မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 21 januari 2010

နာဂစ်လွန်သစ်ပင်များဖြင့် ထုလုပ်သည့် ပန်းပုအရောင်းပွဲတော် ဒုတိယအကြိမ် ကျင်းပမည်

   

တက်လူ/ ၂၁ ဇန်န၀ါရီ ၂ဝ၁ဝ

နာဂစ်မုန်တိုင်းကြောင့် ပြိုလဲခဲ့သည့် သစ်ပင်ကြီးများမှ ထုလုပ်ထားသော ပန်းပုရုပ်တုများကို စစ်အစိုးရက ရန်ကုန်မြို့ ဆရာစံ ပလာဇာတွင် ဒုတိယအကြိမ် ပြပွဲကျင်းပရန် ခွင့်ပြုခဲ့သော်လည်း နာဂစ်ပန်းပုပြပွဲဟု အမည်တပ်ခွင့်မရကြောင်း ပြပွဲတွင်ပါဝင်သူ ဗဟိုသမ၀ါယမလီမိတက်အသင်း၏ တာဝန်ရှိသူက ပြောသည်။
ယခုပြပွဲအမည်ကို မြန်မာ့အနုပညာနှင့် ပန်းပုအရောင်းပွဲတော်ဟု အမည်ပေးပြီး လာမည့်ဇန်န၀ါရီ (၂၅) ရက်မှ မတ်လ (၃) ရက်ထိ ကျင်းပသွားမည်ဖြစ်ကာ ပန်းပုရုပ်ထုများမှာ တရုပ်လျှင် အမေရိကန် ဒေါ်လာ သောင်းဂဏန်းထိရှိကြောင်း သိရသည်။
ယမန်နှစ်က ကျင်းပသည့် နာဂစ်လွန်မြန်မာအနုပညာနှင့်ပန်းပုရောင်းပွဲတော်ကို ဦးဆောင်ကျင်းပခဲ့သည့် ကောင်းမြန်မာအောင် ကုမ္ပဏီမှ ပြောခွင့်ရသူတဦးက “ပြီးခဲ့တဲ့နှစ်ပြပွဲမှာ ပန်းပုရုပ်တွေကို ပြပွဲလုပ်နေစဉ်မှာ မရောင်းခဲ့ဘူး၊ ပြပွဲပြီးတဲ့နောက်ပိုင်းမှာမှ ဒီပန်းပုရုပ်တွေကို ရောင်းခဲ့တယ်။ လက်ရာမြောက်တဲ့ ပန်းပုရုပ်တုကြီးတရုပ်ကို အနည်းဆုံး ဒေါ်လာ (၃) သောင်းကျော်ကနေ အများဆုံးဒေါ်လာ (၆) သောင်းကျော်ထိရှိတယ်။ ဒီနှစ်လည်း အရင်အတိုင်းပဲ ဈေးနှုန်းသတ်မှတ်ထားပါတယ်” ဟု ပြောသည်။
နာဂစ် ပန်းပုပြပွဲဟု အမည်မပေးရခြင်းမှာ နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံအတွက် အလွန်ဆိုးရွားခဲ့သည့် သမိုင်းမှတ်တမ်း တခုဖြစ်ပြီး လူပေါင်းများစွာအား ထိခိုက်စေသည့် ဖြစ်ရပ်ကြောင့် အဆိုပါနာမည်ကို ထည့်သွင်း အသုံးပြုခွင့်မရခြင်းဖြစ်ကြောင်း သိရသည်။
ယခု ပြသရောင်းချမည့် ပန်းပုအရောင်းပွဲတော်တွင် လုံခြုံရေးတင်းကျပ်ထားမည်ဖြစ်ကာ ပြင်ပမှကင်မရာများ ရိုက်ကူးခွင့်ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပြသမည့် ပန်းပုရုပ်ထုများမှာ စုစုပေါင်း (၂,၀၀၀) ကျော်ခန့်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်ကထက် တ၀က်တိုးလာကြောင်း ပြပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ပြမည့် ပန်းပုတွေက စိတ်ဝင်စားစရာကောင်းတဲ့လက်ရာတွေ အများကြီးပါတယ်။ ဒီပြပွဲက အံ့မခန်းလက်ရာမြောက်တဲ့ ပန်းပုရုပ်တွေနဲ့ ပြည့်နေမယ်။ တရုတ်ယဉ်ကျေးမှုဆိုင်ရာ လက်ရာရုပ်တုပြခန်း၊ ဥရောပ လက်မှုပညာပုံစံရုပ်တုတွေနဲ့ မော်ဒန်လက်ရာ ရုပ်တုပြခန်းတွေလည်းပါမယ်” ဟု ပြောသည်။
ပြပွဲအတွက် ပြင်ဆင်နေသော ပန်းပုရုပ်ထုများတွင် (၁၂) ပေ မှ ပေ (၂၀) ခန့်မြင့်သော တိရစ္ဆာန်ရုပ်များစွာပါဝင်ကြောင်း၊ ပြပွဲပြီးပါက ပန်းပုရုပ်များကို တရုတ်နိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း ကောင်းမြန်မာအောင် ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်တွင် တိုက်ခတ်သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် ရန်ကုန် တမြို့လုံးတွင် သစ်ပင်ပေါင်း ၁ သိန်းကျော် ပြိုလဲခဲ့ပြီး ယင်းသစ်ပင်များ၏ သစ်မြစ်၊ သစ်ဆုံများဖြင့် ပန်းပုရုပ်တု များ ထုလုပ် ရောင်းချခြင်း ဖြစ်သည်။
ယခုနှစ် အတွက် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် စသော ဒေသတို့ မှ ပန်းပုပညာရှင်အဖွဲ့ ပေါင်း ၂၀၀ ကျော်က ထုလုပ်ခဲ့ခြင်းဖြစ်သည်။

Geen opmerkingen: