မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 januari 2010

လောင်စာဆီကဏ္ဍ ပုဂ္ဂလိကသို့လွှဲပြောင်းရန် စီစဉ်

စိုးမိုး/ ၂၆ ဇန်န၀ါရီ ၂ဝ၁ဝ

စစ်အစိုးရက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် လောင်စာဆီ ရောင်းဝယ်မှုကဏ္ဍကို ပုဂ္ဂလိကသို့ လုံးဝလွှဲပြောင်းပေးရန် စီစဉ်နေသည်။
နိုင်ငံတ၀န်းရှိ လောင်စာဆီ အရောင်းဆိုင် (၂၅၀) ကျော်ကို ယခုနှစ် မတ်လတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။
လောင်စာဆီကဏ္ဍ ပုဂ္ဂလိကပိုင်ပြောင်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံခြားငွေလဲနှုန်းနှင့် ဈေးနှုန်းကြီးကြပ်ရေးကိစ္စ အကျေအလည် ညှိနှိုင်းနေကြောင်း သိရသည်။
နေ့စဉ် အပြောင်းအလဲရှိသည့် နိုင်ငံတကာပေါက်ဈေးဖြင့် ၀ယ်ယူ ဖြန့်ဖြူးရမည့် လောင်စာဆီ ရောင်းဝယ်ရေးကဏ္ဍတွင် တရားဝင် ငွေလဲလှယ်နှုန်း အနိမ့်အမြင့်အလိုက် ဈေးနှုန်းတည်ငြိမ်မှု မရှိမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“လက်ရှိကတော့ အိတ်စပို့အန်းနင် (ပို့ကုန်ဝင်ငွေ) က ပေါက်ဈေးတခု သတ်မှတ်ပေးထားတယ်။ အလုပ်လုပ်လို့ ဖြစ်အောင်ပေါ့။ သွင်းကုန် ထုတ်ကုန်က အဲဒါနဲ့ အလုပ်လုပ်တယ်။ သွင်းကုန် ထုတ်ကုန်မှာက တဒေါ်လာ (၆) ကျပ်နဲ့ အလုပ်လုပ်တာ မဟုတ်ဘူး” ဟု ကုန်သည်စက်မှုအသင်း အမှုဆောင်က ပြောသည်။
စစ်အစိုးရ တရားဝင်နိုင်ငံခြားငွေ လဲလှယ်နှုန်းထားမှာ အမေရိကန် (၁) ဒေါ်လာ (၆) ကျပ်ဖြစ်ပြီး ပြင်ပမှောင်ခိုငွေဈေးကွက်တွင် (၁) ဒေါ်လာ (၁,၀၀၀) ကျပ် ၀န်းကျင်ရှိနေကာ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွင် စစ်အစိုးရက ပို့ကုန်ဝင်ငွေကို မှောင်ခိုပေါက်ဈေးအတိုင်း သတ်မှတ်လုပ်ဆောင်နေသည်။
စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းကမူ လောင်စာဆီကဏ္ဍ ပုဂ္ဂလိကပိုင် ပြောင်းခြင်းကြောင့် ဈေးနှုန်းမတည်ငြိမ်မှု မဖြစ်နိုင်ဘဲ ပုဂ္ဂလိကလုပ်ငန်းများ လုပ်ပိုင်ခွင့် တိုးလာခြင်းဖြစ်ပြီး နောက်ပိုင်း လိုအပ်သည့် ငွေကြေးလဲလှယ်မှု နှုန်းထားများပါ လိုက်ပါ ပြောင်းလဲလာနိုင်ကြောင်း သုံးသပ်သည်။
“အခုလည်း ပုဂ္ဂလိက လောင်စာသွင်းနေတာပဲ။ ဈေးတက်သွားတာ မဟုတ်ဘဲ ဈေးတောင် ကျလာတယ်လေ။ ငွေလဲလှယ် နှုန်းထားကလည်း တရားဝင်မရှိဘူး ဆိုပေမယ့် ပြင်ပပေါက်ဈေးနဲ့ပဲ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ သိပ်တော့ အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး” ဟု စီးပွားရေးပညာရှင်တဦးက ပြောသည်။
၂၀၀၅ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံတွင် လောင်စာဆီ စည် (၂) သောင်းခွဲခန့် နေ့စဉ် တင်သွင်းနေရကြောင်း 2009 CIA World Factbook တွင် ဖော်ပြထားပြီး မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၈ -၂၀၀၉ ခု ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၆၀၀) ဖိုးခန့် တင်သွင်းခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီး မလုံလောက်ခြင်းကြောင့် စက်မှုလုပ်ငန်းအများစုသည် လောင်စာဆီကို အားထား အလုပ်လုပ်ကိုင်နေရသဖြင့် လာမည့်နှစ်များတွင် လောင်စာဆီတင်သွင်းမှု ထပ်မံ မြင့်တက်လာဖွယ်သာရှိကြောင်း လေ့လာသူများက သုံးသပ်သည်။

Geen opmerkingen: