မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 maart 2010

ရခိုင်တွင် ပါတီသစ်ဖွဲ့မည်

ကိုထွေး Wednesday, March 24, 2010
.ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် ရခိုင်တိုင်းရင်းသား ပါတီသစ်တရပ် မှတ်ပုံတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား အင်အားစု (ရခိုင်ပြည်နယ်) ဟု ယာယီ အမည်ပေး ထားသည့် ပါတီသည် ရခိုင် ပြည်နယ်တွင် အဓိက ယှဉ်ပြိုင်မည် ဖြစ်သည်။
ပါတီမှတ်ပုံတင်ရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အဖွဲ့ဝင်တချို့နှင့် ခေါင်းဆောင်များ ဆွေးနွေးကြမည်ဟု ပါတီဥက္ကဌ ဦးအေးကြိုင်ကပြောသည်။
“မနက်ဖြန် အစည်းအဝေး ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး အဖြေပေးရမယ်။ အခြေအနေအရဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ကတော့ သေချာပါတယ်။ ကမ္ဘာပေါ်မှာ လူရှိနေသရွေ့ ၀ိရောဓိ၊ ပဋိပက္ခဆိုတာရှိတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ က နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ အပြုသဘောနဲ့ ဖြေရှင်းမယ့် နည်းစနစ်ကို ဆောင်ရွက်သွားမယ်” ဟု ဦးအေးကြိုင်က ဆိုသည်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်တွင် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ၎င်းပါတီ ရုံးချုပ်က ပြောသည်။
ဦးအေးကြိုင်သည် ၁၉၉၀ ပြည့်နှစ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည) ၏ မြောက်ဦး မြို့နယ် စည်းရုံးရေး ကော်မတီတွင် အတွင်းရေးမှူး ဖြစ်ခဲ့သည်။
တစည ပါတီသည် ၁၉၈၈ လူထုအုံကြွမှုအပြီး ယခင်က ဦးနေ၀င်း ဦးဆောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်က မဲဆန္ဒနယ်ပေါင်း ၂၆ ခုရှိခဲ့ရာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၁ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၉ နေရာ၊ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီက ၄ နေရာ၊ ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့က ၁ နေရာ အသီးသီး အနိုင်ရခဲ့သည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ မျှတမှုမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ကျင်းပမည့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်မှ အဖွဲ့ဝင်များကို သဘောထား မေးမြန်းရန် ရန်ကုန်သို့ ခေါ်ယူထားကြောင်း ၎င်းပါတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
“ရခိုင်က လူအများစုက ကျနော်တို့ ပါတီကို စောင့်ကြည့်နေကြတယ်။ ရန်ကုန်က ပါတီဝင်တွေကတော့ ရွေးကောက်ပွဲမှာ မပါဝင်ချင်ကြဘူး” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး ပါတီအဖြစ် အသွင်ပြောင်းမည်ဟု အများက ယူဆထားကြသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက ရခိုင်ပြည်နယ်တွင် တိတ်တဆိတ်မဲဆွယ် စည်းရုံးမှုများ ဆောင်ရွက်နေကြောင်း ဒေသခံများကဆိုသည်။
လက်ရှိတွင် အာဏာပိုင်များကလည်း ထိုဒေသတွင် နေထိုင်သည့် ရိုဟင်ဂျာများကို အဖြူရောင် ဧည့်နိုင်ငံသား ကတ်များ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သူတို့က နေလာတာလည်း ကြာပြီ။ သူတို့ကိုလည်း မဲထည့်ခွင့်တော့ပေးမှာပေါ့လေ၊ မဲထည့်ခွင့်ပေးဖို့ လိုအပ်လို့ အဲဒီကတ်တွေ ထုတ်ပေးတာပေါ့” ဟုဆိုသည်။
ရခိုင် ပြည်နယ်ရှိ လူဦးရေ ၂. ၇၅ သန်းအနက် ၃၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများဖြစ်သည်။ ပြည်နယ်တွင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်ပြီး ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များတွင် နေထိုင်ကြသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများသည်လည်း မဲပေးခွင့်ရရှိခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၄) ၆ (က) အရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပါ ပြဌာန်းချက်မှားနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ (သို့) ယာယီ သက်သေခံ လတ်မှတ် ကိုင်ဆောင်ထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများဖြစ်သည်။

Geen opmerkingen: