မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 januari 2010

ဖမ်းဆီးသစ်များ တရုတ်ပြည်သို့ ခိုးထုတ်


   
ခိုင်လင်း/ ၂၆ ဇန်န၀ါရီ ၂ဝ၁ဝ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရရှိသော ဖမ်းဆီးသစ်များကို အောင်မိုင်ကုမ္ပဏီက တရုတ်ပြည်သို့ မှောင်ခို ခိုးထုတ်နေသည်ဟု ဒေသခံ သစ်ကုန်သည်တဦးက ပြောသည်။
ယခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မခပ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့်၏ယောက်ဖ ရှယ်ယာပါဝင်သည့် အောင်မိုင်ကုမ္ပဏီက ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နန့်ဟန်ကျေးရွာတွင် အခြေစိုက်ပြီး ဒေသအတွင်း ကျွန်းနှင့် သံမလန်းသစ်အပါအဝင် သစ်မာများကို ထုတ်ယူပြီး နန့်ဟန်ကျေးရွာ အရှေ့ဘက် မိုင် (၉ဝ) ကျော်အကွာ တရုတ်-မြန်မာနယ်စပ် မန်ဝိန်းကြီးသို့ စတင်ခိုးထုတ်နေသည်ဟု အဆိုပါ သစ်ကုန်သည်က ပြောသည်။
၎င်းက “အောင်မိုင်ကုမ္ပဏီက အခု ဧရာဝတီမြစ်ကူးတံတားဆောက်မယ်ဆိုတဲ့ စင်းခန်းနားလေးက ဝက်သိုးသစ်ချဆိပ်မှာ ဖမ်းဆီးရမိတဲ့သစ်တွေ စုပုံပေးရတယ်။ ဒီနှစ် သစ်တွေတောင် မဖမ်းသေးဘူး ကန်ထရိုက်ယူနေ ပြန်တယ်၊ ကောင်းတဲ့ သစ်တွေကိုတော့ တရုတ်ပြည် ပို့နေတယ်။ ကွေးကွေးကောက်ကောက်၊ ရောင်းပန်းမလှတဲ့ သစ်တွေကျတော့ သစ်ဆိပ်ကို ပို့တယ်၊ လုပ်စားနေတာ နှစ်စဉ်လို ဖြစ်နေပြီ” ဟု ပြောသည်။
ဗန်းမော်ခရိုင်အတွင်းရှိ တောတောင်များအတွင်း တရားမဝင် သစ်ခိုးထုတ် နေမှုကို ဒေသခံစစ်တပ်နှင့် သစ်တောအဖွဲ့က လိုက်လံဖမ်းဆီးပြီး သိမ်းဆီးရမိသည့် သစ်များကို ဧရာဝတီမြစ်ဆိပ်သို့ ပို့ဆောင်နေကြရာတွင် ၂ဝဝ၆ ခုနှစ်၊ မပခတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် လက်ထက်ကတည်းကစ၍ ကန်ထရိုက်စနစ်ချပေးခဲ့ရာတွင် အောင်မိုင်ကုမ္ပဏီက ယခုနှစ်အပါအ၀င် နှစ်စဉ်ရရှိခဲ့ခြင်းဖြစ်သည်။
“အခုစစ်ကြောင်းတွေတော့ ဝင်မယ်ကြားတယ်၊ ဒီနှစ်က ကျနော်တို့ဒေသခံတွေ သိပ်မလုပ်ကြဘူး။ မနှစ်က အတော်လေး ရှုံးတာရော၊ ငွေပြန်မပေါ်သေးတာရော အဲလိုအခြေအနေကြောင့်ပါ။ အခု အောင်မိုင်ကုမ္ပဏီက သူတို့ကိုယ်တိုင် သူများတွေရဲ့ သစ်တွေကို လိုက်ရှာဖမ်းခိုင်းတယ်။ သူကိုယ်တိုင်လည်း ရွာသားတွေကို ငွေပေးပြီး ခုတ်ခိုင်း၊ ဖမ်းဆီးရမိ သစ်ဆိုပြီး တံဆိပ်ရိုက် အဲလိုလုပ်နေတယ်” ဟု အဆိုပါသစ်ကုန်သည်က ပြောသည်။
ရွှေကူ၊ မိုးမိတ်၊ မဘိန်းဒေသဘက်မှ သစ်များကို နန့်ဟန်သို့ သယ်ယူပြီး ထိုမှတဆင့် တရုတ်ပြည်သို့ သယ်ထုတ်နေခြင်း ဖြစ်ကြောင်း၊ ယခုပြောင်းရွှေ့လာသည့် မိုးမိတ်စစ်ဗျူဟာမှူး၏ အရိပ်အခြေအနေကို စောင့်ကြည့်နေပုံရကြောင်း ဗန်းမော်ဒေသခံ တဦးက ပြောသည်။
၎င်းက “သစ်တွေတော့ နယ်စပ်ကို စပို့နေပြီ၊ အုံလိုက်ကျင်းလိုက်တော့ မဟုတ်သေးဘူး။ တနေ့ (၄-၅-၁ဝ) စီးလောက်ပေါ့။ အခု ဗျူဟာမှူးကို သစ်ကုန်သည်တွေတော့ ဝင်ရောနေကြပြီ။ သူက မီးစိမ်းပြရင်တော့ သစ်ကားတန်းကြီးတွေ ဖြစ်လာဦးမှာပေါ့” ဟု ပြောသည်။

Geen opmerkingen: