မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

မသန့်ရှင်းသော သောက်ရေကြောင့် ပြဿနာ ကြီးထွားနေ

ဝီရ/ ၂၆ မတ် ၂ဝ၁ဝ
မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်တို့တွင် သောက်ရေသန့် ရှားပါးလာမှုနှင့် ရင်ဆိုင်နေရပြီး သန့်ရှင်းမှုမရှိသည့် သောက်ရေများကြောင့် ခဲဆိပ်သင့်မှု အပါအဝင် အခြား နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှု တိုးပွားလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားသည်။
၎င်းက “သောက်ရေ မသန့်ရှင်းတဲ့ပြဿနာ ကြီးလာတာနဲ့အမျှ အဲဒီရေတွေကို ရေရှည် သောက်သုံးလာခဲ့တာကြောင့် မြန်မာပြည်မှာ ရောဂါထူပြောလာနေတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် အသက်အန္တရာယ် ဖြစ်စေတဲ့အထိ အခု ရင်ဆိုင်လာရပြီ။ သန့်ရှင်းတဲ့ သောက်သုံးရေ ရနိုင်ဖို့ အရေးပေါ်စီမံချက်တွေစဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ လိုအပ်နေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကျန်းမာရေးဌာန၏ လုပ်ငန်းခွင် ကွင်းဆင်းလေ့လာတွေ့ရှိချက်အရ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် (၆၀) ကျော်အတွင်း မသန့်ရှင်းသော သောက်ရေ သောက်သုံးမှုကြောင့် ဖြစ်ပွားသည့် ဆိုးကျိုးများသည် တနှစ်ထက်တနှစ် တိုးပွားလာနေကြောင်း ပြီးခဲ့သည့်မတ်လ (၂၂)ရက် နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ရေသယံဇာတနေ့ အထိမ်းအမှတ် စာတမ်းများတွင် ဖော်ပြထားသည်။
အဆိုးဝါးဆုံး ခံစားနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်ဖြစ်ပြီး အဆိပ်သင့်စေနိုင်သော အာဆင်းနစ် (Arsenic) ပါဝင်မှု များပြားနေခြင်းကြောင့် ကလေးငယ် သေဆုံးမှု တိုးပွားလာရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ တာဝန်ရှိသူက “အဲဒီရေတွေကို ရေရှည်သောက်မိရင် ဝမ်းလျှောဝမ်းပျက်ရောဂါတို့၊ အစာအိမ်အူလမ်းကြောင်း ရောဂါတွေအပြင် ကြာလာရင် အရေပြားပေါ်မှာ ညှင်းလိုမျိုး မှိုပွင့်တွေ ထွက်လာမယ်။ နောက်ပိုင်း လက်ဖဝါး၊ ခြေဖဝါးတွေမှာ အသားမာတက်လာမယ်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာရောဂါတွေ ဖြစ်စေတယ်။ ဒါကြောင့် အခု ကွင်းဆင်းပြီး စစ်ဆေးတာတွေ၊ ပညာပေးတာတွေ လုပ်နေပါတယ်” ဟု ဆက်လက် ပြောကြားသည်။
တနင်္သာရီတိုင်း မြိတ်မြို့ရှိ ရပ်ကွက်အချို့တွင် ကလေးငယ်များ ခဲဆိပ်သင့်လက္ခဏာ တွေ့ရှိထားကြောင်း သိရသည်။
ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ်၍ ခဲရည်ကျိုလုပ်ငန်းများကို မြိတ်မြို့ရပ်ကွက်တို့ရှိ နေအိမ်များတွင် လုပ်ကိုင်နေကြပြီး စစ်ဆေးကြည့်ရာတွင် ရေထဲ၌ ခဲပါဝင်မှုအဆ (၁၀၀)ခန့် များနေသည်ကို တွေ့ရှိရကြောင်း၊ ထိုလုပ်ငန်းများကို ရွှေ့ပြောင်းပေးရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း မတ်လ (၂၆) ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ပါရှိသည်။
နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းအတွင်းရှိ လူဦးရေ (၇၀) ရာခိုင်နှုန်းတို့သည် ဘေးမကင်းသည့် ရေများကို သောက်သုံးနေကြရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ၂၀၀၈ ခုနှစ်က ထုတ်ပြန်ထားသည်။





Geen opmerkingen: