မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 25 januari 2010

ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ

Monday, 25 January 2010 18:00 သန်းထိုက်ဦး
.ထိုင်း - မြန်မာ နယ်စပ်၊ နို့ဖိုး ဒုက္ခသည် စခန်းတွင် ယာယီ ခိုလှုံခွင့် ပေးထားသော ကရင် ဒုက္ခသည် ၃၀၀၀ ခန့်အား ထိုင်း အာဏာပိုင်များက ဖိအားပေး ပြန်ပို့မည်ကို ကရင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။




ပိုင်ဆိုင်မှုများကို စွန့်ခွာ၍ ထိုင်းနိုင်ငံအတွင်းရှိ ယာယီဒုက္ခသည် စခန်းသို့ ထွက်ပြေးလာရသည့် မိသားတစု (ဓာတ်ပုံ - ရဲနည်/ဧရာဝတီ)

ယာယီ ခိုလှုံခွင့် ပေးထားသော ဒုက္ခသည်များက မပြန်ချင် သော်လည်း ထိုင်း အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့မည်ကို စိုးရိမ်ရသည်ဟု မယ်လ ဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
“ထိုင်းက စခန်း အသစ်ဖွင့်ဖို့လည်း ပေါ်လစီ မရှိဘူး၊ စခန်းထဲဝင်ဖို့ အစီအစဉ်လည်း မလုပ်ပေးဘူး။ နောက်တခု၊ ထိုင်းအစိုးရရဲ့ သဘောထား ကလည်း သူတို့ကို ပြန်စေချင်တယ်။ ဒုက္ခသည်တွေက မပြန်ချင်ဘဲနဲ့ နောက်ဆုံး ပြန်ရမယ့် အခြေအနေဆိုရင် သူတို့ အတွက် အခက်အခဲတွေ အများကြီး ကြုံရမှာကို စိုးရိမ်ရတယ်” ဟု သူက ပြောသည်။
ယခုအခါ မြန်မာ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ဤဒေသများကို ထိန်းချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင်သေးကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဆိုသည်။
ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့်ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ဒုတိယ တာဝန်ခံ ဆယ်လီ သွန်မဆင်က ကရင်ဒုက္ခသည်များကို မြန်မာဘက်ကမ်းသို့ ပြန်ရန် ထိုင်း အာဏာပိုင်များက နေ့စဉ် ဖိအားပေးနေကြောင်း ပြောသည်။
“တကယ်လို့ ဒီဒုက္ခသည်တွေ မြန်မာပြည်ထဲကို ပြန်ရရင် သူတို့ အခြေချမယ့် နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်၊ အဲဒီတော့ သူတို့ အတွက် လုံခြုံမှု မရှိဘူး။ တကယ်လို့ ပြန်ရရင်လည်း သူတို့ ဘာသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်”ဟု ၎င်းက ဆိုသည်။
TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။ ထို့အပြင် ဒုက္ခသည်များကို အခြေခံ ရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးနေပြီး ပြင်သစ် NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ ပေးလျက်ရှိသည်။
၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။
ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်များအား ပြန်ပို့ရန် စီစဉ်နေချိန်၌ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ရွာသား ၁၀၀၀ ကျော်သည် လတ်တလော မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် တောထဲတွင် ထွက်ပြေးပုန်း အောင်းနေကြရ သည်ဟု ကယ်ဆယ်ရေး အဖွဲ့များ ကပြောဆိုသည်။
တချို့သော အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများတွင် လသားအရွယ် ကလေးငယ်များ ပါဝင်ပြီး တောထဲတွင် အအေးဒဏ်ကိုလည်း ခံနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သည့် Committee for Internally Displaced Karen People (CIDKP)မှ စောစတိဗ်က ဧရာဝတီသို့ ပြောသည်။
“တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူ ရွာသားတွေဟာ အခု အအေးဒဏ်ကို အရမ်းခံနေတယ်၊ အအေးဒဏ်ကို ကာကွယ်ဖို့ အတွက် မီးတောင် မဖိုရဲကြဘူး” ဟု ၎င်းက ဆိုသည်။
ရွာသားများသည် တောထဲ၌ ဆက်လက်၍ ထွက်ပြေး ပုန်းအောင်းနေရပါက စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိ ကြောင်းလည်း သိရသည်။
စစ်အစိုးရတပ်ဖြစ်သော စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၇ တပ်ဖွဲ့ဝင်များက ယင်းကျေးရွာများကို မီးရှို့ခြင်းနှင့် ဒေသခံများကို သတ်ဖြတ်မှုတို့ကြောင့် တောထဲသို့ ထွက်ပြေးပုန်းအောင်း နေကြရခြင်း ဖြစ်သည်။
စစ်အစိုးရက ကျေးရွာများကို ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၄၇ နှစ်အရွယ် စောမြကော်ထူး အမည်ရှိ ရွာသား တဦး ပစ်သတ်ခံရပြီး စာသင်ကျောင်း တကျောင်းနှင့် နေအိမ် ၁၁ လုံးခန့်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကရင်ကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

Geen opmerkingen: