မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 29 januari 2010

မြန်မာပြည်ကို ကူညီရန် ကမ္ဘာ့ဘဏ် စဉ်းစားနေ

Friday, 29 January 2010 16:50 ကိုထွေး
.မြန်မာနိုင်ငံကို ပြန်လည် အကူအညီ ပေးရန် ကမ္ဘာ့ဘဏ်က စဉ်းစားနေသည်ဟု ကမ္ဘာ့ဘဏ် အရာရှိ တဦးကို ကိုးကား၍ Financial Times သတင်းစာတွင် ယမန်နေ့က ရေးသားထားသည်။
                          ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ James Adams (ဓာတ်ပုံ - အေပီ)
မကြာသေးမီက ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ကိုယ်စား လှယ်များ မြန်မာပြည်သို့ သွားရောက် ဆွေးနွေးခဲ့ကြောင်း၊ မြန်မာ ပြည်သူ လူထု ဖွံဖြိုး တိုးတက်ရေး အတွက် ထိရောက်သော အစီအစဉ်များ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ကမ္ဘာ့ဘဏ် အရာရှိ James Adams က ပြောသည်။
သို့သော်လည်း မြန်မာ ပြည်တွင် နိုင်ငံရေး ဖိနှိပ်မှုများ ဆက်လက် တည်ရှိနေလျှင် ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးမည် မဟုတ်ဟု ဆိုသည်။
“လက်ရှိ အခြေအနေအတိုင်း ဆိုရင်တော့ ကျနော်တို့ ဆက်လုပ်သွားဖို့ ရည်ရွယ်ချက် မရှိဘူးလို့ မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌJames Adams က ပြောသည်။
ကမ္ဘာ့ဏ်နှင့် မြန်မာအစိုးရတို့ ဆွေးနွေးရာတွင် ၁၉၆၈ခုနှစ်မှ စတင် အသုံးပြုခဲ့သော မြန်မာနိုင်ငံ၏ ငွေစာရင်းစနစ် ပြုပြင်ရေး ဟူသော အချက်လည်း ပါဝင်ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်မှုများ အကန့်အသတ် ရှိသော်လည်း ယခုကဲ့သို့ စေ့စပ်ညှိနှိုင်းခြင်းကို သိသာ ထင်ရှားသည့် တိုးတက်မှုအဖြစ် သုံးသပ်သူများက ယူဆကြသည်။
“ဒီဟာကို ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်၊ ကြိုဆိုပါတယ်၊ တကယ်တမ်းတော့ မြန်မာနိုင်ငံကို အကူအညီ ပေးသင့်နေတာကတော့ ကြာပြီ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်ကို အကြွေး ဒေါ်လာ သန်း ၃၀၀ ပေးရန် ကျန်ရှိနေကြောင်း သိရသည်။ အကြွေးပြန်ဆပ်ခြင်း မရှိပါက မည်သည့်နိုင်ငံကိုမျှ ငွေထုတ်ချေးမည်မဟုတ် ဟူသော ကမ္ဘာ့ဘဏ်အရာရှိ၏ ပြောကြားချက်ကို Financial Times တွင် ဖော်ပြထားသည်။
မကြာသေးမီက အမေရိကန်နှင့် မြန်မာစစ်အစိုးရတို့ ဆက်ဆံရေး ကောင်းမွန်လာပြီးနောက် ကမ္ဘာ့ဘဏ်က မြန်မာပြည်ကို ပြန်လည် ကူညီရန် စဉ်းစားလာခြင်းဖြစ်သည်။
တပ်မတော်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သဖြင့် ၁၉၈၈ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်က ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။

လူ့အခွင့်အရေး စစ်ဆေးသူ မြန်မာပြည်သွားမည်

Friday, 29 January 2010 18:39 ကိုထွေး
.ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အတွင်း သွားရောက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

                                          လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တာနာ (ဓာတ်ပုံ - အေပီ)
ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပြုရန်၊ ရခိုင်ပြည်နယ်သို့ သွားရောက်၍ လူ့အခွင့်အရေး အခြေအနေ များကို လေ့လာခွင့်ပေးရန် အစိုးရကို တောင်းဆို ထားသည်ဟု မစ္စတာ ကင်တာနာက အင်္ဂါနေ့တွင် လွတ်လပ်သည့် အာရှအသံ (RFA) ကို ရှင်းပြသည်။
မစ္စတာ ကင်တာနာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရသွားပါက အကျိုးရှိမည့် ခရီးစဉ်ဖြစ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
“ဒီမှာ သတင်းတွေ ယူပြီး လူ့အခွင့်အရေး ကော်မတီမှာ ပြန်တင်ပြပြီး လုပ်ရုံနဲ့တော့ သိပ် အကျိုးသက်ရောက်မှု မရှိဘူးပေါ့၊ ဒီထက် ပိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်၊ သက်ဆိုင်ရာ အစိုးရတွေနဲ့တွေ့မယ်၊ သိသာထင်ရှားတဲ့ အပြောင်းအလဲ တခုခု ဆောင်ရွက်သွားနိုင်မယ့် အခွင့်အလမ်းရမယ် ဆိုရင်တော့ ကျနော်တို့က ကြိုဆိုရမှာပေါ့” ဟု အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် သြဂုတ်လ၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာပြည်ဝင်ခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ပေ။
သူ၏ ဒုတိယခရီးစဉ်တွင် အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားတချို့၊ ကရင်ပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ငယ် ၃ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခဲ့သည်။
ပြီးခဲ့သည့်နှစ် မတ်လတွင် မစ္စတာ ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံရာ အရပ်သားများ လုပ်အားပေးနေရခြင်း၊ ပဋိပက္ခ ဒေသများတွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်း၊ နိုင်ငံရေးသမားများဘက်မှ ရှေ့နေ လိုက်ပေးသူများ ကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း စသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ထည့်သွင်းခဲ့သည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် မကိုက်ညီသော ဥပဒေများကို ပြင်ဆင်ရန်လည်း မစ္စတာ ကင်တာနာက စစ်အစိုးရကို တောင်းဆိုထားသည်။

ဒုရဲအုပ်တဦး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာ

Friday, 29 January 2010 18:14 ဘစောတင်
.ကရင်ပြည်နယ် ဘားအံမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲအုပ် စိုးမင်းသည် မကြာသေးခင် ရက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူလူထု နည်းတူ စစ်အစိုးရ၏ ဖိနှိပ်မှုကို ခံနေကြရပြီး စားဝတ်နေရေးအပါအ၀င် တခြားသော အခက် အခဲများကြောင့် ယခုကဲ့သို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်ဟု ဒု ရဲအုပ် စိုးမင်းက ဧရာဝတီသို့ ပြောသည်။
“ရဲတပ်ဖွဲ့ ထဲမှာ ကျနော်လုပ်သက် (၁၄) နှစ်လောက်လုပ်ခဲ့ပေမယ့် မိသားစု စားဝတ်နေရေးတောင် အဆင် မပြေဘူးဗျ၊ ကျနော့်လိုပဲ ရဲထဲမှာ ထွက်ပြေးလို့ ထောင်မကျရင် ပြေးမယ့်လူတွေ အများကြီးရှိတယ်၊ ပိုဆိုးတာ ကတော့ တပ်ဘက်က ကျနော်တို့ကို အခိုင်းအစေလောက် သဘောထားတယ်၊ လူမုန်းခံစရာရှိရင် ရဲတွေက ရှေ့ကခံ၊ ၀ါးစရာရှိရင်တော့ သူတို့ပဲ၊ ကြာလာတော့ မခံနိုင်တော့ဘူး၊ ဒါကြောင့်တိမ်းရှောင်လာတာ”ဟု သူက ဆိုသည်။
ဒုရဲအုပ် စိုးမင်းသည် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ ၀င်ရောက်ခဲ့ပြီး၂၀၀၂ ခုနှစ်တွင် ဒု ရဲအုပ် ဖြစ်ခဲ့ပြီး ကိုယ်ပိုင်နံပါတ်မှာ လ/၁၇၆ ၉၆၈ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အသက်(၃၃)နှစ် အရွယ်ရှိပြီး ပဲခူးတက္ကသိုလ်မှ မြန်မာစာဘွဲ့ ကို ၂၀၀၀ ပြည့် နှစ်တွင် ရရှိခဲ့သည်ဟု ဆိုသည်။
၎င်းသည် ရဲအရာရှိဖြစ်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် ရဲတပ်ဖွဲ့ ရုံး၊ ပိုက်ကျုံးမြို့နယ်ခွဲ ရဲစခန်း နှင့် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု သိရသည်။
တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံရဖူးသော အခက်အခဲများနှင့်ပတ်သက်ပြီး“ကျနော်တို့ ပြည်နယ်မှာက
အဖွဲ့ အစည်းက မျိုးစုံရှိတယ်လေ၊ ငြိမ်းအဖွဲ့ တွေက မြို့ထဲမှာ သူတို့  ထင်သလို နေတာ၊ ကျနော်တို့ ရဲ ဆို တာကလည်း အထက်အမိန့် အရ သတ်မှတ်ထားတဲ့ ဥပဒေ ကို ဖောက်ဖျက်ရင် ဒါမှ မဟုတ် ဖောက်ဖျက်တယ်လို့ ယုံကြည်ရရင် ဖမ်းရတာပဲ၊ ဒီအခါ ပြဿနာက ပြည်သူကိုဆိုရင် အပြစ်ပေးရ တယ်၊ ငြိမ်းချမ်းရေးက လူတွေကို အပြစ်ပေးလို့ မရဘူးဗျ။ အဲဒီ တော့ ပြည်သူက ကျနော်တို့ကို မကြည်မလင် ဖြစ်ပြန်ရော”ဟု ဒုရဲအုပ် စိုးမင်းက ပြောပြသည်။
ဒု ရဲအုပ် စိုးမင်း“ကျနော့်အနေနဲ့ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးတိုက်ပွဲ များမှာ အုပ်တချပ် သဲတပွင့် ပေးဆပ်လို့ရသရွေ့ ပါဝင်လုပ်ဆောင်သွားပါမယ်”ဟုလည်း ဆက်ပြောသည်။
ယခုအခါ ၎င်းသည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် Free Burma Project ၏ အကူအညီဖြင့် နေထိုင် လျက် ရှိကြောင်း သိရသည်။
Free Burma Project အဖွဲ့ သည် မြန်မာအစိုးရ လက်နက်ကိုင် အဖွဲ့ အစည်းများမှ ထွက်ပြေးတိမ်းရှောင် လာသူများ၊ နိုင်ငံရေးအရတိမ်းရှောင်လာပြီး စိုးရိမ်ရသူများကို ကူညီပေးသော အဖွဲ့ဖြစ်သည်ဟု ဆိုသည်။
Free Burma Project ဥက္ကဌ ကိုမိုးဇက်က“နိုင်ငံတွင်းမှာ ဘယ်လိုမှ နေမဖြစ်တဲ့အဆုံး ထွက်ပြေးလာကြတဲ့ သူတွေထဲမှာ အရမ်းကိုစိုးရိမ်ရတဲ့ အနေအထားမှာရှိတဲ့သူတွေ ပါဝင်နေတယ်။ လက်နက်ကိုင် အဖွဲ့ အစည်း က လူတွေ။ နိုင်ငံရေးသမားတွေ သူတို့မှာ ထောင်ထဲဝင်မလား။ ပြေးမလားလို့ ရွေးစရာလမ်း နှစ်လမ်းပဲ ရှိတဲ့ သူတွေပါတယ်၊ ဒီလိုလူမျိုးတွေကို ကျနော်တို့ကူညီတယ်”ဟု ပြောသည်။

ဟေတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန်

Friday, 29 January 2010 17:35 ဆိုင်မွန် ရောက်ဂ်နင်း
.ပို့တ် အော်ပရင့်စ် (PORT-AU-PRINCE)၊ ဟေတီ။
ဟေတီ ကပ်ဘေးသို့ ကယ်ဆယ်ရေး အကူအညီများ နှေးကွေး နေသည်က နာမည်ပျက် အရှက်တကွဲ အကျိုးနည်း ရမည့်ကိစ္စ မဟုတ်သော်မှ အတော်လေးတော့ ရှက်စရာ ကောင်းနေပြီ ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော ပို့တ် အော်ပရင့်စ် ရှိ ကက်သိုလစ် ဘုရားရှိခိုးကျောင်း တကျောင်း ရှေ့တွင် ဟေတီ တဦး ၀တ်ပြုဆုတောင်း နေစဉ် (ဓာတ်ပုံ - AP)
ပြီးခဲ့သည့် အပတ်အတွင်း မိမိတွေ့ခဲ့ရသမျှ ငလျှင် ဘေးမှ ကံကောင်း ထောက်မ၍ အသက်ရှင် ကျန်ရစ်ကြရ သူများအနေနှင့် အစားအစာ၊ ရေနှင့် အခြေခံ အမိုးအကာ ကဲ့သို့သော ကယ်ဆယ်ရေး ပစ္စည်းများ အမျိုးအမည် တခုမျှ မရရှိကြသေး သူများ ရှိနေသလို၊ သူတို့ နေထိုင်ရာ မြို့ဘက်ပိုင်းဆီသို့ ကယ်ဆယ်ရေး လုပ်သား တဦးတလေမျှ ရောက်မလာ ကြသေးသည်ပင် ရှိနေသည်။ မိမိသည်ပင် ပထမဦးဆုံး တွေ့ရသည့် နိုင်ငံခြားသား ဖြစ်သည်ဟု တချို့သူများက ဆိုနေကြဆဲပင်။ ဤအချိန်သည် သဘာဝ ကပ်ဘေးကြီး ကျရောက်ပြီး တပတ် ကျော်လွန် လာသည့် အချိန်ဖြစ်သည်။
ဤအချက်များကို လုံးဝအလိမ်အညာဟု ငြင်းပယ်လိုက်ရန်လည်း ဖြစ်နိုင်ပါသည်။ လူတချို့က အရေးပေးခံလိုသည့် အတွက်ကြောင့် သူတို့၏ လမ်း၊ ရပ်ကွက်များ ပစ်ပယ်လျစ်လျူရှုခံရကြောင်း ချဲ့ကားပြောခြင်းဖြစ်သည်ဟုလည်း ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေ ဤသို့ နေရာတိုင်းတွင် တွေ့နေ ကြားနေရသည့် စောဒကတက်တောင်းဆိုနေမှုများက ချဲ့ကားပြောသည်ထက်စာလျှင် အမှန်အတိုင်း ပြောနေခြင်း ပိုဖြစ်တန်ရာသည်။
ဟေတီအစိုးရ ကိုယ်နှိုက်က ရဲစခန်းတဲငယ်တခုအတွင်း စည်းဝေး စုဆုံနေကြရပြီး ကြောက်ရွံ့နေသည့် သမ္မတ ရီနေး ပရီဗယ် (Rene Preval)က လူအများ၏ လိုအပ်ချက်ကို အချိန်နှင့် တပြေးညီ အရေးပေးမဖြည့်ဆည်းပေးနိုင်သည့်အတွက် ဝေဖန်ပြစ်တင်ခံနေရသည်။
ပို့တ် အော်ပရင့်စ် မြို့တော်ရှိ နိုင်ငံတကာလေဆိပ်ကလည်း ပြေလမ်းတကြောင်းသာ ရှိသည်။ ငလျှင်လှုပ်စဉ်ကာလအတွင်း လေယာဉ်ထိန်းချုပ်ရေး မျှော်စင်ကလည်း ပျက်စီးသွားခဲ့သည်။ ဆိပ်ကမ်းကလည်း ဆိုးဆိုးရွားရွားပျက်စီးခဲ့ကာ ပြီးခဲ့သည့် သောကြာနေ့တိုင် အသုံးမပြုနိုင်ဘဲ ရှိနေခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ စစ်တပ်ကိုလည်း ဝေဖန်မှုများ ရှိနေပါသည်။ လေဆိပ်ကို စတင်ထိန်းချုပ်စဉ်နေ့များက ကယ်ဆယ်ရေး ကုန်တင်လေယာဉ်များထက်စာလျှင် စစ်တပ်လေယာဉ်များကို ဦးစားပေးနေခဲ့သည်ဟု ဝေဖန်ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် နောက်ပိုင်းတွင် သူ၏ ခင်ပွန်း ကုလသမဂ္ဂ၏ ဟေတီ အထူး သံကိုယ်စားလှယ် ဘီလ်ကလင်တန် ရောက်လာသည့် ခရီးစဉ်တွင် လေဆိပ် နှင့် လေပိုင်နက်ကို ခေတ္တ ယာယီပိတ်ပင် ထားမှု အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။
ဟေတီပြည်သူများ၏ လိုအပ်ချက်ကို ဖြည်းဖြည်းချင်း တိုး၍ ဖြည့်ဆည်းလာနိုင်ပြီ ဖြစ်သော်လည်း ကြီးမားလှသည့် ငလျင် ဒဏ်ကြောင့် ထောက်ပံ့ရေးနှင့် အခြေခံ အဆောက်အဦများလည်း ပျက်စီးခဲ့ရာ NGOများ ကချည်း ဖြေရှင်းရန် မဖြစ်နိုင်ပါ။ NGOများအနေဖြင့် ဘဏ္ဍာရေး အပါအ၀င် တခြားသော အရင်းအမြစ်များကိုပါ အကန့်အသတ်ကြီးစွာ ရင်ဆိုင် နေကြရ သောကြောင့် ဖြစ်သည်။ ဤကိစ္စများကို ဖြေရှင်းနိုင်ရန်လည်း အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းကြီးများကို မှီခို နေကြရသေးသည်။
သို့သော်လည်း ဤသို့ နှောင့်နှေးကြန့်ကြာနေမှုများနှင့် အခက်အခဲများက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့ သည့် နာဂစ်မုန်တိုင်းမျှ ဆိုးပါ၏လောဟု စောကြောဖွယ် ရှိနေသည်။ ဧရာဝတီမဂ္ဂဇင်းက သဘာဝကပ်ဘေး နှစ်ခုစလုံးတွင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ တဦး၏ အမြင်ကို မေးကြည့်နိုင်ခဲ့သည်။
GOAL အဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘရိုင်ယန် ကက်ဆေး (Brian Casey) က ငလျင်ဘေး ကြီးသင့်ပြီး ၃ရက်အကြာတွင် ပို့တ် အော်ပရင့်စ် သို့ ဆိုက်ရောက်လာခဲ့သည်။ တကယ်တော့ ပိုစော၍ ရောက်လာသင့် သည်။ သို့သော်လည်း လေဆိပ်ကိုယ်နှိုက်က ပျက်စီးသွားသည့်အတွက်ကြောင့် လေယာဉ်များ မဆင်းနိုင် ဖြစ်နေရသည်။ နယ်စပ်ချင်းကပ်လျက် ကားဖြင့်သွားလျှင် ၅ နာရီခရီးကြာ ဒိုမီနီကန် သမ္မတနိုင်ငံ ဆန်တို ဒိုမင်းဂိုးသို့ လေယာဉ်များက လမ်းကြောင်းလွှဲ ပျံသန်းဆင်းသက်ခဲ့ကြရသည်။
နှိုင်းယှဉ်ချက်အရ ဆိုရလျှင် နာဂစ်မုန်တိုင်းသတင်း ကြားကြားချင်း သူက အငတ်ဘေးကျရောက်နေသည့် အီသီယိုပီးယား မှ ချက်ချင်းထွက်ခွာ၍ ရေလုံးအမြင့် ၃. ၅မီတာ၊ လေတိုက်နှုန်း တနာရီ ၁၃၅ မိုင်နှုန်းဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကို တိုက်ခတ်ဖျက်ဆီးခံခဲ့ရသည့် နောက်တနေ့ညတွင် ဘန်ကောက်သို့ ရောက်လာခဲ့သည်။ ခန့်မှန်းရသည်မှာ ဤမုန်တိုင်း အတွင်း လူပေါင်း ၁၄၀,၀၀၀ ကျော်၏ အသက်များလည်း တိုက်ခတ်လွင့်စင်ခဲ့ပုံရသည်။ သို့သော်လည်း ယခုတိုင် ကိန်း ဂဏန်း အတိအကျကို မသိရှိနိုင်ခဲ့။ ဟေတီရှိ ယခု ငလျင်ဘေး အသေအပျောက်ကိုမူ ၂ သိန်းခန့်အထိ ရှိနိုင်သည်ဟု အစိုးရကိန်းဂဏန်းများက ခန့်မှန်းကြသည်။
"ကျနော်တို့ ထိုင်းနိုင်ငံမှာ ၉ ရက်ကြာ မြန်မာပြည်ဗီဇာရဖို့အရေး အချည်းအနှီး စောင့်နေရတယ်၊ ၁၀ ရက်မြောက်နေ့မှာ သီရိလင်္ကာမှာလျှောက်ရင် ဗီဇာရနိုင်တယ်လို့ ကြားတော့ ကိုလံဘိုကို ပြေးကြရပြန်တယ်"ဟု မစ္စတာ ဘရိုင်ရန် ကက်ဆေး က ပြောသည်။
ဗီဇာရရှိသည်နှင့် ကက်ဆေးနှင့် သူ၏ GOAL အဖွဲ့မှ လုပ်ဖော်ကိုင်ဖက်များက လေဘေးမုန်တိုင်းသင့်ပြီး ၁၂ ရက်ကြာမှ ရန်ကုန်သို့ ခြေချနိုင်ခဲ့ကြသည်။ ဤသို့နောက်ကျနေသော်မှ သူတို့က အရေးပေါ်ကာလ နိုင်ငံအတွင်းသို့ ပထမဦးဆုံး ရောက်ရှိလာကြသည့် ကယ်ဆယ်ရေးလုပ်သားများတွင် အပါအ၀င် ဖြစ်နေသေးသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် လုပ်ငန်းများရှိနေပြီးသား လက်တဆုပ်စာ ကုလသမဂ္ဂ ဌာနများနှင့် အနည်းစု NGOအဖွဲ့များကို ထည့်သွင်းပြောဆိုခြင်း မဟုတ်ပေ။
"နာဂစ်မှာ အကူအညီပေးဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့သူတွေ ရာနဲ့ချီတယ်၊ အများစုက ဒီထက်ပိုပြီး ဘာမှ ဆက်လုပ် လို့မရဘူး။ ကျနော်ပြောနေတာက အသက်တွေအများအပြား ကယ်ဆယ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းကြီးတွေကို ပြောတာပါ။ သူတို့ကိုယ်တိုင်လည်း ၀င်လို့ မရကြဘူး"ဟု ကက်ဆေးက ဆိုသည်။
ဧရာဝတီမဂ္ဂဇင်းက ပို့တ် အော်ပရင့်စ်ရှိ ကက်ဆေးနှင့် ဟေတီငလျင်ကြီးဖြစ်ပြီး၍ ၁၀ ရက်အကြာတွင် မေးမြန်းစကား ပြောဆိုနိုင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများက နှောင့်နှေးကြန့်ကြာနေသည်ဟု ၀န်ခံရဖို့ ရှိနေသော်လည်း၊ ကက်ဆေး က ပြောသည်မှာ "GOAL အဖွဲ့ထံကနေ လူပေါင်း ၇,၀၀၀ လောက်က အစားအသောက်၊ အမိုးအကာတွေ ရကြပြီ။ နောက် ထပ် ၄၈ နာရီအတွင်းမှာပဲ ငွေကြေးတစုံတရာ ၀င်ငွေရစေဖို့ အလုပ်လုပ်တဲ့စနစ် (Cash for Work Projects) ကို စတင်နိုင် မယ်"ဟု ဆိုသည်။
ဤကဲ့သို့ အချိန်မျိုးမှာ နာဂစ်မုန်တိုင်းဖြစ်ပြီးစ ကက်ဆေးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ရရန် အတွက် စောင့်ဆိုင်းနေကြရဆဲ အချိန်မျိုးဖြစ်သည်။
"ကျနော်တို့ ရန်ကုန်ကိုရောက်တော့ မြို့က အမှောင်ထဲမှာ၊ နောက်ထပ် ၇ ပတ်တိုင်တိုင် လျှပ်စစ်မီးက လာလိုက် ပျက် လိုက်နဲ့ပဲ"ဟု ကက်ဆေးက ပြောကြားလိုက်ပြီး မြန်မာစစ်အစိုးရက အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်တင်ပို့ရောင်းချရငွေ ဒေါ်လာသန်းထောင်ချီ၍ ၀င်နေစဉ် တွင် မြန်မာလူထုမှာမူ လျှပ်စစ်မီး မရှိဘဲနေထိုင်နေကြရသည်ဟုလည်း ဆိုသည်။
ဟေတီနိုင်ငံနှင့် မတူသည့်အချက်က မြန်မာနိုင်ငံက သဘာဝ သယံဇာတပေါကြွယ်ဝသည်။ သို့သော်လည်း အကြမ်းဖက်မှု များနှင့် အရည်အချင်းမရှိသည့် စစ်ခေါင်းဆောင်များ လက်တွင်းတွင် နစ်မွန်းဆုတ်ယုတ် နေရသည်။ ဟေတီနိုင်ငံတွင် လည်း မကောင်းသည့် အစိုးရ အုပ်ချုပ်မှုနှင့် ပတ်သက်၍ ၀မ်းနည်းဖွယ် ရှည်လျားသော သမိုင်းကြောင်း ရှိပါသည်။ သို့ သော် ထိုနိုင်ငံ ခေါင်းဆောင်များက သဘာဝအရင်းအမြစ်များကိုရောင်းစား မှီခိုမည့်အစား၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ များအတွက် လက်ဖြန့်တောင်းရမည်ကို ရှက်မည့်သူများ မဟုတ်ပေ။
မြေငလျင်ဒဏ် မခံရမီကပင် အနောက်ကမ္ဘာခြမ်းတွင်အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး အကြိမ်ကြိမ် စစ်အာဏာသိမ်းမှုများ၊ တန်ပြန်စစ်အာဏာသိမ်းမှုများ၊ အစိုးရရဲများနှင့် ပြည်သူ့စစ် လက်နက်ကိုင်များ၊ အကြမ်းဖက် လူမိုက်ဂိုဏ်းများ၏ ရမ်းကား နှိပ်စက်မှုများကြောင့်လည်း ဟေတီနိုင်ငံက ယိုယွင်းကျဆင်းနေခဲ့ရသည်။

ဝေငှပေးသည့် အစားအစာ များကို အလုအယက် တောင်းခံယူနေသော ဟေတီ ငလျင် ဒုက္ခသည်များ (ဓာတ်ပုံ - Getty Images)
မြန်မာ နိုင်ငံတွင် နာဂစ် မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ အရောက် ပေးပို့နိုင်ရေး အတွက် GOAL အဖွဲ့က အမိုး အကာများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်း သေတ္တာများကို ရန်ကုန်တွင် မတန်တဆ ဈေးနှုန်းဖြင့် ၀ယ်ကြရသည်။ တချို့သော မြန်မာနိုင်ငံသား စေတနာ့ ၀န်ထမ်းများက ကပ်ဘေးသင့် ဒေသ များသို့ အကူ အညီ ပစ္စည်းများကို သယ်ဆောင် ပို့ပေးခဲ့ ကြသည်။ ဤအချိန်တွင် သူတို့အဖွဲ့က အချိန်ကုန် ခက်ခဲပင်ပန်း သည့် တရားဝင် NGO အဖြစ် မှတ်ပုံ တင်နိုင်ရေး လုပ်ငန်းစဉ်ကြီးကို ဆောင်ရွက် နေကြရပြန်သည်။
"ကျနော်တို့နဲ့ပူးပေါင်းလုပ်ကိုင်ကြတဲ့ ဒေသခံအဖွဲ့တွေက နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ကြရတာ စိတ်မသက် မသာ ဖြစ်နေကြတယ်၊ သူတို့က ကူညီချင်ပါတယ်။ သူတို့ အများစုက သူငယ် ချင်းတွေ၊ မိသားစုတွေ မုန်တိုင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ သူတို့က ဘာတွေ လိုအပ်နေတယ်ဆိုတာလည်း သိကြတယ်"ဟု ကက်ဆေးက အမှတ်တရ ပြန်ပြောသည်။ ထိုဒေသခံများသည် မြန်မာစစ်တပ်၏ စောင့်ကြည့်ခံနေရမှုများ၊ ခြိမ်းခြောက်ခံရမှုများကို အကြောင်းပြု၍ နောက်ဆုတ်သွားကြသည်ဟုလည်း ဆိုသည်။
"တချို့မြန်မာတွေက ကျနော်တို့နဲ့ စကားပြောရမှာ အင်မတန်စိုးရိမ်နေကြတာ တွေ့ရတယ်။ ကျနော်တို့လည်း သတင်း အချက်အလက်တွေ မရတော့ဘူး၊ သူတို့က ကျနော်တို့နဲ့ တတွဲတွဲ ဖြစ်နေတာ အမြင်မခံလိုကြဘူး။ အာဏာပိုင်တွေ ဘက်က သင်္ကာမကင်း ဖြစ်လာမှာကို စိုးရိမ်တယ်"ဟု ကက်ဆေး က ပြောသည်။
"ဒုက္ခသည်တွေရှိတဲ့ နေရာအထိ ကျနော်တို့ သွားလို့ မရဘူး။ အဲသည်တော့ ကျနော်တို့ကိုယ်တိုင် ဝေငှပေးဖို့ဆိုတာလည်း မဖြစ်နိုင် ဘူး။ ကျနော်တို့ မစောင့်ကြည့်နိုင်ဘူး။ ဆန်းစစ်တာတွေ မလုပ်နိုင်ဘူး။ အကူအညီတွေက တကယ်လိုအပ်နေသူ တွေ လက်ထဲ ရောက်သလား၊ မရောက်သမလား သေချာ မစစ်ဆေးနိုင်ဘူး၊ အဲဒါကြောင့်ပဲ အလှူရှင်တွေ အစိုးရတွေက ကျနော်တို့ကို ငွေထောက်ပံ့ပေးဖို့ ခက်လာကြတယ်"ဟုလည်း သူက ဆက်ပြောသည်။
ကက်ဆေးက"ဟေတီ ကယ်ဆယ်ရေးမှာ ယေဘုယျပြောရင် အားနည်းချက်တွေ ရှိနေပေမယ့်လည်း မြန်မာပြည်မှာ ကျနော်တို့ ၄ လ ကူခဲ့တာထက်စာရင် ဟေတီမှာ ၉ ရက်အတွင်း ပိုလို့ ကူညီနိုင်တယ်"ဟု ဆိုသည်။
"အခု ဟေတီမှာ ရှိနေတဲ့ အခက်အခဲက မြန်မာပြည်နဲ့ ကွာခြားတယ်။ ဟေတီက အခြေခံအဆောက်အဦစနစ်တွေက ငလျင်မတိုင်ခင်ကတည်းက ဒီလောက် မကောင်းဘူး။ ဒါတွေက ဇန်န၀ါရီလ ၁၂ ရက်မှာ အကုန်ဖျက်ဆီးခံလိုက်ရတယ်"ဟု သူက ပြောသည်။
သဘာဝကပ်ဘေးဒဏ်ကြောင့် ပါသလို၊ တဘက်တွင်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပိတ်ဆို့နေကြရသည်။ သို့သော်လည်း မြန်မာပြည်တွင် တွေ့ခဲ့ရသော အခက်အခဲများကတော့ လူက ဖန်တီး ထားသည့်ကိစ္စများဟု ကက်ဆေးက ပြောသည်။
"တကယ့် အရေးကြီးတဲ့အချိန်မှာမှ အစိုးရက ကန့်လန့်ခံနေ တယ်"ဟုလည်း သူကဆိုသည်။
ကက်ဆေးက ပြောရာတွင် အကူအညီများ နိုင်ငံတွင်းရောက်ရှိရေးနှင့် နိုင်ငံအနှံ့ ရောက်ရေးအတွက် ဟေတီအစိုးရ သို့ မဟုတ် ဗျူရိုကရေစီ ယန္တရားများက အနှောင့်အယှက် အဟန့်အတားပြုခြင်း မရှိဟု ပြောသည်။ ရန်ကုန်တွင်နေခဲ့သော ၇ ပတ်ကြာ ကာလနှင့် နှိုင်းယှဉ်၍လည်း"GOAL အဖွဲ့က အဲဒီမှာ စုစုပေါင်း ၄ လကြာတယ်။ ကျနော်တို့ကို မြို့တော်က လွဲပြီး အပြင်ထွက်ခွင့် မပေးဘူး"ဟု သူက ရှင်းပြသည်။
သို့တိုင် ငလျင်ပြီးနောက်ပိုင်း လူထုကို ကူညီကယ်ဆယ်ရန် မစွမ်းနိုင်သေးသည့်အတွက်ကြောင့် ဟေတီအစိုးရကို ပြစ်တင် ဝေဖန်မှုများ အကျယ်အပြန့် ရှိနေပါသည်။
ပြီးခဲ့သည့် အပတ်က ကျနော်တွေ့ဆုံမေးမြန်းနိုင်ခဲ့သော ငလျင်ဒဏ်မှ ကံကောင်းထောက်မ၍ ရှင်ကျန်ရစ်သူများက သဘာဝ ကပ်ဘေးပြီးနောက်ပိုင်း သူတို့ခေါင်းဆောင်များက ပုန်းအောင်းနေကြသည်ဟု ပြောဆိုခဲ့ကြသည်။ တချို့သူများ ကမူ အကူအညီများကို ဟေတီအစိုးရဌာနများ လက်ထဲ မထည့်ပေးရေးအတွက် စာရေးသားရန် အကြံပြုကြသည်။ တချို့ သော လေ့လာဆန်းစစ်သူများ၏ ပြီးခဲ့သည့် ၃-၄ နှစ်အတွင်း ဟေတီတွင် တိုးတက်မှုရှိလာခဲ့သည်ဟူသော သုံးသပ်ချက် များနှင့် ပတ်သက်ပြီး ကျနော်က ဝေဖန်ငြင်းပယ်သည့်ကိစ္စအပေါ်တွင်လည်း မေးခွန်းထုတ်ကြသည်။
ပို့တ် အော်ပရင့်စ်မြို့တော် ကာဖိုးခရိုင် (Carrefour district) နှင့် နီးကပ်နေသည့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံရသော ဖွန်တာမာရာရှိ ပယ်ရီ ရော်နယ်ဒ် (Pierre Ronald) က ပြောရာတွင်"ရေဒီယိုမှာ ကြားရတာက အမေရိကန်နဲ့ တခြားနိုင်ငံ တွေ က ဟေတီကို ဒေါ်လာ ဘီလီယံပေါင်းများစွာ (ဖွံ့ဖြိုးရေးအကူအညီအနေနဲ့) နှစ်စဉ် ပေးနေတယ် ပြောတယ်။ ကျနော် တို့ လည်း ဘာမှ မတွေ့ရဘူး။ လုံးဝလိမ်တာ မဟုတ်ရင်တော့ ဒီငွေတွေ တနေရာရာကို ရောက်သွားပြီပဲ။သေချာတာက ဒီကို တော့ ပို့တာမဟုတ်ဘူး"ဟု သူက ဒါဇင်အနည်းငယ်ခန့်ရှိ ဒုက္ခသည် မိန်းမနှင့်ကလေးများ နေ့လယ်ခင်းနေရောင်ဒဏ် ကို ပလတ်စတစ် အမိုးအောက်တွင် ခိုလှုံနေကြရသည့် ပလာဇာ တနေရာအား လက်ညှိုးညွှန်ရင်း ပြောသည်။
ဟေတီအစိုးရကို ဝေဖန်သူများ ရှိကြပါသည်။ သူတို့ဝေဖန်နေကြသည်မှာလည်း မှန်သည့်အချက် ဖြစ်သည်။ သို့သော် လည်း အနည်းဆုံးတော့ ဤသို့ဝေဖန်နေကြသည်မှာ အစိုးရက ကြားဝင်ဟန့်တားနေသောကြောင့် မဟုတ်ပေ။
ကက်ဆေး၏ နှိုင်းယှဉ်ချက်အရဆိုလျှင် မြန်မာစစ်အစိုးရကမူ ကယ်ဆယ်ရေးလုပ်သားများကို မြစ်ဝကျွန်းပေါ်ဒေသ မရောက်နိုင်ရန် နှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။ လူပေါင်း ၃ သန်းခန့်ကို အိုးမဲ့အိမ်မဲ့ ပြစ်ထားပြီး ပျက်စီးသွားသည့် ဒေသတခုလုံးကိုလည်း လက်ပိုက်ကြည့်နေသည်ဟု ပြောသည်။
နှစ်နှစ်ခန့် ကြာသည့်တိုင် လူထုကို ကယ်ဆယ်ရန်လာသည့် အကူအညီများအား ပိတ်ဆို့ဟန့်တားရုံမျှသာမက၊ ကပ်ဘေး ကာလနှင့် နောက်ပိုင်းတွင် လျစ်လျူရှုနိုင်သည့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်ကို သူ ယခုတိုင် နားမလည်နိုင်သကဲ့သို့ ဒေါသဖြစ်နေရသေးသည်ဟုလည်း ဆိုသည်။
"သေသူတွေရဲ့အလောင်းတွေ ရေကန်ထဲမှာ၊ မြစ်ချောင်းတွေထဲမှာ မျောနေတာ ဒီအတိုင်းထားတော့ ရေကြောင့်ကူးစက် တဲ့ရောဂါတွေ ပျံ့ပွားအောင် တမင်အားပေးနေသလို ဖြစ်နေတာပေါ့။ ဆေးဝါး အထောက်အပံ့တွေကို အကူအညီပေးဖို့ တားဆီးနေတာ၊ လျစ်လျူရှုထားတာတွေ ရှိနေတော့ ဒီရောဂါဘေးတွေကနေ လူတွေခုခံကာကွယ်လို့မရအောင် လုပ်ထား သလို ဖြစ်နေတယ်"ဟု ကက်ဆေးက ပြောဆိုသည်။
"ကျနော် အသေအချာ ယုံကြည်နေတာကတော့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြီးတဲ့နောက်မှာ စစ်အစိုးရကိုယ်နှိုက်က နောက်ထပ် အရေးပေါ်ကပ်ဘေးတခုကို ဖန်တီးရှာဖွေနေသလိုပဲ။ ရောဂါဘေးတွေ၊ ငတ်မွတ်ခေါင်းပါးမှု၊ သောက်သုံး ရေပြတ်လပ်မှု၊ လျစ်လျူရှု ထားမှုတွေက ဒုတိယမုန်တိုင်းရဲ့သေမင်းတမန်လှိုင်းလုံးလို လိုက်လာတယ်"ဟုလည်း ကက်ဆေး က ပြောသည်။

စစ်အစိုးရအနေဖြင့်မူ သူလိုချင်သည့် ရလဒ်ကို ရခဲ့ပြီဟု ဆိုနိုင်ပါသည်။

SIMON ROUGHNEEN ရေးသားသည့် Haiti Aid Response Far Better than Nargis ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်

  
NEJ/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ
ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။
ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။
ယခုလ (၂၁)ရက်တွင် ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ခံထားရပြီး အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေများက ဇန်န၀ါရီ (၁၈) ရက်တွင် နိုင်ငံတော် ဗဟိုတရားရုံးချုပ်၌ တင်သွင်းထားပြီး အမိန့်ထွက်မည့်ရက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ယမန်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုကြောင့် စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီး သန်းရွှေ၏ အမိန့်စာဖြင့် ထိုချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ထားခြင်းဖြစ်သည်။
ယင်းသို့ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုပါက အကျယ်ချုပ်သက်တမ်းကာလမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးကောင်း လွှတ်ပေးမည့်သဘောလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်စာတွင် ပါရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စာအပေါ် လွှမ်းမိုးရာရောက်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “ဗိုလ်ချုပ်သန်းရွှေထုတ်တဲ့စာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲစေတယ်တဲ့။ အဲဒီစာပေါ်မှာလည်း လွှမ်းမိုးရာ ရောက်တယ်တဲ့” ဟု ပြောကြားသည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယင်းသို့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည့် ပြောကြားချက်သည် ဘာမှမထူးခြားကြောင်း ပြောသည်။
“ဒေါ်စုကို နိုဝင်ဘာမှာ လွှတ်ပေးမယ်ဆိုတာ နိုင်ငံရေးပြက်လုံးပဲ။ အစိုးရမှာ တာဝန်ရှိသူ ၀န်ကြီးတယောက်ကနေပြီးတော့ ပြောလိုက်တာဟာ ပြက်လုံးလို ဖြစ်နေတယ်။ သူ့လွတ်ရက် နိုဝင်ဘာမှာ လွှတ်မယ်လို့ပြောတာဟာ ဘာမှ မထူးခြားဘူး။ ဒါ့အပြင် ဒီနိုဝင်ဘာမှ လွတ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်နိုင်မယ် ဆိုတာကလည်း ရွေးကောက်ပွဲက အောက်တိုဘာတောင် ကျင်းပမယ်ဆိုပြီးဖြစ်နေတော့ ဒီစကားမျိုးပြောတာ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်” ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာတွင် လွှတ်မည်ဆိုခြင်းသည် နိုဝင်ဘာမတိုင်ခင် မလွှတ်ဘူးဆိုသည့် သဘောမျိုးလည်း အဓိပ္ပာယ်ကောက်ယူနိုင်သည့်အတွက် ယင်းစကားသည် ဆိုးဝါးသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
“ဒီလို ၀န်ကြီးကိုယ်တိုင်က နိုဝင်ဘာထက် စောမလွှတ်ဘူးဆိုတဲ့ အဓိပ္ပယ်ကောက်လို့ရတဲ့ စကားကိုပြောတယ်ဆိုရင် တရားရုံးမှာ စစ်နေတဲ့ တရားသူကြီးအပေါ်မှာလည်း အလွန်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်နိုင်တယ်။ တရားသူကြီးတွေ ကလည်း အခုလာမယ့်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖို့တို့၊ ဆက်ချုပ်ထားဖို့တို့ပဲ ဆုံးဖြတ်မယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာမတိုင်ခင် စောပြီးလွှတ်သင့်ကြောင်း၊ ယင်းသို့လွှတ်သည့်အပေါ်အကြောင်းပြုပြီး နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်လက်ခံသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။
၎င်းက “ဒီလိုစကားပြောတာကို ၀မ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျေနပ်ပါတယ်။ လွှတ်မယ်ဆိုတဲ့အသံထွက်တာ ကောင်းတယ်လို့ ယူဆပါတယ်။ သို့သော် အဲလိုစကားမျိုးပြောနေမယ့်အစား လွှတ်လိုက်ပါ။ စောစောလွှတ်လိုက်ပါ။ လွှတ်ပြီးရင် ကျနော်တို့တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ကိစ္စမျိုးကို မဖြစ်မနေလုပ်ပါ။ ဘာလို့လည်းဆိုတော့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်က လာပြီးတော့တွေ့တယ်တို့ဆိုတာ ဆက်သားအဆင့်လောက်ပဲ သတင်းစကားပို့နေရတဲ့ အလုပ်လုပ်နေရတော့ ဘာမှလည်း အကျိုးသက်ရောက်မှုမရှိဘူး” ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် လွန်ခဲ့သည့် အနှစ် (၂၀) ကျော်ကတည်းက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာခဲ့ပြီး နအဖစစ်အစိုးရအနေဖြင့် ယခုတိုင် လက်ခံခြင်းမရှိသေးသည့်အပြင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်ဆိုပါက အန်အယ်လ်ဒီအနေဖြင့် ဆွေးနွေးရန်အကြောင်းရှိမည် မထင်ဟုလည်း ဦးဝင်းတင်က ပြောသည်။
စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ယခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်နိုင်သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်ကျမှ ဒေါ်စုနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှဖြစ်နိုင်ချေမရှိဘူး။ လိုမှမလိုတော့ဘဲ။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ လုပ်ပြီးမှတော့ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ကျနော်တို့ ထင်တယ်။ ဆွေးနွေးရင်လည်း ကျနော်တို့ဘက်က ပြန်ကြည့်တော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အခြေခံဥပဒေ ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ စတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဖို့တောင်းနေတာကို အကြိုကာလမှာ မတွေ့ဆုံဘဲ ရွေးကောက်ပွဲအလွန်ကာလမှ တွေ့ရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု ပြောကြားသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သူ ရဟန်းပျို ချုပ်နှောင်သည့်နေရာ သိခွင့်မရသေး

ဝီရ / ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် နအဖအာဏာပိုင်တို့က ဖမ်းဆီးသွားသည့် မွန်ရဟန်းပျိုကို ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးနောက် ရက်သတ္တ (၃) ပတ်ကျော် ကြာမြင့်သော်လည်း မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း ၎င်း၏ဆွေမျိုးများက ပြောသည်။
“ဇန်နဝါရီ (၉) ရက်နေ့မှာ ရန်ကုန်ကို ခေါ်သွားတယ်လို့ သိရတယ်။ ရန်ကုန်ရောက်လာပြီးနောက်ပိုင်းမှာ လိုက်စုံစမ်းနေပေမယ့် ဦးဇင်းကို ဘယ်မှာ ချုပ်ထားသလဲဆိုတာ ဘယ်ရဲစခန်းကမှ မပြောကြဘူး” ဟု ထိုရဟန်းပျို၏ ရန်ကုန်ရှိ ဆွေမျိုးတဦးက ပြောသည်။
အသက် (၂၈) နှစ်အရွယ် အရှင်ဥက္ကံသ ခေါ် ဦးဇင်း ဇော်လတ်သည် သံဖြူဇရပ်မြို့၌ ယခုလ (၇) ရက်တွင် ဒေသခံရဲတပ်ဖွဲ့၏ ဖမ်းဆီးလူဝတ်လဲခြင်းခံရပြီး ရိုက်နှက်စစ်ဆေးထားသည့်ဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံသို့ ရောက်ရှိလာကာ ရန်ကုန်သို့ ပို့ဆောင်ခဲ့ပြီးနောက် အစပျောက်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းထံမှ သိရသည်။
ဇန်န၀ါရီ (၁) ရက်နေ့တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများ မွန်ပြည်နယ် ကားလမ်းမတလျှောက်တွင် ပေါ်ပေါက်ခဲ့ပြီးနောက် ယင်းလှုပ်ရှားမှုနှင့် ဆက်စပ်၍ အရှင် ဥက္ကံသအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏ ဆွေမျိုးတဦးက “အာဏာပိုင်တွေအနေနဲ့ ဦးဇင်းကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ အကြောင်းကြား သင့်တယ်ပေါ့။ ဒါမှ ရှေ့နေတွေ ငှားပြီး ဆက်လုပ်သင့်တာ လုပ်ဖို့လေ။ အခုဟာက တွေ့ခွင့်မပေးဘဲ မတရားရိုက်နှက်ပြီး စစ်ဆေးနေတော့ ကျမတို့ဆွေမျိုးတွေ ပိုပြီးစိုးရိမ်ရအောင် လုပ်နေတာပဲ” ဟု ပြောကြားသည်။
မွန်ပြည်နယ် ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ် မုဒွန်းကျေးရွာဇာတိ အရှင်ဥက္ကံသအား ဖမ်းဆီးသွားပြီးနောက် ၎င်း၏ တကာတဦးဖြစ်သူ မုဒွန်းရွာသား လူငယ်တဦးကိုလည်း အာဏာပိုင်တို့က ဇန်နဝါရီ (၁၂) ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့သည်။
“သူ့ရွာသား ဒကာတဦးကို ဖမ်းသွားတာတောင် မကဘဲ သူ သီတင်းသုံးနေတဲ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်။ သူ သွားလာလည်ပတ်တတ်တဲ့ အခြားကျောင်းတွေကိုလည်း အာဏာပိုင်တွေက လိုက်မေးမြန်းနေတော့ တခြားသံဃာတွေလည်း ပုန်းရှောင်နေရတာပေါ့။ နောက်ထပ် ဖမ်းဆီးဦးမယ်လို့လည်း ကောလာဟလတွေ ထွက်နေတာကိုး” ဟု လွတ်မြောက်နယ်မြေ တနေရာသို့ ရောက်ရှိလာသည့် မွန်သံဃာတပါးက မိန့်ကြားသည်။
အရှင်ဥက္ကံသသည် မွန်စာပေသင်တန်း၊ လူမှုရေးလုပ်ငန်းတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတဦးဖြစ်ပြီး မွန်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို ဗီဒီယိုမှတ်တမ်းတင်နေသည့် စာချဆရာတော်တပါးဖြစ်သည်။
အရှင် ဥက္ကံသကို အကျဉ်းစခန်းထဲတွင် မတရားရိုက်နှက်ဖမ်းဆီးခဲ့ခြင်းအပေါ် အမေရိကန်၊ ကနေဒါ၊ ဥရောပနှင့် သြစတြေးလျ နိုင်ငံတို့မှ အဝေးရောက်မွန်အဖွဲ့အစည်းတို့က ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းလွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ (၂၇) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မူဆယ်မြို့ ဝတပ်ဖွဲ့ ဆက်ဆံရေးရုံးအနီး ဗုံး (၁) လုံး တွေ့ရှိ

ခိုင်လင်း / ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်ရှိ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ခေါ် ဝတပ်ဖွဲ့၏ ဆက်ဆံရေးရုံးအနီးတွင် မပေါက်ကွဲသေးသည့် ဗုံး (၁) လုံးကို ယမန်နေ့က တွေ့ရှိခဲ့သည်။
မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်၊ ရွှေနဂါးဟိုတည်အနီး လမ်းကြားတွင်တွေ့ရှိခဲ့ပြီး လမ်းများပိတ်ကာ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ လာရောက်ကာ အချိန်အတော်ကြာ ဖြုတ်ယူသိမ်းဆည်းခဲ့သည်ဟု မူဆယ်မြို့ခံတဦးက ပြောသည်။
၎င်းက “ညနေ (၂) နာရီခွဲကျော်လောက်မှာ တွေ့တာ။ အရပ်သားတွေ တွေ့တာကနေ ရဲတွေခေါ်၊ နောက်တော့ လမ်းကို ဟိုဘက် ဒီဘက်ပိတ်၊ ကြိုးတွေတားလိုက်ပေါ့။ နောက် ဘီအီးတပ် (စစ်အင်ဂျင်နီယာတပ်) က ရောက်လာပြီး လာဖြုတ်သွားတယ်။ ညနေပိုင်းလောက်မှ ပြီးသွားတယ်” ဟု ပြောသည်။
ယခုဗုံးတွေ့ရှိရာနေရာသည် နအဖနှင့် အပစ်ခတ်ရပ်ထားသည့် ဝတပ်ဖွဲ့၊ ရှမ်းအဖွဲ့ စသည့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့အစည်းများ၏ ရုံးများနှင့် မိသားစုဝင်များ နေထိုင်သည့် ရပ်ကွက်ဖြစ်သည်ဟု အဆိုပါမူဆယ်မြို့ခံက ပြောသည်။
ထိုသို့ ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ်အဖွဲ့များအတွင်း နအဖက အခြေအနေရှုပ်ထွေးစေရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုသည်။
၎င်းက “ဝတို့၊ မိုင်းလားတို့ကိုကျတော့ ကိုးကန့်လို စစ်တိုက်တဲ့ အကြမ်းနည်း သွားလုပ်လို့မရတော့ အခြေအနေ ရှုပ်ထွေးအောင် တမင်ဖန်တီးလုပ်ပြီး ကွဲလာရင် ကောက်စားမယ်၊ ရေနှောက်အောင် လုပ်ပြီး ငါးဖမ်းမယ်ပေါ့ဗျာ။ တနေ့က ဖြစ်သွားတဲ့ ကိုမင်းအိမ် လုပ်ကြံခံရတဲ့ကိစ္စဆို အဖွဲ့မှာ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်လုပ်တတ်တဲ့ သူကို လုပ်သွားတာ။ အခုလည်း ငြိမ်းအဖွဲ့တွေနေတဲ့ ရပ်ကွက်မှာ ဗုံးတွေ့တယ်ဆိုတာ အချင်းချင်းကြား သွေးကွဲပြီး မယုံသင်္ကာဖြစ်အောင်လုပ်တဲ့ကိစ္စဘဲ။ နအဖ လက်ချက်လို့ပဲ ယူဆလို့ရပါတယ်” ဟု ပြောသည်။
ယခုလ (၂၇) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူး ဦးမင်းအိမ်သည် မိုင်းလားမြို့အတွင်း သေနတ်ပစ် လုပ်ကြံခံလိုက်ရပြီး ယနေ့အချိန်ထိ လူသတ်တရားခံ ရှာမတွေ့သေးပေ။

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့

ဝေလင်း
၂၉ ဇန်န၀ါရီ ၂၀၁၀
နအဖ တပ်မတော် (လေ)
စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက်ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖတို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ခံတွေတောင် ထိတ်လန့်သွား ပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။
မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်
မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြားနိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံးလေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ်ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အားတိုးလာခဲ့ပါတယ်။
မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ်စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ခေတ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ်စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်းသောင်းကျန်းသူ စစ်ဆင်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့လေတပ်မတော်ကို မဆလအစိုးရတို့ တည်ဆောက်ခဲ့ပါတယ်လို့ ပြောရမှာပါ။
ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့


၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ဝယ်ယူခွင့်တွေအပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင်ပစ္စတင်တွေမှာသုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင်မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစားလေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံသား ပုဂ္ဂလိကလေယာဉ်မောင်းသမားတွေဆီကို လျှော့ဈေးနဲ့ ပြန်ရောင်းပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ်မဖြစ်နိုင်တဲ့အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေနေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။
အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခုဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီလေတပ်ကြီးဖြစ်လာအောင် နောက်ဆုံးပေါ်လေယာဉ်တွေ အများကြီးလိုပါတယ်။ အရင် မဆလခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီးရှိကြပေမယ့် အဆင့်မြင့်လေယာဉ်တွေ အများစုဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက်ဝယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖအစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရုရှလုပ် MiG 21 လေယာဉ်ကိုတုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်းလေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါးပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့မြန်မာ့လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...
ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး
… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။
မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်းအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စားတင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ်စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက်ရေယာဉ်တွေ၊ ကင်းလှည့်တိုက်ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်းဆရာတွေပါ ကူညီပေးခဲ့ပါတယ်။
ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ်ကင်းလှည့်သင်္ဘောတွေ၊ အမြောက်တင်သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့အခြေအနေထိ အင်အားတောင့်တင်းလာအောင် မြန်မာ့တပ်မတော်ကို အဓိက ကူညီပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည်နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင်သာမက မြန်မာစစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက်ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ်ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့ သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက်ပစ္စည်းတွေအားလုံး ဘာတခုမှ ရေရှည်အာမခံချက်မရှိကြပါဘူး။ အခုရောင်းထားတဲ့ တရုတ်လုပ်လေယာဉ်တွေအားလုံး ရုရှလေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။
ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ်ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ်လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့်နေကြတဲ့အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်းကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။
တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူတပ်ဆင်ခဲ့တာကြောင့် အလွဲလွဲအမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ်ဖြစ်ရပ်တွေက မီးမောင်းထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်အရေးပြီးတဲ့နောက် အရေးပေါ်အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ်လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။
အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ်တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီလေတပ်စခန်းကနေ ပျံသန်းလေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျသွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ်ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့်ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။
သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက်အဆင့်ရောက်အောင် ပျံသန်းလေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြုပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့်ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ်တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက်ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များအတွက် (၆၂) ဂါလန်လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန်ကုန်ကျတာကြောင့်မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့်ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုးစမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင်စမ်းသပ်ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေကြရပါတယ်။
မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ်စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေးမပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့်ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေးနေရတယ်လို့ လေတပ်ပြုပြင်ထိန်းသိမ်းရေးအုပ်က စစ်သည်တွေကိုယ်တိုင် ပြောစမှတ်တွင်နေလေတော့ မခက်ပါလား၊၊
လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူမောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင်နေရပါတယ်။ ။





ငွေကြေးဖောင်းပွမှု လျော့ကျဟု ကုန်သည်စက်မှုအသင်း ပြောကြား

စိုးမိုး / ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်ကစပြီး ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ လျော့ကျလာကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ပြောကြားချက် မမှန်ကန်ကြောင်း ပြည်တွင်းစီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုလိုက်သည်။
ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ ကျဆင်းလာပြီး ဘဏ်တိုးနှုန်းလည်း ပြင်ပအတိုးနှုန်းကဲ့သို့ တိုးမြင့်လာသဖြင့် ဘဏ်လုပ်ငန်းများ တိုးတက်လာမည့် အနေအထားရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် သုတေသန အကြီးတန်းအရာရှိက အပတ်စဉ်ထုတ် ဆဲဗင်းဒေး နယူးဂျာနယ်သို့ ယခုလ ဒုတိယပတ်တွင် ပြောကြားခဲ့မှုအပေါ် တုံ့ပြန်ပြောဆို လိုက်ခြင်းဖြစ်သည်။
စစ်အစိုးရ ဖိနှိပ်မှုကြောင့် ပြည်တွင်းစီးပွားရေးပညာရှင်များမှာ မှားယွင်းသော စီးပွားရေးမူဝါဒများ၊ စီးပွားရေးအလားအလာများကို ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်မှု မပြုနိုင်သော်လည်း ယင်းသို့ မမှန်မကန် ဝေဖန်သုံးသပ်မှု မပြုသင့်ကြောင်း ပြည်တွင်း စီးပွားရေးပညာရှင်များက ပြောဆိုသည်။
“စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝေဖန်သုံးသပ်ချက် အဓိပ္ပာယ်ကောက်ယူချက်ဟာ တခုလေး လွဲမှားသွားရင် စီးပွားရေးဆိုင်ရာမူဝါဒ ချမှတ်ရာမှာ တလျှောက်ကြီး မှားတတ်ပါတယ်။ သတိထားရပါတယ်။ ဒါကိုဖတ်တဲ့ ပြည်သူကလည်း နားလည်မှု လွဲမှားနိုင်ပါတယ်” ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းတွင် မြန်မာကျပ်ငွေ ဈေးတက်ခဲ့ခြင်းကို ကောက်ချက်ဆွဲ ပြောဆိုခြင်းဖြစ်နိုင်သော်လည်း အမှန်တကယ် ငွေကြေးဖောင်းပွမှု လျော့ကျလာခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။
“ငွေကြေးဖောင်းပွမှု လျော့သွားတယ်ဆိုရင် တည်ငြိမ်တဲ့ အနေအထားတရပ်နဲ့ ဆက်သွားနိုင်ရမယ်။ အခုဟာက ဒေါ်လာ မလိုလို့ ကျပ်ငွေလိုလို့ ဈေးကျသွားတာ ခဏပဲ။ ဒါကို ငွေကြေးဖောင်းပွမှု လျော့သွားတာလို့ ပြောလို့မရဘူး” ဟု အဆိုပါ ပြည်တွင်းစီးပွားရေးပညာရှင်က ထောက်ပြပြောဆိုသည်။
ဈေးကွက်အတွင်း ၀ယ်လိုအား သိသိသာသာလျော့ကျသွားခြင်းကြောင့် ကုန်သည်များ လျှော့ဈေးဖြင့် ထုတ်ရောင်းလာခြင်းသာ ဖြစ်ကာ ယခုနောက်ပိုင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်နေပြီး ကုန်ပစ္စည်းထုတ်လုပ်မှုလည်း လျော့ကျလာကြောင်း ဘုရင့်နောင်အခြေစိုက် ငါးပိပွဲရုံ လုပ်ငန်းရှင်တဦးက ပြောသည်။
“ဈေးကွက် အနုတ်အသိမ်း နည်းလာရင် လုပ်ငန်းတခုလုံး ငွေမလည်တဲ့သဘောဖြစ်လာရင် အခိုက်အတန့်အားဖြင့်တော့ ငွေပေါ်အောင် လျှော့ဈေးချရတာ ကုန်သည်တွေ လုပ်ထုံးလုပ်နည်းပါ။ အခု လစာတိုးတော့ နောက်လတွေ အရောင်းအ၀ယ်တော့ ပိုလာမယ်လို့ ခန့်မှန်းပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ ကုန်သည်စက်မှုအသင်းချုပ် သုတေသနအကြီးတန်း အရာရှိ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မြန်မာ့ငွေကြေးဖောင်းပွမှု လျော့နည်းလာသည့် အချက်အလက် မရှိကြောင်း၊ ယင်းသို့ပြောဆိုခြင်းသည် လူထုကို နားလည်မှုလွဲမှားစေကြောင်း ပြည်တွင်းစီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းတွင် ဝေဖန်နေကြသည်။

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရဲအရာရှိတဦး ရဲတပ်သားများဘ၀ ရင်ဖွင့်ပြောကြား

ရဲရင့်/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုဒဏ်များကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ်မှ ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။
ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည့် အဆိုပါ ဒု-ရဲအုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်အာဏာပိုင်များ၏ စေခိုင်းချက်အတိုင်း လှုပ်ရှားနေရပြီး ရဲတပ်ဖွဲ့အတွင်း၌လည်း အထက်မှ အောက်ခြေတပ်ဖွဲ့ဝင်များကို နေ့စဉ်ဖိအားပေးမှုများရှိနေသည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းနေသည်ဟု ပြောသည်။
၎င်းက “ရဲဆိုတာက ဥပဒေကြောင်းအရ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ အထက်အမိန့်အတိုင်းပဲ။ ရဲတပ်ဖွဲ့ဆိုတာက စစ်ဘက်အာဏာပိုင် တွေကို ကြောက်ရတယ်။ သူတို့ကဖမ်းဆိုရင် ဖမ်း၊ တားဆိုရင် တားပဲ။ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘူး” ဟု ပြောသည်။
တဘက်နိုင်ငံသို့ခိုးထုတ်မည့် မြန်မာရှေးဟောင်းဘုရား ဆင်းတုတော်များ အပြည့်တင်ဆောင်လာသည့် ကားတစီးကို စစ်ဆေးတွေ့ရှိခဲ့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်တဦး၏ အမိန့်ကြောင့် ပြန်လွှတ်ပေးခဲ့ရသည်ဟုလည်း အဆိုပါ ဒု-ရဲအုပ်ဖြစ်သူက ပြောသည်။
“ဒေသဆိုင်ရာစစ်ဘက်က ဖိအားပေးရာမှာ ကျနော်ဘားအံက သံလွင်တံတားထိပ်မှာ တာဝန်ကျတော့ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုရဲ့ ညီမကားနဲ့ ထိုင်းဘက်ပို့မယ်လို့ ယူဆရတဲ့ ရှေးဟောင်းဘုရား ဆင်းတုတော် (၄၇) ဆူ ဖမ်းမိတယ်။ အဲဒါကိုအထက်က မင်းတို့ဘာမှမလုပ်နဲ့ ပြန်လွှတ်ပေးလိုက်ဆိုတာနဲ့ ကားကိုပြန်လွှတ်ပေးလိုက်ရတယ်” ဟု ပြောသည်။
အမှုရင်ဆိုင်နေရသည့် တရားခံများကို ဥပဒေအရ အရေးယူထိုက်သော်ငြားလည်း ဒေသဆိုင်ရာ အာဏာပိုင်များ၏အမိန့်ကြောင့် ပြန်လွှတ်ပေးရမှုများလည်း ရှိသည်ဟု သိရသည်။
ရဲဝန်ထမ်းလစာနည်းပါးသဖြင့် အောက်ခြေရဲဝန်ထမ်း မိသားစုဝင်အများစုမှာ တရားမ၀င်လောင်းကစားဒိုင်များမှ ပေးသည့် လစဉ်ကြေးများဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒုရဲအုပ်က လစာကျပ် (၃၃,၀၀၀) ပဲရတယ်။ အများထင်သလို အောက်ဆိုက်တွေ ဘာတွေ ရတယ်ဆိုတာက လူတိုင်း မဟုတ်ပါဘူး။ ရုံးမှာတာဝန်ကျတဲ့လူဆိုရင် ပိုဆိုးပါတယ်။ အောက်ခြေရဲတွေရဲ့ မိသားစုတွေကတော့ (၂) လုံးထီ၊ (၃) လုံးထီ၊ (၁) လုံးထီ ဒိုင်တွေကရတဲ့ အကောက်တွေနဲ့ပဲ ရပ်တည်နေကြရတယ်။ တပ်ဖွဲ့ဝင်အင်အားနည်းတော့ ညဘက်ဆိုရင် စခန်းမှာ ရဲဝတ်စုံဝတ်ပြီး ရဲသား မိန်းမတွေ ညကင်းစောင့်ကြရတယ်” ဟု ထိုရဲအရာရှိက ပြောသည်။
စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျပါက ငြိမ်းချမ်းရေးအဖွဲ့ပိုင်ကားများနှင့် မကြာခဏပြဿနာများ ဖြစ်ပွားကြောင်း၊ ပြဿနာ ဖြစ်ပါက ရဲတပ်ဖွဲ့ဝင်များသာ အရေးယူခံရကြောင်း၊ အလားတူဖိနှိပ်မှုဒဏ်များကို ဆက်၍ သီးမခံနိုင်တော့သဖြင့် ထွက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဒု-ရဲအုပ်က တတိယနိုင်ငံသို့ ထွက်ခွာမည်မဟုတ်ဘဲ မိမိတတ်နိုင်သည့်အင်အားဖြင့် မြန်မာပြည် လွတ်မြောက်ရေးအတွက် ပူးပေါင်းကူညီသွားမည်ဟု ပြောသည်။

ပြည်မြို့တွင် ကာရာအိုကေနှင့်အနှိပ်ခန်းများ စည်ကား

အောင်ထက်/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ပေါ်၌ Beauty Saloon အမည်ခံ အနှိပ်ခန်း (မာဆတ်ခန်း) များ၊ KTV ခန်းများ၊ ပြည့်တန်ဆာ နေအိမ်များ တစစဖြင့် များပြားလာနေကြောင်း ပြည်မြို့ခံတို့က ပြောသည်။
“ပြည်မြို့၊ အဝေးပြေးကားဂိတ်အနီး၊ မြို့သစ်ရပ်ကွက်မှာ အနှိပ်ခန်းအသစ်တွေ တိုးလာတယ်။ NARCISSUS တို့၊ Sea Gulls တို့၊ Princess တို့ပေါ့။ ရွှေကြည်သာတို့၊ ရွှေချယ်ရီတို့က ပြီးခဲ့တဲ့ နှစ်တွေကတည်းကရှိနေတာ။ အဲဒီ မာဆတ်ခန်းတွေရှေ့မှာ ဆိုင်ကယ်တ၀ီဝီ၊ မိန်းကလေးတရုန်းရုန်းနဲ့ မြင်မကောင်းဘူး” ဟု မြို့သစ်ရပ်ကွက်သူတဦးက ပြောသည်။
ထို့ပြင် အဆိုပါမြို့သစ်ရပ်ကွက်တွင် မိန်းကလေး (၁၀) ဦးခန့် လုပ်ကိုင်နေသည့် ပြည့်တန်ဆာ အိမ်တအိမ်လည်း တိုးလာသည်ဟု သိရသည်။
ဘီယာစတေရှင် ပိုင်ရှင်တဦးကမူ ကာရာအိုကေနှင့် အနှိပ်ခန်းများသည် ၎င်းတို့ကဲ့သို့ တရားဝင်ဖွင့်ခွင့်မရသည့်အတွက် အခွန်မပေးရသောကြောင့် များပြားလာခြင်းဖြစ်သည်ဟု ပြောသည်။
၎င်းက “KTV မာဆတ်ခန်းတွေဆိုတာ တရားဝင်ဖွင့်လှစ်ခွင့်ရတာ မဟုတ်တော့ အခွန်ငြိမ်းတယ်။ လိုင်စင်ကြေးမရှိဘူး။ ဒေသအာဏာပိုင်တွေနဲ့ နားလည်မှု ရယူပြီးဖွင့်နေရတာ။ အရင်းအနှီး နည်းတယ်။ အကျိုးအမြတ်များတယ်။ ဒါကြောင့် ပြည်မြို့ပေါ်မှာ ဒါတွေ တိုးလာနေတာ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်တွင် BMP Intertainment အမည်ခံ KTV မာဆတ်ခန်းတခု တခမ်းတနား ဖွင့်လှစ်ခဲ့သည်။
အဆိုပါအနှိပ်ခန်းကို သိန်း (၈၀၀) ခန့် အကုန်အကျခံ တည်ဆောက်မွမ်းမံခဲ့ပြီး ပိုင်ရှင်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး၊အနောက်ပိုင်းတိုင်းခွဲ၊ ပဲခူးတိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်စိန်မြင့်၏ ကိုယ်ရေးအရာရှိ (PSO) တာဝန်ယူခဲ့ဖူးသူ ဗိုလ်ကြီး နေအေးဝင်း ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။
၎င်းပိုင် BMP Intertainment အနှိပ်ခန်းသို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေသန်း၏တပည့် ရဲအရာရှိတဦးကမူးယစ်သောက်စားလာကာ BMP ၀န်ထမ်းတဦးကို ပါးရိုက်မှုဖြစ်ပွားရာမှ အဆိုပါအနှိပ်ခန်း ပိတ်လိုက်ရသည်။
“အနှိပ်ခန်းဝန်ထမ်း မိန်းကလေးလုကြရင်း စကားများ ရန်ဖြစ်ကြတာ။ အဲလိုနဲ့ အာဏာပိုင် လူကြီးချင်း စကားပြောကြပြီး ၂၀၀၉ နိုဝင်ဘာမှာ BMP အပါအ၀င် မာဆတ်ခန်းအကုန် ပိတ်ပစ်လိုက်တယ်။ ခုတော့ ပြန်ဖွင့်လာလိုက်ကြတာ အရင်ထက်တောင် ပိုများလာတယ်” ဟု ပြည်မြို့ခံတဦးက ပြောသည်။
ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့၊ ကိုးသောင်းရပ်ကွက်အတွင်း အနှိပ်ခန်း၊ KTV ၊ ပြည့်တန်ဆာခန်း အများဆုံးရှိပြီး (၁၀) ခုထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

ရန်ကုန်စီးတီးတက္ကစီများ ယာဉ်မောင်းခွင့် ကြိုပေးရန် ပြည်တွင်းအခွန် တောင်းခံ

မျိုးချစ်သူ/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ရန်ကုန်စီးတီးတက္ကစီများအား ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွက် ယာဉ်မောင်းခွင့်ကို (၂) နှစ်စာ ကြိုတင်ပေးသွင်းရန် ပြည်တွင်းအခွန်က တက္ကစီယာဉ်ပိုင်ရှင်များကို အကြောင်းကြားကြောင်း သိရသည်။
ပြည်တွင်းအခွန်ဌာနသို့ တက္ကစီယာဉ်ပိုင်ရှင်များက တနှစ်စာအတွက် တစီးလျှင် ကျပ် (၃) သိန်း (၂) သောင်း ပေးဆောင်ရကြောင်း၊ ယခု သတ်မှတ်လိုက်သော (၂) နှစ်စာအတွက် ကျပ် (၆) သိန်း (၄) သောင်း ပေးဆောင်ရကြောင်း ရန်ကုန်ရှိ စီးတီးတက္ကစီ ယာဉ်ပိုင်ရှင်များက ပြောသည်။
“အဲဒီလို ကြိုတင်ဆောင်ရတဲ့အတွက် ငွေအရင်းနှီး ပိုလာတယ်။ အဲဒီအခါ ယာဉ်မောင်းငှားတဲ့သူတွေကို တနေ့မှာ owner ကြေး (၁၅,၀၀၀) ကျပ်ကို တိုးရမလိုဖြစ်နေတယ်။ အဲဒီလို တိုးလိုက်ပြန်ရင်လည်း ခရီးသည်ကို ထိခိုက်မယ်။ ဒီတော့ စဘော်ငွေကိုပဲ တိုးယူရမလားဆိုတာ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ အကြပ်ရိုက်ပါတယ်။ စဘော်က ကားတစီးအတွက် (၇) သိန်းကနေ (၁၀) သိန်းထိ တင်ရတယ်” ဟု ကားပိုင်ရှင်တဦးက ပြောသည်။
အစိုးရက တက္ကစီယာဉ်များအား ကြိုတင်အခွန်ပေးဆောင်စေမှုကို တယ်လီဖုန်းနှင့် ဂျီအက်စ်အမ် မိုဘိုင်းများအား ကြိုတင်ငွေ ပေးသွင်းသည့်အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းထက်ပို၍ မပြောနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။
ကြိုတင်ငွေ ပေးဆောင်ရသည့်အတွက် တက္ကစီယာဉ်ပိုင်ရှင်များက ယင်းစနစ်ကို မကြိုက်ကြောင်း သိရသည်။
“ဘယ်သူကမှ မကြိုက်ဘူး။ ဒါ သက်သက်မဲ့ သူတို့ငွေလိုတာကို နည်းလမ်းစုံ သုံးပြီးလုပ်တာပဲ။ ငွေ (၆) သိန်းကျော်ကို တခါတည်း ဆောင်ရတာ ဘယ်သူက ကြိုက်မလဲ။ လူတွေ ဒီလောက်ငွေခက်ခဲနေတာကို သူတို့မို့ လုပ်ရက်တယ်” ဟု သာကေတမြို့နယ် အခွန်ရုံးမှ အရာရှိတဦးက ပြောသည်။
ရန်ကုန်တွင် စီးတီးတက္ကစီယာဉ်ပေါင်း (၂,၀၀၀) ခန့်ရှိပြီး အများစုမှာ ယာဉ်ပိုင်ရှင်များထံမှတဆင့် စဘော်တင်၍ နေ့တွက်ပေးကာ ငှားရမ်းမောင်းနှင်သူများဖြစ်ကြောင်း သိရသည်။
“ယာဉ်ပိုင်ရှင်တယောက်ဟာ ယာဉ်ကို ပြည်တွင်းအခွန်မှာ (၂) နှစ်စာအတွက် (၆) သိန်း (၄) သောင်း အပါအ၀င် ကညနမှာ လိုင်စင်ဝင်ကြေး အကုန်ပေါင်းရင် သူ့အတွက် ကားတစီးကို ကြိုတင်ရင်းထားရတဲ့ငွေက (၇) သိန်းကျော်တယ်။ ကားတန်ဖိုး မပါသေးဘူး။ ဒီတော့ တက္ကစီစီးပွားရေး ရှေ့အလားအလာက ဘယ်လို ကောင်းလာမလဲ။ ကျနော်တို့ ငှားမောင်းတဲ့သူတွေက ကားအတွက် အသေးစားပြင်ဆင်ခရယ်၊ စီးတီးတက္ကစီကတ် လုပ်ခရယ်ကို ပေးရတယ်။ ယာဉ်ပိုင်ရှင်ကို တနေ့မှာ owner ကြေး (၁၅,၀၀၀) ကျပ်ပေးရတယ်။ စီးသူက ရှားလာတယ်။ ရှာရတာ မလွယ်ဘူး။ စဘော်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် မမောင်းတော့ဘူးဆိုရင် ပြန်ထုတ်လို့ရတယ်။ ကားနေ့တွက်ကြေး (၁၅,၀၀၀) ကျပ်ထက်မြင့်လာရင် ခရီးသည်ကို ထိခိုက်လာမယ်” ဟု အငှားတက္ကစီမောင်းသူတဦးက ပြောသည်။

donderdag 28 januari 2010

ဘုရားရိုက်မည့် နွားငမိုက်များသို့ …


   
အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။
  ဇာဂနာ

့ “ ဆုံးဖြတ်ချက် ”့ 


  
အညှာအတာကင်းမဲ့ကာ့ 
အတ္တကြီးလွန်းတဲ့လူတစုရဲ့
လိမ်ညာလှည့်ဖြားအုပ်ချုပ်မှုအောက်မှာ
လွတ်လပ်မှုအတွက်ခေါင်းထောင်သူအတွက်
ဒဏ်ရာတွေဗရပွရကာ
အမြဲတမ်းပဲအချိုးနှိမ်ခံနေရ
တချို့နေရာတွေမှာ မျှတမှုမရှိတဲလောက့  ။
ကံဆိုတာက လူလုပ်သမျှဆိုတော့ 
ကိုယ့်ဘ၀၊ကိုယ့်ကံနဲ့
ကိုယ့်အနာဂတ်တခုကို
လက်တွေကျတဲ့လုပ်ရပ်တွေနဲ့ဖန်တီးဖို့
ဦးနှောက်ကိုများများသုံးလို့
လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်လိုက်ရင်တော့
လိုချင်တဲ့ကံတချို့ကိုဖန်တီးဖို့
သိပ်ကိုဖြစ်နိုင်သပေါ့  ။
ကြောက်တတ်တယ်ဆိုတာတခါတလေအကျင့်လည်းဖြစ်တတ်လို့ 
အကြောက်တရားတွေအကျင့်လိုပါမသွားအောင်တော့
ကိုယ်ပိုင်အသိနဲ့ပဲရဲဆေးတင်ရမပေါ့
ရောက်ချင်တဲ့ပန်းတိုင်ဆိုတာမျိုးက
တခါတလေမှာမှုန်ဝါး
တခါတလေမှာလည်းအထင်းသားပေါ်နေတော့
မသိရင်မေး၊မစင်ရင်ဆေးကာ
ခရီးရောက်အောင်တော့ဆက်သွားရမပေါ့  ။

           ဇာနည်မောင်

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည်ဆို


  
Thursday, 28 January 2010 18:45 ကိုထွေး
.မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်သည် တရားဥပဒေနှင့်ညီညွတ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အမှုနဲ့ပတ်သက်ပြီးတော့ တရားရုံးချုပ်မှာ တင်ထားတာ အဆုံးအဖြတ်မပြုရသေးဘူး၊ ဒီလိုပြောခြင်းအားဖြင့် တရားရုံး အဆုံးအဖြတ်ကို အနှောင့်အယှက်ပြုသလို ဖြစ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်းတို့သည် ယနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ ခန့် အထိ ၂း၃၀ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်အပေါ်ပြန်လည် ပြောဆိုခြင်း ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အင်အားတောင့်တင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အသေးစိတ် ပြောကြား၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့သည် နေအိမ် ပြင်ဆင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“လုပ်ငန်းသဘောကို အရင်ဆွေးနွေးဖြစ်တယ်၊ ဒီအပေါ်မှာ ဒေါ်စုရဲ့မှတ်ချက်က ဒီကိစ္စက သွေးရိုးသားရိုးဟုတ်ရဲ့လားလို့ သူစိုးရိမ်နေတယ်၊ တခြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများရှိနေသလားလို့ ခံစားရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယခင်က အိမ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်တွင် ကန့်ကွက်စာမိတ္ထူ တောင်းခံထားသည်မှာ ယခုချိန်အထိ မရရှိသေးကြောင်း၊ သို့သော်လည်း အိမ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း၊ အိမ်၏ လက်ရှိအနေအထားမှာ အမိုးများ ပြင်ဆင်ရန်အတွက် တချို့သော အစိတ်အပိုင်းများမှာ ဖြုတ်ထားရသည့် အတွက် မိုးရွာပါက တအိမ်လုံးရေများစိုရွှဲနိုင်ပြီး မလုံခြုံသည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမဆုံးအကြိမ် တားဝရမ်းဖြင့် ကန့်ကွက်ခဲ့သည်။
အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။
စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။
မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

ပန့်ခ် ဂီတသည် လူရမ်းကားများ အတွက်မဟုတ်

Thursday, 28 January 2010 18:33 သဲသဲ
.ပန့်ခ် (Punk) ဂီတကို အားပေးနေသည့် မြန်မာ လူငယ်ပရိသတ် အများစုမှာ ၎င်းဂီတ အမျိုးအစား၏ လွတ်လပ်မှုကို အကြောင်းပြ၍ ရိုင်းစိုင်းစွာ ပောဆို ဆက်ဆံနိုင်သည် ဟူသော လွဲမှားသည့် အယူအဆများဖြင့် အားပေးနေ ကြကြောင်း သိရသည်။


၂၀၀၉ ခုနှစ်က မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သည့် ပန့်ခ်ဂီတ စင်တင်ပွဲတွင် လာရောက် အားပေးသည့် ပန့်ခ် ရူးသွပ်သူများကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - အေအက်ဖ်ပီ)
“ပန့်ခ်ဂီတရဲ့ အနှစ်သာရကို သူတို့ ဘာမှ မသိဘူး။ ဒီခေါင်းစဉ် အောက်မှာ ရှိနေတာနဲ့ သူတို့ လုပ်ချင်တာ၊ ဆဲချင် ဆိုချင်တာ အောက်တန်း ကျကျ ရိုင်းပြလို့ ရတာတွေ အကုန် လုပ်လို့ ရတယ်လို့ ထင်နေကြတယ်” ဟု မြန်မာ နိုင်ငံတွင် ပန့်ခ်ဂီတကို ပထမဆုံး စတင်ခဲ့သူ အဆိုတော် ဟန်ထူးလွင် (ခေါ်) ကျားပေါက်က ဧရာဝတီကို ပြောသည်။
မြန်မာလူငယ် ပရိသတ်များမှာ လွတ်လပ်မှုနှင့် ရိုင်းစိုင်းမှုကို ကွဲပြားစွာ နားလည်မှု မရှိဘဲ ပန့်ခ်ဂီတကို အားပေး လိုက်လျှင် ၎င်းတို့၏ စိတ်ထဲ ရှိသမျှ မကျေနပ်မှု များကို လွတ်လပ်စွာ ရိုင်းပြ ဖော်ထုတ်ခွင့် ရှိသည်ဟု တွေးခေါ်နေ ကြကြောင်း ကျားပေါက်က ဆိုသည်။
“လွတ်လပ်တယ်ဆိုတာ ဘယ်လိုလွတ်လပ်တာလဲ သူတို့မသိဘူး။ ရန်ဖြစ်လို့ အပြင်ကိုဆွဲထုတ်ခံရတယ်။ အဲ့ဒါကို သူတို့ဂုဏ်ယူ နေကြတယ်။ နဂိုစိတ်သဘောထားမကောင်းလို့ပါ။ အဲဒါကို အရေခွံခြုံနေကြတာ။ အဲဒီတော့ ပန့်ခ်သမားတွေကရိုင်းတယ် ဖြစ်ကုန် တာပေါ့” ဟု သူကဆက်ပြောသည်။
ထိုကဲ့သို့ ရိုင်းစိုင်းသော အတွေးအခေါ်များဖြင့် အားပေးနေသည့် ပရိသတ်များကြောင့် ပန့်ခ်ဂီတကိုဖျော်ဖြေရာတွင် ပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည်ဟု ဟန်ထူးလွင်ကဆိုသည်။
“ပွဲပြီးသွားရင် စင်ကိုခဲနဲ့ပေါက်တယ်၊ ၀ိုင်းဖျက်ကြတယ်။ ဟိုတခါ ဟိုတယ်တခုမှာလုပ်တဲ့ပွဲဆိုရင်၊ ဟိုတယ်က မှန်တွေကို ဖျက်ဆီး ပစ်တယ်။ အဲဒီဟိုတယ်က ကျနော့်ကို နောက်ပိုင်း ပေးမဆိုတော့ဘူး” ဟု ကျားပေါက်က ပြောသည်။
ပွဲစီစဉ်သူများအနေဖြင့် အဆိုတော်ဟန်ထူးလွင်၏ စင်တင်ဖျော်ဖြေပွဲများ၊ ၎င်း ပါဝင်သီဆိုမည့်ပွဲများဆိုလျှင် လုံခြုံရေးတိုးမြှင့် ချထား ခြင်းများ ပြုလုပ်လာရသောကြောင့် ထည့်သွင်းသီဆိုစေခြင်းကို ရှောင်ကြဉ်လာကြကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ပန့်ခ်ဂီတအမျိုးအစားအစစ်ကို အားပေးနေသည့် ပရိသတ်အတိုင်းအတာမှာ နည်းပါးလှပြီး အများစုမှာ ၎င်း၏ ပန့်ခ်သီချင်းများထဲမှ ပေါ့ပ်နှင့် ပေါင်းစပ်ထားသော ဂီတအမျိုးအစားကိုသာ အားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ပန့်ခ်ဂီတအမျိုးအစား စတင်ဝင်ရောက်လာခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလများမှဖြစ်သည်။
ပန့်ခ်ဂီတသည် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် အမေရိကန်၊ ဗြိတိန်တလွှားမှ စတင်ရွေ့လျားလာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင်လည်း ပန့်ခ်ဂီတကိုကြိုက်နှစ်သက်သူများမှာ အသားအရောင်ခွဲခြားခြင်း၊ တခြားသော ဂီတအမျိုးအစားကို အထင်မကြီးခြင်းများ ရှိကြောင်း သိရသည်။
ပန့်ခ်ဂီတမှာ လူဖြူများ၏ ဂီတအမျိုးအစားအဖြစ် ခံယူထားသဖြင့် ၎င်းတို့၏ဂီတပွဲသို့ တခြားအသားအရောင်များ လာရောက်ခြင်းကို လက်မခံခြင်းများရှိကာ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို သဘောတရားများတွေ့မြင်နေရကြောင်း ရော့ခ်အဆိုရှင် ဇော်ဝင်းထွဋ်က ဧရာဝတီကိုပြောသည်။
“ပန့်ခ်ကြိုက်တဲ့သူက ပန့်ခ်ကိုပဲ ဂီတထင်ပြီး ကျန်တာတွေကို လက်မခံချင်ဘူး။ ကျနော်တို့ ရော့ခ်တုန်းကလည်း ရှိခဲ့တယ်။ ဒါပေမယ့် ပန့်ခ်ရဲ့တုံ့ပြန်မှုက ပိုပြင်းထန်တယ်” ဟု ဇော်ဝင်းထွဋ်ကသုံးသပ်သည်။

အိမ်ဖော်အလုပ်သမား အခွင့်အရေး လမ်းညွှန်စာအုပ် ထုတ်ဝေ

Thursday, 28 January 2010 19:41 ဘစောတင်
.နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) မှ ထုတ်ဝေသည့် “တို့ အိမ်ဖော် အလုပ်သမား- တင့်တင့် တယ်တယ် လုပ်အားရှင်များ” အမည်ရှိ အိမ်ဖော် အလုပ်သမားများ အတွက် လမ်းညွှန်စာအုပ် ထုတ်ဝေမှု ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ကျင်းပ ခဲ့သည်။


                                     (ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ရှင်းလင်း ပွဲတွင် ဦးဆောင် ပါဝင် ဆွေးနွေးသူ တဦးဖြစ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ကူညီဆောင်ရွက် နေသော MAP ဖောင်ဒေးရှင်းမှ Ms.Kanc- hna –Di-ut က ယခု စာအုပ်သည် အိမ်ဖော် အလုပ် သမားများ အတွက် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီစာအုပ် ကလေးကို ဖတ်ရတဲ့ အိမ်ဖော် အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ တကယ်ရှိမယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်၊ အိမ်အလုပ် လုပ်နေကြတဲ့ အမျိုးသမီး အမျိုးသား တွေဟာ ကိုယ်ရသင့်တဲ့ လူ့အခြေခံ ရပိုင်ခိုင်ခွင့်ကို မသိကြလို့ နစ်နာ နေကြရတာ တွေဟာ နေရာ အနှံ့မှာပါ၊ ဒါကို ILO က ဦးဆောင်ပြီး ကျမတို့ နဲ့ အတူ အခြားသော အဖွဲ့ အစည်းများ ကပါ ဒီစာအုပ်ကလေး ဖြစ်မြောက် လာအောင် လပေါင်းများစွာ အချိန်ယူပြီး ကြိုးစား လုပ်ဆောင် ခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို စာအုပ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော အိမ်ဖော် အလုပ်သမားများအတွက် ဆောင်ရန် ရှောင်ရန်နှင့် သိသင့် သိထိုက်၊ လိုက်နာသင့် လိုက်နာထိုက်သည်များကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြ ထားသည်။
ယင်းစာအုပ်၏ တနေရာတွင်“ကျွန်ုပ်သည် အိမ်ဖော်အလုပ်သမား တယောက်ဖြစ်သည်။ ကျွန်ုပ်တွင် တာဝန် ၀တ္တရားများရှိသလို အခွင့်အရေးများလည်းရှိသည်။ ကျွန်ုပ်သည် တခြားအလုပ်သမားတွေလိုပဲ မျှမျှတတ ဆက်ဆံခွင့်ရရန် ထိုက်တန်ပါသည်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို လေးစားရန် တောင်းဆိုသည်”ဟု ဖော်ပြထား သည်။
သူတပါးအိမ်တွင် အလုပ်လုပ်နေကြရသည့် ထောင်ပေါင်းများစွာသော အိမ်ဖော်အလုပ်လုပ်သူများတွင် အမျိုး သမီး များက များသောအားဖြင့် ထမင်းချက် ကလေးထိန်း သက်ကြီး ရွယ်အိုများကို ပြုစုခြင်း စသော အိမ် တွင်း မှု လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ အမျိုးသားများက ကားမောင်း၊ ခြံသန့်ရှင်းရေး စသည့် အလုပ် များ ကို လုပ်လေ့ရှိကြသည်။ ၎င်းတို့သည် များသောအားဖြင့် နိုင်ငံတကာက ပြဌာန်းထားသော အခြေခံရပိုင်ခွင့် များကို သိရှိသူနည်းပါးကြောင်း သိရသည်။
မွန်ပြည်နယ် မုဒုံမြို့ နယ် ရခိုင်ကုန်းရွာမှ ထိုင်းနိုင်ငံတွင် အနှစ် (၂၀)နီးပါးခန့် အိမ်ဖော်အလုပ် လာရောက် လုပ်ကိုင်သူ မလွင်လွင် က အိမ်ဖော်ကို ကျေးကျွန်သဖွယ် ဆက်ဆံသောအလုပ်ရှင်မျိုးနှင့် တွေ့ ပါက များစွာ စိတ်ဆင်းရဲရကြောင်း ပြောဆိုသည်၊။
“ကောင်းတဲ့သူဌေး အိမ်ဆို ကိုယ့်အိမ်လိုပဲ။ သူတို့ သတ်မှတ်ပေးတဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်၊ ပြီးရင် ကိုယ့်ဘာသာ အကြိုက်နေလေ၊ တချို့အိမ်ကျတော့ အဲသလိုမဟုတ်ဘူး၊ အိမ်အလုပ်သမဆို တကယ် ခိုင်းတာ၊ တခါတခါ ထွက်ပြေးချင်စိတ်တွေ ပေါက်ပေါက်လာတယ်၊ ဒါပေမယ့် ကိုယ်က ပိုက်ဆံလိုချင်တော့ လည်း လုပ်ရတာပဲ၊ အခု နောက်ဆုံး လုပ်နေတဲ့ အလုပ်ရှင်ကလည်း မကောင်းဘူးရှင့်၊ ကျမတို့က မနက် ၄နာရီလောက်က စထရတာ တနေကုန် အိမ်မှုကိစ္စလုပ်ရတယ်၊ လစာကျတော့ ၅၀၀၀ ပဲပေးတယ်၊ ကျမတို့ ပြောင်းပြေးမှာစိုးလို့ အလုပ်သမား လက်မှတ်တွေလည်း သိမ်းထားတယ်၊ အိမ်ဖော်အလုပ်သမား အခွင့်အရေး ဆိုတာ ကျမလည်း မသိဘူး။ သူဌေးလည်း ကြားဖူးမယ်မထင်ပါဘူး”ဟု မလွင်လွင်ကဆိုသည်။
အလားတူ ယနေ့ပြုလုပ်သော စာအုပ်ရှင်းလင်းပွဲသို့ တက်ရောက်လာသော ကိုယ်တိုင် အိမ်ဖော်လုပ်နေသူ ရှမ်း အမျိုးသမီး မနန်းကလည်း“ ကျမ ဒီထိုင်းကိုရောက်ခါစ ၅နှစ်လောက် ထိုင်းသူဌေး အိမ်တွေမှာလုပ်ဖူး တယ်၊ နောက်ပိုင်း အခု အချိန်တွေမှာတော့ နိုင်ငံခြားသား အိမ်တွေမှာပဲ လုပ်တော့တယ်၊ ထိုင်းတွေနဲ့ စာရင် တော့ နိုင်ငံခြားသားတွေက အခွင့်အရေးပိုရတယ် ပြောရမယ်၊ သူတို့က စည်းနဲ့ကမ်းနဲ့ ခိုင်းတယ်၊ ပိုက်ဆံ မှန်တယ်၊ ပိုလည်းရတယ်၊ ထိုင်းတွေကတော့ လစာနည်းမယ်၊ အသေခိုင်းမယ်၊ ဥရောပကလူတွေက လူ့ အခွင့် အရေး ဘာညာတွေ သိနေတော့ သူတို့က သူတို့ သတ်မှတ်ထားတဲ့ အလုပ်ကို တာဝန်ကျေရင် ပြီးတာ များပါတယ်၊ တယောက်တလေတော့ ထိုင်းထက်ဆိုးတဲ့ နိုင်ငံခြားသားလည်း ကြုံဖူးတယ်”ဟု ဆိုသည်။
မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက“ဒီစာအုပ်ထဲ မှာ ပါတဲ့အချက် အလက်တွေကို မြန်မာအလုပ်သမားတွေ သိဖို့အတွက် စာကြည့်တိုက်တွေမှာ ထား ပေးမယ်၊ စက်ရုံအလုပ်ရုံတွေမှာ ဖြန့်ပေးမယ်။ ဒီစာအုပ်မှာ ကိုယ် အခက်အခဲကြုံရင် ဘယ်လိုလူတွေကို ဆက်သွယ်ရ မယ်၊ အကူအညီတောင်းရမယ်ဆိုတဲ့ လမ်းညွှန်တွေ ဖုန်းနံပါတ် တွေဟာ သိပ်ကို အဖိုးတန်ပါတယ်၊ အရင်က မသိသေးတဲ့သူတွေအနေနဲ့ ဒီစာအုပ်ကို ဖတ်လို့သိသွားရင် ကိုယ့်အခွင့်အရေး မဆုံးရှုံးရအောင် ဘာလုပ်ရ မယ် ဆိုတာကို နားလည်သွားမယ်”ဟု ပြောဆိုသည်၊
ယနေ့ရှင်းလင်းသော အိမ်ဖော်အလုပ်သမားများအတွက် လမ်းညွှန်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ရှမ်း၊ ပိုးကရင်၊ စကောကရင် ဟူသော ဘာသာစကား ၇မျိုးဖြင့် သီးခြားစီ ထုတ်ဝေသည်ကို တွေ့ ရသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြော သည်။

ကိုရီးယား သင်္ဘောမှောက် မြန်မာသင်္ဘောသား ၂ ဦး ပျောက်ဆုံး

Thursday, 28 January 2010 18:50 ရန်ပိုင်
.ယမန်နေ့ညက တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် မုန်တိုင်းကြောင့် သင်္ဘော ၂ စီး နစ်မြုပ် ခဲ့ပြီးနောက် မြန်မာ သင်္ဘောသား ၂ ဦး ပျောက်ဆုံး နေကြောင်း သိရသည်။

မြန်မာ သင်္ဘောသား ၂ ဦးအပြင် ကိုရီးယား သင်္ဘောသား ၈ ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံ စာနယ်ဇင်းများကို ကိုးကားပြီး တောင်ကိုရီးယားရောက် မြန်မာပြည်သား တဦးက ဧရာဝတီသို့ ပြောသည်။
“ရာသီဥတုက အရမ်း ဆိုးနေတယ်၊ အေးလည်း အရမ်းအေးတယ်၊ ကယ်ဆယ်ရေးတွေ လုပ်နေတာလည်း ပြန်မတွေ့သေးဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ ကိုဇော်မိုးအောင်က ပြောသည်။
ကိုရီးယားသင်္ဘောသားတို့၏ မိသားစုများက ကမ်းခြေစောင့် ရဲစခန်းတွင် တိုင်ကြားထားကြောင်း၊ မြန်မာ သင်္ဘောသား ၂ ဦးနှင့် ပတ်သက်၍ မည်သူက မည်သို့ လုပ်ဆောင်ထားသည်ကို မသိရှိရကြောင်း ကိုဇော်မိုးအောင်က ပြောသည်။
နစ်မြုပ်သွားသည့် သင်္ဘောများသည့် သဲတင်ဆောင်သည့် သင်္ဘောများ ဖြစ်ကြောင်း၊ ည ၈နာရီ ၂၀ ခန့်က ကမ်းခြေစောင့် ရဲစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် နောက်ပိုင်း သင်္ဘော ၆ စီးဖြင့် ချက်ခြင်း ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေသူများကို မတွေ့ရှိကြောင်း ၊ ရှာဖွေရေး လုပ်ငန်းများ ဆက်လက် ပြုလုပ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ၏ သင်္ဘောလုပ်ငန်းတွင် မြန်မာပြည်သား အများ အပြား ၀င်ရောက် လုပ်ကိုင်နေသည်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့မည်


  
ခိုင်လင်း/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ြဖန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။
အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အဓိကတာဝန်ယူထားသူ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်အား ဥက္ကဋ္ဌ ဦးဇောင်းဟရားအပါအဝင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က မနက်ဖြန်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တွင် တွေ့ဆုံရန်ရှိသည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့်နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
၎င်းက “မြစ်ကြီးနားမှာ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ရောက်နေပြီ။ ဥက္ကဋ္ဌ ဦးဇောင်းဟရားလည်း လိုက်လာတယ်။ နယ်ခြားစောင့်ကိစ္စပဲလို့ ယေဘုယျ ခန့်မှန်းလို့ရတာပေါ့။ နောက်ဆုံးတွေ့တုန်းက ကေအိုင်အိုက တောင်းဆိုမယ့်အချက်တွေ တရားဝင် စာရေးတင်ပြဖို့ မြန်မာအစိုးရဘက်က ကမ်းလှမ်းထားတာရှိတယ်။ အဲဒါကို ဗိုလ်ချုပ်ရဲမြင့်က လာပြီးတီးခေါက်တာလည်း ဖြစ်နိုင်တယ်လေ။ နောက်တခုက အခု ကေအိုင်အို တော်လှန်ရေးပွဲလုပ်ဖို့ ပွဲမိန့်က မကျလာသေးဘူး။ အဲဒါကိုလည်း ကေအိုင်အိုဘက်က ဆွေးနွေးမယ့်ပုံရှိတယ်” ဟု ပြောသည်။
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို နအဖအနေဖြင့် သဘောတူလက်ခံပါက နယ်ခြားစောင့်တပ်ကိုပင်လျှင် မဖွဲ့တော့ဘဲ လက်နက်ကိုင်တော်လှန်ရေးအား စွန့်လွှတ်သွားမည်ဟု ကေအိုင်အိုအဖွဲ့က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းက စာရေးတင်ပြခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ (၂၉) ရက်က မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ်တို့၏ (၁ဝ) ကြိမ် မြောက်တွေ့ဆုံမှုအတွင်း ပင်လုံသဘောတူညီချက်အရ တန်းတူညီမျှရေးဆိုင်ရာ ကချင်တိုင်းရင်းသားတို့၏ တောင်းဆို လိုလားချက်များကို တရားဝင် စာရေးတင်ပြရန် နအဖဘက်က ကမ်းလှမ်းထားခဲ့ရာ ကေအိုင်အိုအနေဖြင့် အဆိုပါ လိုလားချက်များအား စာရေးတင်ပြရန်လည်း ရှိနေသည်။
ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် ကေအိုင်အိုတော်လှန်ရေးပွဲအား မြစ်ကြီးနားမြို့နယ်အတွင်းရှိ နမ္မတီးချောင်းဖျားဒေသရှိ ကေအိုင်အေ တပ်ရင်း (၁၁) တွင် လည်းကောင်း၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ (၁) နယ်မြေတွင်လည်းကောင်း၊ ကချင်ဒေသခံလူထုများပါ ပါဝင်နိုင်မည့် မနောပွဲနှင့် တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပရန် ကေအိုင်အိုအဖွဲ့က စီစဉ်နေရာ ယခုအချိန်အထိ ပွဲကျင်းပခွင့် ခွင့်ပြုမိန့် မကျသေးကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။
ကေအိုင်အိုအနေဖြင့် ကချင်တိုင်းရင်းသားများအတွက်သာမကဘဲ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ နိုင်ငံရေး၊ စီးပွား၊ လူမှုရေးစသည့် ကဏ္ဍများအလိုက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို လေးလေးနက်နက် စဉ်းစား တောင်းဆိုသင့်သည်ဟု မြစ်ကြီးနားမြို့ခံ ကချင်လူငယ်တဦးက ပြောသည်။
၎င်းက “ဒီကိစ္စက သားစဉ်မြေးဆက်အထိ ပါသွားမှာမို့ ပေါ့ပေါ့လုပ်လို့မရဘူး။ တန်းတူညီမျှရေးဆိုတာ တကယ့်လက်တွေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍနယ်ပယ်အလိုက် တန်းတူအခွင့်အရေးရရမယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် အနေအထားရှိရမယ်။ ဥပမာ ကချင်ပြည်နယ်ထဲက ရွှေတွင်း၊ ကျောက်တွင်းတွေကို စစ်ဗိုလ်ချုပ် သားသမီးတွေနဲ့ သူနဲ့ နီးစပ်သူတွေကပဲ လုပ်နေတာမျိုးမဖြစ်သင့်ဘူး။ မြစ်ဆုံရေကာတာ ဆောက်တဲ့ကိစ္စဆို ကချင်လူထု၊ ပြည်နယ်လူထုရဲ့ဆန္ဒကို ကောက်ခံသင့်တယ်” ဟု ပြောသည်။

ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖမ်းဆီးကြောင်း စစ်အစိုးရ ကြေညာ

စိုးမိုး/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်တွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်အစိုးရက ဖောက်ခွဲရေးပစ္စည်းများဖြင့် လူ (၁၁) ယောက်ကို ဖမ်းဆီးရမိကြောင်း ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်သည်။
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ယခုနှစ်စတွင် နိုင်ငံအနှံ့ ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် (၁) ဦး လုပ်ကြံခံရအပြီး ယခု ထပ်မံ၍ နိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေသူများ ဆိုသူ (၁၁) ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ယခု ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း စက်မှုဇုန်အတွင်း ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ ကုန်သိုလှောင်ရုံ အပါအ၀င် နေရာ (၇) ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။
ယခု ဇန်န၀ါရီလ (၂၂) ရက်မှ (၂၄) ရက်အတွင်း ခေါင်းဆောင်ဖြစ်သူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း အပါအ၀င် (၁၁) ဦးနှင့် လက်လုပ်မိုင်း (၃) လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း (၅) လုံး၊ ဒီတိုနေတာ (၄၃) ခု၊ စပိန်နိုင်ငံလုပ် Astra MOD 3000 အမျိုးအစား ဒဿမ (၃၂) ပစ္စတိုတလက်၊ ကျည်ကတ်တခု၊ ကျည် (၃၃) တောင့်၊ ဂြိုဟ်တုဖုန်း (၁) လုံး၊ ၀ိုင်ယာကြိုးခွေ (၂) ခွေ၊ ဖြတ်စ (၆) စည်း၊ ယမ်းကြိုး (၃) ခွေနှင့် အဝေးထိန်းစနစ်သုံး ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟုလည်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဆက်လက်လုပ်ကိုင်ရန် ကြံစည်နေသူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း (ခေါ်) ကိုဆိုင်းမှာ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ထောက်ပံ့မှုဖြင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
ယင်းသို့ ဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ စွပ်စွဲပြောဆိုနေသော သူမှာ ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ငြင်းဆိုသည်။
“နိုင်ငံရေးအရ ကျနော်တို့ကို တိုက်ခိုက်တာပဲလေ။ ကျနော်တို့ကို မတရားအသင်းကြေညာတယ်။ အဲဒါတွေက ကျနော်တို့က သူတို့ကို အိုင်စီစီ (နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး) တင်တဲ့ကိစ္စတွေ၊ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ တင်တာနဲ့ပတ်သက်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ ဥပဒေအထောက်အကူပြုဌာန တာဝန်ခံ ဦးသန်းနိုင်ထွေးက ပြောကြားသည်။
ပြည်သူများ ဘီအယ်လ်စီအပေါ်တွင် အမြင်လွဲမှားစေရန် ယခုကဲ့သို့ စွပ်စွဲပြောဆိုသော်လည်း ပြည်သူက အမှန်တရားကို သိရှိနားလည်ပြီးဖြစ်ကြောင်း၊ ဘီအယ်လ်စီအနေဖြင့် ယခုကဲ့သို့ စွပ်စွဲမှုကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်အစိုးရကမူ လက်လုပ်မိုင်း ( ၈) လုံးခန့်နှင့် ဒီတိုနေတာ မိုင်းလုပ်စနက်တံ (၄၃) ခု၊ ပစ္စတို (၁) လက်ပိုင်ဆိုင်ထားသော အဆိုပါ ဖောက်ခွဲရေးသမားများမှာ စစ်တပ်၊ ရဲတပ်ရင်းများ၊ စက်မှုဇုန်များနှင့် အငှားယာဉ်များကို တိုက်ခိုက်ရန် စီမံကိန်းများ ရှိနေသည်ဟု ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၁၆) ရက် ညပိုင်း သန်းခေါင်ယံအချိန်တွင် အဆိုပါအဖွဲ့က ဖောက်ခွဲခဲ့သည်ဆိုသည့် မင်္ဂလာဒုံနှင့် ရွှေပေါက္ကံ စက်မှုဇုန်တို့တွင် မိနစ်ပိုင်းစီခြား ဗုံး (၇) လုံး ပေါက်ကွဲခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ဘဲ စက်ရုံ အလုပ်ရုံများလည်း အလုပ်မပျက်ခဲ့ကြောင်း မင်္ဂလာဒုံစက်မှုဇုန်မှ အလုပ်သမားတဦးက ပြောသည်။
စက်မှုဇုန်အတွင်း နေထိုင်သူများကမူ ယင်းအချိန်က ဗုံးပေါက်သည်ဆိုသည်သာ သိရှိရပြီး မည်သို့ ဗုံးပေါက်ကွဲသည်၊ မည်သည့်နေရာတွင် ပေါက်ကွဲသည်ကိုမူ ယနေ့ထုတ် သတင်းစာက ဖော်ပြမှသာ သိရှိရသည်ဟု ဆိုသည်။

ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းပြောကြား


  
ရဲရင့်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ကန့်ကွက်နေသည့်ကြားမှ ထိုင်း-မြန်မာ နယ်စပ် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၆၃၃) ဦးကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံး နေရပ်ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူးက ပြောကြား လိုက်သည်။
စစ်ပြေးဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းသို့ ယနေ့ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က ဒေသခံသတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။
တိုင်းမှူးက “ဒီလူတွေ ထိုင်းဘက်မှာနေတာ (၈) လနီးပါးရှိပြီ၊ မြန်မာဘက်မှာ တိုက်ပွဲတွေလည်း မရှိတော့ဘူး အေးချမ်းသွားပါပြီ၊ ဒီအချိန်မှာသူတို့ပြန်ဖို့လည်း သင့်တော်ပါပြီ။ တိုက်ပွဲရှိတဲ့အခါ ပြေးလာ မရှိတဲ့အခါတော့ ကိုယ့်နေရာကိုယ် ပြန်နေကြရမှာ ဖြစ်တယ်။ ဒီမှာနေရင် ဒီကပေးတဲ့ ရိက္ခာတမျိုးပဲရမယ်၊ ကိုယ့်မြေကိုယ့်ရေမှာဆိုရင် လုပ်စားကိုင်စားဖို့ ပိုပြီးအဆင်ပြေမယ်” ဟု ပြောသည်။
ထိုင်းဘက်မှစစ်ပြေးဒုက္ခသည်များကို ပြန်ပို့မည့်အစီအစဉ်နှင့်ပတ်သက်၍ ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ကန့်ကွက်လိုက်ပြီး လုံခြုံရေးအာမခံချက် အနေအထား မည်မျှရှိသည်ကို မသိရသည့်ဒေသသို့ ပြန်ပို့မည့်အစား နီးစပ်ရာတရားဝင်ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့ပေးသင့်သည်ဟု ပြောသည်။
အာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် မြန်မာဘက်ခြမ်းရှိ ၎င်းတို့နေအိမ်များအား ယနေ့နံနက် သွားရောက်ကြည့်ရှုခဲ့သည့် ကရင်စစ်ပြေးဒုက္ခသည်များတွင် ပါဝင်သူတဦးက “ဒီကေဘီအေတပ်ဖွဲ့က မင်းတို့ အိမ်မှာပဲ နေရမယ်၊ အိမ်ပြင်ထွက်ရင် မိုင်းကိစ္စ ငါတို့တာဝန်မယူဘူးဆိုတော့ အကျယ်ချုပ်လိုပဲ နေရမယ့်သဘောဖြစ်နေတယ်။ ရိက္ခာလည်းမပေးဘူး၊ အရင်ပြန်တဲ့လူတွေလည်း တလတခါ ထိုင်းဘက်ခြမ်းမှာပဲ ရိက္ခာလာထုတ်ကြတယ်။ ဒီပုံနဲ့ပြန်လို့တော့ မဖြစ်ဘူး၊ သူတို့အတင်းဖမ်းပြီး ပြန်ပို့ရင်တော့ ပြန်ရမယ်၊ မပြန်လို့ ဘယ်လိုလုပ်မှာလဲ” ဟု ပြောသည်။
နေရပ်ပြန်မည့် ကရင်စစ်ပြေးဒုက္ခသည်များအတွက် လုံခြုံရေးကို တာဝန်ယူသော်လည်း မြေမြုပ်မိုင်းကိစ္စနှင့်ပတ်သက်၍ တာဝန်မယူနိုင်ကြောင်း ဒေသအခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချစစ်ဗျူဟာ တပ်ရင်း (၇) ၏ ဒုရင်းမှူး ဗိုလ်ကြည်လင်က ထိုင်းအခြေစိုက် သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားခဲ့သည်။
၎င်းက “ရွာသားတွေပြန်ရင် လုံခြုံရေးအတွက် အာမခံပေမယ့် မြေမြုပ်မိုင်းကိုတော့ အာမမခံနိုင်ဘူး။ ကျနော်တို့နယ်မှာရှိတဲ့ မိုင်းတွေဟာ ကေအန်ယူက ထောင်ထားတာတွေဖြစ်တယ်” ဟု ပြောသည်။
စစ်ပြေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒုက္ခသည်အားလုံးရဲ့ဆန္ဒကတော့ လက်ရှိအနေအထားမျိုးနဲ့ ဘယ်သူမှ မပြန်ချင်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ကံကြမ္မာကတော့ ထိုင်းအာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။
အဆိုပါဒုက္ခသည်များသည် ယမန်နှစ် ဇွန်လ ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်ဖွဲ့နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရမ်းမြို့နယ်ဘက်သို့ ထွက်ပြေးလာသူများဖြစ်သည်။
မကြာမီပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှဖြစ်ပြီး ထိုင်းဘက်မှ ယာယီဖွင့်ထားပေးသည့် နောင်ဘိုးစခန်းအနီးပတ်ဝန်းကျင်တွင် ခိုလှုံနေသူများဖြစ်သည်။

မီးပျက်မှု ကေအန်ပီပီကို အပြစ်တင်


  
မျိုးဝင်းဇော်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

နအဖစစ်အစိုးရသည် ပိတောက်မြေ အသံလွှင့်ဌာနမှတဆင့် လက်ရှိ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့ကို ပြစ်တင် ရှုတ်ချမှုများ လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “ပိတောက်မြေ အသံလွှင့်ဌာနကနေ လက်ရှိ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပျက်နေတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၃) ရက်နေ့က ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာနားက လျှပ်စစ်ဓာတ်အား ပို့လွှတ်တဲ့ (၂၃ဝ) ကေဗွီအေ ဓာတ်အားလိုင်းက တာဝါတိုင်အမှတ် (၁၃၄) ကို ကေအန်ပီပီက မိုင်းထောင် ဖောက်ခွဲလိုက်လို့ ဖြစ်တယ်။ ကေအန်ပီပီဟာ အလားတူ ဇန်နဝါရီလ (၉) ရက်နေ့ကလည်း တာဝါတိုင်အမှတ် (၁၉၉) ကို မိုင်းထောင် ဖျက်ဆီးခဲ့သေးတယ်။ ခုလို လုပ်တာဟာ ကေအန်ပီပီအနေနဲ့ ပြည်သူတွေ လျှပ်စစ်မီး အပြည့်အဝရပြီး ပျော်ရွှင်ချမ်းမြေ့နေတာကို မနာလို မရှုစိမ့်လို့ လုပ်တာဖြစ်တယ် ဆိုပြီး အသံလွှင့်သွားတယ်။ အဲဒါကိုပဲ တနာရီ တကြိမ်လောက် လွှင့်နေတယ်။ မသိရင် မီးပျက်တာ စစ်အစိုးရကြောင့် မဟုတ်ဘူး၊ ကေအန်ပီပီကြောင့် ဆိုပြီး တလွဲအပြစ်ပုံချနေတယ်” ဟု ပြောသည်။
အမှန်မှာ စစ်အစိုးရ ကြေညာသကဲ့သို့ ကေအန်ပီပီက တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲသည့်နေ့ ဇန်နဝါရီ (၂၃) ရက်မတိုင်ခင် (၁) လ ခန့်ကတည်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “အချိန်ဇယားလဲ မရှိ၊ တနေ့ကို အကြိမ်ပေါင်းမြောက်မြားစွာ လာလိုက် ပျက်လိုက် ဖြစ်နေတော့ အလုပ်လုပ်ရလည်းခက်၊ လျှပ်စစ်ပစ္စည်းတွေလည်းပျက် ဖြစ်နေတာ မကောင်းဘူး” ဟု ပြောသည်။
ယုဇနပလာဇာ တတိယထပ်မှ အဝတ်အစားရောင်းသူတဦးကလည်း လျှပ်စစ်မီး လာလိုက် ပျက်လိုက်ဖြစ်၍ ပလာဇာ စက်လှေကား (၄) စင်းလုံး ပျက်နေသဖြင့် လမ်းလျှောက် တက်ရကြောင်း၊ မီးပျက်ချိန် လျှပ်စစ်မီးချောင်း အနည်းငယ်သာပေး၍ အထက်ထပ်များ မှောင်နေပြီး ဈေးဝယ်သူတို့လည်း မလာသဖြင့် ဈေးရောင်းမကောင်းကြောင်း ပြောသည်။
ယခုကဲ့သို့ လျှပ်စစ်မီး အကြိမ်ကြိမ် လာလိုက် ပျက်လိုက်ဖြစ်နေခြင်းကြောင့် မီးအားမြှင့်စက် ဗို့အားလွန်ကဲကာ ဇန်နဝါရီ (၂၅) ရက်တွင် ဗဟန်း၌ ဖြစ်ပွားသည့် မီးလောင်မှုသည် သာဓကပင်ဖြစ်ကြောင်း ဗဟန်းနေသူတဦးက ပြောသည်။
ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် မီးလောင်မှု (၁၂၇) ကြိမ် ဖြစ်ပွားရာတွင် လျှပ်စစ်ဓာတ်အား ပြဿနာကြောင့် ဖြစ်မှု (၅၉) ကြိမ်ရှိကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။
နအဖစစ်အစိုးရသည် အင်တာနက်လိုင်းများကို ဖြတ်တောက်လိုပါက မုတ္တမ ပင်လယ်ကွေ့ ရေအောက်တွင် ကေဘယ်လ်ကြိုး ပျက်စီး၍ဟုလည်းကောင်း၊ သဘာဝဓာတ်ငွေ့မရဘဲ မီးပျက်ပါက ဓာတ်အားတိုင်များကို သောင်းကျန်းသူတို့က မိုင်းထောင်ဖောက်ခွဲ၍ဟုလည်းကောင်း ဝါဒဖြန့်လေ့ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်ရှိ လယ်မြေ (၃၀၈) ဧကကို ဒေသအာဏာပိုင်များ သိမ်းယူ

အောင်ထက်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ပဲခူးတိုင်း အနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စုပိုင် အောက်ရွာလေး ကျေးရွာရှိ လယ်မြေ (၃၀၈) ဧကကို ဒေသအာဏာပိုင်များက သိမ်းယူလိုက်ကြပြီး အဆိုပါ လယ်မြေများ၏ မူလအမည်ပေါက် ပိုင်ရှင်များအား တဧက (၁) သောင်းကျပ်နှင့် သီးစားချလုပ်ကိုင်စေကြောင်း သိရသည်။
ယင်းသို့ သီးစားချသည့်လယ်မြေများအတွက် ငွေပေးသွင်းရန် ညွှန်ကြားချက်ကို ယမန်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစ အောက်တိုဘာ၊ နိုဝင်ဘာကတည်းက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
“ကိုယ့်အမည်ပေါက်လယ်မြေကို ကိုယ်ပြန်စိုက်ရဖို့ တဧက (၁) သောင်း ဆိုတာတော့ သဘာဝမကျလှဘူး။ ဒါပေမယ့် လယ်သမားတွေက ငွေသွင်းပါမယ်၊ ပြေစာအမည်ပေါက် ပြန်ချပေးလို့ ကြေးတိုင်နဲ့ မြေစာရင်းကိုပြောတော့ သူတို့က တာဝန်မယူဘူး ဖြေတယ်။ ဒီတော့ ဘယ်တောင်သူမှ ငွေမသွင်းကြဘူး” ဟု အောက်ရွာလေးဒေသခံတို့က ပြောသည်။
မိုးညိုမြို့နယ်အတွင်းရှိ လယ်မြေများသည် နှစ်ပေါင်း ဆယ်နှင့်ချီ၍ ရေနက်ကွင်းများအဖြစ် တည်ရှိခဲ့ကာ စိုက်ပျိုးသီးနှံများစွာ နှစ်စဉ်ပျက်စီးခဲ့သော်လည်း ယမန်နှစ်က တည်ဆောက်ပြီးစီးသွားသည့် မြစ်မခရေကာတာကြောင့် အဆိုပါလယ်မြေများ အဖိုးထိုက်တန်လာခဲ့သည်။
ထို့ပြင် ၂၀၀၉ ခုနှစ်အတွင်း မိုးညိုမြို့သို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိန်မြင့် ရောက်ရှိလာကာ တောရိုင်းမြေများ ရှင်းလင်းပြီး လယ်မြေကွက်များ ပြန်ဖော်ရန် လမ်းညွှန်မှာကြားခဲ့သည်ဟု မြေစာရင်းဝန်ထမ်းတဦးက ပြောသည်။
ယင်းအခြေအနေများကြောင့် မြစ်မခ ရေကာတာခြေရင်း၊ ရွာခြေနှင့်နီးသော အကွက်များကို ရဲပိုင်အဖြစ်လည်းကောင်း၊ အလယ်ကွက်ကို ခ၀တ၊ တောကျသော အစွန်ပိုင်းကို မ၀တပိုင် မြေကွက်များအဖြစ် ဒေသအာဏာပိုင်များက ခွဲဝေသတ်မှတ် ရယူခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
“ရဲစိုက်ခင်း၊ မ၀တစိုက်ခင်းအဖြစ် ဆိုင်းဘုတ်တင်ပြီး ဆင်းစိုက်တာမျိုး မဟုတ်ပါဘူး။ မြေထိုးစက်နဲ့ အကန့်ဖော်ပြီး ဌာနပိုင်မြေ အဖြစ် သတ်မှတ်လိုက်တာပါ။ အဲဒီလယ်မြေ (၃၀၈) ဧကဟာ ပိုင်ရှင်တွေရှိနေတဲ့ လယ်မြေတွေချည်းပဲ” ဟု အောက်ရွာလေး ဒေသခံတို့က ပြောသည်။
အဆိုပါ ရွာသားတဦးက “မ၀တရယ်၊ ရဲရယ်၊ မြေစာရင်းရယ် ပူးပေါင်းပြီး ကျေးရွာဥက္ကဋ္ဌကတဆင့် ဆင်းတောင်းနေတာ (၂) ကြိမ် ရှိနေပြီ။ ခုလည်း ထန်းပင်ကုန်း ဥက္ကဋ္ဌ ကိုဝင်းထွဋ်ဆီကို မနက်ဖြန် (၂၉) ရက်နေ့ ဆင်းမယ်လို့ မြေစာရင်းဝန်ထမ်းက ပြောတယ်။ ဦးဆုံးတောင်းတာက တဧက (၁) သောင်း။ အာဏာဆန်တယ်။ လယ်သမားတွေက ငွေမသွင်းကြတော့ (၁၀) ဧက ကို (၅) သောင်း (၆) သောင်း ပေးသွင်းလည်း ရပါတယ်နဲ့ တဖြည်းဖြည်း တောင်းစားလာတယ်” ဟု ပြောသည်။
ယခု အသိမ်းခံရသည့် လယ်မြေ (၃၀၈ ) ဧကမှာ ထန်းပင်ကုန်းကျေးရွာအုပ်စုဝင် အောက်ရွာလေးပိုင် လယ်မြေများ ဖြစ်ကြသည်။
၂၀၀၉ ခုနှစ် မေလခန့်ကလည်း မိုးညိုမြို့နယ်၊ ဆီးပင်ရွာ၊ ကရင်ကျောင်းကုန်း၊ ငကျီးကျေးရွာများရှိ (ပိုင်ရှင်ရှိ) အမည်ပေါက် လယ်မြေဧက (၂၀၀) ခန့်ကို မြေစာရင်းမှ အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အစိုးရ စွပ်စွဲချက်သည် သိက္ခာချလိုခြင်းသာဖြစ်သည်ဟု ပြော

Thursday, 28 January 2010 12:52 ဖြိုးကြီး
.စစ်အစိုးရက ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ(BLC) ကို ဖောက်ခွဲရေးလုပ်ငန်းများတွင် ပတ်သက်မှုရှိနေကြောင်း စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း အဖွဲ့ဥက္ကဌက တုန့်ပြန်ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖောက်ခွဲရေးသမားများသည် (BLC) မှ စေလွှတ်ထားသူများဟု ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဌ ဦးသိန်းဦးက တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ (BLC) က ဒီအလုပ်တွေလုပ်တာ မဟုတ်ပါဘူး၊ ကျနော်တို့ အလုပ်ကိုက တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေတွေကို ဆန်းစစ်သုံးသပ် လေ့လာပြီးတော့ သတင်းထုတ်ပြန်တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်၊ စစ်အာဏာရှင်တွေက တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ကျူးလွန်တဲ့ပြစ်မှုတွေကို အရေးယူနိုင်ခြင်းမရှိလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစွဲဆိုဖို့ လုပ်နေတဲ့အချိန်မှာ ဒီလိုသတင်းအမှားကို ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။
ယခုလ (၂၂) ရက်နေ့က ကျော်ဇေလင်း (ခ) ကိုဆိုင်းဆိုသူနှင့် အပေါင်းအပါ (၁၁) ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ကျော်ဇေလင်းသည် ယခင်က မြန်မာနိုင်ငံရှေ့နေများကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းကို ဆက်လက်ဖော်ပြထားသည်။
ယင်းသို့ နအဖစစ်အစိုးရ၏ စွပ်စွဲချက်သည် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအား နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် သိက္ခာချလိုသည့်အတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဦးသိန်းဦးက ပြောသည်။
“ကျနော်တို့က အခု နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို လှုံ့ဆော်မှုတွေ လုပ်နေပါတယ်၊ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းသွားမှာဖြစ်တယ်” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာတိုင်း အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို စွပ်စွဲမှုများ ပြုလုပ်နေလျက်ရှိပြီး ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့က ဗုံးပေါက်ကွဲမှုကိုလည်း ကရင်အမျိုးသားအစည်းအရုံး၏ လက်ချက်ဟု ၎င်းတို့ပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သေးသည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက မတရားသင်းအဖြစ် ကြေညာထားခဲ့ပြီး ယခုအခါ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် စွပ်စွဲခဲ့ခြင်းဖြစ်သည်။

woensdag 27 januari 2010

၂၀၁၀ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေး

အောင်ဇံ

၂၇ ဇန်န၀ါရီ ၂၀၁၀
၁၉၉၀ ပြည့်နှစ်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နအဖက ကျင်းပပေးခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲရဲ့ရလဒ်ကိုတော့ ယနေ့အထိ အသိအမှတ်ပြု အကောင်အထည်ဖော်ပေးခြင်း မရှိသေးပါဘူး။ ရွေးကောက်ပွဲအနိုင်ရ ပါတီများဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများက ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ သိက္ခာရှိရှိ အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတာကိုလည်း လျစ်လျူရှုထားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို နအဖက သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲ မဟုတ်သလိုလို သူတို့နဲ့ ဘယ်လိုမှ မသက်ဆိုင်သလိုလို ရေငုံနှုတ်ပိတ်နေခဲ့ကြပေမယ့် နောက်ထပ်ရွေးကောက်ပွဲ တခုကိုတော့ ၂၀၁၀ မှာ ကျင်းပဖို့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲကို ၂၀၁၀ မှာ ကျင်းပမှာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကော်မရှင်ဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေကိုတော့ ယခုတိုင် ထုတ်ပြန်ကြေညာခြင်း မရှိတဲ့အပေါ်မှာ တချို့နိုင်ငံရေးသမားတွေက သို့လော သို့လော သံသယဖြစ်ကြပါတယ်။ ဒါပေမယ့် နအဖခေါင်းဆောင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်မှသာလျှင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကျော်လွှားပယ်ဖျက် နိုင်မှာဖြစ်သလို ၂၀၀၈ ခုနှစ်မှာ တဖက်သတ် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း နောင်ပေါ်ပေါက် လာမယ့် လွှတ်တော်မှာ တင်ပြအတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးမှာ နအဖအနေနဲ့ အခုအချိန်အထိ အာဏာသိမ်း စစ်အစိုးရအဖြစ်နဲ့သာ ဆက်ဆံနေရပေမယ့် အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရတရပ်ကိုသာ ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် နိုင်ငံတကာမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ တရားဝင်အစိုးရတရပ်အဖြစ် ဖော်ဆောင်ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအကြောင်းကြောင်းတွေကြောင့် နအဖခေါင်းဆောင်များဟာ ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမှာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ အားတက်သရော မဲပေးခဲ့ကြပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ပြည်သူတွေက သိပ်စိတ်ဝင်စားပုံမပြကြပါဘူး။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ပြည်သူတွေက မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြပါတယ်။ ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာမယ်။ စစ်အုပ်ချုပ်ရေးနဲ့တကွ ဖိနှိပ်ချုပ်ချယ်မှုတွေလည်း ချုပ်ငြိမ်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ဆန္ဒမဲ ပေးခဲ့ကြပါတယ်။ အခု ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး စစ်တပ်ကပဲ စိုးမိုးခြယ်လှယ် အုပ်ချုပ်သွားမှာဖြစ်တယ်ဆိုတာကို ကြိုတင်သိနေကြတဲ့ ပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သိပ်စိတ်ဝင်စားမှု မပြကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးသမားတချို့ကတော့ ၉၀ ရွေးကောက်ပွဲရလဒ် ဘယ်လိုပဲရှိရှိ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုပဲပြဋ္ဌာန်းပြဋ္ဌာန်း ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပုံပေါ်လာမယ့် အစိုးရဟာ ဘယ်လိုပုံစံနဲ့ပဲ ပေါ်လာ ပေါ်လာ ဒါတွေကို အလေးအနက်ထားပုံမရဘဲ ရွေးကောက်ပွဲအသံကြားတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဟန်တပြင်ပြင် လုပ်နေကြတာ ကိုလည်း တွေ့ရပါတယ်။ ခေတ်ပျက်သူဌေးများကလည်း ပြည့်ဖြိုးလျှံကျလာတဲ့ ငွေတွေကိုသုံးပြီး အမတ်မင်းဖြစ်ရေး၊ ၀န်ကြီး ၀န်ကလေးဖြစ်ရေးကို မျှော်ပြီး ခေါင်းပေါင်းစလေး တပြင်ပြင်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေကြပါတယ်။ လက်ရှိ နအဖ အစိုးရရဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေကလည်း သူ့တို့အပိုင်စား နယ်ပယ်တွေမှာ ရွေးကောက်ပွဲအတွက် စည်းရုံးနေတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကို ၀င်မယ် မ၀င်ဘူးဆိုတာ အခုထိ ယတိပြတ် မပြောသေးပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားသလို ရွှေဂုံတိုင်ကြေညာစာတမ်းကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်တွေကတော့ …
၁။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရမည်။
၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရမည်။
၃။ ရွေးကောက်ပွဲကို တရားမျှတပြီး နိုင်ငံတကာစောင့်ကြည့်မှုအောက်မှာ လွတ်လွတ်လပ်လပ် ကျင်းပပေးရမည် … ဟူ၍ ဖြစ်ပါတယ်။
ဒီအချက်တွေကို လိုက်လျောမယ်ဆိုရင် နအဖက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားမယ်လို့ ထုတ်ပြန်ကြေညာ ထားပြီးဖြစ်တယ်။ တနည်းအားဖြင့် ဒီအချက်တွေကို မလိုက်လျောပါက ရွေးကောက်ပွဲကိုဝင်ဖို့ မစဉ်းစားဘူးဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်တယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကလည်း ဒီရွှေဂုံတိုင်ကြေညာချက်ဟာ သုံးပါးတဆူ ဖြစ်ပါတယ်လို့ ပြောကြားခဲ့တယ်။ ဆိုလိုတာက ဒီတောင်းဆိုချက် (၃) ခုစလုံးဟာ တတွဲတည်းဖြစ်ပြီး ဒီတောင်းဆိုချက်ထဲက အချက်တချက်ကို လိုက်လျောရုံနဲ့ လက်ခံနိုင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွှေဂုံတိုင်ကြေညာစာတမ်းဆိုတဲ့ မူပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေသလို နအဖဘက်ကလည်း ဒီအချက်တွေအပေါ် လိုက်လျောမယ့်လက္ခဏာကို အရိပ်အယောင်တောင် မမြင်မတွေ့ရသေးပါဘူး။ ဒီအခြေအနေဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်လို့ရပါတယ်။
ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ကတော့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရမယ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရမယ်၊ အကယ်၍ မလိုက်လျောပါက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မှာမဟုတ်တဲ့အကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားပြီးဖြစ်ပါတယ်။ အခြားရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကလည်း တသဘောတည်းရှိတယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ရဲ့ ဘီဘီစီ၊ ဗွီအိုအေ အစရှိတဲ့ ရေဒီယိုအမေးအဖြေကဏ္ဍတွေမှာ ထုတ်ဖော်ပြောကြားတာတွေကိုလည်း တွေ့ရပါတယ်။
တိုင်းရင်းသားပါတီများရဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တကွ လူနည်းစု လူမျိုးစုများရဲ့ အခွင့်အရေးများ၊ ရပိုင်ခွင့်များကို ဖော်ဆောင်ပြဋ္ဌာန်းပေးတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးပဲ ဖြစ်ပါတယ်။ အခု နအဖ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကတော့ စစ်တပ်က စိုးမိုးခြယ်လှယ်အုပ်ချုပ်မယ့် စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံသာ ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းများရဲ့ နိုင်ငံရေးမျှော်မှန်းချက်နဲ့ ဆီနဲ့ရေလို ကွာခြားနေတဲ့အတွက် ဒီဖွဲ့စည်းပုံအရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် သဘောထားများ မရှိကြတာတွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခြင်းမရှိဘူးဆိုရင် အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများက ရွေးကောက်ပွဲရဲ့ရလဒ်ကို အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီနိုင်ငံတွေက အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ (all inclusive) ဖြစ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီတောင်းဆိုချက်တွေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်လာမယ့်အစိုးရကို ဒီနိုင်ငံတွေက အသိအမှတ်ပြုမှာမဟုတ်တဲ့အတွက်ကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံဟာ မပြေမလည် လိပ်ခဲတည်းလဲ အခြေအနေမှာပဲ ရှိနေမှာဖြစ်ပါတယ်။
အခြားတဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲပေါ်မှာ သဘောထား၊ နအဖရဲ့ ဒီအဖွဲ့အစည်းများပေါ်မှာ ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေဟာလည်း စေ့စပ်ညှိနှိုင်းလို့မရဘဲ လက်ရှိအခြေအနေမှာ တင်းမာတဲ့ အနေအထားမှာ ရှိနေပါတယ်။ နအဖရဲ့ နည်းဗျူဟာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပထမအဆင့်အနေနဲ့ ယာယီအပစ်အခတ်ရပ်စဲပြီးတော့ အမျိုးသားညီလာခံကို တက်ခိုင်း၊ အမျိုးသားညီလာခံ မှာ ဟန်ပြဆွေးနွေးပြီးတော့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းပြီးပြီ၊ ဖွဲ့စည်းပုံလည်း ရေးပြီးပြီ။ ဒါကြောင့် နောက်တဆင့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်ဖြုတ်သိမ်း သို့မဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း အဲဒီကနေ နအဖ တပ်မတော်ထဲကို သွတ်သွင်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ၀ါးမြိုပစ်ဖို့၊ ဖျက်သိမ်းပစ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ခင်းကျင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီဗျူဟာ ဒီအခင်းအကျင်းတွေရဲ့ ရည်ရွယ်ချက်ကို သဘောပေါက် သိမြင်ထားတဲ့ ကေအန်ယူ၊ ကေအန်ပီပီ၊ အက်စ်အက်စ်အေ (တောင်) အစရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေး၊ အတုအယောင် ငြိမ်းချမ်းရေးကို ယနေ့တိုင် လက်မခံနိုင်ကြသေးတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းများအနေနဲ့ကတော့ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတဲ့ သဘောထားတွေ ရှိကြပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာအ၀၀ကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းဖို့လိုပါတယ်။ ဒီကနေတဆင့် တိုင်းရင်းသားလူမျိုးများအရေး၊ ပြည်နယ်များအရေး၊ လူနည်းစုများအခွင့်အရေးတွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ ဖွဲ့စည်းပုံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းနိုင်ဖို့ လိုပါတယ်။ သို့မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမှာပါ။
နအဖရဲ့ တဖက်သတ် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားအဖွဲ့အစည်းများ လိုလားတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မပါရှိတဲ့အတွက်ကြောင့် ဒီဖွဲ့စည်းပုံကို လက်မခံနိုင်သလို ဒီဖွဲ့စည်းပုံအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။
ဒါ့အပြင် အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီ၊ ကေအိုင်အို၊ ယူဒဗလျူအက်စ်အေ၊ အက်စ်အက်စ်အေ အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ကလည်း အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုရင် အမျိုးသားညီလာခံကို တက်ပါ၊ အမျိုးသားညီလာခံမှာ ဆွေးနွေးတင်ပြပါဆိုလို့ တိုင်းရင်းသားအဖွဲ့တွေဟာ အမျိုးသားညီလာခံကိုတက်ပြီးတော့ တိုင်းရင်းသားဆယ့်သုံးဖွဲ့အနေနဲ့ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားများအရေး၊ လူနည်းစုများအခွင့်အရေးကို စာတမ်းတစောင် ရေးသားတင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီစာတမ်းကို ညီလာခံမှာ ဆွေးတောင်ဆွေးနွေးခွင့်မရဘဲ မှတ်တမ်းတင်ရုံတင်ပြီးတော့ ပယ်ချခဲ့ပါတယ်။
ဒီလိုအတွေ့အကြုံတွေကြောင့် တိုင်းရင်းသားများအနေနဲ့ နအဖနဲ့တကွ နအဖရဲ့အမျိုးသားညီလာခံ၊ အမျိုးသားညီလာခံက ထွက်ပေါ်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ဒါတွေကို အယုံအကြည်မဲ့လာကြပါတယ်။ ဒါကြောင့် မွန်ပြည်သစ်ပါတီဆိုရင် ညီလာခံကိုယ်စားလှယ်ကို လေ့လာသူအဆင့် လျှော့ချပြီး ကန့်ကွက်ခဲ့ပါတယ်။ အခုအခြေအနေမှာ နအဖရဲ့စီမံချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရေးကို လုံးဝလက်မခံ ပယ်ချထားပါတယ်။
ယူဒဗလျူအက်စ်အေ အနေနဲ့လည်း နအဖရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို မူအရလက်ခံသော်လည်းပဲ ၀ ဒေသ ၀ တပ်တွေကို ၀ ခေါင်းဆောင်များကသာ စီမံအုပ်ချုပ်ဖို့ ပြန်လည်တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတင်ပြချက်တွေအပေါ်မှာ နအဖက လက်မခံတဲ့အတွက်ကြောင့် ပြေလည်မှုမရတဲ့အပြင် တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တဘက်နဲ့တဘက် စစ်ပြင်တဲ့ အနေအထားမှာတောင် ရှိနေပါတယ်။ အက်စ်အက်စ်အေ အနေနဲ့ကလည်း ဗိုလ်ချုပ်ဆေထင် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်အဖြစ် နှစ် (၁၀၀) ကျော် ချမှတ်ထားတဲ့ အခြေအနေမျိုးမှာ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ကေအိုင်အို ကချင်အဖွဲ့အစည်းအနေနဲ့ကလည်း နအဖရဲ့ တိုက်တွန်းချက်တွေကို လက်မခံဘဲ ကေအိုင်အိုရဲ့သဘောထားကို ပြန်လည်တင်ပြထားတာ တွေ့ရပါတယ်။ ကေအိုင်အိုရဲ့ တင်ပြချက်ကတော့ အကယ်၍ မြန်မာနိုင်ငံကို ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံမူအရသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းနိုင်မယ်ဆိုပါက ကေအိုင်အိုအနေနဲ့ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းစရာ မလိုတဲ့အပြင် လက်နက်ပင်ကိုင်ထားစရာမလိုကြောင်း တင်ပြခဲ့ပါတယ်။
ဒီနေရာမှာ ကေအိုင်အိုရဲ့ တင်ပြချက်ဖြစ်တဲ့ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ဆိုတာကတော့ လွတ်လပ်ရေးအကြိုကာလမှာ ဗမာပြည်မနဲ့ ရှမ်းပြည်၊ တောင်တန်းဒေသများ ပေါင်းစည်းရေးအတွက် ပင်လုံမြို့မှာ ညီလာခံတရပ် ကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီးတော့ ပင်လုံစာချုပ်ကို လက်မှတ်ထိုး ချုပ်ဆိုခဲ့ကြပါတယ်။ ပင်လုံသဘောတူညီချက်ဆိုတာဟာ ဒီစာချုပ်မှာပါတဲ့ အချက်အလက်အပြင် ညီလာခံမှာ ဆွေးနွေးသဘောတူခဲ့တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအချက်တွေကတော့ ဗမာပြည်မနှင့် ရှမ်းပြည်၊ တောင်တန်းဒေသ ပေါင်းစည်းတဲ့အခါမှာ …
၁။ တန်းတူညီတူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရမည်။
၂။ ပြည်နယ်တွင်းကိစ္စတွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိရမည်။
၃။ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရမည်။ … ဆိုတဲ့
ဒီနေရာမှာ ခွဲထွက်ခွင့်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါ တောင်းဆိုဆွေးနွေးတင်ပြတာတွေကို မတွေ့ရတော့ဘဲနဲ့ အဓိကအားဖြင့် တန်းတူညီတူ ပြည်ထောင်စုမူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကိုပဲ တောင်းဆိုဆွေးနွေး တင်ပြနေကြတာဖြစ်ပါတယ်။ တကယ်တော့ ဒီအခြေခံမူတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးနိုင်မယ့်မူလည်းဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ဖို့လိုပါတယ်။ ဒီလိုတည်ဆောက်ရာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ဖော်ဆောင်နိုင်မှ ပြီးပြည့်စုံတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်ရာမှာလည်း အပြောသက်သက်မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများရဲ့ ရပိုင်ခွင့်တွေ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေနဲ့ လူမျိုးစု၊ လူနည်းစု အခွင့်အရေးတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပီပီပြင်ပြင် ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ သို့မှသာ အမျိုးသားသွေးစည်းညီညွတ်ရေးကိုရရှိပြီး ပြည်တွင်းစစ်လည်း ချုပ်ငြိမ်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာတော့ ဒီအခြေခံမူတွေကို ပစ်ပယ်ထားပြီး တိုင်းရင်းသားရပိုင်ခွင့်တွေကိုလည်း လုံးဝလျစ်လျူရှုထားတာကို တွေ့ရပါတယ်။
ဒါကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသားရပိုင်ခွင့်တွေကို ပြဋ္ဌာန်းပေးဖို့ တင်ပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။ နအဖ ခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့တောင်းဆိုချက်ကို လိုက်လျောမယ့်လက္ခဏာ မတွေ့ရပါဘူး။ နအဖခေါင်းဆောင်များ အနေနဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်း၊ ပါတီအဖွဲ့အစည်းက ရွေးကောက်ပွဲဝင်ဆိုတဲ့ မူလအစီအစဉ်အတိုင်းကလွဲလို့ တိုင်းရင်းသားအဖွဲ့အစည်းများက ဆွေးနွေးတင်ပြချက်တွေကို လက်ခံလိုက်လျောမယ့် အခြေအနေမရှိပါဘူး။
ထို့အတူ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း နအဖရဲ့ သဘောထားနဲ့ နအဖ ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ယုံကြည်လက်ခံနိုင်မယ့် အခြေအနေမရှိတဲ့အတွက်ကြောင့် နအဖ တိုက်တွန်းသလို လိုက်နာမယ့်အနေအထား မရှိပါဘူး။ ဒီလိုသာ လိုက်နာမှုမရှိခဲ့ရင် နအဖ ဘာလုပ်မလဲ။ ကိုးကန့်အဖွဲ့ကို တိုက်သလို လက်နက်ကိုင်နည်းနဲ့ တိုက်ခိုက်ဖြေရှင်း မှာလား။ ဒီလိုသာဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းများအနေနဲ့လည်း မလွဲသာမရှောင်သာ ခုခံတဲ့အနေနဲ့ ပြန်လည်တိုက်ခိုက် ကြမှာ သေချာပါတယ်။ ပြည်တွင်းစစ်ဟာလည်း ကျယ်ပြန့်လာမယ့် သဘောရှိပါတယ်။
ဒါကြောင့် တိုင်းရင်းသားလူမျိုးများအရေးနဲ့ ပတ်သက်လို့ နအဖရဲ့ လောလောဆယ် ကျင့်သုံးနေတဲ့ နည်းဗျူဟာနဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ လူမျိုးများဆိုင်ရာ အခွင့်အရေး၊ ဒါတွေကို ဆက်စပ်သုံးသပ်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ရတက်မအေးဖွယ် တွေ့မြင်ရကြောင်းပါခင်ဗျား။ ။