မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 maart 2010

မလေးရှားတွင် အဖမ်းအဆီး ပိုကြမ်းလာ

ဝီရ/ ၃၀ မတ် ၂ဝ၁ဝ
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (ကေအယ်လ်အိုင်အေ)အနီး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား (၄)ဦးအပါအဝင် ထိန်းသိမ်းထားသူ (၁၆)ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် မလေးရှား အာဏာပိုင်တို့က ဖမ်းဆီးမှုများ အရှိန်မြင့်လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အလုပ်အားလပ်ရက် စနေ၊ တနင်္ဂနွေနေ့က မြန်မာအလုပ်သမားအများစု သွားလာတတ်သော နေရာများတွင် မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့က အင်အားရာချီ အသုံးပြု၍ ဖမ်းဆီးမှုများရှိခဲ့ကြောင်း မြန်မာဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူ နိုင်ရော်မွန်က ပြောသည်။
၎င်းက “စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် ပိုက်ဆံလွှဲဖို့၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ မြန်မာဆိုင်တွေမှာ ထိုင်နေကြတုန်း ရဲ ဝင်ဖမ်းတာ။ ဘာလက်မှတ်ကိုမှ လက်မခံဘဲ တွေ့ရာ နိုင်ငံခြားသားအားလုံးကို ဖမ်းခေါ်သွားတာ။ တချို့ဆို တရားဝင် အလုပ်လာလုပ်သူတွေ ရှိသလို၊ တချို့က ယူအန်ကတ် (ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ်) ကိုင်ထားတဲ့သူတွေလည်း ပါသွားတယ်။ အဲဒီနှစ်ရက်တည်းမှာ (၄၀၀) ကျော် အဖမ်းခံရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကေအယ်လ်အိုင်အေ ထိန်းသိမ်းရေးစခန်းအတွင်းရှိ လူကုန်ကူးခံရသူများ ထားရှိရာအခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၂)ဦးနှင့် မြန်မာ(၄)ဦးတို့သည် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း စခန်းတာဝန်ခံက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လွတ်မြောက်သွားသူများသည်အသက်(၂၂)နှစ်မှ(၄၈)နှစ်ကြား ရှိကြပြီး ၎င်းတို့အား ရှာဖွေနိုင်ရန် မလေးရှား အာဏာပိုင်တို့က စိုင်းပြင်းလျက်ရှိကြောင်း သိရသည်။
အလုပ်သမားအရေး ဆောင်ရွက်သူတို့ကမူ အဆိုပါ ထွက်ပြေးသွားသူများသည် နေရပ်တိုင်းပြည်များသို့ ပြန်ပို့ရန် ငြင်းဆန်ထားသူများ ဖြစ်နိုင်ကြောင်း ဆိုကြသည်။
နိုင်ရော်မွန်က “အဲဒီထိန်းသိမ်းရေးစခန်းမှာ လူကုန်ကူးခံရသူတွေနဲ့ တရားမဝင် နိုင်ငံခြားသားတွေဆိုပြီး အချုပ်ခန်း (၂) မျိုး ခွဲထားတယ်။ လူကုန်ကူးခံရသူတွေကို ပြန်ပို့မယ်ဆိုတော့ တချို့က မပြန်ချင်ကြဘူးလေ။ ဟိုရောက်လို့ ပြန်အဖမ်းခံရတာ ကြားထားကြတော့ အခုလို အခွင့်ရတာနဲ့ ထွက်ပြေးကြတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
လွတ်မြောက်သွားသူ (၄) ဦးအနက် (၃) ဦးမှာ ပြီးခဲ့သည့် ၂၀၀၉ ခု ဒီဇင်ဘာလက အဖမ်းခံကြရပြီး အခြား (၁) ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီက ထိန်းသိမ်းခံရခြင်းဖြစ်သည်။
“လွတ်သွားတဲ့သူရဲ့ဓာတ်ပုံ၊အသက်စတဲ့အချက်အလက်တွေကိုမြန်မာဆိုင်တွေမှာရဲတွေက လာပေးထားကြတယ်။ ဒီလူတွေကိုတွေ့ရင် အကြောင်းကြားနိုင်ဖို့ ရဲအရာရှိ (၂) ယောက်ရဲ့ ဖုန်းနံပါတ်ကိုလည်းရေးထားပေးတယ်။ဒါနဲ့ပတ်သက်ပြီးအခုလိုဖမ်းဆီးတာများလာတာပဲ”ဟု ကွာလာလမ်ပူမြို့ရှိ ရွှေဟင်္သာ မြန်မာစတိုးဆိုင်မှ အရောင်းဝန်ထမ်းတဦးက ပြောသည်။
မလေးရှားနိုင်ငံသည် ဒုက္ခသည်ခိုလှုံခွင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ် မထိုးထားသောကြောင့် ယူအန်ကတ် ကိုင်ဆောင်သူများကိုလည်း အာဏာပိုင်တို့က ဥပဒေအရ စစ်ဆေးဖမ်းဆီးပိုင်ခွင့် ရှိသည်ဟု သိရသည်။
တရားဝင် အလုပ်လုပ်ကိုင်သူများအတွက်လည်း လုပ်ငန်းရှင်နှင့် အလုပ်သမားရှာဖွေရေး အေဂျင်စီတို့က အလုပ်လုပ်ခွင့်ကတ်ပြား(WorkPermit)မိတ္တူကိုသာကိုင်ဆောင်ခိုင်းထားကြ၍ ပိုမိုခက်ခဲစေကြောင်း မြန်မာနိုင်ငံသားများအတွက် ကူညီပေးနေသူ ကိုမျိုးနိုင်က ပြောသည်။
“မလေးရှားမှာ ရဲတပ်ဖွဲ့ဖမ်းသွားရင် အချုပ်ခန်းထဲမှာ (၂) ပတ် နေရသေးတယ်။ ရီလာ (RELA) လို့ခေါ်တဲ့ အရပ်သားစွမ်းအားရှင် အဖွဲ့တို့က ဝင်စီးရင် တွေ့သမျှပစ္စည်းကို သိမ်းတယ်။ ပြီးရင် ရဲလက်ထဲ သူတို့အပ်တယ်။ လူဝင်မှုကြီးကြပ်ရေးက ဖမ်းရင် ကေအယ်လ်အိုင်အေ စခန်းကို တိုက်ရိုက်ပို့တယ်။ အဖမ်းအဆီးကလည်း နေ့တိုင်းရှိနေတော့ အဲဒီမှာ လုပ်ငန်းရှင်တို့က ကိုယ့်အလုပ်သမားတွေ ဘယ်မှာ ချုပ်ထားသလဲဆိုတာ ရှာဖို့မလွယ်ဘူးလေ။ ဘာသာစကား အခက်အခဲတွေကြောင့် ဖမ်းထားတဲ့ နိုင်ငံခြားသားတွေကို ရှာဖို့မလွယ်ဘူး” ဟု ကိုမျိုးနိုင်က ပြောကြားသည်။
အလုပ်သက်တမ်းမပြည့်မီ မထွက်ပြေးနိုင်ရန် မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများအား အလုပ်လုပ်ခွင့်ကတ်ပြား ကိုင်ဆောင်ခွင့်မပေးဘဲ မိတ္တူတစောင်ကိုသာ ကိုင်ခွင့်ပေးကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတို့က ပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား (၅) သိန်းကျော်နှင့် ဒုက္ခသည် အသိအမှတ်ပြုစာရင်း တင်သွားထားသူ မြန်မာနိုင်ငံသား (၇) သောင်းခန့်ရှိကြောင်း ယူအန်အိပ်ခ်ျစီအာက ထုတ်ပြန်ထားသည်။





Geen opmerkingen: