မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 28 januari 2010

စစ်အစိုးရ စွပ်စွဲချက်သည် သိက္ခာချလိုခြင်းသာဖြစ်သည်ဟု ပြော

Thursday, 28 January 2010 12:52 ဖြိုးကြီး
.စစ်အစိုးရက ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ(BLC) ကို ဖောက်ခွဲရေးလုပ်ငန်းများတွင် ပတ်သက်မှုရှိနေကြောင်း စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း အဖွဲ့ဥက္ကဌက တုန့်ပြန်ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖောက်ခွဲရေးသမားများသည် (BLC) မှ စေလွှတ်ထားသူများဟု ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဌ ဦးသိန်းဦးက တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ (BLC) က ဒီအလုပ်တွေလုပ်တာ မဟုတ်ပါဘူး၊ ကျနော်တို့ အလုပ်ကိုက တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေတွေကို ဆန်းစစ်သုံးသပ် လေ့လာပြီးတော့ သတင်းထုတ်ပြန်တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်၊ စစ်အာဏာရှင်တွေက တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ကျူးလွန်တဲ့ပြစ်မှုတွေကို အရေးယူနိုင်ခြင်းမရှိလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစွဲဆိုဖို့ လုပ်နေတဲ့အချိန်မှာ ဒီလိုသတင်းအမှားကို ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။
ယခုလ (၂၂) ရက်နေ့က ကျော်ဇေလင်း (ခ) ကိုဆိုင်းဆိုသူနှင့် အပေါင်းအပါ (၁၁) ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ကျော်ဇေလင်းသည် ယခင်က မြန်မာနိုင်ငံရှေ့နေများကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းကို ဆက်လက်ဖော်ပြထားသည်။
ယင်းသို့ နအဖစစ်အစိုးရ၏ စွပ်စွဲချက်သည် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအား နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် သိက္ခာချလိုသည့်အတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဦးသိန်းဦးက ပြောသည်။
“ကျနော်တို့က အခု နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို လှုံ့ဆော်မှုတွေ လုပ်နေပါတယ်၊ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းသွားမှာဖြစ်တယ်” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာတိုင်း အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို စွပ်စွဲမှုများ ပြုလုပ်နေလျက်ရှိပြီး ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့က ဗုံးပေါက်ကွဲမှုကိုလည်း ကရင်အမျိုးသားအစည်းအရုံး၏ လက်ချက်ဟု ၎င်းတို့ပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သေးသည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက မတရားသင်းအဖြစ် ကြေညာထားခဲ့ပြီး ယခုအခါ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် စွပ်စွဲခဲ့ခြင်းဖြစ်သည်။

Geen opmerkingen: