မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 maart 2010

နာမည်ပျက် စာရင်းဝင်များ နိုင်ငံကူးလက်မှတ် ရရန် ပိုခက်မည်

ငြိမ်းဇေ Thursday, March 25, 2010
.ဧပြီလမှစ၍ နိုင်ငံကူး လက်မှတ်များ၌ ဘားကုတ်စနစ် ထည့်သွင်း အသုံးပြုမည် ဖြစ်သောကြောင့် နာမည်ပျက် စာရင်း ရှိထားသူများ လက်မှတ် ထုတ်ယူရန် ပိုမို ခက်ခဲတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူတဦးကပြောသည်။
ယခုနှစ် ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့် ဗီဇာများတွင် ဘားကုတ်စနစ် ထည့်သွင်း အသုံးပြုသွားမည်ဟု သိရသည်။
ဘားကုတ်စနစ် ထည့်သွင်းပြီးလျင် နိုင်ငံကူးလက်မှတ် လျှောက်ထားချိန်မှစ၍ လက်မှတ် ကိုင်ဆောင်ထားချိန်အထိ လျှောက်ထား သူများ၏ ကိုယ်ရေးအချက်အလက်များ၊ ပြစ်မှုရှိထားသူများ၏ ပြစ်မှုများနှင့် နိုင်ငံရေးနှင့် ပတ်သတ်ပြီးငြိစွန်း ထားသူများ၊ နာမည်ပျက်စာရင်းများ ချက်ချင်းသိရှိနိုင်သော စနစ်များ ထည့်သွင်းထားမည် ဖြစ်သောကြောင် နိုင်ငံကူးလက်မှတ် အလွယ်တကူ ရရှိနိုင်တော့မည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
“နာမည်ပျက် စာရင်းဝင်တွေက အခုတောင် အယောက် ၁၀၀ လျှောက်ရင် ၁၀ ယောက်ရဖို့ မလွယ်တာ၊ နောက်ပိုင်း ပိုခက်နိုင်တယ်။ နောက်ပိုင်းမှာ စက်တွေနဲ့ လုပ်သွားမှာဆိုတော့ နာမည်ပျက်စာရင်းရှိတဲ့ လူတွေဆို အလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွားနိုင်တယ်” ဟု သူကဆက်ပြောသည်။
လက်ရှိတွင် နိုင်ငံရေးနှင့် ပတ်သက်သူများ၊ အကျဉ်းကျခံဖူးသော မီဒီယာသမားများ၊ နိုင်ငံရေးသမားများ နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် အခက်အခဲများစွာ ရှိနေကြောင်း၊ အဆိုပါ လူများကို နိုင်ငံကူးလက်မှတ် ထုတ်ယူသော အဆင့်၌ပင် အချိန်များဆွဲထားပြီး လက်မှတ်များထုတ်ပေးခြင်းမရှိကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦးက ဆိုသည်။
၎င်းက “လျှောက်ထားတာ ၈ လလောက်ရှိပြီ၊ အဆင့်ဆင့်ဝင်တွေ့ပြီးပြီ။ ဟိုရွှေ့ ဒီရွှေ့နဲ့ စာအုပ်ကမကျလာသေးဘူး။ Passport ရုံးကတော့ စာအုပ်မထွက်ဘူးလို့ မပြောဘူး။ ပွဲစားကတော့ အစ်ကို့စာအုပ်ကျမှ ဘာလို့ဒီလောက် ခက်ပြီး မကျတာလဲမသိဘူးလို့ ပြောတယ်” ဟု ဆိုသည်။
သာမန် အမှုကင်းသူများအနေနှင့် စတင်လျှောက်ထားပြီး တလကျော်ကြာလျင် နိုင်ငံကူးလက်မှတ် စာအုပ်များ အလွယ်တကူ ရရှိကြသော်လည်း နာမည်ပျက် စာရင်းရှိသူများ အခက်အခဲရှိနေကြောင်း၊ အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသော သတင်းထောက် တဦးက ဆိုသည်။
“မိသားစု ရှိလို့၊ သွားတွေ့ချင်လို့တောင် Passport ထုတ်မပေးဘူး။ ရွေးကောက်ပွဲပြီးရင် Passport၊ ဗီဇာတွေ ထုတ်ပေးတဲ့စနစ် ပြောင်းလဲလာမလား စောင့်ကြည့်ရမယ်” ဟု ၎င်းက ပြောသည်။
ဘားကုတ်စနစ် အသုံးပြုလျင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန်အတွက် သန်းခေါင်စာရင်းအတုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအတုများ ပြုလုပ်ပေးသည်ဆိုသော ခေါင်းစဉ်ဖြင့် မကြာခဏ ဖမ်းဆီးနေသည့် ကြားခံ ပွဲစားများ ပပျောက် သွားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည့် ဧည့် ခရီးသွားများသည်လည်း နာမည်ပျက်စာရင်းဝင် ဖြစ်နေပါက ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးခြင်းမရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီးဗိုလ်ချုပ် အေးမြင့်ကြူက သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။

Geen opmerkingen: