မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 21 januari 2010

ILO နှင့် မြန်မာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး

မြင့်မောင်

ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၄၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အဓမ္မ လုပ်အားပေးကိစ္စများ တိုင်ကြားရေးအတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ချုပ်ဆိုထားသည့် နောက်ဆက်တွဲ စာချွန်လွှာကို ၁၂ လ သက်တမ်း ထပ်မံတိုးမြှင့်ရန် မြန်မာစစ်အစိုးရက သဘောတူညီလိုက်သည်။
ဤသို့သက်တမ်းတိုးခြင်းကို တနင်္လာနေ့က နေပြည်တ်ာတွင် ပြုလုပ်သည့် ILO အမှုဆောင် ဒါရိုက်တာ ကာရီတာပီအိုလာ (Kari Tapiola) နှင့် မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့၏ အစည်းအဝေးတွင် ပြုလုပ်ခဲ့ကြောင်း စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
ယခုသဘောတူညီချက်အရ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူများသည် ရန်ကုန်မြို့ရှိ ILO ဆက်ဆံရေးရုံးမှ တဆင့် တိုင်ကြားနိုင်သည့် အစီအစဉ်များ ပါရှိမည်။ ဤသို့ တိုင်ကြားသူများနှင့် တိုင်ကြားရာတွင် အကူအညီပေးသူများကို မနှောင့်ယှက်နိုင်ရန်၊ အန္တရာယ် မပေးရန် အစီအစဉ်များလည်း ပါဝင်သည်။
နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို ILO နှင့် မြန်မာနိုင်ငံတို့ ၂၀၀၇ ခုနှစ်တွင် သဘောတူညီခဲ့ပြီး ၁၂ လ တကြိမ် သက်တမ်းတိုးမြှင့်ရသည်။
တာပီအိုလာသည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိလာပြီး လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့် အပါအဝင် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံမည်။ လမ်းပြကြယ်သည် အဓမ္မလုပ်အားပေး ခိုင်းစေခံရသူများနှင့် ကလေးစစ်သားများကို ကူညီဆောင်ရွက်ပေးနေပြီး တရားသဖြင့် ဖြစ်ရေးအတွက် ကူညီ လုပ်ဆောင်ပေးနေသည်။
တာပီအိုလာက သူ့ကိုတွေ့လိုကြောင်း ILO ဆက်ဆံရေးအရာရှိ စတိဗ်မာ ရှယ်လ် (Steve Marshall) က အကြောင်းကြားခဲ့သည်ဟု လမ်းပြကြယ်မှ ဦးအေးမြင့်က မဇ္ဈိမကို ယနေ့ ပြောသည်။
''ကျနော်တို့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲမှာ ထရိတ်ဒါး ဟော်တယ်မှာ တွေ့ပါမယ်။ ILO ရဲ့ လုပ်ငန်း အစီအစဉ်တွေမှာ ကူညီဆောင်ရွက်ပေးနေသူတွေကို တာပီ အိုလာက တွေ့ချင်ပါတယ်လို့ စတိဗ်က ကျနော့်ကို အကြောင်းကြားလာပါတယ်'' ဟု ဦးအေးမြင့်က ပြောသည်။
ILO ၏ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ရေးတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသော သူနှင့်အတူ အခြားပုဂ္ဂိုလ်များကိုလည်း အဆိုပါ အစည်းအဝေးသို့ ဖိတ်ကြားထားကြောင်း သူက ပြောသည်။
''ILO ကို မြန်မာပြည်မှာ လုပ်ငန်းတွေလုပ်ဆောင်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။ သူတို့လုပ်တာ ကောင်းပေမယ့် အကန့်အသတ်နဲ့သာ ခွင့်ပြုထားတာ။ ဒါကြောင့် ILO က သူတို့ရထားတဲ့ အခွင့်အရေးကို သုံးလို့ရသလောက် သုံးဖို့ ကြိုးစားနေတာ'' ဟု ဦးအေးမြင့်က ပြောသည်။
စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် ကလေးစစ်သားအဖြစ် အတင်းအကျပ် စုဆောင်းခြင်းတို့မှာ အနှံ့အပြားဖြစ်ပွားနေပြီး ထိုလုပ်ရပ်များ ရပ်တန့်သွားရန် အနည်းငယ်မျှသာ လုပ်ဆောင်ခဲ့သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရကို မကြာခဏ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
စစ်တပ်တွင်းရှိနေသော ကလေးစစ်သားဦးရေမှာ ၇ သောင်းကျော် ရှိမည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့က ခန့်မှန်းဖော်ပြကြသော်လည်း အဆိုပါကိန်းဂဏန်းကို တိကျစွာ အကဲမဖြတ်နိုင်ကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) က ပြောသည်။
စစ်အစိုးရက သတင်းအချက်အလက် စီးဆင်းမှုကို အတောမသတ် တားဆီး ကန့်သတ်နေခြင်းနှင့် လိုအပ်သော သတင်းအချက်အလက်များ ချို့တဲ့သည့်အတွက် ထိုသို့ အတိအကျ ခန့်မှန်းဖော်ပြရန် ခက်ခဲကြောင်း သူတို့က ဆိုသည်။
သူ့အနေနှင့် လွန်ခဲ့သောနှစ်အတွင်း အဓမ္မလုပ်အားပေးစေခိုင်းမှုနှင့် ကလေးစစ်သား အမှုပေါင်း ၁၀၀ ကျော်ကို ILO အဖွဲ့ကြီးထံ ရောက်ရှိရန် ကူညီတိုင်ကြားပေးခဲ့ကြောင်းဖြင့် ဦးအေးမြင့်က ပြောသည်။

(မုံပီး တည်းဖြတ်သည်။)

Geen opmerkingen: