မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

မလေးရှားတွင် တရားဝင် နေထိုင်သူများလည်း အဖမ်းခံရ

ဝါးရှီးဖော Monday, March 29, 2010
.မလေးရှား နိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသားများကို အရှိန်မြှင့် ဖမ်းဆီးလျက် ရှိရာ တရားဝင် နေထိုင်သူ များကိုပါ စစ်မေးခြင်း မရှိဘဲ ဖမ်းဆီး နေကြောင်း သိရသည်။
ယခုတပတ် စနေနှင့် တနင်္ဂနွေ နေ့များက နိုင်ငံခြားသား ၄၀၀ ကျော် အဖမ်းခံခဲ့ရသည့်အနက် အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ပြီး တရားဝင်နေထိုင်သူများလည်း အဖမ်းခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
“အဖမ်းအဆီး အရမ်းကြမ်းတယ်။ နေ့လယ် ၁၁ နာရီကနေ ညနေ ၅ နာရီလောက်အထိ ဖမ်းတယ်။ ကား ၈ စီးလောက်ပါသွားတယ်။ကားတစီးမှာအယောက်၄၀ကျော်၅၀နီးပါးလောက်ပါသွားတယ်”ဟု ဖမ်းဆီးနေသည်ကို မျက်မြင်တွေ့ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ (NLD-LA) မှ အမျိုးသမီးရေးရာ တာဝန်ခံ မစကီနာက ဆိုသည်။
ထိုသို့ ၀င်ရောက် ဖမ်းဆီးရာတွင် တရားဝင် နေထိုင်သူများ၊ တရားမ၀င် နေထိုင်သူများကို ခွဲခြားမနေဘဲ မြင်မြင်သမျှ ခေါ်ဆောင် သွားကြောင်း ၎င်းက ပြောသည်။
“လမ်းထောင့်တွေမှာပိတ်ပြီးဖမ်းတယ်။တလမ်းကိုအယောက်နှစ်ဆယ် သုံးဆယ်လောက် ၀င်တယ်။ တွေ့တဲ့ နိုင်ငံခြားသား အကုန်လုံးကို ဖမ်းတယ်။ ဘယ်လိုမှ ပြောလို့မလွတ်ဘူး။ အရင်ကဆိုရင် တပတ် တခါလောက်ပဲဖမ်းတာ။ အခုဆိုရင် ခဏခဏ ဖမ်းတယ်” ဟု မစကီနာက ဆိုသည်။
မွန်တိုင်းရင်းသားများနေထိုင်ရာဝန်းကျင်ကိုလည်းဝင်ရောက်ဖမ်းဆီးခဲ့ရာဒုက္ခသည်အဖြစ် အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂ (UN) က ထုတ်ပေးထားသည့် လက်မှတ် ကိုင်ဆောင်ထားသူ ၈ ဦး နှင့် တရားမ၀င်နေထိုင်သူ အများအပြား အဖမ်းခံရသည်ဟု သိရသည်။
“အဖမ်းခံရတဲ့လူတွေကတော့အများကြီးပါပဲ။အဲဒီထဲမှာUNလက်မှတ်ရှိထားတဲ့အမျိုးသမီးနဲ့သူ့ရဲ့၈လသား အရွယ်နဲ့ ၂ နှစ်သားအရွယ်ကလေးနှစ်ဦးကိစ္စကိုကျနော်တို့ဆောင်ရွက်ပေးနေတယ်”ဟု မွန်ဒုက္ခသည် အရေး ဆောင်ရွက်ပေးနေသူ နိုင်ရွိုင်မွန် က ပြောသည်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလျှင် ထိန်းသိမ်းရေး စခန်းသို့ တိုက်ရိုက်ပို့လေ့ရှိပြီး ရဲများက ဝင်ဖမ်းလျှင်မူ ရဲစခန်းတွင် အများဆုံး ၂ ပတ်ခန့် ထားကာ ရုံးတင်စစ်ဆေးမှု ပြုလုပ်လေ့ရှိသည်ဟု သူက ဆိုသည်။
မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်သူ မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု မလေးရှားနိုင်ငံ အခြေစိုက် အလုပ်သမားအရေး လုပ်ဆောင်နေသော NGO အဖွဲ့များက ခန့်မှန်းသည်။

Geen opmerkingen: