မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 24 januari 2010

ILO အရာရှိ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများတွေ့

Saturday, 23 January 2010 18:42 ဇာနည်မာန်
.မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိနေသော ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO) အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီအိုလာနှင့် အဖွဲ့သည် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ယနေ့ နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အစည်းဝေးခန်းမတွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်၊ ရှေ့နေကြီး ဦးအောင်သိန်း အပါအ၀င် ILO နှင့် ဆက်သွယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကလေးစစ်သားအရေး လုပ်ဆောင်နေသူများ တက်ရောက်ခဲ့ကြသည်။


၂၀၀၈ ခုနှစ် ကလေးအလုပ်သမား ပပျောက်ရေးနေ့က ဂျနီဗာရှိ ကျောင်းနှစ်ကျောင်းမှ ကလေးများကို အမှတ်တရ လက်ဆောင်ပစ္စည်း ပေးနေသော မစ္စတာ ကယ်ရီ တာပီအိုလာ (ဓာတ်ပုံ - ILO)
“အဓိကကတော့ သူတို့နဲ့ အစိုးရနဲ့ နောက်ထပ်သက်တမ်းတနှစ်တိုးပြီး အလုပ်လုပ်တဲ့ ကိစ္စတွေကို ရှင်းပြတာ။ နောက်ပြီး သူတို့ စကားခံထားတာက သူတို့ဟာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါဘူး။ သူတပါးပြည်တွင်း နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်ခြင်းလည်း မရှိပါဘူး။ ILO နဲ့ အစိုးရနဲ့လုပ်ကိုင်ထားတဲ့ ရရှိတဲ့အခွင့်အရေးလေးနဲ့ပဲ အခွင့်အရေးမှန်သမျှကို လုပ်ပေးပါတယ်ဆိုတဲ့ အကြောင်း ပြောတယ်”ဟု လမ်းပြကြယ် အဖွဲ့မှ ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
တက်ရောက်လာသူများက မြန်မာပြည်တွင် ရင်ဆိုင်နေရသော အလုပ်သမားထု၏ လစာနှင့် လုပ်အား မမျှတမှုများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနှင့် ကလေးစစ်သား ကိစ္စများကို ILO သို့ လွတ်လပ်စွာ တိုင်ကြားနိုင်ရေးတို့ကို တင်ပြခဲ့ကြသည်ဟု သူက ဆိုသည်။
ကယ်ရီ တာပီအိုလာက ကလေးစစ်သားအရေး၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ILO နှင့် ဆက်သွယ်သူ၊ သတင်းပေး တိုင်ကြား သူများကို ဖမ်းဆီးခြင်း စသည်များဖြစ်ပေါ်လာပါက အထောက်အထား ပြည့်စုံစွာဖြင့် အချိန်မရွေး ပြောကြားရန် သတင်းပို့ရန် ပြောဆိုသည်ဟု သိရသည်။
ဦးအေးမြင့်က ဆက်၍ “သူတို့က ကလေးစစ်သားသတင်းနဲ့ပတ်သက်ရင် သူတို့ဆီ မတိုင်ခင် မီဒီယာတွေကို အရင်မတက်ဖို့ ပြောပြတယ်။ မီဒီယာတွေပေါ်အရင် တက်တော့ သူတို့ လုပ်ကိုင်ရတာ အခက်အခဲတွေ ပိုများတယ်လို့ ပြောတယ်။ မီဒီယာတွေပေါ် တက်မယ်ဆိုရင် သူတို့နဲ့ ကိစ္စတွေ လုပ်ပြီးမှ၊ ကလေး အိမ်ပြန်ရောက်ပြီးမှ ပြောဖို့ပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တာ တော့ မဟုတ်ပါဘူးပေါ့။ ပြောချင်တယ်ဆိုလည်း ပြောပါတဲ့။ အကျပ်အတည်းကြားက လုပ်ရတဲ့ သူတို့အခြေအနေကို ပြောပြတာ ပေါ့”ဟု ပြောသည်။
ထို့အတူ ILO သို့ လယ်မြေသိမ်းမှုများ တိုင်ကြားခဲ့၍ ဖမ်းဆီးခံနေရသော အောင်လံမြို့မှ ကိုဇော်ဌေး၏ အမှုလိုက်ရှေ့နေ ကိုဖိုးဖြူနှင့် လယ်သမားများ၏ အမှုအခြေအနေ၊ အယူခံတင်ထားမှု အခြေအနေများကိုလည်း ရှေ့နေကြီး ဦးအောင်သိန်းနှင့် ပြောဆိုဆွေးနွေးခဲ့သည်ဟု သိရသည်။
ILO ကိုယ်စားလှယ် ကယ်ရီ တာပီအိုလာက ဖမ်းဆီးထားသူများအတွက် မည်သို့လုပ်ဆောင်ထားသည်ကိုမူ နေပြည်တော်တွင် အစိုးရအဖွဲ့နှင့် ပြောဆိုဆွေးနွေးထားကြောင်း ဖြေကြားခဲ့သည်ဟု ဆိုသည်။
ကယ်ရီ တာပီအိုလာနှင့်အဖွဲ့သည် ဇန်န၀ါရီ ၁၇ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို တနှစ်ထပ်မံ သက်တမ်းတိုး ချုပ်ဆိုခဲ့သည်။
ယင်း သက်တမ်းတိုးမှုသည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာ နှင့် အစည်းအဝေးမှတ်တမ်းအား သက်တမ်း တိုးမြှင့်ခြင်း သဘောတူညီချက်ဟု ILO က ထုတ်ပြန်ထားပြီး ယခု သက် တမ်းတိုးခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
မစ္စတာ တာပီအိုလာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကလည်း အောင်လံမြို့မှ ဖမ်းဆီးထိန်းသိမ်းခံ လယ်သမားများ၏ မိသားစုဝင်များ ကို သွားရောက် တွေ့ဆုံအားပေးခဲ့သေးသည်ဟု ဆိုသည်။
“သူ့ရဲ့ ကြိုးပမ်းမှုတွေနဲ့ ILO နဲ့ စစ်အစိုးရကြားမှာထားတဲ့ ကတိတွေဟာ အလုပ်သမား၊ လယ်သမားတွေအပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့ဗျာ”ဟု လမ်းပြကြယ်မှ ဦးအေးမြင့်က ပြောသွားသည်။

Geen opmerkingen: