မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 5 januari 2010

ရထားဆင်ဆာအမိန့်ကြောင့် ရုပ်ရှင်၊ ဗွီဒီယိုသမားများ စိတ်ပျက်

  

မျိုးဝင်းဇော်/ ၅ ဇန်န၀ါရီ ၂၀၁၀

မီးရထားနှင့် သက်ဆိုင်သည့်နေရာတို့တွင် ရုပ်ရှင်၊ ဗွီဒီယို ရိုက်ပါက ၎င်းတို့ထံ ခွင့်ပြုချက်ယူရန်နှင့် ရိုက်ကူးပြီးသည်များကို ဆင်ဆာတင်ပြရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်လိုက်သည့်အတွက် ရုပ်ရှင်၊ ဗွီဒီယိုသမားများ စိတ်ပျက်နေကြောင်း စုံစမ်းသိရသည်။
အမည်မဖော်လိုသူ ရုပ်ရှင်ဒါရိုက်တာတဦးက “အဖွဲ့ပေါင်းစုံ၊ အာဏာပိုင်ပေါင်းစုံ ပါဝင်တဲ့ ရုပ်ရှင်၊ ဗွီဒီယို ဆင်ဆာအဖွဲ့ဆိုတာ ရှိနေပြီးသားပဲဗျာ။ ခုလို ဟိုဌာနက ဒီဌာနက ဆင်ဆာတွေပါ ထပ်ပေါ်လာတော့ ကျနော်တို့ ဘာသွားရိုက်ရမှာလဲ။ နဂိုကတည်းကမှ ရုပ်ရှင်၊ ဗွီဒီယို ရိုက်ကူးထုတ်လုပ်ရတာ လွတ်လပ်မှု လုံးဝမရှိရတဲ့အထဲ ဒီ ရထားပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကြောင့် မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုကားတွေ ပိုဆိုးလာဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနသည် ၂ဝဝ၉ နိုဝင်ဘာလက မြန်မာ့မီးရထား၊ ရုပ်ရှင်နှင့် ဗွီဒီယို ရိုက်ကူးမှု စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
ထို့ကြောင့် ၂ဝ၁ဝ ပြည့်မှစ၍ ရုပ်ရှင်၊ ဗွီဒီယို ထုတ်လုပ်သူများအနေဖြင့် မြန်မာ့မီးရထားနှင့် ပတ်သက်သည့် ရထားပေါ်၊ ဘူတာရုံ၊ ရထားလမ်း၊ ရထားတွဲတို့နှင့် ပတ်သက်ပြီး ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးလိုပါက မြန်မာ့မီးရထား ဆင်ဆာအဖွဲ့ထံ တင်ပြရမည်ဖြစ်ကာ ဆင်ဆာအဖွဲ့က ခွင့်ပြုသည့်နေရာနှင့် အချိန်တွင် ရိုက်ကူးရမည်ဖြစ်သည်။
ထို့အပြင် မြန်မာ့မီးရထားကို ရုပ်ရှင်၊ ဗွီဒီယို ရိုက်ကူးခ အခွန်ဆောင်ရမည်ဖြစ်ကာ ရိုက်ကူးပြီးစီးပါကလည်း မြန်မာ့မီးရထား ဆင်ဆာအဖွဲ့ထံ တင်ပြရပြီး ခွင့်မပြုသည်တို့ကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။
ဆင်ဆာအဖွဲ့က ခွင့်ပြုမှသာ အဆိုပါ မြန်မာ့မီးရထားနှင့် သက်ဆိုင်သည့် ဇာတ်ဝင်ခန်းများကို ခွင့်ပြုကြောင်း ထောက်ခံချက် လက်မှတ်ပေးပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့ထံ ထပ်မံတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
မီးရထားဝန်ကြီးဌာနသည် မီးရထားဌာနအတွင်း ဖြစ်ပျက်နေသည်များကို ရုပ်ရှင်၊ ဗွီဒီယိုတို့မှတဆင့် အဖြစ်မှန်ကို ပြည်သူများနှင့် နိုင်ငံတကာကပါ သိသွားမည်ကို အလွန်စိုးရိမ်သည့်အတွက် ဆင်ဆာအဖွဲ့ကို ဖွဲ့လိုက်ခြင်းဖြစ်ကြောင်း ဝါရင့်သတင်းစာဆရာ တဦးက ပြောသည်။
၎င်းက “တကယ်ဆို မြန်မာနိုင်ငံ မီးရထားလုပ်ငန်းမှာ ရထားလက်မှတ် ဝယ်ယူရေးမှာ အရင်ခေတ်တွေကအတိုင်း မှောင်ခိုတွေ ချည်းပဲ ဖြစ်နေတယ်။ နောက် မီးရထားတွဲတွေရဲ့ အဆင့်အတန်းဟာ အလွန်နိမ့်ကျပြီး စုတ်ပြတ်သတ်နေတယ်။ ဒါတင်မက ခရီးသည်နဲ့ရထား မမျှတော့ လူပိုတင်တာတွေ၊ လူစီးတွဲ၊ အထက်တန်းတွဲပါ မကျန် ကုန်ပစ္စည်းတင်တာတွေ နေရာအနှံ့ ဖြစ်နေတယ်။ ရထားပေါ်မှာ ရဲတွေက ခရီးသည်တွေကို ငွေညှစ်နေတာတွေလည်း ဖြစ်နေဆဲပဲ။ ဒါတွေကို လူတွေ မသိအောင် ဆင်ဆာဖြတ်ဖို့ လုပ်တာပဲ” ဟု ပြောသည်။
ယခု မြန်မာ့မီးရထား ဆင်ဆာအဖွဲ့ ကြေညာချက်ကြောင့် မြန်မာ့မီးရထား၏ ခွင့်ပြုချက်မရဘဲ သတင်းသမားများ အပါအဝင် ဗွီဒီယို ရိုက်ကူးသူများအနေဖြင့် အရေးယူ ဖမ်းဆီး၊ တရားစွဲခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့မီးရထားရုံးမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

Geen opmerkingen: