မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

ပြည်ပသို့ ဆန်တင်ပို့ခွင့် ပြန်ရပြီ

နရီလင်းလက် Friday, March 26, 2010
.ပြည်ပသို့ ဆန်တင်ပို့မှုကို ၂ လကြာ ရပ်ထားရာမှ မတ်လဆန်းမှ စတင်၍ အာဏာ ပိုင်များက ပြန်လည် ခွင့်ပြု လိုက်ကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။

ပြည်ပဆန် တင်ပို့မှု ပြန်လည် ခွင့်ပြုခြင်းမှာ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့် ရွေးကောက်ပွဲ ၀င်မည့် အစီအစဉ်နှင့် ပတ်သက်နေသည်ဟု ထိုအသင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ချောင်းသာကမ်းခြေမှ တဆင့် ဧရာဝတီတိုင်းထွက် ဆန်များကို လှေဖြင့် တင်ပို့ရန် ဆန်အိတ်များ ချနေစဉ် (ဓာတ်ပုံ - ကိုခိုင်)
“တင်ပို့တာ ပြန်ခွင့်ပြုဖို့ အာဏာပိုင် တွေဆီက တောင်းတယ်။ အာဏာပိုင် တွေကလည်း အသင်းချုပ် အောက်မှာ ရှိတဲ့ လူတွေ စည်းရုံးလို့ ရအောင် ဆိုပြီး ခွင့်ပြုပေး လိုက်တာ” ဟု လုပ်ငန်းရှင် တဦးက ပြောသည်။
ဆန်တင်ပို့ခွင့် မရသည့် ကာလတွင် UMFCCI ၏ လက်အောက်တွင် လုပ်ငန်းရှင် အသင်းများ အခက်တွေ့ခဲ့ ကြသည်ဟု သူက ရှင်းပြသည်။
ပြည်ပတင်ပို့ခွင့်နှင့် ပတ်သက်၍ အစိုးရ၏ မူဝါဒ ပုံမှန်မဟုတ် ခြင်းမှာလည်း ဆန်ဈေးနှုန်း တည်ငြိမ်မှု မရှိခြင်း၏ အကြောင်းရင်း တခု ဖြစ်သည်ဟု ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။
“ကုန်သည်တွေ နိုင်ငံခြားကို ထုတ်ရောင်းမှ ပြည်တွင်းမှာ တောင်သူတွေဆီက ဈေးကောင်း ပေးဝယ်မှာလေ။ နိုင်ငံခြား ၀ယ်လက် မရှိရင် တောင်သူတွေ ဈေးကောင်း မရဘူးပေါ့” ဟု သူက ပြောသည်။
လစဉ် ပြည်ပ တင်ပို့ခွင့် ပြုမည့် ပမာဏမှာ မက်ထရစ် တန်ချိန် ငါးသောင်း ဖြစ်သည်ဟု ပို့ကုန် လုပ်ငန်းရှင်ကြီး တဦးက ဧရာဝတီကို ပြောသည်။
ထိုပမာဏ၏ ၆၀ ရာခိုင်နှုန်းကို ဆန်ကုန်သည်များက တင်ပို့ခွင့်ရမည် ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း နှင့် စစ်ခေါင်းဆောင်တို့၏ မိသားစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီများက ရရှိမည်ဟု ဆိုသည်။
ပြည်ပပို့ ဆန်တင်ပို့မှုကို အဖွင့်အပိတ် လုပ်နေသည်ထက် သတ်မှတ်တန်ချိန်နှင့် လစဉ် တင်ပို့ခွင့်ပေးပါက ကုန်သည်များရော တောင်သူများအတွက်ပါ အဆင်ပြေမည်ဟု သူက ပြောသည်။
ပြည်ပပို့ခွင့် ပိတ်ထားသည့် ကာလများတွင် မြန်မာဆန် တန်ချိန် အများအပြားသည် မှောင်ခိုဈေးကွက်မှတဆင့် နယ်စပ် ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ပြည်ပပို့ဆန် အများစုသည် ဧည့်မထ၊ မီးဒုံး၊ ငစိန် အမျိုးအစားများ ဖြစ်သည်။ အာဏာပိုင်တို့က ဆန်တင်ပို့မှု ရပ်စဲခဲ့ခြင်းမှာ ထိုဆန်များသည် နိုင်ငံတွင်းတွင်လည်း စားသုံးမှု များပြားသောကြောင့် ဖြစ်သည်ဟု ဆန်ကုန်သည် တချို့က ခန့်မှန်းကြသည်။
မြန်မာနိုင်ငံသည် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများသို့ ဆန်တင်ပို့လေ့ရှိသည်။ ဆန်တင်ပို့မှု ပမာဏမှာ တည်ငြိမ်ခြင်း မရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မကြာသေးမီ နှစ်များအတွင်း ပြည်ပဆန်တင်ပို့မှု ပမာဏ

ခုနှစ် မက်ထရစ်တန်ချိန်
၂၀၀၀/၂၀၀၁ ခုနှစ် ၂၅၁ ၀၀၀ တန်
၂၀၀၁/၂၀၀၂ ခုနှစ် ၉၃၉ ၀၀၀ တန်
၂၀၀၂/၂၀၀၃ ခုနှစ် ၇၉၃ ၀၀၀ တန်
၂၀၀၃/၂၀၀၄ ခုနှစ် ၁၆၈ ၀၀၀ တန်
၂၀၀၄/၂၀၀၅ ခုနှစ် ၁၈၂ ၀၀၀ တန်
၂၀၀၅/၂၀၀၆ ခုနှစ် ၁၈၀ ၀၀၀ တန်
၂၀၀၆/၂၀၀၇ ခုနှစ် ၁၅ ၀၀၀ တန်
၂၀၀၇/၂၀၀၈ ခုနှစ်  ၃၈၅ ၀၀၀ တန်

Geen opmerkingen: