မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 januari 2010

ဖိနပ်စက်ရုံ ဆန္ဒပြမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရ


 
စိုင်းဇွမ်ဆိုင်း

အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်အရှေ့ခြမ်း တာချီလိတ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ Osaka ဖိနပ်ချုပ် စက်ရုံတွင် လုပ်ခတိုးမြှင့်ပေးရန် ဆန္ဒပြပွဲကို ဦးဆောင်သူ အလုပ်သမား ၄ ဦး ယနေ့ အလုပ်ထုတ်ခံရသည်။
အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) ရှိသော်လည်း ထိုင်းအလုပ်သမားများနှင့် လုပ်ခ တန်းတူမရသဖြင့် စက်ရုံရှိ မြန်မာအလုပ်သမား ၇၂ ဦးစလုံးက တရက်လျှင် လုပ်ခ ၁၀ ဘတ် တိုးမြှင့်ပေးရန် ယခုလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် အလုပ်မဆင်းဘဲ ဆန္ဒပြရာမှ ခေါင်းဆောင် ၄ ဦး အလုပ်ဖြုတ်ခံရခြင်း ဖြစ်သည်။
ထိုင်းများကို တရက်လျှင် ဘတ် ၁၃ဝ အထိ ပေးသော်လည်း မြန်မာများမှာမူ အနည်းဆုံး ၈ဝ ဘတ်မှ အများဆုံး ၁၁ဝ ဘတ် အထိသာရသဖြင့် ဆန္ဒပြခဲ့ကြသည်။
အလုပ်မှ ထိုသို့ထုတ်ပယ်လျှင် လျော်ကြေးအနေဖြင့် လုပ်ခ ၃ လစာ အပိုရရှိနိုင်သည်ဟု အလုပ်သမား-အလုပ်ရှင် သဘောတူခဲ့သော်လည်း ထိုလျော်ကြေး မပေးသည့်အပြင် ဆန္ဒပြခဲ့သဖြင့် စက်ရုံဝင်ငွေ ဘတ် ၁ သိန်း ၆ သောင်း နစ်နာသည်ဟုဆိုကာ အလုပ်ရှင်ဘက်က အလုပ်ထုတ်ခံခဲ့ရသူများထံမှပင် နစ်နာကြေး ပြန်တောင်းနေခြင်းလည်း ဖြစ်သည်။
“ကျမတို့ ၃ လစာ လျော်ကြေးယူမှာလား၊ ၃ လစာ လျော်ကြေးယူမယ်ဆိုလို့ရှိရင် ဒီ ၁၆ဝဝဝဝ ကို လျော်ရမယ်။ ၃ လစာ လျော်ကြေး မယူရင် ဒီ ၁၆၀၀၀၀ ကိုလည်း မလျော်နဲ့တဲ့။ အခုလစာလည်း မပေးဘူးဆိုပြီးမှ ကျမတို့ကို မောင်းထုတ်လိုက်တယ်” ဟု အလုပ်ထုတ်ခံရသူထဲမှ အလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။
အကြောင်းစုံ သိနိုင်ရန် Osaka ဖိနပ်ချုပ်စက်ရုံသို့ ကြိုးစားဆက်သွယ်သော်လည်း ဖုံးကိုင်ခြင်း မရှိခဲ့ပါ။
မန္တလေးတိုင်း မိတ္တီလာ၊ မလှိုင်ဘက်မှ မြန်မာအမျိုးသမီး အများစု ဖြစ်သည့် ယင်းစက်ရုံ အလုပ်သမားများ ထဲတွင် စက်ရုံ၌ ၉ နှစ်ခန့် လုပ်ကိုင်နေသူများလည်း ပါဝင်သည်။
အလုပ်သမားများ၏ အချိန်ပိုကြေးကိုလည်း တနာရီလျှင် ၁၀ ဘတ်မှ ၁၅ ဘတ်အထိသာ လုပ်သက်ပေါ် မူတည်၍ပေးသည်။ လုပ်သက်ရင့် မြန်မာအလုပ်သမားတဦး၏ လစာမှာ ၃၂၀၀ ဘတ်ခန့် ဖြစ်သည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများအရေး ကူညီနေသော ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့အခြေစိုက် MAP Foundation မှ တာဝန်ရှိသူအချို့သည် မယ်ဆိုင်မြို့သို့ ယနေ့ ထွက်သွားပြီဖြစ်သည်။
“ကျနော်တို့ မယ်ဆိုင်ကို ဒီနေ့ ညဘက်ရောက်မယ်။ ထိုင်းနိုင်ငံမှာ ဘီအီး 2541 ရက် ဥပဒေဆိုတာ ရှိတယ်။ ဥပဒေမှာ ရှိတာက အလုပ်သမားဟာ လက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိုင်းလူမျိုးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ အားလုံးက တန်းတူပဲ ဆိုပြီးတော့မှ ပြောထားတာရှိတယ်” ဟု MAP Foundation မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် စက်ရုံများ အများအပြား မရှိသော်လည်း ယခုဖိနပ်ချုပ်စက်ရုံသည် မယ်ဆိုင်မြို့တွင် အကြီးဆုံး စက်ရုံတရုံဖြစ်ကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Geen opmerkingen: