွင် မယ်လဒုက္ခသည်စခန်းမှ (၉၅) ရာခိုင်နှုန်းရှိသည်ဟု ယူအန်အိပ်ခ်ျစီအာက ပြောကြားသည်။
မယ်လဒုက္ခသည်စခန်းတွင် တရားဝင်ဒုက္ခသည်(၂၈,၀၀၀)ခန့်နှင့်အတူ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် လူသစ် (၂၁,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်ဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း (၂) ခု အပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၃၀,၀၀၀) ကျော် နေထိုင်လျက်ရှိသည်။





နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ၀တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်

ပေါက်ပေါက်/ ၃၁ မတ် ၂ဝ၁ဝ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဝတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ဖြန်တွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံကြမည်။
ဝတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိ ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံကြမည်ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးဖွယ်ရှိသည်ဟု အပစ်ရပ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိနဲ့ ဗဟိုကော်မတီ ကျောက်ဝမ်ကွမ်းတို့ ဦးဆောင်ပြီး မနက်ဖြန် တန့်ယန်းသွားကြမယ်။ ဗိုလ်ရဲမြင့် ပြောမယ့်စကားတော့ ခန့်မှန်းလို့ ရနေပြီပဲ။ မိုင်းလားတပ်ဖွဲ့ကို ရာဇသံပေးလိုက်သလိုဧပြီ(၂၈)ရက်နောက်ဆုံးထားပြီးနယ်ခြားစောင့်တပ်လက်ခံဖို့၊ မဟုတ်ရင် မတရားအသင်း ကြေညာမယ်ဆိုတာပဲ ဖြစ်မှာပေါ့” ဟု ပြောသည်။
ယခုလ (၂၈)ရက်က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS)မိုင်းလားတပ်ဖွဲ့မှဒု-ဥက္ကဋ္ဌဦးစံလူဦးဆောင်သည့်အဖွဲ့နှင့်ဒု-ဗိုလ်ချုပ်ကြီးရဲမြင်တို့ ကျိုင်းတုံမြို့တွင်တွေ့ဆုံစဉ်ဧပြီ(၂၈)ရက်နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်နှင့် ပျက်ကွက်ပါကမတရားအသင်းအဖြစ်ကြေညာသွားမည်ဟုနအဖဘက်ကပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟု အပစ်ရပ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
ယမန်နှစ်၊ဧပြီလ(၂၈)ရက်မှစတင်၍ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖဘက်က ပြောဆိုကမ်းလှမ်းခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကုန်ရက်ဟု လည်းကောင်း၊ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလကုန်ရက်ဟု လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလကုန်ရက်ဟု လည်းကောင်း အကြိမ်ကြိမ်သတ်မှတ်နေခဲ့ရာမှ ယခု တနှစ်တင်းတင်းပြည့်မြောက်မည့် ဧပြီလ (၂၈) ရက်နေ့ကို နောက်ဆုံးရက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။





သင်္ကြန် ရေကစားသူများအတွက် စစ်အစိုးရ စည်းကမ်းထုတ်

စိုင်းဇွမ်ဆိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၁ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ သင်္ကြန်မဏ္ဍပ်ကြီးများတွင် ရေပက်ကစားသူများသည် မလုံ့တလုံဝတ်စားဆင်ယင်မှု မပြုလုပ်ရန်နှင့် မဏ္ဍပ်အမည်များကို မြန်မာလိုပေးရန် စစ်အစိုးရက စည်းကမ်းထုတ်ပြန်လိုက်သည်။
ပေ ၅ဝ အထက်မဏ္ဍပ်များသည် ”မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မအပ်စပ်သော ဝတ်စားဆင်ယင်ပြုမှု ကခုန်မှုများ” ၊ မဏ္ဍပ်နာမည်ပေးရာတွင်လည်း မြန်မာအမည်သာပေးရန် အပါအဝင် ”မြန်မာ့ရိုးရာ” ဟူသော စကားလုံများများပါဝင်သည့် အချက်ပေါင်း ၃၉ ချက်ရှိ စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတဦးက ပြောသည်။
မလုံ့တလုံဝတ်ဆင်မှုကို မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော ဝတ်ဆင်မှုဟု သူက ရည်ညွှန်းပြီး မဏ္ဍပ်နာမည်များကို”ဥပမာရွှေပိတောက်၊ပိတောက်ရိပ်စသဖြင့်”ဟုဆိုကာ မြန်မာနာမည်သာ ပေးရမှာဖြစ်သည်ဟု ဆိုသည်။
မဏ္ဍပ်၏ နောက်ခံကားချပ်အပြင်အဆင်တွင် ရိုးရာအတာသင်္ကြန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများသာ ရေးဆွဲရမှာဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ငွေဖလားတွင် အမွှေးနံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်း ဆောင်ရွက်သွားရန်တို့လည်း စည်းကမ်းချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ဧပြီ ၁၄ ရက်နေ့သည် သင်္ကြန်အကျနေ့ဖြစ်ပြီး ဧပြီ ၁၆ ရက်နေ့သည် သင်္ကြန်အတက်နေ့ဖြစ်ကာ မဏ္ဍပ်ကြီးများပါမစ်လျှောက်ထားသူသည် ကျပ်ငွေ သိန်း ၃ဝ ပါ စပေါ်တင်ရသည်။ ပေ ၂၅ ပေအောက် မဏ္ဍပ်ငယ်များကိုလည်း စိစစ်ပြီးမှ ခွင့်ပြုသွားမှာဖြစ်သည်။
“ထမီကြီးဝတ်ပြီးသင်္ကြန်လည်ရမယ်ဆိုတာလည်းမဟုတ်သေးပါဘူး။ဖော်ဝတ်ပြီးမှသင်္ကြန်ကို ကဲရတယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ လုံလုံခြုံခြုံလေးနဲ့ ဘောင်းဘီရှည်၊ အကျီလက်ရှည်ဖြစ်စေ ဝတ်ပြီး တော့ဆင်နွှဲမယ်ဆိုရင်လည်းအားလုံးအဆင်ပြေမှာပါ”ဟု ရန်ကုန်မြို့နေအမည်မဖော်လိုသူ အမျိုးသမီး မော်ဒယ်တဦးက ပြောသည်။
ယခုနှစ် သင်္ကြန်ရေကစားမဏ္ဍပ်များကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် ဆရာစံလမ်း၊ ရန်ကုန်မြို့လည်နေရာများတွင် စိစစ်ပြီး တည်ဆောက်ခွင့်ပေးမည် ဖြစ်သော်လည်း အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အချို့နေရာများတွင်မူ ခွင့်မပြုကြောင်း သိရှိရသည်။
မဏ္ဍပ်အရွယ်အစားအလိုက် မြေအသုံး ပြုခ လမ်းတံတားကြေးံ၊ ရေဆက်သွယ်သုံးစွဲခနှင့် သန့်ရှင်းရေး ဝန်ဆောင်ခနှုန်းထားများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်ပေးသွင်းရသည်။
ပေ ၁ဝဝ ရှိသော မဏ္ဍပ်များအတွက် လမ်းတံတားကြေးနှင့် သန့်ရှင်းရေးခ ကျပ် ၁၂ဝဝဝဝ ပေးဆောင်ရပြီး ပေ ၅ဝ ရှိသောမဏ္ဍပ်များမှာ လမ်းကြေးနှင့် သန့်ရှင်းရေးခ ၈ဝဝဝဝ ပေးရသည်။ ၂၅ ပေအောက် မဏ္ဍပ်များအတွက် ကျပ် ၄ သောင်းဖြစ်သည်။ ၂ လက်မ ပိုက်ဖြင့် ရေသွယ်လိုလျှင် ကျပ် ၁ဝဝဝဝဝ ပေးရပြီး ၁ လက်မခွဲအထိ ကျပ် ၆ဝဝဝဝ ဖြစ်သည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ရခိုင်ပါတီအသစ် ရွေးကောက်ပွဲ မှတ်ပုံတင်မည်

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီအသစ်ကို လာမည့်လတွင် မှတ်ပုံတင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဖြစ်သူ၏ ပြောဆိုချက်အရ သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအင်အားစု(ရခိုင်ပြည်နယ်)ဟု အမည်ပေးထားသည့် ပါတီကို မှတ်ပုံတင်ရန် ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး လာမည့်လအတွင်း မှတ်ပုံတင်သွားမည်ဟု ပြောဆိုခြင်း ဖြစ်သည်။
“သင်္ကြန် မတိုင်ခင် သို့မဟုတ် သင်္ကြန်ပြီးမှ ပါတီမှတ်ပုံတင်ဖို့ စီစဉ်နေပါတယ်။ အခုလောလောဆယ်တော့ ဆွေးနွေးနေကြဆဲပါ” ဟု ဥက္ကဋ္ဌ ဦးအေးကြိုင်က မဇ္ဈိမကို ပြောသည်။
ဦးအေးကြိုင်သည် ၁၉၉ဝခုနှစ်မှ၂ဝဝ၂ခုနှစ်အထိတိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ တစည ၏ မြောက်ဦး မြို့နယ် စည်းရုံးရေး ကော်မတီတွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယခုပါတီအသစ်ကိုမူ ၂ဝဝ၅ ခုနှစ်ထဲတွင် စတင်ဖွဲ့စည်းချိန်မှ စတင်ကာ ရန်ကုန်တွင် နေထိုင်သည့် ၎င်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဒုဥက္ကဋ္ဌမှာ မြောက်ဦးမြို့မှ ဦးစံတင်၊ အတွင်းရေးမှူးမှာ စစ်တွေမြို့မှ ဦးမြင့်ဇော်နှင့် တွဲဖက် အတွင်းရေးမှူးမှာ ကျောက်တော်မြို့မှ ဦးမောင်အုန်းတင်တို့ ဖြစ်သည်။
ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အနက် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့များ အပါအဝင် မြို့နယ် ၁၄ မြို့နယ်တွင် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီး ပါတီဝင်အင်အား ၂ သိန်း ၄ သောင်းကျော်ရှိကြောင်း ဦးအေးကြိုင်က ပြောသည်။
“ရခိုင်ပြည်နယ်မှာသံတွဲ၊ဂွ၊မာန်အောင်ကလွဲရင် ရခိုင်ပြည်နယ်မှာ ကျန်တဲ့ မြို့နယ်တွေမှာ စည်းရုံးပြီးသားပါ။ ရန်ကုန်မှာရှိတဲ့ အဝေးရောက် ရခိုင်တွေကို စည်းရုံးနေတာ ၁၈ဝ လောက် ရှိနေပါပြီ”ဟု သူက ပြောသည်။
ရခိုင်ပါတီအသစ်များ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်မှုများ ရှိနိုင်သော်လည်း ၂ဝဝ၈ အခြေခံဥပဒေသည် တိုင်းရင်းသား အခွင့်အရေးများကို လျစ်လျူရှုထားသဖြင့် ရခိုင်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မည် မထင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
“၂ဝဝ၈ဖွဲ့စည်းပုံရယ်၊ဒီရွေးကောက်ပွဲဥပဒေအရရခိုင်ပြည်နယ်၊ရခိုင်အမျိုးသားအကျိုးကိုဘာမှလုပ်နိုင်တဲ့ အနေအထားမရှိဘူး” ဟုသူကပြောဆိုသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲဆန္ဒနယ်ပေါင်း ၂၆ နေရာ ရှိခဲ့ရာ ALD က မဲဆန္ဒနယ် ၁၁ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ကာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉ နေရာတွင် အနိုင်ရရှိကာ ဒုတိယ အများဆုံးဖြစ်သည်။
တစညနှင့် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်များအဖြစ် ယူဆရသည့် စစ်ဗိုလ်တချို့ကလည်း စည်းရုံးရေးများ လုပ်ဆောင်နေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
“သူတို့တစညတွေစည်းရုံးရေးဆင်းနေတာလွန်ခဲ့တဲ့ တနှစ်လောက် ကတည်းကပါ။ စစ်တွေမြို့ပေါ်မှာတော့ နည်းတယ်။ အဓိကက ရွာတွေကို ဆင်းတာပေါ့။ ဘာကူညီပေးရမလဲဆိုပြီး မေးမြန်းတယ်” ဟု မြို့ခံတဦးက ပြောသည်။
ကုန်စုံဆိုင် ပိုင်ရှင်တဦးကလည်း “ကျနော်တို့ ရပ်ကွက်ကို ပြီးခဲ့တဲ့လတုန်းက စစ်ဗိုလ်တချို့လာပြီးတော့ ဘာလိုလဲ၊ လမ်းပြင်ပေးရမလား၊ ကျောင်းပြင်ပေးရမလား၊ လာမေးတယ်။ အရင်က တခါမှ ဒါမျိုး လာမမေးဘူး။ ဒါပေမဲ့ မေးရုံသာ မေးတာပါ။ ဘာမှ လုပ်ပေးတာတော့ မရှိပါဘူး” ဟု ပြောသည်။
စစ်အစိုးရသည် ယခုလ ၈ ရက်နေ့က ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့အချိန်တွင် ကိုအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ကိုရဲထွန်း ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ အဖွဲ့ (မြန်မာနိုင်ငံ)နှင့် တစည ပါတီ စသည့် ပါတီများ မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည်။

မဲခေါင် ညီလာခံအတွက် လုံခြုံရေး တိုးမြှင့်မည်

ဥဆာ ဖိချိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းအစိုးရသည် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပမည့် မဲခေါင်မြစ်ဝှမ်း ကော်မရှင် ညီလာခံအတွက် ပြည်တွင်း လုံခြုံရေး ဥပဒေတရပ်ကို သက်တမ်းတိုးလိုက်သည်။
ထိုပြည်တွင်း လုံခြုံရေး ဥပဒေသည် မူလက ယခုလ ၃ဝ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း ဘန်ကောက်၊ Nonthaburiနှင့်SamutPrakanခရိုင်များအတွက် လာမည့်လ ၇ ရက်နေ့အထိတိုင်အောင် တိုးချဲ့  သတ်မှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Suthep Teuksuban က ပြောကြားခြင်း ဖြစ်သည်။
အဆိုပါဥပဒေသည်PrachuapKhiriKhanနှင့်Phetchaburiခရိုင်များပါ အကျုံးဝင်မည်ဖြစ်ကာ၊ မဲခေါင်မြစ်ဝှန်း ကော်မရှင် ညီလာခံအတွက် လေ့ကျင့်ပြင်ဆင်ထားသည့် လုံခြုံရေး ဝန်ထမ်းများ ရှိသည်ဟု ဒုဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရ၏ ဝက်ဘ်ဆိုဒ်တခုတွင် ယမန်နေ့က ဖော်ပြခဲ့သည်။
မြို့တော်ဘန်ကောက်တွင် ‘အာဏာရှင်ဆန့်ကျင်သော ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး’UDD၏ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် အဆိုပါ ဥပဒေအား ဘန်ကောက်နှင့် ပတ်ဝန်းကျင် နယ်မြေများအတွက် ယခုလ ၁၁ ရက်နေ့မှစတင်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ရှပ်နီဝတ်UDDသည် ပြည်ပသို့ ထွက်ပြေးခိုလှုံနေသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံသော အဖွဲ့လည်း ဖြစ်သည်။
ညီလာခံအား Prachuap Khiri Khan ရှိ ဟွာဟင်းခရိုင် (Hua Hin) တွင် ကျင်းပမည်ဟု သိရသည်။
လက်ရှိအချိန်အထိ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအို နိုင်ငံများမှ ဝန်ကြီးချုပ်များသည် ညီလာခံတက်ရောက်ရန် သေချာနေပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကိုမူ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ရန် ဖိတ်ကြားထားသည်။



လေပြင်းကြောင့် ဖလမ်း နေအိမ် ၁၂ လုံး ပျက်စီး

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ချင်းပြည်နယ် ဖလမ်းမြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာအချို့၌ ယနေ့ နံနက်ပိုင်းတွင် မိုးသက်လေပြင်း ကျရောက်သဖြင့် နေအိမ် ၁၂ လုံး ပျက်စီးကာ ဦးရေ ၄ဝ ခန့် လေဘေးဒုက္ခသည် ဖြစ်ရကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ယနေ့နံနက် ၂ နာရီခန့်တွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်ခဲ့ရာ ဖလမ်းမြို့ပေါ်ရှိ မယက ရုံးနှင့် ဆေးရုံ အပါအဝင် နေအိမ် ၆ လုံး၊ မြို့အနောက်ဘက် ၃ မိုင်ခန့်ရှိ လိုင်ဇိုးရွာတွင် နေအိမ် ၄ လုံး၊ ၎င်းရွာနှင့် ကပ်လျက်ရှိသည့် ဇာလိုင်ရွာတွင် နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ၄ဝ ခန့် လေဘေးသင့်ခဲ့ခြင်း ဖြစ်သည်။
“လေတအားတိုက်တယ်။ မိုးကလည်း သဲ၊ မိုးသီးလည်း ကျတယ်။ မယက ရုံးနား သစ်ပင်လဲတော့ မယကရုံးကို ရိုက်တယ်။ အားလုံးပေါင်း အိမ်ခြေ ၆ လုံး ပျက်စီးတယ်။ မယက ရုံးကတော့ အသစ်ပြန်ဆောက်ရမယ်”ဟု ဖလမ်းမြို့ပေါ် ဒေသခံတဦးက ဖလမ်းမြို့ပေါ် အခြေအနေနှင့် ပတ်သက်၍ မဇ္ဈိမကို ပြောသည်။
ဖလမ်းဆေးရုံမှ ဝန်ထမ်းတဦးကလည်း “တောင်ပေါ်ရွာဆိုတော့ လေတိုက်တာ မခံနိုင်ဘူးလေ။ အိပ်ရာဝင်ပြီး ခဏနေ လေတိုက်တယ်။ မိုးလည်း တအားသဲတယ်။ ဆေးရုံခေါင်မိုး သွပ်ချပ်တွေ လွင့်သွားတယ်။ တကယ်ကြောက်ဖို့ ကောင်းတယ်။ ဆေးရုံက လူနာတွေဆို တအားလန့်နေကြတယ်” ဟု မဇ္ဈိမကို ပြောသည်။
လေပြင်းသည် တစထက်တစ အားလျော့သွားကာ နံနက် ၅ နာရီခန့်တွင် ငြိမ်သက်သွားခဲ့သည်။ လေဘေးဒုက္ခသည်များသည် ဆွေမျိုးသားချင်းများထံတွင် စုပေါင်းနေထိုင်လျက်ရှိပြီး၊ ရပ်ကွက်လူငယ်များ၏ ဦးဆောင်မှုဖြင့် ဆေးရုံနှင့် နေအိမ်များအား ပြန်လည်ပြုပြင်နေသည်။
အလားတူပင် အိမ်ခြေ ၆ဝ ခန့်ရှိ လိုင်ဇိုး laizo ရွာတွင်ပါ အဆိုပါ လေပြင်းတိုက်သဖြင့် ပျဉ်ထောင်သွပ်မိုး မူကြိုကျောင်း အပါအဝင် နေအိမ် ၄ လုံး၏ သွပ်ခေါင်မိုးများ လွင့်စင်ကုန်သည်။
“မနက် ၂ နာရီ နီးပါးလောက်က လေတိုက်တာပါ။ မူကြိုကျောင်းလည်း ခေါင်းမိုး အကုန်လွင့်ထွက်တယ်။ အားလုံး အိမ်ခြေ ၄ လုံး ပါတယ်။ ရွာထဲ သစ်ပင်တွေလည်း အများကြီး လမ်းပေါ်မှာ လဲနေတယ်” ဟု ကျေးရွာလူကြီး တဦးက မဇ္ဈိမကို ပြောသည်။
မူကြိုကျောင်းကို ယနေ့နံနက်ပိုင်း၌ပင် ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ပျက်စီးနေသည့် နေအိမ်များကိုလည်း အလျင်အမြန် ပြုပြင်နေသည်။
ထို့အပြင် လိုင်ဇိုးနှင့် ကပ်နေသည့် ဇာလိုင် Zalai ကျေးရွာတွင်လည်း လေပြင်းကြောင့် အိမ် ၂ လုံး ပျက်စီးခဲ့ရာမှ ရွာသား ၁၂ ဦး အိုးအိမ်မဲ့ ဖြစ်သွားသည်။
“ဒီမနက် ၂ နာရီလောက်က လေတအားတိုက်တယ်။ မနက်မိုးလင်းမှ အိမ် ၂ လုံး ပျက်တာ မြင်ရတယ်။ အိမ်ကတော့ အကုန်ပျက်တယ်။ သူတို့က အခု တဲထိုးပြီးနေတယ်” ဟု ဇာလိုင်ကျေးရွာမှ ရွာသားတဦးက မဇ္ဈိမကို ပြောသည်။
လေဘေးဒုက္ခသည်များ၏ နေအိမ်များအား ကျေးရွာလူကြီးများက အသစ်ဆောက်ပေးရန် စီစဉ်နေကြောင်း သူက ဆက်ပြောသည်။
ယခုနှစ်အတွင်း ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ယခုလို အပျက်အစီးများသည့် လေပြင်းတိုက်ခတ်မှု ဖြစ်သည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိကပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်လည်း ယခုလ ၂၈ ရက်နေ့ ညပိုင်းနှင့် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေပေါင်း ၁ဝ၇၈ အိမ် ပျက်စီးခဲ့ကာ၊ လူဦးရေထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း မီဇိုရမ်မြို့တော် အိုက်ဇောမြို့အခြေစိုက် Vanglaini သတင်းစာက ယခုလ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

NLD ဆုံးဖြတ်ချက်အပေါ် အိန္ဒိယမှ အမျိုးမျိုး တုံ့ပြန်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၀၈ မိနစ် .
နယူးဒေလီ။ ။ အိန္ဒိယ ပါလီမန်အမတ်များသည် မြန်မာစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အား ထောက်ခံချီးကျူးလိုက်ကြသည်။
ယခုလ ၂၉ ရက်နေ့တွင် ချမှတ်ခဲ့သော NLD ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲ ကျင်းပပေးခြင်းအားဖြင့် အာဏာကို စစ်တပ်က ဆက်လက် ထိန်းချုပ်ရန် ကြံစည်မှုအား အံတုစိန်ခေါ်လိုက်သည့် ရဲရင့်ပြတ်သားသော ခြေလှမ်းအဖြစ် အိန္ဒိယ ပါလီမန်အမတ်များ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆိုင်ရာ ဖိုရမ် Indian Parliamentarians Forum for Democracy in Burma (IPFDB) က ပြောကြားခြင်း ဖြစ်သည်။
IPFDB အား ကမကထပြု စီမံသူ Sharad Joshi က NLD ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲအား သပိတ်မှောက်ရန်အတွက် ကြီးကျယ်သော ခြေလှမ်းတရပ်ဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိခြင်း၊ တဖက်သတ် ဆန်လွန်းသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်၍ သုံးသပ်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်NLDကလာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် သူက ထောက်ခံသည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLDရုံးချုပ်တွင် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ အစည်းအဝေးအပြီးတွင် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယခုလ ၈ ရက်နေ့မှ စတင်၍ ထုတ်ပြန်ကြေညာခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား သက်ဆိုင်ရာ ပါတီများတွင် ပါဝင်ခွင့် မရရှိစေရန် ကန့်သတ်ထားသည်။
ထိုဥပဒေများအရ အကယ်၍ NLDအနေဖြင့် ရွေးကောက်ပွဲဝင်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျခံနေရသော NLD ဗဟို ကော်မတီဝင်၊ အဖွဲ့ဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမည်ဖြစ်သည်။
IPFDB က NLD ဆုံးဖြတ်ချက်အား ထောက်ခံခဲ့သော်လည်း မူဝါဒရေးရာ သုတေသန ဌာန တခုဖြစ်သည့် နယူးဒေလီအကြံပေးပညာရှင်အဖွဲ့ကမူ NLDသည် နိုင်ငံရေးအခွင့်အလမ်း တခုဖြစ်သည့် ရွေးကောက်ပွဲအား ကျောခိုင်းခြင်းအားဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်၏ အပြင်ဘက်သို့ ရောက်ရှိစေမည့် အမှားမျိုး ကျူးလွန်ခဲ့ကြောင်း ဝေဖန်ပြောဆိုသည်။
ထိုဌာန၏ အရှေ့မြောက်ပိုင်းဒေသ လေ့လာရေးနှင့် မူဝါဒရေးရာ သုတေသန စီမံခန့်ခွဲရေး တာဝန်ရှိသူဖြစ်သည့် SanjayHazarikaကNLDအနေဖြင့် ပါတီခေါင်းဆောင်များ၏ အရေးထက် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အလေးထား စဉ်းစားသင့်ကြောင်း မဇ္ဈိမကို ပြောပြသည်။
NLD အနေဖြင့် ရွေးကောက်ပွဲဝင်လိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ပစ်လိုက်ရမည်မှာ ကံဆိုးမှုတရပ် ဖြစ်သော်လည်း ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန် အခွင့်အလမ်း ရရှိစေလိမ့်မည်ဟု သူက ဆက်ပြောသည်။
ထို့အပြင် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် စစ်အစိုးရကို ရင်ဆိုင်နိုင်သည့် အခြား အဖွဲ့အစည်း မရှိတော့သဖြင့် ရွေးကောက်ပွဲသည် ၎င်းကို ရင်ဆိုင်အံတုရန် အကောင်းဆုံး အခွင့်အလမ်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။
ယခုလို အခွင့်အရေးမျိုး နောက်ထပ်တကြိမ် ထပ်မံပေါ်ပေါက်ချင်မှ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် အကယ်၍ ပေါ်ပေါက်လာခဲ့လျှင်လည်း နောက်ထပ် အချိန်မည်မျှ အကြာတွင်မှ ပေါ်ပေါက်လာမည်ကို မသိနိုင်ကြောင်း Hazarikaက ပြောသည်။ မိမိပြည်သူများအား ပစ်ခတ်နှိမ်နင်းခဲ့သည့် စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ နောက်တကြိမ် ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်မနေသင့်ကြောင်းပါ သူက ပြောသည်။
NLD၏ရှုထောင့်မှကြည့်လျှင်မူပါတီအားထပ်မံမှတ်ပုံတင်ခြင်း မပြုလုပ်လျှင် ပါတီ ပျက်ပြယ်သွားမည်ဖြစ်ပြီး၊ ပါတီအားထပ်မံမှတ်ပုံတင်ခဲ့လျှင်မူဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံတဝှန်းရှိအကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့်အခြားပါတီခေါင်းဆောင်များအားစွန့်လွှတ်ရမည်ဖြစ်သဖြင့်အလွန်ခက်ခဲသော အခြေအနေတရပ်ပင် ဖြစ်သည်။

သြစတြေးလျရောက် မြန်မာများ ဆန္ဒပြ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ သြစတြေးလျနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီလိုလားသူများက ရွေးကောက်ပွဲ ဥပဒေများကို ဖျက်သိမ်းပေးရန် ကင်ဘာရာမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။
Joint Action Committee For Democratic Burma- JACDB ပူးပေါင်းအဖွဲ့မှ ဦးဆောင်သည့် ဆန္ဒပြသူ ၆ဝ ဦး က သြစတြေးလျအစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့၌ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲထိ တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“အဓိကကတော့တဖက်သတ်မတရားထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲဥပဒေကိုဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ။ နောက်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတရပ်ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပါဝင်ခွင့်ပြုဖို့ပေါ့နော်” ဟု JACDB အတွင်းရေးမှူး ကိုအောင်နိုင်က မဇ္ဈိမကို ပြောသည်။
JACDB အဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF (သြစထြေးလျ ဌာနခွဲ)၊အမျိုးသားဒီမိုကရေစေီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)သြစထြေးလျဌာနခွဲ၊မွန်နေရှင်နယ် ကောင်စီ၊ သြစထြေးလျရောက် ကရင်အဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့ဖြင့် ပေါင်းဖွဲ့ထားခြင်းဖြစ်သည်။
စစ်အစိုး၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်၍ ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံကြသည့် ယင်းဆန္ဒပြသူများက လက်ကိုင်ပိုစတာများ ကိုင်ဆောင် ထားကြပြီး“မတရားသည့်ရွေးကောက်ပွဲဥပဒေအလိုမရှိ”“စစ်အစိုးရဖြုတ်ချရေးဒို့အရေး”စသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးက ဆန္ဒပြသူများ၏ ကြေညာချက်ကို လက်မခံခဲ့သော်လည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများသို့လည်း ပေးပို့သွားမည်ဟု ဆိုသည်။
ယခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် မြန်မာရေတပ်နှင့် သြစတြေးလျ တော်ဝင်ရေတပ်တို့ ပူးတွဲကာ အိန္ဒိယသမုဒ္ဒရာ ကပ္ပလီကျွန်းစုရှိ ပို့ဘလဲယား ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်မှုများ ပူးတွဲပြု လုပ်ခဲ့ သည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဗင် စမစ် ကလည်း ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိနိုင်ကြောင်း ပြောဆိုထားသည်။
ရွေးကောက်ပွဲတွင်NLDအပါအဝင် ပါဝင်သင့်သည့် နိုင်ငံရေးအင်အားစုများအားလုံး ပါနိုင်စေရန် စစ်အစိုးရက လမ်းဖွင့်ပေးရမည်ဖြစ်ပြီး သြစတြေးလျအစိုးရအနေဖြင့် အမေရိကန်အပါအဝင် မြန်မာ့ အရေး မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက် တွန်းအားပေးသွားမည်ဟုလည်း ဆိုသည်။
ယခင်တပတ်ကကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံ်ရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီဘောင်ဒေါင်းက မြန်မာ့အရေးကို ဆွေးနွေးစရာမလိုကြောင်း ပြောကြား ခဲ့သဖြင့် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံရေးအင်အားစု ၁၇ ဖွဲ့ဖြင့် ကလည်း တိုကျိုအခြေစိုက် တရုတ်သံရုံးရှေ့ တွင် တနေ့ ၂ နာရီခန့် ပူးပေါင်းဆန္ဒပြနေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။
“တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေဘက်က ထောက်ခံပေးနေမှုတွေရပ်ဖို့ ‘Stop China Support to Burma Regime’ ‘China Should be a good Neighbor’ ‘Free Aung San Suu Kyi’ စတဲ့ ဆိုင်းဘုတ်တွေကိုထောင်ပြီးအော်ဟစ်တောင်းဆိုခဲ့ကြပါတယ်”ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ Fedrationofworkers'unionofBurmesecitizens(inJapan)-FWUBဒုဥက္ကဋ္ဌကိုဘုန်းလှိုင်ကမဇ္ဈိမကို ပြောသည်။
ဂျပန်နိုင်ငံရှိယင်းဆန္ဒပြပွဲကိုJointActionCommitteeofBurmese(JAC)ပူးပေါင်းအဖွဲ့မှ ဦးဆောင် ကာ ယခုတပတ် သောကြာနေ့ထိ ဆက်တိုက်ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။
စစ်အစိုးရ၏တရားမျှတမှုမရှိသောဥပဒေများကိုအခြေခံ၍ပြုလုပ်မည့်လာမည့်ရွေးကောက်ပွဲကို ဂျပန်အစိုးရက ကန့်ကွက်ပေးရန်၊ စစ်အစိုးရအား ထောက်ပံ့ကူညီမှုများ မလုပ်ရန် ဥပဒေဖြင့် အတည်ပြု ပေးရေးနှင့် သံတမန်အဆင့် လျှော့ချသည်အထိ အရေးယူသွားရန် အဝေးရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-ဂျပန်နိုင်ငံက တိုကျိုမြို့တွင် ယနေ့ပြုလုပ်မည့် ဂျပန်လွှတ်တော် အမတ်များသမဂ္ဂ အစည်းအဝေး တွင် တိုက်တွန်းမည်ဟုလည်း သိရသည်။
အန်အယ်ဒီပါတီကမူ “နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း”၊ “ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်” တို့ကို ယခုလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီး အဖွဲ့ဝင်များ အစည်းအဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ဦးရဲမင်း

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၃ မိနစ် .

ဦးရဲမင်း
(ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ၊ ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
အမည် ဦးရဲမင်း
ရာထူး ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ (၂ဝဝ၅ - လက်ရှိ)
အဖွဲ့အမည် ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
မွေးသက္ကရာဇ် ၁၂. ၁. ၁၉၅၂
မွေးရပ်ဇာတိ လှည်းတန်းရပ်၊ အနှိပ်တော် အုပ်စု၊ နန်းတော်ရှေ့နယ်မြေ၊ မန္တလေးတိုင်း
မိဘများအမည် ဦးမောင်ကို၊ ဒေါ်အေးရ
မွေးချင်း မရှိ
ဇနီးအမည် ဒေါ်နန်းရွှေကြာ
သားသမီး ၃ ဦး (သား တဦး၊ သမီး ၂ ဦး)
လက်ရှိလိပ်စာ လှည်းတန်းရပ်၊ အနှိပ်တော် အုပ်စု၊ နန်းတော်ရှေ့နယ်မြေ၊ မန္တလေးတိုင်း
ပညာအရည်အချင်း မန္တလေးမြို့ စိန့်ပီတာ ခရစ်ယာန် သာသနာပြုကျောင်းမှ ၁၉၇ဝ-၇၁ ခုနှစ်တွင် ၁ဝ တန်းအောင်မြင်ခဲ့။မန္တလေးတက္ကသိုလ်သို့၁၉၇၁ -၇၂ ပညာသင်နှစ်တွင် ဒဿနိကဗေဒ (ပထမနှစ်) တက်ရောက်ပြီးနောက် ကျောင်းထွက်ခဲ့။
နိုင်ငံရေးလောကသို့
ရောက်ရှိလာပုံ ၁၉၈၉ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ဝင်ရောက်ခဲ့။
ပါဝင်ခဲ့ဖူးသည့် အဖွဲ့များ မန္တလေးတိုင်း အနောက်တောင်နယ်မြေ NLD ဥက္ကဋ္ဌ (၁၉၈၉ - ၂ဝဝ၃)။
တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်(၁၉၈၉-၂ဝဝ၃)။၂ဝဝ၃ခုနှစ်တွင်အဖွဲ့ချုပ်နှင့်သဘောထား မတိုက်ဆိုင်သဖြင့်နုတ်ထွက်ခဲ့။
ထိန်းသိမ်းခံခုနှစ် ၁၉၉၅ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိ စစ်ထောက်လှမ်းရေး၏ ထိန်းသိမ်းမှု ၅ ကြိမ် ခံရခဲ့။

ဝင်ရောက်ယှဉ်ပြိုင်မည့်

နယ်မြေ မန္တလေးတိုင်း။
ပါတီဝင် ပါတီဝင်အင်အား ၁၅ဝဝဝ နှင့် ၂ဝဝဝဝ ကြား

ပါတီအတွက် ပြင်ဆင်ထားသည့် လက်ရှိ အခြေအနေ

''လက်ရှိပြင်ဆင်မှုအနေအထားကတော့ဗဟိုဦးစီးအဖွဲ့တိုးချဲ့တယ်။ပထမခေါင်းဆောင်၊ဒုတိယ ခေါင်းဆောင်တွေတော့မရွေးရသေးဘူးခင်ဗျ။ဗဟိုအလုပ်အမှုဆောင်၁၅ ဦးတော့အကြမ်းဖျင်း ရွေးချယ်ပြီးသွားပါပြီ။ နောက်တပတ်အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ အစီအစဉ် ရှိပါတယ်''

ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်းရင်း

“လောလောဆယ် ပြည်သူတွေမှာ ဒီနေ့ဖြစ်ပေါ်နေတဲ့ဟာတွေကို လမ်းဘေးမှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ကွယ်ရာမှာ စစ်တပ်မကောင်းကြောင်း ထိုင်ပြောတဲ့ အဆင့်ကလွဲလို့ ဘာမှ လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ဝင်တယ်ဆိုတာက လွှတ်တော်မှာ တရားဝင် ကျနော်တို့က ပြောလို့ရတယ်။ ပြင်လို့မရဘူးဆိုတာ မရှိပါဘူး။ လူဆိုတာ ဘာလုပ်လုပ် ပြင်လို့ရပါတယ်။ ကျနော်တို့ ဒီလို လွှတ်တော်ထဲမှာ ပြောမယ်ဆိုရင် ဂုဏ်သိက္ခာလည်း ရှိပါတယ်။ တရားလည်း ဝင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲ ဝင်ရခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြင်ပမှာ နေလို့ရှိရင် ကျနော့်အမြင် ပြောရမယ်ဆိုလို့ရှိရင် ပိုပြီး ဝေးသထက် ဝေးသွားမှာပါ။ ဒါကြောင့်မို့ NLD ရွေးကောက်ပွဲ မဝင်ဘူးဆိုတော့ ကျနော် စိတ်မကောင်းပါဘူး။ ကျနော့် မိတ်ဆွေတွေ၊ ကျနော့်သူငယ်ချင်းတွေ ပြောတယ်။ အဲဒီလမ်းကြောင်းပေါ်မှာဆိုရင် သိပ်ပြီးတော့ ပြည်သူလူထုအတွက်လည်း မကောင်းဘူး၊ အစိုးရအတွက်လည်း မကောင်းပါဘူး။ အဲဒီတော့ လိုအပ်တဲ့၊ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းဆိုရင် ရွေးကောက်ပွဲကို မဖြတ်သန်းရင်တော့ မရပါဘူး။ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းရမှာပါပဲ။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် စောင့်ကြည့်မယ်တို့၊ အကဲခတ်မယ်တို့၊ နေပါဦးတို့ ဆိုတာတွေက နောက်ကျနေပြီ။ အဲတော့ ကျနော်တို့က ပထမဆုံး စလှမ်းတဲ့ ခြေလှမ်းကိုပဲ အရင်ဦးအောင် လှမ်းချင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ ဝင်တာပါ”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား

“’ဒီမိုကရေစီနိုင်ငံပီပီပြင်ပြင်မဖြစ်သေးသော်ငြားလည်းအကြမ်းထည်ပေါ့လေ၊ပေါ်ပေါက်လာမှာပါ။ တဆင့်ချင်းသွားရမှာပါ။ကျနော်တို့နိုင်ငံကဒီမိုကရေစီနိုင်ငံမဟုတ်ဘူး။တပ်မတော်အစိုးရက စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ။သို့သော်လုပ်ပေးဖော်ရတဲ့လူတွေကိုကျေးဇူးတင်ပါတယ်။ဒါဟာအကြမ်းထည်ပေါ့။ နောက်ဆိုရင်တော့ကျနော်တို့လိုချင်တဲ့လမ်းကြောင်းဆီကို ဖြည်းဖြည်းမှန်မှန်နဲ့ ရောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ရွေးကောက်ပွဲပြီးတဲ့အခါအာဏာလွှဲမယ်လို့ယုံကြည်ပါတယ်။မျှော်လင့်ပါတယ်။၂၅ ရာခိုင်နှုန်းသူတို့ယူပြီးပြီပဲ။ကျန်တဲ့၇၅ရာခိုင်နှုန်းကျနော်တို့ကိုပေးပြီးသား။သူတို့တရားဝင်ကိုပြောပါတယ်။ ဒီတခါတော့ အာဏာလွှဲမှာပါ။ ယုံကြည်ပါတယ်။ ယုံကြည်လို့လည်း ရွေးကောက်ပွဲ ဝင်တာပါ”

အာဏာရခဲ့ပါက ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

“ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ ဘဝပြဿနာတွေကို ကျနော်တို့က လွှတ်တော်မှာ တင်ပြလို့ရတယ်။ ကျနော်တို့က ပြည်သူထဲမှာနေတော့ ပြည်သူတွေ အခက်အခဲ ဘာရှိတယ်ဆိုတာ လွှတ်တော်မှာ တင်ပြနိုင်တယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တင်ပြလို့ ရတယ်။ ကျနော်တို့က ပြည်သူတွေနဲ့ အမြဲတမ်း ထိတွေ့နေရတော့ ဒီနေ့လူတွေဟာ နိုင်ငံရေး သိပ်စိတ်မဝင်စားကြတော့ဘူး။ စားဝတ်နေရေးက သိပ်ခက်တယ်။ လူတိုင်းဟာ နိုင်ငံရေးကို စိတ်ဝင်စားမှ ဒီတိုင်းပြည်က တိုးတက်မှာ။ ကျနော်တို့က လူတိုင်းပညာတတ်အောင်၊ လူတိုင်း အသိဥာဏ်တွေ ဖွံ့ထွားလာအောင် လုပ်ကြရမယ်။ ဒီအတိုင်း ပစ်ထားလို့ရှိရင် ပိုဆိုးသွားမှာမို့လို့ ပြောစရာရှိတာ ကျနော်တို့ ပြောမယ်။ ပြင်တာ မပြင်တာ၊ လုပ်တာ မလုပ်တာကတော့ တပိုင်းပေါ့ဗျာ။ ကျနော်တို့ ဒီမှာ အခက်အခဲတွေ ရှိတဲ့အကြောင်းကို တရားဝင် တင်ပြလို့ရတာပေါ့”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်

“ဒီကနေ့ လက်ရှိ ဈေးကွက်စီးပွားရေးစနစ်ကို နိုင်ငံတော်က ဖော်ဆောင်နေတာ ကောင်းပါတယ်။ သို့သော် စစ်အစိုးရ ဖြစ်နေတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော် အစိုးရ၊ စစ်အစိုးရဆိုတော့ ထင်သလောက် သူတို့အကူအညီတွေ ဒီလောက်မပေးကြဘူးလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။ အရပ်သား အစိုးရဖြစ်လာမယ်ဆိုရင် ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာမယ်။ အဲတော့ ပွင့်လင်းလာပြီဆိုလို့ရှိရင် ဟိုးအရင် အနေအထားတွေ ထက်တော့ ပိုကောင်းလာမယ်လို့ ကျနော် ဒီလိုပဲ မြင်ပါတယ်”

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အပေါ် သဘောထား

“၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်ကိုယ်တိုင်ပဲ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဝင်လုပ်ခဲ့ပါတယ်။ ပြည်သူလူထုကြားမှာ လွယ်အိတ်တလုံးနဲ့ ငှက်ပျောသီးထည့်ပြီး ရေဘူးနဲ့ပဲ သွားပြီး အိမ်ပေါက်စေ့ဝင်ခဲ့ပါတယ်။ လူထုက တာဝန်ကျေပါတယ်။ အနိုင်ရတဲ့ ပါတီအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ညင်ညင်သာသာနဲ့ ဆွေးနွေးနိုင်တဲ့ အနေအထားတွေ လိုနေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီမိုကရေစီ မရခဲ့တာပါ။ သူတို့လုပ်နေတာတွေ ကျနော်တို့လည်း ပါပါတယ်။ တပ်မတော်ကို ထိပ်တိုက်တွေ့မယ်၊ ရင်ဆိုင်မယ်ဆိုရင် ပိုဆိုးခဲ့တာပဲ။ နောင်ဆိုလည်း အဲလိုလုပ်နေရင် ပိုဆိုးမှာပဲ။ သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လိုအပ်တဲ့ ကိုယ်လိုချင်တဲ့ဟာကို ကိုယ့်ဘက်ကလည်း လျော့ပြီး၊ သူတို့ဘက်ကလည်း လျော့အောင်ပြော။ ဒီလို မဟုတ်ဘဲ သဘောထားတွေ တင်းမာပြီးတော့ တဖက်နဲ့ တဖက် မလျော့ကြတော့ နောက်ဆုံး ပြည်သူရွေးချယ်တဲ့ အစိုးရက ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲက အလဟဿ ဖြစ်ခဲ့ရပါတယ်။ အင်မတန် ကြေကွဲစရာ ကောင်းပါတယ်”

၂ဝဝ၈ အခြေခံ ဥပဒေအပေါ် သဘောထားအမြင်

“တပ်မတော်ကအာဏာပိုင်တွေချုပ်ကိုင်ထားတာကိုကျနော်တို့ကလက်မခံလို့မရဘူး။လက်ခံရမယ်။ တောက်လျှောက်တန်းပေးရင်ကျနော်တို့တိုင်းပြည်အကြောင်းကျနော်တို့ပိုသိပါတယ်။ဒီလိုလုပ်မပေးဘဲနဲ့ ကျနော်တို့ကဥရောပနိုင်ငံတွေလို၊အင်္ဂလန်တို့၊အမေရိကန်တို့လိုတောက်လျှောက်ပေးလို့မရသေးဘူးခင်ဗျ။ တပ်မတော်က ဒီလိုချုပ်ကိုင်ပြီးရင် ဖြည်းဖြည်းချင်း လွှတ်ပေးမှာပါ။ ဒီလိုမချုပ်ကိုင်ရင်လည်း ကျနော်တို့ တိုင်းပြည်က မရဘူးလို့ ရိုးသားစွာ ယုံကြည်ပါတယ်။ အတိတ်ခေတ်ကို ပြန်ကြည့်မယ်ဆိုရင် ဖဆပလ၊ ပထစ ခေတ်တည်းကလည်း ဒီလိုဖြစ်ခဲ့တာပဲ။ အခုတော့ ဘာပဲပြောနေနေ ရတဲ့အခွင့်အရေးလေးကိုယူပြီး ပြောင်းသွားရင်တော့ ရမယ်လို့ ကျနော် ယုံကြည်ပါတယ်”

ဦးအေးကြိုင်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၁၃ မိနစ် .

ဦးအေးကြိုင်
(ဥက္ကဋ္ဌ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု - ရခိုင်ပြည်နယ်)
အမည် ဦးအေးကြိုင်
မိဘ ဦးအောင်မြဦး၊ ဒေါ်မြဝင်း
မွေးသက္ကရာဇ် တော်သလင်းလဆန်း ၁၂ ရက်၊ ၁၃၁၄ ခုနှစ်
မွေးချင်း ၂ ဦးအနက် အငယ်ဆုံး
မွေးရပ် ဘောက်ရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်။
ပညာရေး မြောက်ဦး အထက်တန်းကျောင်းမှ ၉ တန်းထိ သင်ကြားခဲ့
မိသားစု ဇနီးနှင့် သားသမီး ၄ ဦး
အလုပ်အကိုင် ဥက္ကဋ္ဌ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)
နေရပ်လိပ်စာ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့

ပါတီ အဖွဲ့အစည်း

"ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအင်အားစု(ရခိုင်ပြည်နယ်)ကိုပါတီအဖြစ်မှတ်ပုံတင်ပြီး ပါတီအကျိုးအတွက်ရွေးကောက်ခံမည့်ကိုယ်စားလှယ်လောင်းများကိုပံ့ပိုးသွားမည်။ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရန်မဆုံးဖြတ်ရသေး"

နိုင်ငံရေး နောက်ခံ

“ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ဥက္ကာကျော် ကျေးရွာအုပ်စုတွင် အများရွေးချယ်တင်မြှောက်သော သမဝါယမ အတွင်းရေးမှူးနှင့် စိုက်ပျိုးမွေးမြူရေး ဘဏ်တွင် ဥက္ကဋ္ဌအဖြစ် ၁၉၇၅ မှ ၁၉၈၂ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ၁၉၈ဝ မှ ၁၉၈၈ ခုနှစ်အထိ အများရွေးချယ်တင်မြှောက်ရသော ခေတ်ပြိုင် ဥက္ကဋ္ဌနှင့် ပူးတွဲတာဝန်အပါ တပါတီခေတ် ပြည်သူ့ကောင်စီတွင် (အုပ်စု)EC၃ ဦးအနက် တဦးဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစမှ ၂ဝဝ၂ ခုနှစ်ထိ မြောက်ဦးမြို့နယ် တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ)၏ စည်းရုံးရေး ကော်မတီဝင်ဖြစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ ကျောင်းတော်သားများအဖွဲ့တွင် ဗဟိုကော်မတီ တာဝန်နှင့် ရခိုင်ပြည်နယ် တာဝန်ခံလုပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ် ဒေသခံများ၏ ဆန္ဒအရ ယနေ့အထိ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည်”

ရွေးကောက်ပွဲဝင်မည့် ရည်ရွယ်ချက်

“ပါတီစုံဒီမိုကရေစီဖြစ်ပေါ်ဖို့လမ်းစဖြစ်တဲ့၂ဝ၁ဝရွေးကောက်ပွဲဆိုတဲ့အခွင့်အရေးတခုကို လက်လွှတ်မခံသင့်ဘူးလို့ ယူဆလို့”

လက်ရှိ နအဖ အစိုးရအပေါ် သဘောထား

“နအဖက၂ဝဝ၈မှာအခြေခံဥပဒေထုတ်ပြန်ပြီးရွေးကောက်ပွဲလုပ်မယ်လို့ပြောထားလို့၂ဝ၁ဝမှာ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်”

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့လျှင် လူထုအတွက် ပြုလုပ်ပေးမည့် အရာ

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အခါ ရေရှည်တည်တံ့ခိုင်မြဲနိုင်ဖို့အတွက် တနိုင်ငံလုံးမှာ အရင်းရှင် လူတန်းစား၊ အလယ်အလတ် လူတန်းစား၊ အလုပ်သမား လူတန်းစားရှိဖို့ လိုအပ်တယ်။ ဒီ ၃ ရပ်မှာ အလုပ်လက်မဲ့တွေ ပပျောက်ပြီး လူလတ်လူတန်းစားတွေက အခုထက် ပိုတိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တယ်လို့ သုံးသပ်ထားတယ်။ အဲဒါကြောင့် ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ စဉ်းစားထားပါတယ်”

လက်တလော ဖြေရှင်းသင့်သည့် မူဝါဒ

“ကျနော်တို့ အဖွဲ့မှာ လမ်းစဉ်တခု ရှိတယ်။ အဲဒါက အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ပါ။ ကမ္ဘာပေါ်မှာ လူတွေ ရှိနေသ၍တော့ ဒွိဟတွေ ရှိနေမှာပါ။ သို့သော် နှစ်ဖက်အကျိုးရှိမယ့် ကိစ္စတွေကို အချိန်အခါအလိုက် ဆောင်ရွက်သွားသင့်တယ်”

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်

“သတင်းလွတ်လပ်ခွင့်ဆိုတဲ့နေရာမှာကိုယ်ရထားတဲ့သတင်းကမှန်ကန်တိကျဖို့၊လက်တွေကျဖို့လိုတာပေါ့။ မိမိနဲ့နီးစပ်တဲ့လူဆီကရပြီးမှန်မမှန်မသိဘဲရေးတာမျိုးမဖြစ်သင့်ဘူး။ပုတ်ခတ်ရေးသားခြင်းမျိုးမဟုတ်ဘဲ၂ ဖက်အကျိုးရှိအောင်ရေးကြဖို့လိုပါတယ်”

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအပေါ် သဘောထား

“ညီလာခံကထွက်လာတဲ့ဥပဒေဆိုတော့မည်သူမဆို၊မည်သည့်အဖွဲ့မဆိုအကြွင်းမဲ့မှန်တယ်ဆိုတာတော့ မရှိနိုင်ဘူး။သို့သော်မြန်မာနိုင်ငံရဲ့ပကတိလူမှုဘဝအခြေအနေအရဒီအချိန်မှာလက်ခံသင့်တယ် ထင်လို့လည်းရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်သွားတာ”

အဖွဲ့ လှုပ်ရှားမှု

“ရခိုင်ပြည်နယ်မှာသံတွဲ၊ဂွ၊မန်အောင်ကလွဲရင်ရခိုင်ပြည်နယ်မှာကျန်တဲ့မြို့နယ်တွေမှာစည်းရုံးပြီးသားပါ။ အဖွဲ့ဝင်အင်အား၂သိန်း၎သောင်းကျော်နဲ့ရန်ကုန်မှာရှိတဲ့အဝေးရောက်ရခိုင်တွေကိုစည်းရုံးနေတာ၁၈ဝ လောက်ရှိနေပါပြီ။ရုံးချုပ်ကတော့ရန်ကုန်တာမွေမြို့နယ်မှာထားရှိပြီးစစ်တွေမြို့နယ်မှာ ရုံးခွဲထားရှိပါတယ်။ သင်္ကြန်မတိုင်ခင်သို့မဟုတ်သင်္ကြန်ပြီးမှပါတီမှတ်ပုံတင်ဖို့စီစဉ်နေပါတယ်။အခုလောလောဆယ်တော့ ဆွေးနွေးနေကြဆဲပါ”

dinsdag 30 maart 2010

NLD ရှေ့ရေး ထင်ကြေး အမျိုးမျိုးပေး

ကိုထွေး Tuesday, March 30, 2010
.ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ် ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုပါက တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်း ခံရမည် ဖြစ်သောကြောင့် ပါတီ၏ ရှေ့ရေးနှင့် ပတ်သက်၍ လေ့လာ သူများက ထင်ကြေး အမျိုးမျိုး ပေးလျက် ရှိသည်။
မတ်လ ၂၉ ရက်နေ့ သမိုင်းဝင် ဆွေးနွေးပွဲတွင် တွေ့ရသော NLD ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)
ဒေါ်အောင်ဆန်းစုကြည်က တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေ အောက်တွင် ပါတီ မှတ်ပုံတင်ရေး အတွက် စဉ်းစားခဲ့ခြင်း လုံးဝ မရှိကြောင်း ပြောကြားခဲ့ပြီး ၆ ရက် အကြာတွင် NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ ဦးတို့က တနင်္လာ နေ့တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပါတီ ပြန်လည် မှတ်ပုံ တင်ခြင်း မပြုလုပ်ရန်၊ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ် လိုက်ကြခြင်း ဖြစ်သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ နိုင်ငံတကာနှင့် NLD အဖွဲ့ဝင်များက ကြိုဆို ခဲ့ကြသည်။
အစိုးရက ပါတီကို ဖျက်သိမ်းလျှင်လည်း လူထုထောက်ခံမှုဖြင့် နိုင်ငံရေး အရ ရပ်တည်နိုင်မည်ဖြစ်ကြောင်း NLD ခေါင်းဆောင်များက ယုံကြည်လျက် ရှိသည်။
NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော့် အမြင်ကတော့ ပါတီ သေချင်သေသွားမယ်၊ နိုင်ငံရေး မသေဘူး” ဟု ပြောသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း “၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ထားပြီး စစ်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို ၀င်ဖို့ ကြိုးစားတာဟာ ပါတီမှာ သိက္ခာ မရှိဘူး ဆိုတာကို ပြတာပါပဲ၊ အခု NLDရဲ့ အနေအထားက ပိုတက်ကြွလာမှာပါ” ဟု ဆိုသည်။
ရန်ကုန် အခြေစိုက် ၀ါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ သခင် ချန်ထွန်းက ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမှားအမှန်ကို သမိုင်းက ဆုံးဖြတ် သွားမည် ဖြစ်သည်ဟု ဆိုသည်။
“တနင်္လာနေ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာ လျှို့ဝှက် ဆောင်ရွက်မယ့် နည်းတော့ ရှိမှာပေါ့”ဟု သခင်ချန်ထွန်းက ပြောသည်။
မြန်မာပြည်အရေး လေ့လာနေသော နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဒေးဗစ် မက်သီဆင်က အာဆီယံ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြင်းပြင်း ထန်ထန် ဝေဖန်သင့်သည်ဟု ဆိုသည်။
ရှမ်းတိုင်းရင်းသား ၀ါရင့် နိုင်ငံရေးသမား ဦးရွှေအုန်းက “ကျနော်ကတော့ ကျရာအခန်းက ဆက်ပြီး လုပ်စေချင်တာပဲလေ၊ သူတို့က မလုပ်ချင်ဘူး ဆိုတော့လည်း ပြောလို့တော့ မရဘူးလေ၊ NLD အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ မှေးမှိန်လာပြီ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု၏ ခေါင်းဆောင်တဦး ဖြစ်သည်နှင့် အညီ NLDသည် မြန်မာ့နိုင်ငံရေး၏ အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သူ ကိုဖြိုးမင်းသိန်းက ဆိုသည်။
ကိုဖြိုးမင်းသိန်းက “ရွေးကောက်ပွဲမှာ မ၀င်တော့ဘူး၊ ပါတီမထောင်တော့ဘူးဆိုတော့ ရှေ့ဆက် ဖြစ် လာမယ့် အလားအလာက မြန်မာပြည် အတွက် မကောင်းနိုင်ဘူး၊ ဒီပါတီ ရှိနေဖို့ လိုအပ်တယ် ဆိုတဲ့ အပေါ်မှာ ကျနော်တို့ စဉ်းစားတာ၊ ခိုင်မာတဲ့ အားတခု ပြိုလဲ သွားမှာကို စိုးရိမ်တယ်၊ NLD မရှိဘူးဆိုရင် နောက်ထပ် ပြင်ဆင်ရမယ့် အခြေအနေက ဒီထက် ပိုပြီး ရှုပ်ထွေးလာနိုင်တယ်၊ ကွဲပြားမှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
မျှတမှု မရှိသည့် ဥပဒေ အောက်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိသကဲ့သို့ မူဝါဒများကို အညံ့ခံပြီး ရွေးကောက်ပွဲ ၀င်ပါက တိုင်းပြည်အကျိုး၊ တိုင်းရင်းသား အကျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ယခုကဲ့သို့ ရပ်တည်ခြင်းဖြင့် NLDသည် ဆက်လက် လုပ်ဆောင်သွားနိုင်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
“ပါတီမှတ်ပုံတင် ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတော့ ပိုပြီးတော့ ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိုးမိုး ခြယ်လှယ်ထားတဲ့ ပုဒ်မတွေ ပါတဲ့ အတွက် နိုင်ငံရေး ပါတီ တရပ် အနေနဲ့ ဒီကော်မရှင် အောက်မှာ ရပ်တည်ပြီးတော့ နိုင်ငံရေး လုပ်ဆောင်ဖို့ ဆိုတာ မဖြစ်သင့်ဘူး” ဟု ရန်ကုန်တွင် နေထိုင်သည့် ဦးအေးသာအောင်က ပြောသည်။
လူထု ထောက်ခံသည့် NLDသာ ပါဝင် ယှဉ်ပြိုင်ခြင်း မရှိပါက ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည့်စုံသော ရွေးကောက်ပွဲ ဖြစ်မည် မဟုတ်ကြောင်း အစိုးရနှင့် အပစ် အခတ် ရပ်စဲခြင်း မရှိသေးသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA -S) မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဆိုသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေး အတွက် အထောက်အကူဖြစ်သော NLD၏ ဆုံးဖြတ်ချက်ကို ပလောင် တိုင်းရင်းသားများ၏ ကိုယ်စား လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြည်ပအခြေစိုက် ပလောင် ပြည်နယ် အမျိုးသား လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက ပြောသည်။

တယ်လီဖုန်းဖြင့် ချစ်သူ ရှာဖွေခြင်း

ဇာနည်ဝင်း Tuesday, March 30, 2010
.သွားလေရာကိုယ်နှင့်မကွာဆောင်ထားနိုင်သည့်လက်ကိုင်ဖုန်းများကထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများကိုကောင်းစွာအကျိုးပြုနေသည်။ထိုတယ်လီဖုန်းများကမြန်မာပြည်သားတို့ချစ်သူရည်းစား ရှာဖွေရာတွင်အလွန်အသုံးတည့်နေကြောင်း တွေ့ရသည်။
အလုပ် နားချိန်တွင် တယ်လီဖုန်း ဆက်နေကြသော ထိုင်း နိုင်ငံရောက် မြန်မာ ပြည်သား အလုပ်သမား တချို့ (ဓာတ်ပုံ - ဇာနည်ဝင်း)
ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။
“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။
ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။
“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။
တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။
ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် SimCardတခုဝယ်ယူရန်လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ၎င်းတို့၏အချစ်ရေးအတွက်အားသာချက်တခုဖြစ်နေသည်။တယ်လီဖုန်းအတွင်း ထည့်ရမည့် SimCardကိုမြန်မာပြည်ကွမ်းယာဆိုင်များကဲ့သို့နေရာတကာတွင်တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။
ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။
ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။
တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။
တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။
“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။
အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။
မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။
“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။
တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။
“အလုပ်ထဲမှာငါတို့ရွာကသူငယ်ချင်းတယောက်ရှိတယ်၊သိပ်မိုက်တယ်၊ပြောမလား၊ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။
ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။
ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။
ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။
အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။
မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။
ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။
စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။
ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။ ။

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထား

ဧရာဝတီ Tuesday, March 30, 2010
.ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုရန်ဆုံးဖြတ်လိုက်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင် ပြောကြား လိုက်ကြသည်။

                                                    (ဓာတ်ပုံ - ရိုက်တာ)
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ် ချက်ကို မဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ မာတင်နီ ဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား လိုက်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်ကို ရည်ညွှန်းပြီး သတင်း ထောက်များကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“သူ(မစ္စတာဘန်ကီမွန်း)ပြောခဲ့သလိုပါပဲဒီရွေးကောက်ပွဲကမျှတပြီးယုံကြည်စိတ်ချရတယ်လို့ ယူဆနိုင်တယ်ဆိုရင်အများရဲ့ပါဝင်နိုင်မှု ရှိနိုင်သမျှ ရှိဖို့ လိုအပ်ပါတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။
မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
အမေရိကန် အစိုးရကလည်း NLD ၏ ဆုံးဖြတ်ချက်ကို လေးစားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေခရော်လေ က ပြောသည်။
“မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရကဆန္ဒမရှိတဲ့အတွက်ကြောင့်NLDကဒီလိုဆုံးဖြတ်လိုက်တာပဲလို့ကျနော်တို့ နားလည်မိပါတယ်” ဟု မစ္စတာ ပီဂျေခရော်လေ က ပြောသည်။
ပြီးခဲ့သည့်နှစ်ကစပြီး အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ်ကို တပြိုင်နက် ကျင့်သုံးခဲ့သည်။
“ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ကို ပြောပြီးပါပြီ။ စိတ်ပျက်စရာ ဥပဒေတွေလို့ ကျနော်တို့ ထင်ပါတယ်။ ဒီလို ပြောပြီး နောက်ပိုင်းမှာတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးတာ မရှိသေးပါဘူး။ အနာဂတ်မှာ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး” ဟု မစ္စတာ ပီဂျေခရော်လေ က ရှင်းပြသည်။
ဤအတောအတွင်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma ခေါ် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့က NLD ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယမန်နေ့က ကြေညာချက် ထုတ်လိုက်သည်။
“NLDခေါင်းဆောင်တွေကသတ္တိရှိရှိဆုံးဖြတ်လိုက်တာပါပဲ။ဒီအတွက်ကျနော်တို့အင်မတန်ဂုဏ်ယူပါတယ်” ဟု ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။
“စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို လက်မခံတဲ့ နည်းနဲ့ သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ပြည်သူတွေ နဲ့အတူ ဆက်လက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ” ဟု ကိုအောင်ဒင်က ဆိုသည်။

NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း

သန်းထိုက်ဦး Tuesday, March 30, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲအား အနှောင့် အယှက် ဖြစ်စေသည် ဆိုသည့် စာသားကို ပြည်တွင်း အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် စာပေ စိစစ်ရေးက ဖိအားပေး ဖော်ပြ ခိုင်းကြောင်း သိရသည်။
NLDပါတီအနေဖြင့်ရွေးကောက်ပွဲကိုမ၀င်ရန်ကြေညာခဲ့ခြင်းသည်ဒီမိုကရေစီစနစ်သို့ငြိမ်းချမ်းညင်သာစွာ ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း ယနေ့ ဖြန့်ချိခဲ့သည့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်တွင် ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါဂျာနယ်များမှာဧပြီလ၁ရက်နေ့ထုတ်MyanmarNewsWeekဂျာနယ်နှင့်မတ်လ၃၁ရက်နေ့ထုတ်The YangonTimesဂျာနယ်တို့ ဖြစ်သည်။ထိုဂျာနယ်နှစ်စောင်မှာယနေ့ပင်ဖြန့်ချိခဲ့သည်။
MyanmarNewsWeekဂျာနယ်တွင်“မဲခွဲဆုံးဖြတ်၍ရွေးကောက်ပွဲမ၀င်ရန်ကြေညာခဲ့ခြင်းကြောင့်ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ကို သွေဖည်၍ နိုင်ငံနှင့် လူမျိုး အတွက် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်း ညင်သာစွာ ကူးပြောင်း ရေးအား ထိခိုက်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပြောကြားသည်”ဟု ရေးသားထားပြီး TheYangonTimesဂျာနယ်တွင်လည်း အလားတူ ရေးသားထားသည်။
ပြည်တွင်းရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ သတင်း မူကြမ်းများတင်ပြီး တပတ်ခန့် စောင့်ဆိုင်း ကြရသည်။ ယခုကဲ့သို့ သတင်းဂျာနယ် ၂ စောင်က ချက်ချင်းဖော်ပြခွင့်ရခြင်းမှာ စာပေစိစစ်ရေးက ထည့်သွင်းလိုသည့် အချက်ကို ရေးသားပေးသောကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
၎င်းဂျာနယ်၂စောင်အပြင်NLDပါတီ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်သည့် သတင်းကို တခြားသော သတင်းဂျာနယ်များက ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ တင်ထားကြောင်းလည်း သိရသည်။
“ကျနော်တို့ကိုလည်း စိစစ်ရေးက သူတို့ ထည့်စေချင်တဲ့စာသားတွေ ဖော်ပြပေးမှ ဒီသတင်းကို ခွင့်ပြုမယ်လို့ ထင်ပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ယမန်နေ့က နိုင်ငံ တ၀န်းလုံးရှိ NLDကိုယ်စားလှယ်များမဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် ၁၁၃ ဦး၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLDအကျဉ်းကျခံနေသောNLDခေါင်းဆောင်များရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်မရှိစေရန် ပါတီများမှတ်ပုံတင်ခြင်းဥပဒေကတားမြစ်ထားသည့်အပြင်NLDအနေဖြင့် မေလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မတီထံသို့ မှတ်ပုံတင်ခြင်းမပြုပါကတရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းNLDအဖွဲ့ဝင်များအကြား ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ NLD လူငယ် ခေါင်းဆောင်များက ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
NLDပါတီသည်၁၉၈၈ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင်လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

NLD ဆုံးဖြတ်ချက်အပေါ် အမြင်ကွဲပြားနေ

အောင်သက်ဝိုင်း Tuesday, March 30, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ် လိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု ကြားတွင် အမြင် အမျိုးမျိုး ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
ယမန်နေ့က ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ် လိုက်သည့် အစည်းအဝေး ပြီးနောက် NLDရုံးချုပ် အပြင်ဘက်တွင် တွေ့ရသော အဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)
ယမန် နေ့က NLDဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ခေါ်ယူကာ ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေး အတွက် အများဆန္ဒ သဘောထားဖြင့် ဆုံးဖြတ် ခဲ့ခြင်းအပေါ် ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ ပြည်သူများကို မေးမြန်း ကြည့်ခဲ့ရာ တချို့က NLD ဆုံးဖြတ်ချက်သည် ပြတ်သား ခိုင်မာပြီး လူထုဘက်မှ မားမား မတ်မတ် ရပ်တည် သည်ကို ပြသသည့် လုပ်ရပ် ဖြစ်သည်ဟု ပြန်လည် ဖြေကြား ကြသည်။
“အာဏာရှင်က သူ့အာဏာ အတွက် သူဆွဲထားတဲ့ အစီအစဉ် အတိုင်း ဆက်လုပ်ဖို့ ပြင်ဆင်ချိန်မှာ NLD က ပြည်သူ့ဘက်၊ အမှန်တရား ဘက်က ရပ်တည်ပြီး မတရားတဲ့ ဥပဒေကို ဖီဆန်တဲ့ လုပ်ရပ်လို့ပဲ ယူဆတယ်” ဟု ရန်ကုန်မြို့နေ အသက် ၆၀ ကျော်အရွယ် ရှေ့နေတဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကို NLDမ၀င်ရန်ဆုံးဖြတ်ခြင်းသည် သင့်လျော်ပြီး လက်ခံနိုင်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း အနာဂတ်မြန်မာ့နိုင်ငံရေး အခြေအနေမှာမူ အကျပ်အတည်းအတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီဟု ယူဆနိုင်ကြောင်း တက္ကသိုလ် ကျောင်းသားတချို့က သုံးသပ်သည်။
“NLDပါတီကအလုပ်သင့်ဆုံးလုပ်ရပ်ကိုလုပ်တယ်လို့ထင်ပါတယ်။NLDပါတီကိုအစိုးရက မတရားအသင်းအဖြစ် သေချာပေါက် ကြေညာမယ်၊ နိုင်ငံရေးအကျပ်အတည်းတွေ အများကြီး ထပ်ဖြစ်လာဦးမယ်”ဟု အသက် ၂၈ နှစ်အရွယ် နိုင်ငံရေးလေ့လာသူ တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။
နှစ်ပေါင်း ၂၀ ကျော်ကြာ အခက်အခဲ၊ ပင်ပန်းဆင်းရဲမှုများ တွေ့ကြုံ ဖြတ်သန်းခဲ့ရသော၊ လူထုက ချစ်ခင်လေးစား၍ ထောက်ခံ မဲပေးခဲ့သော ပါတီတရပ် မကြာမီ ပျက်ပြယ်တော့မည် ဆိုသောကြောင့် ပြည်သူများအကြား ၀မ်းနည်းမှုများ ဖြစ်ပေါ်နေသည် ဟုလည်း သိရှိရသည်။
“နှစ်ပေါင်း ၂၀ လုံး ပြည်သူကြားမှာ ရှိခဲ့တဲ့၊ လူထုအားလုံး ချစ်ခင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ ပျောက်ကွယ်တော့မယ် ဆိုတာ တကယ် ၀မ်းနည်းဖို့ ကောင်းတယ်။ ဒါပေမယ့် လူတွေရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်တော့မှ မပျောက်ပျက်သွားဘူး” ဟု အသက် ၇၀ ကျော် အငြိမ်းစား အထက်တန်းပြ ကျောင်းဆရာမ တဦးကရှင်းပြသည်။
လူထု ကိုယ်စားပြု NLD ပါတီရွေးကောက်ပွဲတွင် ပါဝင်လာခြင်းမရှိသည့်အတွက် ပြည်သူများကြား လာမည့် ရွေးကောက်ပွဲတွင် မဲပေးရန် ဝေခွဲမရဖြစ်နေပြီး တချို့က မဲမပေးတော့ဟု ဆိုကြသည်။
“ပထမတော့ NLD ပါရင် မဲပေးမယ်လို့ စဉ်းစားထားတယ်။ NLD မပါတော့ဘူး ဆိုတော့ ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာ မဝေခွဲတတ်တော့ဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။
NLD ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခြင်းသည် လွဲချော်သော ဆုံးဖြတ်ချက်အဖြစ် ရှုမြင်ကြ သူများလည်း ရှိသည်။
“NLD ကို ထောက်ခံနေတဲ့ ပြည်သူတွေက ဒုနဲ့ဒေးရှိနေသေးတယ်။ NLD သာ ရွေးကောက်ပွဲ ၀င်ရင် ဒီပြည်သူတွေက NLD ကိုပဲ မဲပေးကြမှာ။ ခု NLD မပါတော့ဘူးဆိုတော့ ပြည်သူတွေဘာ လုပ်သင့်သလဲ၊ ဘာလုပ်ရမလဲ။ NLD ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာ မှားတယ်လို့ မပြောပါဘူး။ လွဲချော်မှုတရပ်လို့တော့ ပြောချင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
တရားဝင် ပါတီမရှိဘဲ နိုင်ငံရေးဆောင်ရွက်ရန်မှာ စိတ်ကူးဖြင့် အဆင်ပြေနိုင်သော်လည်း လက်တွေ့တွင် မလွယ်ကူနိုင်ကြောင်း၊ ပါတီမရှိဘဲ နိုင်ငံရေးဆောင်ရွက်မှုများ ပြုလုပ်လျှင် စစ်အစိုးရက အကြောင်းပြ ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်နိုင်ကြောင်း၊ ပါတီဝင်များ စုစုစည်းစည်း မရှိနိုင်တော့သည့်အတွက် အင်အားယုတ်လျော့သွားမည်ဖြစ်ကြောင်း တချို့က သုံးသပ်ကြသည်။
“တရားဝင် ပါတီအဖြစ် ရပ်နေတဲ့ အချိန်မှာတောင် ဖမ်းဆီးထောင်ချတာတွေ လုပ်နေသေးတာပဲ။ တရားဝင်ပါတီမရှိဘဲ နိုင်ငံရေးလုပ်ရင် စစ်အစိုးရစိတ်ကြိုက် အရေးယူလို့ ရသွားမယ်။ ပါတီ မရှိတော့ရင် ပါတီဝင်တွေစုဖို့ တကယ့်ကို မလွယ်ပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပါဝင်ခွင့်မပေးသော စစ်အစိုးရ၏ လုပ်ရပ်ကြောင့် အမေရိကန်၊ ဥရောပနိုင်ငံများ အပါအ၀င် အနောက်အင်အားကြီးနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ပိုမို တိုးလာနိုင်ပြီး ပြည်တွင်းစီးပွားရေး အခြေအနေများ ကျပ်တည်း လာနိုင်သည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။
“ပုဂ္ဂလိကဈေးကွက်စီးပွားရေးစနစ်ပြောင်းမယ်လို့အစိုးရကပြောပေမယ့်အမေရိကန်၊ဥရောပနိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်ရှိဦးမယ်၊ ထပ်ပြီးလည်း တိုးလာမယ်ဆိုရင် မြန်မာ့စီးပွားရေးက အလားအလာ မကောင်းဘူး” ဟုစီးပွားရေးတက္ကသိုလ် ပါမောက္ခတဦးက ပြောသည်။
နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာ့ စီးပွားရေးအခြေအနေမှာ အခက်အခဲများ သေချာပေါက် တွေ့ကြုံနေရဦးမည်ဟု သုံးသပ်သူ များလည်း ရှိသည်။
တိုးမြင့် လာနိုင်ဖွယ်ရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် ခက်ခဲ နိုင်သကဲ့သို့ မြန်မာ့ပို့ကုန် မြှင့်တင်ရန်လည်း မဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။
“စားဝတ်နေရေး ကျပ်တည်းလာရင် ၁၉၈၈ တုန်းကလို လူထုအုံကြွမှု အလိုလို ပေါ်လာနိုင်တယ်” ဟု ရန်ကုန် အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင် တဦးက ပြောသည်။
စစ်တပ် ချုပ်ကိုင်သော စီးပွားရေးစနစ်မှ ပုဂ္ဂလိက စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း ဖြစ်သည့်အတွက် မူဝါဒပိုင်းတွင်မှာတင်းကျပ်မှု လျော့လာနိုင်သောကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ကွက် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ပြည်တွင်းစီးပွားရေး တိုးတက်လာနိုင်သည်ဟု သုံးသပ်သည့် စီးပွားရေး လုပ်ငန်းရှင် တချို့လည်းရှိနေသည်။
“အမေရိကနဲ့ ဥရောပက တချိန်လုံး စီးပွားရေးပိတ်ဆို့ခဲ့တာတောင် အခု ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ လည်ပတ် နေသေးတာပဲ။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာ့စီးပွားရေး အတက်ပဲ ရှိမယ်။ အကျမရှိဘူး” ဟု ဆန်စပါး လုပ်ငန်းရှင်တဦးက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက်စစ်အစိုးရက ဖိအားပေးနိုင်သောကြောင့် နယ်စပ်အရေး မတည်ငြိမ်နိုင်ဟုလည်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာတဦးက သုံးသပ်သည်။
“နယ်ခြားစောင့်တပ် လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေသေးတော့ ဒီ ၂၀၁၀ အတွင်းမှာကိုသွေးမြေကျမယ့် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်” ဟု ထိုအယ်ဒီတာက ဆိုသည်။
စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပေဒများကို ထုတ်ပြန်ပြီးသော်လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်ကို အတိအကျ ထုတ်ပြန်ခြင်းမပြုသေးပေ။