မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 januari 2010

KIO နှင့် စစ်အစိုးရ တွေ့ဦးမည်

Wednesday, 27 January 2010 18:25 သန်းထိုက်ဦး
.စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင် ထားကြောင်း အပစ်ခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် နီးစပ်သူတဦး အဆိုအရ သိရသည်။

KIO နှင့် နီးစပ်သူက စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် ကချင် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ပြင်ဆင်နေပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို ထပ်မံ ဆွေးနွေး ဦးမည်ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ဦးဆောင်သည့် စစ် အစိုးရ အရာရှိများနှင့် ကချင်ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
KIO မှ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် (James Lumdau)ကမူ စစ်အစိုးရနှင့် KIO တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်ပြီး ယခု မသိရှိရသေးသော်လည်း နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်စိုးဝင်းက ၂၀၁၀ မှာ တွေ့ဆုံရန် ပြောကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“နောက်ဆုံး တွေ့ဆုံခဲ့စဉ်က ဘာမှ မပြောခဲ့ဘူး၊ အဲဒီ တော့ သူတို့ပြောတာက ဒီလိုဆိုရင် ဒီနှစ်သစ်မှာ ကျနော်တို့ ပြန်တွေ့ကြရ မယ်၊ အဲဒီလို ပြောထားတာရှိတယ်”ဟု ၎င်းက ဆိုသည်။
KIO အဖွဲ့အနေဖြင့် တစုံတရာ ပြင်ဆင်ထားခြင်း မရှိ သကဲ့သို့ မည်သည့် အချိန်ကမှလည်း မပြင်ဆင်ထားကြောင်း၊ စစ်အစိုးရက မည်သို့ ပြောမည် ဆိုသည်ကို မသိရဘဲ ချိန်းသည့်အတိုင်း သွားရောက်နားထောင်ရကြောင်း သိရသည်။
စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ကုန် နောက်ဆုံးထားပြီး အကြောင်းပြန်ရန် သတိပေးထားသော်လည်း လက်ရှိအခြေအနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့သတ် မှတ်ခဲ့သည်။
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIA) ၏ လက်ရှိ သဘောထားမှာ နိုင်ငံရေး အခက်အခဲ ပြဿနာများကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် သဘောတူညီချက်အတိုင်း ဖြေရှင်းရန်သာ လိုအပ် သည်ဟု စစ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။
“ပင်လုံစာချုပ် အတိုင်း ကျနော်တို့ရဲ့ အခွင့်အရေးကို ပြင်ပေးပါ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ မပြောနဲ့ အားလုံး ပြည်လုံး ကျွတ် ကျနော်တို့ လက်နက် မကိုင်တော့ပါဘူး၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေကို ပင်လုံစာချုပ်မှာ ပါတဲ့အတိုင်းပေးပါ၊ ဒီနယ်ခြား စောင့်တပ် ကိစ္စလုံးဝ လက်နက် မကိုင်တော့ဘူး ဆိုပြီးတော့မှ တင်ပြထားတာရှိတယ်၊ နောက်ဆုံးမှာပေါ့ဗျာ၊ ဒါကို သူတို့ လက်မ ခံနိုင်ဘူး”ဟု ဂျိမ်းစ်လွမ်းဒေါင်က ရှင်းပြသည်။
ပြီးခဲ့သည့် နှစ်အတွင်း KIO နှင့် စစ်အစိုးရတာဝန်ရှိသူများ ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံမှု အားလုံးသည် မြစ်ကြီးနားမြို့တွင် ပင်ဖြစ်ကြောင်း၊ ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံမည် ဆိုပါက ယင်းမြို့တွင် ဖြစ်နိုင်ကြောင်း ဂျိမ်းစ်လွမ်းဒေါင်က ဆိုသည်။
စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။
ထို့အပြင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့ အနေဖြင့် စစ်အစိုးရအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီ သော်လည်း တပ်ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယတပ်ရင်းမှူးရာထူးတခုသာ ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ်သတ်မှတ်ပေးရန် ပြန်လည် တောင်းဆိုရာတွင် စစ်အစိုးရက ပယ်ချခဲ့သည်။
သို့သော် ယခု အခြေအနေတွင်မူ နှစ်ဘက် စလုံးတွင် စစ်ရေးလှုပ်ရှားမှုများ၊ နှစ်ဘက်တင်းမာမှုများ မရှိကြောင်း၊ တရုတ်နိုင်ငံက နယ်စပ်တည်ငြိမ်ရေးကို အလေးထားသည့်အတွက် ညှိနှိုင်းဆောင်ရွက်ပေးလိမ့်မည်ဖြစ်ကြောင်း၊ စစ်အစိုးရ၏ လက်ရှိအခြေ အနေ မှာ မကြာမီက ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲတွင်ပင် လူအမြောက်အမြား ကျဆုံးခဲ့ရသည့်အတွက် အင်အားကြီးမားသော ၀တပ်ဖွဲ့ အား စစ်ဆင်မည်ဆိုလျှင်လည်း လွယ်ကူမည် မထင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
လွန်ခဲ့သည့်နှစ်အတွင်း တရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင် နှင့် ချန်ဒူးစစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင်တို့ မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်ခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင်နယ် စပ် တည်ငြိမ်ရေးကို စစ်အစိုးရက ကတိပြုခဲ့သည်။
၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Geen opmerkingen: