မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 januari 2010

ပုဂ္ဂလိက စက်သုံးဆီလုပ်ငန်းများ ဦးတေဇနှင့် ဦးအောင်သက်မန်း ဦးစီးမည်

Wednesday, 27 January 2010 14:24 အောင်သက်ဝိုင်း
.ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများ ပြောဆိုနေသည့် ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသား ဦးအောင်သက်မန်းတို့ ဦးစီးပြီး ပုဂ္ဂလိက စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများ အသင်းကို ပြီးခဲ့သည့် စနေနေ့က ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။


ဦးတေဇ ကို ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်း သတင်းစာ ရှင်းလင်းပွဲတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
စစ်အစိုးရက စက်သုံးဆီ တင်သွင်း ရောင်းချသည့် လုပ်ငန်းများနှင့် အစိုးရဆီဆိုင် လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်း နိုင်ရန် အတွက် ယခုအသင်းအား တည်ထောင် ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်း အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဦးတေဇနှင့် ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဦးအောင်သက်မန်း တို့ကို ဇန်န၀ါရီ ၂၃ ရက်နေ့က ရွေးချယ် တင်မြှောက် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်းသား ဦးအောင်သက်မန်းသည် UMFCCI ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်း လက်ရှိတွင် တာဝန်ယူထားသည်။
“ဦးတေဇနဲ့ ဦးအောင်သက်မန်းက စက်သုံးဆီအသင်း ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ဖို့ အတည်ပြုလိုက်ပြီ၊ စက်သုံးဆီ တင်သွင်း ရောင်းချတဲ့ လုပ်ငန်းတွေကို ကြီးကြပ် ထိန်းကွပ်မယ့် တာဝန်ရှိသူတွေ အဖြစ် သူတို့က ဆောင်ရွက် သွားမယ်”ဟု စက်သုံး ဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းမှ အလုပ်အမှုဆောင် တဦးက ဆိုသည်။
ဦးတေဇနှင့်ဦးအောင်သက်မန်းအပြင် စစ်အစိုးရထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့်နီးစပ်သည့် လုပ်ငန်းရှင်အများအပြား အဆိုပါ အသင်း တွင်ပါဝင်ပြီး စုစုပေါင်း ဗဟိုအလုပ်အမှုဆောင် ၄၇ ဦး ပါဝင်ကြောင်း သိရသည်။
ယင်း စက်သုံးဆီအသင်းသည် ပြည်တွင်းသို့ စက်သုံးဆီများတင်သွင်းခွင့်ပြုခြင်း၊ စက်သုံးဆီ ဈေးနှုန်း သတ်မှတ်ခြင်းအပါအ၀င် ပုဂ္ဂလိက စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းများ အားလုံးကို စစ်အစိုးရ၏လမ်းညွှန်မှုအောက်တွင် တိုက်ရိုက်ကိုင်တွယ်သွားမည် ဖြစ်ကြောင်းထိုအသင်းက ဆိုသည်။
အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကသို့လွှဲပြောင်းရုံမျှမကExport Earning (ပို့ကုန်ဝင်ငွေ)လက်ဝယ်ရှိသော စီးပွားရေး ကုမ္ပဏီများကိုသာ ပြည်ပမှ သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုသည့် စနစ်ကိုလည်း ပြင်ဆင်လိုက်ကြောင်း ယခု အပတ် တနလာင်္နေ့ထုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် Commerce ဂျာနယ်တွင်ဖော်ပြထားသည်။
“Export Earningရှိတဲ့သူတွေအပြင် ၀န်ဆောင်မှုလုပ်ငန်းတွေက နိုင်ငံခြားငွေရနေတဲ့သူတွေ အကုန်လုံးလည်း ပြည်တွင်းကို ပစ္စည်းသွင်းခွင့်ရမယ်”ဟု နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
ဝန်ဆောင်မှုလုပ်ငန်းမှ ရရှိသော နိုင်ငံခြားငွေများတွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများမှ ရရှိသော နိုင်ငံခြားငွေများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများမှ ရရှိသော နိုင်ငံခြားဝင်ငွေများအပါအ၀င် ၀န်ဆောင်မှု လုပ်ငန်းများ အားလုံးမှ ရရှိသော နိုင်ငံခြားဝင်ငွေများနှင့် သက်ဆိုင်သည်ဟု စီးပွား ကူးသန်း ၀န်ကြီးဌာနမှ သိရှိရသည်။
ထိုသို့ သွင်းကုန်ငွေကြေးစနစ်ကို ပြင်ဆင်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်သော လုပ်ငန်းရှင်ကြီးများ အတွက် အထူးအခွင့်အရေးတရပ်ဖြစ်သွားသည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။
“ဦးတေဇတို့လို၊ ဦးဇော်ဇော်တို့လို နိုင်ငံခြားငွေအများကြီးရနေတဲ့၊ လုပ်ငန်းတွေ အများကြီးပိုင်တဲ့ စီးပွားရေးသမားတွေ အနေနဲ့ ပြည်တွင်းကို သွင်းကုန်တွေခပ်များများသွင်းနိုင်တဲ့ အခွင့်အရေးရသွားပြီ”ဟု ရန်ကုန် စီးပွားရေးသမားတဦးက ဆိုသည်။
ဝန်ဆောင်မှုလုပ်ငန်းမှ နိုင်ငံခြားငွေရသူများ သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကြောင့် ပို့ကုန်ဝင်ငွေ တန်ဖိုး ဆက်တိုက်ကျလာ ခဲ့ ကြောင်း သိရသည်။
ပို့ကုန်ဝင်ငွေ အမေရိကန် တဒေါ်လာ တန်ဖိုးသည် ၁၁၄၆ ကျပ်မှ ၁၁၁၄ ကျပ်အထိ ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ပုဂ္ဂလိက စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးသူများ အသင်းတွင် ဦးတေဇ၊ ဦးအောင်သက်မန်းတို့နှင့်အတူ ဦးဇော်လေး (2000 Fisheries ကုမ္ပဏီ) ၊ ဦးသိန်းမြင့်(Focus Star ကုမ္ပဏီ) ၊ ဦးသိန်းဝင်းဇော် (Shwe Byain Phyu ကုမ္ပဏီ) ၊ ဦးခင်စိုး (Anawar Hlwam ကုမ္ပဏီ) တို့က ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ဒေါက်တာဝင်းမြင့် (Myat Myinttar Mon ကုမ္ပဏီ)က အသင်းအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: