မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 21 januari 2010

ထိုင်းဆိုင်ကယ်များ မြန်မာဘက်မှ အ၀ယ်လိုက် မြ၀တီမှတဆင့် နေ့စဉ်တင်သွင်း

    

ရဲရင့်/ ၂၁ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံတွင် တရားမ၀င်မော်တော်ဆိုင်ကယ်များကို တနိုင်ငံလုံးသို့ မောင်းနှင်နိုင်သည့် လိုင်စင်ထုတ်ပေးသောကြောင့် ထိုင်းဆိုင်ကယ်များ မြန်မာဘက်မှအ၀ယ်လိုက်၍ မဲဆောက်ရှိ ဆိုင်ကယ်အရောင်းဆိုင်များနှင့် ပြင်ပရောင်းဝယ်ရေး နေရာများတွင် ဆိုင်ကယ်ပြတ်လပ်မှု ဖြစ်ပေါ်နေသည်။
အဆိုပါလိုင်စင်ထုတ်ပေးမှုကြောင့် နယ်စပ်မြ၀တီမြို့မှတဆင့် ထိုင်းဆိုင်ကယ် တင်သွင်းနေသူများ အဆမတန် အကျိုးအမြတ်များ ရရှိကြသည်ဟု ထိုင်းနယ်စပ်မှ ဆိုင်ကယ်တင်ပို့နေသူ မြန်မာကုန်သည်တဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းမှစတင်ကာ လိုင်စင်မဲ့ဆိုင်ကယ်များကို ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က တရားဝင် လိုင်စင်ထုတ်ပေးသဖြင့် ဆိုင်ကယ်ပွဲစားများက ထိုင်းနယ်စပ် မဲဆောက်ရှိ ထိုင်းဆိုင်ကယ်များကို မြ၀တီဘက်သို့ နေ့စဉ် အစီး (၃၀၀) ခန့် တင်ပို့နေခြင်းဖြစ်သည်။
အများဆုံးတင်ပို့နေသည့် အမျိုးအစားမှာ ၂၀၀၉-၂၀၁၀ မော်ဒယ်များဖြစ်သည့် HONDA DREAM (၁၂၅) စီစီနှင့် HONDA WAVE အမျိုးအစားများဖြစ်ပြီး မြန်မာဘက်မှ အ၀ယ်လိုက်သောကြောင့် ဆိုင်ကယ်ဈေးမှာ တလအတွင်း တစီးလျှင် ထိုင်းဘတ်ငွေ (၄,၀၀၀) ခန့် ဈေးထိုးတက်သွားသည်။
မြန်မာဆိုင်ကယ်ပွဲစားတဦးက “မြန်မာတွေက ထိုင်းဆိုင်ကယ်ကို အကြိုက်များတော့ သွင်းသလောက်ကို မလောက်ဘူး။ ဟွန်ဒါဒွင်းစတပ်ပါရင် မဲဆောက်မှာ အရင်က (၄၃,၀၀၀) ပဲ။ အခုဆိုရင် ဘတ် (၄၇,၀၀၀) ဖြစ်သွားပြီ။ ဒီနေ့ဆိုရင် မဲဆောက်မှာ ဆိုင်ကယ်ပြတ်သွားပြီ။ ကညနမှာ လိုင်စင်လုပ်ပေးတာက တစီးကိုကျပ် (၆) သိန်းပေးရတယ်၊ ဒီလောက် ဈေးများတာတောင် မြ၀တီကနေ အောက်ကို တနေ့အစီး (၃၀၀) လောက် နေ့တိုင်းပို့နေရတယ်၊ ဒီအချိန်ကတော့ ဆိုင်ကယ်ပွဲစားတွေ အလုပ်ဖြစ်ကြတယ်” ဟု ပြောသည်။
စစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက်မှစ၍ လိုင်စင်မဲ့ ဆိုင်ကယ်များကို ၁၇ယ/……. နံပါတ်ဖြင့် တရားဝင် လိုင်စင်ပြုလုပ်ပေး နေပြီး ဆိုင်ကယ်များကို တနိုင်ငံလုံးတွင် နံပါတ်တခုတည်းဖြင့်သာ စီးနင်းခွင့်ပြုတော့မည်ဟု တရားဝင်ကြေညာထားသဖြင့် ဆိုင်ကယ်ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်။
လက်ရှိပြုလုပ်ပေးနေသည့် ၁၇ယ/……. လိုင်စင်ကို ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်နှင့် နေပြည်တော်တိုင်း စည်ပင်သာယာ နယ်နိမိတ်မှလွဲ၍ တနိုင်ငံလုံးသို့ လွတ်လပ်စွာမောင်းနှင်ခွင့်ရှိသည်ဟု နယ်စပ်မြ၀တီမြို့ ကညနရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
မြ၀တီမြို့မှ မြန်မာနိုင်ငံအတွင်းပိုင်းသို့ နေ့စဉ်တင်သွင်းနေသည့် မော်တော်ဆိုင်ကယ်များမှာ တရားဝင်တင်သွင်းခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် တင်သွင်းနေခြင်းသာဖြစ်သည်ဟု ဆိုင်ကယ်ပွဲစားတဦးက ပြောသည်။

Geen opmerkingen: