မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

တပ်မတော်နေ့ကြောင့် ဧည့်စာရင်း တိုင်မရ၍ ပြည်သူများ အခက်ကြုံ

မျိုးဝင်းဇော်/ ၂၆ မတ် ၂ဝ၁ဝ
တပ်မတော်နေ့ (တော်လှန်ရေးနေ့) နီးလာသဖြင့် ရပ်ကွက်အဆင့် အာဏာပိုင်များက ဧည့်စာရင်းတိုင်ရန် နှိုးဆော်နေသော်လည်း သွားတိုင်သောအခါ လက်မခံသည့်အတွက် ပြည်သူအများ အခက်အခဲတွေ့နေရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်း နေထိုင်သူတဦးက “တပ်မတော်နေ့ နီးလာတယ်ဆိုပြီး အိမ်တိုင်းကို ဧည့်စာရင်းတိုင်ဖို့ လိုက်နှိုးဆော်တယ်။ ဒါနဲ့ ဧည့်သည်လာလို့ တကယ်သွားတိုင်တော့ အပို ဧည့်စာရင်းတိုင်တာ လက်မခံဘူး။ အထက်က ညွှန်ကြားချက်ကြောင့်လို့ ပြောတယ်။ ဘယ်လိုပြောပြော ဘာမှလုပ်မပေးဘူး။ တကယ်လို့ ဧည့်စာရင်းလာစစ်ရင် ဧည့်သည်ရော၊ ကျမတို့အိမ်ရှင်တွေပါ အဖမ်းခံရနိုင်လို့ စိုးရိမ်နေရတယ်” ဟု ပြောသည်။
တောင်ဒဂုံမြို့နယ်အတွင်း နေသူတဦးကလည်း အိမ်တွင် နေသူကိုယ်တိုင်က သန်းခေါင်စာရင်းဖြင့် နေထိုင်ခြင်းမဟုတ်ဘဲ ဧည့်စာရင်းတိုင်ပြီး နေသူဖြစ်နေလျှင် ဧည့်သည်ရောက်လာ၍ ဧည့်စာရင်းတိုင်ပါက လက်မခံကြောင်း၊ သို့သော် ရယကဥက္ကဋ္ဌကို လာဘ်ငွေပေးပါက အခြေအနေကြည့်ပြီး ဧည့်စာရင်းတိုင်ခွင့်ပြုကြောင်း ပြောသည်။
စစ်အစိုးရ အာဏာပိုင်များ ယခုကဲ့သို့ ဧည့်စာရင်းတိုင်ခွင့်မပေးခြင်းကို အန်အယ်လ်ဒီ ပါတီဝင်များ၊ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ကျင့်သုံးလေ့ရှိသည်။
စစ်အစိုးရသည် ရန်ကုန်မြို့တော်တွင် ရုံးမစိုက်သော်လည်း နေ့ကြီးရက်ကြီးများ နီးလာတိုင်း ပြည်သူများအပေါ် ယခုကဲ့သို့ ဧည့်စာရင်းဥပဒေကို အသုံးပြုလေ့ရှိသည်။
မြန်မာပြည်တွင်း နေသူများသည် မြို့နယ်တခုမှတခု ပြောင်းရွှေ့နေထိုင်သည့်အခါ သန်းခေါင်စာရင်း ခေါ် ပုံစံ (၁ဝ)ကို မူလနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တို့မှ အထွက်စာရင်းတင်ရကာ စာရင်းရပြီးနောက် နေထိုင်မည့် မြို့နယ်၊ ရပ်ကွက်တွင် သန်းခေါင်စာရင်းအသစ် ပြုလုပ်ရသည်။
သို့သော် သန်းခေါင်စာရင်း ပြောင်းရွှေ့ခြင်းကို အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုလေ့ မရှိသည့်အတွက် မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ပြီး နေထိုင်နေရသူ သန်းနှင့်ချီရှိကြောင်း ကျောက်တံတားမြို့နယ်မှ လဝက အရာရှိဟောင်းတဦးက ပြောသည်။
ယခုနောက်ပိုင်း သန်းခေါင်စာရင်းအသစ် ပြုလုပ်မှုတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာပါမှ လုပ်ပေးသည့်အတွက် ပိုမိုခက်ခဲလာကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောပြသည်။
ကိုယ့်နိုင်ငံတွင် လွတ်လပ်စွာ သွားလာခွင့်မရှိခြင်း၊ တရားဝင် ပြောင်းရွှေ့နေထိုင်ခွင့် မရခြင်းတို့သည် စစ်အစိုးရ၏ အလွန်ကြီးမားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ကြောင်း ပြည်တွင်းပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများက ဝေဖန်ပြောဆိုနေကြသည်။





Geen opmerkingen: