မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 21 januari 2010

သမဝါယမပိုင်အခန်းများ ပြန်အပ်ရန် ညွှန်ကြား

မျိုးဝင်းဇော်/ ၂၁ ဇန်န၀ါရီ ၂ဝ၁ဝ

ရန်ကုန်မြို့ရှိ သမဝါယမအသင်းပိုင် တိုက်ခန်းများကို ပြန်လည်အပ်နှံရန် နအဖစစ်အစိုးရက ညွှန်ကြားထားသော်လည်း အခန်းရှင်များက သတ်မှတ်ကာလ ကျော်လွန်သည်အထိ မအပ်နှံသေးဘဲ အသနားခံစာများ တင်ထားကြောင်း သိရသည်။
ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ်တွင် စတိုးဆိုင်ကြီး ဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က သမဝါယမအသင်း လူကြီးဆီကနေ (၁) နှစ်စာချုပ်နဲ့ ငှားထားတာ။ အခု စာချုပ်သက်တမ်းအရဆို (၃) လလောက်ပဲ ရှိသေးတယ်၊ ပြန်အပ်ရမယ်ဆိုတော့ သမဝါယမအသင်းက ငွေလည်း ပြန်မပေးဘူး။ ဒါနဲ့ ကျနော်တို့ကတော့ ဒီ ဇန်နဝါရီလကုန်မှ အပ်ပါရစေဆိုပြီး ပြန်ခွင့်တောင်း ထားတယ်” ဟု ပြောသည်။
သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များထံ အခန်းသော့များ ပြန်အပ်ရန် ညွှန်ကြားထားသည့် သမဝါယမအသင်းပိုင်အခန်းများသည် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ပြည်သူပိုင်သိမ်းထားသည့် တိုက်ခန်းများဖြစ်သည်။
အဆိုပါ တိုက်ခန်းများအနက် မြို့နယ်အသီးသီးရှိ အချက်အချာကျသည့် အခန်းများကို မဆလခေတ်တွင် သမဝါယမဆိုင်များ အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်လည်း စစ်အစိုးရက အဆိုပါအခန်းများကို မူလပိုင်ရှင်တို့ထံ ပြန်လည် ပေးအပ်ခြင်းမပြုဘဲ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်လက်အောက်တွင် ထားကာ အဆိုပါကော်မရှင်က သမဝါယမအသင်း များကို ဈေးနှုန်းသက်သာစွာဖြင့် နှစ်ပေါင်းများစွာ အငှားချထားခဲ့ခြင်းဖြစ်သည်။
သမဝါယမအသင်းပိုင် အခန်းများသည် များသောအားဖြင့် မြို့လယ်ခေါင် အချက်အချာကျသည့် နေရာတို့တွင် တည်ရှိပြီး ရန်ကုန်မြို့တခုတည်း၌ပင် မြေညီထပ် တိုက်ခန်းပေါင်း ရာနှင့်ချီ ရှိသည်။
ဦးနေဝင်းစစ်အစိုးရ ပြည်သူပိုင်အဖြစ် အဓမ္မသိမ်းပိုက်ထားသည့် ရုပ်ရှင်ရုံ၊ ဂိုဒေါင်၊ စားသောက်ဆိုင် အပါအဝင် အဆောက်အဦကြီးများကို နအဖစစ်အစိုးရက အကြိမ်ကြိမ် လေလံပစ် ရောင်းစားခဲ့ပြီး ယခု သမ၀ါယမပိုင် တိုက်ခန်းငယ်များကို လေလံပစ်ရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိတဦးက ပြောသည်။
အဆိုပါ တိုက်ခန်းများကို ၂ဝဝ၉ ဒီဇင်ဘာ (၃၁) ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များထံ အခန်းသော့ အပ်နှံရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တဆင့်ငှားနေထိုင်သည့် အချို့အခန်းရှင်များက အသနားခံစာတင်ကာ လေလံဆွဲသည့်အချိန် ပါဝင်လေလံဆွဲရန် စောင့်ဆိုင်းနေကြကြောင်း၊ နောက်ပိုင်း အစိုးရက ဇန်ဝါရီ (၁ဝ) ရက် နောက်ဆုံးထား သော့အပ်ရန် ထပ်မံညွှန်ကြားခဲ့သော်လည်း အခန်းရှင်အများစုက အပ်နှံခြင်း မပြုသေးကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများသည် အနည်းဆုံး ကျပ်သိန်း (၅ဝဝ-၆ဝဝ) မှ ကျပ်သိန်း ထောင်ချီတန်သည့် တိုက်ခန်းများ ဖြစ်ကြသည်။
နအဖစစ်အစိုးရသည် ၂ဝဝ၉ သြဂုတ်လ (၁၂) ရက်နေ့ကလည်း ယခင် ပြည်သူပိုင်သိမ်းယူထားသည့် မြေကွက်၊ စက်ရုံ၊ အဆောက်အဦ၊ တိုက်ခန်းပေါင်း (၁၄၇) ခန်းကို အိပ်ပိတ် လေလံပစ်ခဲ့ကြောင်း၊ လေလံတခုကို ကျပ်သိန်းထောင်ချီ တန်ဖိုးရှိပြီး လေလံပြုလုပ်စဉ်ကလည်း လာဘ်ယူမှု များစွာရှိခဲ့ကြောင်း ကိုယ်တိုင်လေလံဆွဲသူများထံမှ သိရသည်။

Geen opmerkingen: