မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ဝဒေသအတွင်းသို့ ဝင်ရောက်မှု တင်းကျပ်ထား

ပေါက်ပေါက်/ ၂၉ မတ် ၂ဝ၁ဝ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ထိန်းချုပ်ရာ ဒေသအတွင်းသို့ အရပ်သားများ ဝင်ရောက်မှုကို နအဖဘက်က တင်းကျပ်စွာ စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုနေသည်။
ပြီးခဲ့သည့် မတ် (၂၃)ရက်တွင် ဝဒေသအတွင်းမှ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန (နတလ)လက်အောက်ခံ ဝန်ထမ်းများကို ဝဒေသအတွင်းမှ ခွင့်ရက်ရှည်ဖြင့် ထွက်ခွာစေပြီး နောက်ပိုင်း ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “နတလ ဝန်ထမ်းတွေကော၊ အန်ဂျီအိုတွေကော ပြန်ကြတော့ နည်းနည်းတော့ ရုတ်ရုတ်ဖြစ်တာပေါ့။ ဒီမှာ လာအလုပ်လုပ်တဲ့ အရပ်သားတွေလည်း ဟိုပန်ဘက် ပြန်ကြတာရှိတယ်။ ဒီတော့ နောက်ထပ် အဲလို ဝင်မလာနိုင်အောင် စီစဉ်ခဲ့တာ။ ဝဘက်ကို အထူးသဖြင့် ချင်းရွှေဟော်ဘက်က လာကြတာတွေရှိတယ်။ ကိုးကန့်ဘက်ကပေါ့။ နောက် တန့်ယန်းဘက်က လာတာရှိတယ်။ အဲဒါတွေကို စိစစ်တယ်။ ဆွေမျိုးတွေဆီ လာတယ်ဆိုရင်တော့ တမျိုးပေါ့။ ဟိုဟာရောင်း၊ ဒီဟာရောင်းဖို့ လာတာတွေကို ပိတ်လိုက်တယ်” ဟု ပြောသည်။
နတလ ဝန်ထမ်းများ ပြန်သွားသော်လည်း ၎င်းတို့၏လုံခြုံရေးအဖြစ် ဝင်ရောက်နေသည့် ပန်ဆန်းနှင့် မန်းဆာဒေသရှိ နအဖစစ်သားများကမူ ယခုအထိ တပ်ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု အဆိုပါ ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံက ပြောသည်။
ဝဒေသအတွင်း ၁၉၉၃-၉၄ ခုနှစ်မှစ၍ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် နတလ ဝန်ထမ်း (၁ဝဝ) ခန့်တို့တွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ခွင့် (၃) လ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဝန်ထမ်းများအား ခွင့် (၁)လဖြင့် လစာမပျက် ခွင့်ရက်ရှည်များပေးကာ နအဖစစ်အစိုးရက ပြန်လည်ခေါ်ယူခဲ့ပြီးသည့်နောက် ဒေသအတွင်းရှိ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အန်ဂျီအိုအဖွဲ့များကပါ ဝဒေသမှ ပြန်လည်ထွက်ခွာခဲ့သည်။
ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နောက်ဆုံးရက်ချိန်းများ အကြိမ်ကြိမ်ပေးခဲ့ပြီး ဝဒေသအနီး နအဖတပ်များ လှုပ်ရှားသွားလာနေချိန်တွင် ဝဒေသအတွင်းမှ အစိုးရဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သဖြင့် ဝတပ်ဖွဲ့အား နအဖက စစ်ရေးအရ တိုက်ခိုက်တော့မည်လား ဟူသည့် သုံးသပ်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဝတပ်ဖွဲ့ကမူ မည်သည့်ကျူးကျော်တိုက်ခိုက်မှုကို မဆို ခုခံကာကွယ်သွားနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ပြည်သူ့စစ်တပ်ဖွဲ့များပါ စုဖွဲ့ထားကာ ဒေသလုံခြုံရေး ဆောင်ရွက်နေကြသည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံက ပြောသည်။





Geen opmerkingen: