မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 augustus 2010

အငြိမ်းစားရ ဗိုလ်ချုပ်မိသားစုများ စိန်နှင့်ရွှေချောင်း ဝယ်စုနေကြ

ဧရာဝတီ Tuesday, August 31, 2010
.ထိပ်တန်း စစ်ရာထူးများမှ အငြိမ်းစားယူကာ အရပ်သား အမည်ခံ အစိုးရသစ်တွင် ပါဝင်ကြမည့် စစ်ဗိုလ်ချုပ် မိသားစုများနှင့် အစိုးရ၀န်ကြီး အသိုင်းအ၀န်းများ အကြား စိန်နှင့် ရွှေချောင်းရွှေခဲ ၀ယ်ယူစုဆောင်းမှု များနေကြောင်း သတင်းရရှိသည်။
                                         ရန်ကုန် ဗိုလ်ချုပ်အောင်ဆန်းဈေးမှ ရွှေဆိုင်တန်း (ဓာတ်ပုံ - Flickr / Clkr)
“၀န်ကြီးတွေရော၊ စစ်ဗိုလ်ချုပ်ကြီး တွေရော ငွေသား မကိုင်ကြဘူး။ စိန်တို့၊ ရွှေတို့လို ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေ အဖြစ် ပြောင်းတယ်။ စိန်၊ ရွှေ ၀ယ်တာ များတယ်။ မြေကွက်တို့၊ ကားတို့က အာဏာရှိတဲ့ အချိန်မှာ လိုချင်သလောက် ရထားပြီးသား ဆိုတော့ ၀ယ်စရာ မလိုဘူး။ ဒါတွေက တကယ် ခိုင်မာတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ စိန်၊ ရွှေဆိုတာက မိသားစုနဲ့ တပါတည်း သွားလေရာ ယူသွားလို့ ရတဲ့ ခိုင်မာတဲ့ ပစ္စည်းတွေ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
စိန်၊ ရွှေများ ၀ယ်ယူကြရာတွင် ဈေးကွက်ထဲသို့ စစ်ဗိုလ်ချုပ် မိသားစုများကိုယ်တိုင် လာရောက် ၀ယ်ယူကြခြင်း မဟုတ်ဘဲ၎င်းတို့နှင့် ရင်းနှီးဆက်နွှယ်သော စီးပွားရေးသမားများ၊ စိန်၊ ရွှေ ပွဲစား အ၀ယ်တော်များ ဆီမှတဆင့် ၀ယ်ယူကြခြင်းဖြစ်သည်ဟုစုံစမ်းသိရှိရသည်။
ထိပ်ပိုင်းစစ်ဗိုလ်ချုပ် မိသားစုများနှင့် ၀န်ကြီး၊ စစ်အရာရှိ မိသားစုများသည် ရွှေချောင်း၊ ရွှေခဲများကို ပိဿာလိုက် ၀ယ်ယူကြခြင်းဖြစ်ပြီး ၎င်းတို့တွင် ရှိနေမည့် ရွှေပိဿာချိန်ပမာဏမှာ ခန့်မှန်းရန် ခက်ခဲ လှသည်ဟု စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ရွှေကုန်သည်တဦးက ဆိုသည်။
“မှန်းဖို့လည်းခက်တယ်။ ပြောဖို့လည်း ခက်တယ်။ နှစ်ပေါင်းများစွာ စုဆောင်း လာခဲ့ကြတာ။ အခု ထွက်မယ့် အချိန်ထိ ၀ယ်နေတုန်းပဲ” ဟု ထိုရွှေကုန်သည်က ရှင်းပြသည်။
ယနေ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျင် ၆၅၂၅၀၀ ကျပ်ဖြစ်သည်။
ရွှေချောင်း၊ ရွှေခဲများအပြင် တန်ဖိုးကြီး စိန်လက်ဝတ် ရတနာများလည်း ၀ယ်ယူကြပြီး စိန်ကို ၀န်ကြီးမိသားစုများထက် ထိပ်တန်း စစ်အရာရှိမိသားစုများက ပိုမိုနှစ်သက်ကြသည်ဟု သိရသည်။
“စိန်ဆိုတာ သည်းခြေကြိုက်ပဲ။ စိန်ကောင်းတပွင့်က ကျပ် သိန်းထောင်သောင်း ချီတန်တယ်။ စိန် ဆိုတာ သေးသေးကွေးကွေးနဲ့ပိုင်ဆိုင်မှုကို ခိုင်မာစေတဲ့ ရတနာ။ တန်ဖိုးကြီးတဲ့ စိန်ဝယ်လက် တွေထဲမှာ ထိပ်ပိုင်း လူကြီးမိသားစုတွေက အဓိက ပါတယ်” ဟုရန်ကုန် စိန်တိုက်ပိုင်ရှင်တဦးက ပြောသည်။
ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများထဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အချမ်းသာဆုံး အဖြစ် ကျော်ကြားပြီး ဒုတိယအချမ်းသာဆုံးမှာဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး မိသားစု ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။
အစိုးရ ၀န်ကြီးများတွင် ကျိကျိတက်ချမ်းသာသည်ဟု သတင်းထွက်နေကြသူများအထဲ၌ စက်မှု ၁ ၀န်ကြီးဦးအောင်သောင်းနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးတို့က ထိပ်ဆုံးစာရင်းတွင် ပါဝင်သည်ဟု အစိုးရ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
ယခု လက်ရှိတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများစစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ဖွင့်

သျှင်ဒီစံ Tuesday, August 31, 2010
.ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
            ဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ၊ အမှုဆောင်များ၊ လုပ်အားပေးများ၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာသည့်လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ သက်သာချောင်ချိစွာဖြင့် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်ရန် အတွက် ရည်ရွယ်ပြီး သုခ အာဟာရ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း နာရေးကူညီမှုအသင်း ထူထောင်သူတဦးဖြစ်သည့် သရုပ်ဆောင် ကျော်သူက ပြောသည်။
အဆိုပါ စားသောက်ဆိုင်ကို သြဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်လိုက်သည်။
ဦးကျော်သူက ယခုနေရာသို့ ပြောင်းရွှေ့ခဲ့သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း၊ သီးခြား လုပ်ရသည့်အတွက် အဆင်ပြေကြောင်း၊ ၀န်းထဲတွင် CarServicingရုံနှင့် ရုံးခန်း ဆောက်လုပ်နေပြီး ဆေးခန်းမှာ ထပ်ချဲ့ရဦးမည် ဖြစ်ကြောင်းနှင့် မျိုးဆက်သစ် ကလေးငယ်များအတွက် သင်တန်း ခန်းမများလည်း လုပ်နေကြောင်း ပြောသည်။
“လုပ်ရတာ လွတ်လပ်မှုတော့ ရှိပေမယ့် လာပြီးမေးတာမြန်းတာတွေတော့ ရှိတယ်။ကိုယ်ကလည်း ဒီလူမှုရေး လုပ်ငန်းတွေပဲ လုပ်တာ။ နိုင်ငံရေး လုပ်တာမဟုတ်ဘူး၊ နိုင်ငံတော် ပုန်ကန်တာမဟုတ်ဘူးလေ။ လာမေးတာတော့ ထုံးစံအတိုင်း ဖြေရ တာပေါ့” ဟု ဦးကျော်သူက ဆိုသည်။
ဦးကျော်သူ၏ လူမှုရေး လုပ်ငန်းများတွင် စိတ်ဓာတ်ခွန်အားပေးခြင်း၊ ငွေအား၊ လူအားဖြင့် ကူညီခြင်းများ လုပ်ဆောင် ပေးနေသည့် ၎င်း၏ မိတ်ဆွေ ရုပ်ရှင် လောကသားများ ရှိနေကြောင်းလည်း ပြောပြသည်။
ဦးကျော်သူအနေနှင့် ၎င်း၏ လူမှုကူညီရေးကိစ္စရပ်များတွင် အထောက်အကူ ပြုနိုင်ရန် လူမှုဆက်ဆံရေး သင်တန်းအဖြစ် သရုပ်ဆောင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ သင်တန်းများပါ ပေးနေရာ ဦးကျော်သူကို ရင်းနှီးသည့် သရုပ်ဆောင် ညီဂျော်၊ သန်းသန်းစိုး၊ ဆုရွှန်းလဲ့နှင့် ဂွမ်းပုံကြီး တို့က အကူအညီပေးကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လာရောက် တားမြစ်မှုများ ရှိကြောင်း သိရသည်။
            ဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
“လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တဘက်က ဘယ်လောက်ပဲ မောက်မောက်မာမာပြောပြော စေတနာနဲ့ လုပ်ကိုင်ပေးရတယ် ဆိုတာကို မျက်နှာအမူအရာ နှုတ်အမူအရာတွေကို သင်တန်းအနေနဲ့ သရုပ်ပြ သင်ပေးတာပါ။ အဲဒါကို ရုပ်ရှင် အစည်းအရုံး ကနေပြီး မလုပ်ရဘူးလို့ တားတယ်။ အစည်းအရုံးက ခွင့်ပြုထားတဲ့ အဖွဲ့အစည်းကပဲ လုပ်ရမယ်လို့ပြောတယ်။ နာရေးကူညီမှု အသင်းကို ရုပ်ရှင်အစည်းအရုံးက အသိအမှတ်မပြုဘူးဆိုတဲ့သဘောလို့ ပြောတယ်” ဟု ဦးကျော်သူက ရှင်းပြသည်။
ရုပ်ရှင်အစည်းအရုံးက ကန့်သတ်ခြင်းကြောင့် ရုပ်ရှင်လောကသား မိတ်ဆွေများထဲတွင် ဦးကျော်သူနှင့် ယခင်ထက် ပိုပြီးနီးစပ် လာသူများ ရှိသော်လည်း လုံးဝ အဆက်အသွယ် မလုပ်ရဲ သူများ ရှိလာသည်ဟု သူက ဆိုသည်။
“တချို့ဆို လမ်းမှာတွေ့ရင်တောင်မှ ကျနော့်ကို နှုတ်ဆက်ဖို့ အရပ် ၈ မျက်နှာကိုကြည့်နေရတယ်။ဖုန်းလည်း မဆက်တော့တဲ့သူတွေရှိတယ်။ အနုပညာသမားတွေ ထဲမှာတော့ ဂီတသမားတွေ၊ ပန်းချီအနုပညာသမားတွေနဲ့ စာပေသမားတွေကို ကျနော်လေးစားတယ်။ သူတို့က နားလည်မှု အပြည့်ရှိတယ်။ ကျနော့် လုပ်ငန်းတွေကိုအပြည့်အ၀ကူညီပေးသူတွေရှိတယ်”ဟု ဦးကျော်သူက ပြောသည်။
ဦးကျော်သူသည် သရုပ်ဆောင်လုပ်စဉ် ကာလက ပိတ်ကားပေါ်မှ ၎င်း၏ သရုပ်ဆောင်မှုကိုသာ ပရိသတ်က တွေ့ခွင့် ရသော်လည်း ယခုကဲ့သို့ လူမှုရေးလုပ်ငန်း လုပ်လာသည့် အချိန်တွင် ပရိသတ်က နီးကပ်စွာ တွေ့ခွင့်ရသွားသည်ဟု ဆိုသည်။
“ပြည်သူလူထုကို နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စတွေ နီးနီးကပ်ကပ် လုပ်ပေးနေရတဲ့အတွက် ပရိသတ်ကို ပေးဆပ်နေရတာနဲ့ အတူတူပဲပေါ့” ဟု ဦးကျော်သူက ပြောပြသည်။
ဆက်လက်၍ သူက ရွေးကောက်ပွဲ ပြီးစီးသွားပြီး မည်သည့်အစိုးရပင် တက်သည်ဖြစ်စေ ၎င်းအနေနှင့် နာရေးကူညီသည့် လုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် နာရေးကူညီမှုအသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီးတည်ထောင်ခဲ့ကာ ၂၀၀၇ မတ်လတွင် သုခ ကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ယခုအခါတွင် အာဟာရသုခ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဦးကျော်သူသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များအတွက် အကူအညီများ ပေးခဲ့ပြီး ယခုနှစ် နွေရာသီက ရေရရှိမှု ခက်ခဲ့သည့်အချိန်တွင် ရေလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ယခုလက်ရှိ တွင်လည်း နာရေးကူညီမှုလုပ်ငန်းများ အပါအဝင် လူမှုရေးလုပ်ငန်းများကို စိုက်လိုက်မတ်တတ် လုပ်ကိုင်လျက် ရှိသည်။

ရွေးကောက်ပွဲပြီးမှ ထိုင်း-မြန်မာ နယ်စပ် ပြန်ဖွင့်မှာလား

ခင်ဦးသာ Tuesday, August 31, 2010
.ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကို နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ပြီးသည့် အချိန်အထိ ပိတ်ထားမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံလူထုနှင့် စီးပွားရေးသမားများက စိုးရိမ်နေကြသည်။
မြန်မာဘက်ခြမ်းမှ အာဏာပိုင်များက ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သည်မှာ တလခွဲကျော် ကြာပြီ ဖြစ်သည် (ဓာတ်ပုံ - Flickr / Dæxus)
“နိုဝင်ဘာ လကုန်မှ ပြန်ဖွင့်မယ် လို့တော့ သတင်းတွေ ထွက်နေတယ်။ မှန်တယ် ဆိုရင်တော့ မြန်မာ အလုပ်သမား အများစုက ဒုက္ခရောက် ကြမယ်။ စားဝတ်နေရေး အခက်အခဲ တွေ့မယ်။ အလုပ်မရှိရင် မိန်းကလေးတွေ မကောင်းတဲ့ဘက် လမ်းကြောင်းကို ပိုရောက်သွား နိုင်တယ်”ဟု မြ၀တီမြို့ခံ ကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။
မြ၀တီဒေသခံ အာဏာပိုင် အဖွဲ့ဝင် တဦးက နယ်စပ် ချစ်ကြည်ရေး တံတား ပြန်ဖွင့်ရေး ကိစ္စနှင့် ပတ်သက်၍ ယခုအခါ သတင်း အမျိုးမျိုးထွက် ပေါ်နေသော်လည်း အတိအကျ ပြောဆိုရန် ခက်နေကြောင်း၊ ၎င်းတို့ အနေနှင့်လည်း နေပြည်တော်မှ လမ်းညွန်ချက် အတိုင်းသာ လုပ်ဆောင်နေ ရကြောင်း ဆိုသည်။
စက်တင်ဘာလတွင် တံတား အပါအ၀င် နယ်စပ်ဂိတ်များအားလုံးကို ပြန်ဖွင့်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်ကြောင်း အဆိုပါ အာဏာပိုင် အဖွဲ့ဝင်က ဧရာဝတီကို ရှင်းပြသည်။
မြန်မာအာဏာပိုင်များဘက်က ချစ်ကြည်ရေးတံတားကို အကြောင်းပြချက် တစုံတရာ မပေးဘဲ ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ တရားဝင်ပိတ်ထားသည့်အပြင် မြ၀တီမြို့ရှိ ကုန်သွယ်ရေးဇုန်ကိုလည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ထပ်မံ ပိတ်ထားခဲ့သည်။
“အာဏာပိုင်တချို့ပြောတာတော့ နအဖ က လုပ်မယ့်ရွေးကောက်ပွဲကို ထိုင်းအစိုးရက တရားဝင်ထောက်ခံမှု မပေးသေးလို့ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာတဲ့”ဟု စစ်အစိုးရနှင့် နီးစပ်သည့် ကုန်သည်တဦးက ဆိုသည်။
ထိုင်းမြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်ပေါက် ၂၀ ၀န်းကျင်အား ပိတ်ထားသည့်အတွက် ၂ နှစ်နိုင်ငံကြား တင်သွင်းနေကြသည့် ကုန်ပစ္စည်းများ ရှားပါး၍ဈေး နှုန်းများ ၂ ဆ နီးပါးတက်သွားကြောင်း သိရသည်။
ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုးသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဇူလိုင်လတွင် ရေးသားထားသည်။
မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်အား ဆက်တိုက်ပိတ်ထားခြင်းကြောင့် ထိုင်းနိုင်ငံသည် ဘတ်ငွေသန်း ၂၀၀၀ ကျော်ထိ ဆုံးရှုံးနေပြီ ဖြစ်ကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌကိုကိုးကား၍ ထိုင်းသတင်းများက သြဂုတ်လဆန်းပိုင်းတွင်ရေးသားထားသည်။
နယ်စပ်ပိတ်ထားသည့်ကိစ္စကြောင့် ထိုင်းနိုင်ငံက ဆုံးရှုံးမှု များသကဲ့သို့မြန်မာကုန်သည်များ၊ အလုပ်သမားများ အတွက်လည်းနစ်နာ ဆုံးရှုံးမှု များကြောင်း ကုန်သည်များက ဆိုသည်။
တံတားနှင့် နယ်စပ်ဂိတ်များ ပိတ်ပြီးသည့်နောက်ပိုင်း မြန်မာအလုပ်သမား ထောင်ချီ၍ မြ၀တီမြို့တွင် သောင်တင်နေပြီး စားဝတ်နေရေး အကျပ်အတည်းများကြောင့် တချို့မှာလည်း နေရပ်ဒေသများသို့ ပြန်သွားကြရသည်ဟု မြ၀တီမြို့ခံများက ဆိုသည်။
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးမည်ဟု ကြေညာထားပြီး ယခုအခါ ပြည်ဝင်ခွင့်ဗီဇာကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီဖြစ်သည်။
ပြည်ဝင်ခွင့်ဗီဇာအား ပိတ်ပင်ရာတွင် လေကြောင်းလိုင်းများမှ ပြည်ဝင်ခွင့်အပြင် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ဂိတ်များအားလုံးကိုပါ ရွေးကောက်ပွဲပြီးသည်အထိ ပိတ်ထားမည်ဟု သတင်းများထွက်နေသော်လည်း အတည်မပြုနိုင်သေးပေ။
တရုတ်-မြန်မာနယ်စပ်တခုဖြစ်သော တာချီလိတ် နယ်စပ်ဘက်တွင်လည်း ကုန်သွယ်ရေးလမ်းကြောင်း၌ လုံခြုံရေး တင်းကျပ်မှုများ ရှိကြောင်းဒေသခံ များကဆိုသည်။
“ပစ္စည်းတွေကို အရင်ကလို ကားကြီးတွေနဲ့ တင်လို့မရဘူး။ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့လောက်ပဲ တင်လို့ရတော့တယ်”ဟုဒေသခံ ကုန်သည်တဦးက ပြောသည်။ ကုန်ပစ္စည်းများ အစုလိုက် တင်ဆောင်မရသော်လည်း လိုင်စင်မဲ့ မော်တော်ကားများတင်သွင်းခြင်းကို အာဏာပိုင်တချို့က ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။
တခြား နယ်စပ်ဒေသများဖြစ်သော မူဆယ် (၁၀၅)မိုင်လမ်းကြောင်း၊ ဘူးသီးတောင်-မောင်းတော နယ်စပ်လမ်းကြောင်းနှင့် ကော့သောင်းနယ်စပ် ဒေသများ၏ ကုန်သွယ်ရေး လုပ်ဆောင်မှုများမှာ ပုံမှန်အတိုင်း ရှိနေသေးကြောင်း ဒေသခံ ကုန်သည်များက ဧရာဝတီသို့ ပြောသည်။

ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြောင်းမည်

နရီလင်းလက် Tuesday, August 31, 2010
.မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ပြောင်းလဲပြီးပါက ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီသည် ပြည်ထောင်စု ရဲချုပ်အဖြစ် တာဝန်ယူသွား မည်ဟု သိရသည်။
ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံ အသစ်ဖြင့် ဆောင်ရွက်နိုင်ရန် ယခုအချိန်မှ စတင်ကာ ပြောင်းလဲ ဆောင် ရွက်သွားမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်မြို့တော်ခန်းမ အနီး လုံခြုံရေး ချထားသော ရဲကားများကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဖွဲ့စည်းပုံ ပြောင်းခြင်း ကိစ္စရပ်အား သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ဆိုင်ရာ အစည်း အဝေးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဖွဲ့စည်းပုံ ခွင့်ပြုလိုက်ကြောင်း သိရသည်။
ပြောင်းလဲမည့် ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီးအလိုက် ရဲချုပ်များအဖြစ် ထားရှိ သွားမည်ဟု ၎င်း အရာရှိက ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “အရင်တုန်းကတည်းက အခု အချိန်ထိ ရဲချုပ် က တယောက်ပဲ ရှိခဲ့တာ။ အခုနောက် ပိုင်းကစပြီး ရန်ကုန်တိုင်း ရဲချူပ် ၊ ဧရာဝတီ တိုင်းရဲချုပ်တို့ ဆိုပြီး ပေါ်လာမယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် ရဲချုပ်တွေ ထားသွား မှာ”ဟု ပြောသည်။
ယခင် တပ်မတော်မှ တာဝန်ယူထားသည့် မြို့ပြလုံခြုံရေးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဓိက တာဝန်ယူဆောင်ရွက်သွားမည် ဟု ရဲအရာရှိက ပြောသည်။.
“၂၀၀၇ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်လောက်ကစပြီးလုံခြုံရေးနေရာတွေမှာ စစ်သားတွေမဟုတ်တော့ဘဲ ရဲတပ်ဖွဲ့ ကနေ တာဝန်ယူပြီး လုပ်ခဲ့တယ်။ အသစ်ပြောင်းနေတဲ့ ဖွဲ့စည်းပုံအရ တပ်တော်ရဲ့ အခန်းကဏ္ဍကို အခုချိန်ကတည်းက တဖြည်း ဖြည်း လျှော့ချပြီး ရဲတပ်ဖွဲ့ကနေပဲ လုံးဝတာဝန်ယူသွားဖို့ ပြင်ဆင်နေတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ ရဲမှူးကြီးများအား ရဲချုပ် ရာထူးတိုးပေးကာ အခေါ်အဝေါ်သစ် ရာထူးသစ်ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။
“အာဏာပိုင်တွေက မြို့ထဲမှာ စစ်ယူနီဖောင်း မမြင်ရတော့တဲ့အထိ လျှော့ချသွားဖို့လုပ်ပါဆိုပြီး ညွှန်ကြားထားတယ်။ စစ်သား ဆိုတာ တိုက်ခိုက်ရေးဘက်ကိုပဲ သွားတော့မယ် မြို့တွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံးဝမယူရတော့ဘူးပေါ့။ တဖက် မှာလည်း ရဲတပ်ဖွဲ့ အင်အားမြှင့်တဲ့အနေနဲ့ ရဲတပ်ရင်းတွေမှာ လူအင်အားဖြည့်တင်းဖို့ တွေ စလုပ်နေပြီ”ဟု ထို ရဲအရာရှိက ပြောသည်။
“ရာထူးတွေ တိုးပေးပြီး အောက်ခြေပိုင်းကိုထပ်ချဲ့သွားမယ့် သဘောမျိုး။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီတို့၊ ပြည်ထဲရေးတို့၊ အကျဉ်းဦးစီးတို့ အဲဒီလိုနေရာတွေမှာ စစ်ယူနီဖောင်းဝတ် တပ်မတော်သားတွေ လုံးဝမပါဝင်အောင် လျှော့ချ ပစ်ပြီး ယာဉ်ထိန်းရဲတွေကို ရာထူးမြှင့်တာတွေလုပ်တယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ တဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံ အနေနှင့်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်လာတော့မည် ဆိုသောကြောင့် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားရန် အာဏာပိုင်များက မှာကြားခဲ့ကြောင်းလည်း ၎င်းက ဆို သည်။
ထင်ရှားသော ဆန္ဒပြပွဲများဖြစ်သည့် ၈၈၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တို့တွင် ရဲတပ်ဖွဲ့ က ဖြိုခွဲခြင်း မပြုလုပ်ဘဲ စစ်တပ်ကသာ တာဝန်ယူဖြိုခွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့မြင်ရသည်။

အရှင်ပညာစာရတရားခွင် တံခါးပိတ်စစ်ဆေး

မင်းနိုင်သူ Tuesday, August 31, 2010
.စစ်တွေမြို့မှ အရှင်ပညာစာရကို စစ်တွေ တရားရုံးတွင် တရားစွဲဆိုနေရာ ယမန်နေ့က တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့ကြောင်း သိရသည်။
“မနေ့ကရုံးချိန်းမှာ မိသားစုဝင်ကလွဲရင် ကျန်တဲ့သူတွေကို ၀င်ရောက်နားထောင်ခွင့်မပေးဘူး ၊ နောက်ပြီး ဆွဲချခေါ်တဲ့ ဥပဒေ အရာရှိကလည်း အသစ်တယောက်ဖြစ်လာတယ် ၊ နောက်ရောက်တဲ့သူက သဘောထားတင်းမာတယ်"ဟု တရားခွင်သို့ တက်ရောက်ခဲ့သည့် အရှင်ပညာစာရ၏ မိသားစုဝင်တဦးက ပြောသည်။
ယမန်နေ့ကပြုလုပ်ခဲ့သော စတုတ္ထမြောက်ရုံးချိန်းတွင် အရှင်ပညာစာရ၏ ရှေ့နေဒေါ်အေးနုစိန်က တရားလိုပြသက်သေများ ဖြစ်သော ဒေါ်မာလာ ၊ မအေးသင်းခိုင် ၊ ခိုင်အောင်လင်းနှင့်ကျော်မိုးထွန်းတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။
တရားခွင်တွင် စခန်းမှူး မြို့ဆွေ ၊ ရဲအုပ်အောင်မြင့်တို့ အချိန်ပြည့်စောင့်ကြပ်နေခဲ့ကြကာ တရားလိုပြသက်သေများ စစ်မေးမှုကို ဖြေဆိုစဉ် အစိုးရဥပဒေအရာရှိက၂ပေခန့်အကွာ ရှေ့မှရပ်ကာ တရားလိုပြသက်သေများကို ကြည့်နေခဲ့ကြောင်း ၊ ၁၀ ပေ ပတ် လည် ခန့်ရှိ တရားခွင်အတွင်း တရားခံစောင့်ရဲ ၂ ဦးအပြင် အခြားရဲ ၃ ဦးပါ ၀င်ရောက်စောင့်ကြပ်ခဲ့ကြကြောင်း တရားခွင်ရောက်ခဲ့ သူ တဦးက ပြောသည်။
“တရားလိုပြသက်သေတွေကို လွတ်လွတ်လပ်လပ် စစ်မေးခွင့်မရဘူး ၊ နောက်ပြီး တရားခွင်ထဲမှာ တရားခံစောင့်ရဲ ၂ ဦးထက် ပိုပြီး ၀င်ရောက် နေတာဟာ ဥပဒေနဲ့ မလျော်ညီဘူး"ဟု တရားခွင်ရောက်ခဲ့သူက ပြောသည်။
အရှင်ပညာစာရအား ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထား သည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ)စသည့် ပုဒ်မ တို့ဖြင့် စွပ်စွဲကာ အစိုးရက တရားလိုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။
“ထောင်ထဲမှာ အ၀တ်တစုံပဲပေးထားတယ်တဲ့ ၊ ပြင်ပအစားအစာပို့ဆောင်ခွင့်မရဘူး ၊ ဆရာတော် ခန္ဓာကိုယ်ဖောယောင်နေတယ် ၊ ကျန်းမာရေးကောင်းပုံမပေါ်ဘူး ၊ နောက်ပြီး ဆရာတော်နဲ့ သူ့ရှေ့နေ ထောင်ထဲမှာတွေ့ဆုံချိန်မှာလည်း လွတ်လွတ်လပ်လပ် တွေ့ခွင့် မရဘဲ ရဲက စောင့်ကြည့်တယ်လို့ သိရပါတယ်"ဟု မိသားစုဝင်တဦးက ပြောသည်။
ဆရာတော် အရှင်ပညာစာရကို စွပ်စွဲချက် အမျိုးမျိုးနှင့် အာဏာပိုင်များက အသင့်ရေးပြီး ယူဆောင်လာသော စာရွက် စာတမ်း များ ကို ဖတ်ပြကာ ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဇူလိုင်လ ၂၇ ရက်နေ့က လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆရာတော်အား ဖမ်းဆီးသွားသည့် အပြင် ကျောင်းတိုက်ရှိ ရခိုင် ရှေးဟောင်းဘုရားများ၊ စာရွက်စာတမ်းများ၊ ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ပေစာ၊ ပုရပိုက်စာများ၊ ရှေးဟောင်း ရခိုင် ယဉ်ကျေးမှု အမွေ အနှစ်များ စသည့် ပစ္စည်းများကိုပါ အာဏာပိုင်များက ယူဆောင်သွားကြကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများက ပြောဆိုသည်။
အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အရှင်ပညာစာရ ဖမ်းဆီးခံရပြီးနောက် အာဏာပိုင်များက ကျောင်းတိုက်ကို ချိပ်ပိတ်ပစ်ခဲ့သည့်အပြင် ကျောင်းတိုက်မှ ထိန်းသိမ်း စောင့်ရှောက်ထားသည့် မိဘမဲ့ကလေး ၁၀၀ ကျော်ကိုလည်း မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာနများသို့ ပို့ဆောင်ခဲ့သည်။



တရုတ်စစ်သင်္ဘော (၂) စင်း သီလ၀ါဆိပ်ကမ်းသို့ရောက်

မျိုးချစ်သူ / ၃၁ သြဂုတ် ၂၀၁၀
တရုတ်နိုင်ငံမှ စစ်သင်္ဘော (၂)စင်းသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ သီလ၀ါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ပြီးခဲ့သည့် သြဂုတ် (၂၉)ရက်တွင် ရောက်ရှိလာကြောင်း မြန်မာစစ်အစိုးရက ရုပ်သံသတင်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာသည်။
အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်တာဝန်တပ်ဖွဲ့မှ စစ်သင်္ဘော (၂)စင်းဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိခြင်းဖြစ်ကာနှစ်နိုင်ငံရေတပ်အချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုရရှိရေးအတွက် လေ့လာမှုများ ပြုလုပ်သွားမည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ယခုလာသော တရုတ်စစ်သင်္ဘောများမှာ စစ်ရေယာဉ်အမှတ်(၁၆၈)ဖျက်သင်္ဘော (Guanhzhou) ဂွမ်ဂျိုးနှင့် စစ်ရေယာဉ်အမှတ်(၅၆၈)ဖရီးဂိတ်သင်္ဘော (Chaohu)ချောင်ဟူတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် (၅) ရက်ကြာခရီးစဉ်အဖြစ် စက်တင်ဘာ (၂) ရက်ထိ ရှိမည်ဟု သတင်းတွင် ဖော်ပြသည်။
ယင်းသို့ စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာသည်ကို ရန်ကုန်လူထုက တအံ့တသြဖြစ်နေကြပြီး မည်သည့်အတွက်ကြောင့် လာရောက်သည်ကို အလွန်စိတ်ဝင်စားနေကြသည်။
ရန်ကုန်မြို့ခံ အငြိမ်းစားကျောင်းဆရာကြီးတဦးက “သူတို့သတင်းမှာတော့ ချစ်ကြည်ရေး လာတယ်တဲ့။ ဒါပေမယ့်လည်း ဘယ်လိုယုံရမလဲ။ မြန်မာစစ်အစိုးရက တရုတ်ကို ဘယ်လို ကိုးကွယ်တယ်ဆိုတာလည်း အားလုံးအသိပဲလေ။ အခု စစ်သဘောင်္လာတယ်ဆိုတာ ကျနော်တို့ ပြည်သူတွေအတွက်တော့ အတော့်ကို စိတ်ဝင်စားစရာပဲ” ဟု ပြောကြားသည်။
မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတဦးက ယင်းသို့ စစ်သင်္ဘောလာရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်ရေတပ်သင်္ဘောများနှင့် တရုတ်ရေတပ်စနစ်များကို အတုယူရန် ဖြစ်နိုင်သည်ဟု ဆိုသည်။
“တရုတ်စစ်သင်္ဘောလိုမျိုး မြန်မာနိုင်ငံမှာ မဆောက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အစိုးရက တရုတ်ကို အားကိုးတယ်ဆိုတာလည်း လူတိုင်းသိကြတာပဲ။ တရုတ်စစ်သင်္ဘောတွေလာတာ အကြောင်းမဲ့တော့မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
တရုတ်စစ်သင်္ဘောများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း မြန်မာ့ရေတပ်အမှတ် (၃၆) မှ ရေယာဉ်မှူးကြီးတဦးက ပြောသည်။
၎င်းက “သူတို့ရောက်လာတဲ့ကာလမှာ ကျနော်တို့ ရေတပ်ကိုလည်း သူတို့လာရောက်လေ့လာကြမယ်။ အချင်းချင်းအပြန်အလှန် ဆွေးနွေးမှုတွေကို လုပ်မယ်” ဟု ပြောကြားသည်။
တရုတ်စစ်သင်္ဘောများကို မြန်မာရေတပ်မှ တာဝန်ရှိသူ ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးနှင့် တပ်မတော်ရေမှ အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်ဟု သိရသည်။ တရုတ်စစ်သဘောင်္များသည် ရန်ကုန်သီလ၀ါဆိပ်ကမ်းသို့ မလာမီ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံများကိုပါ သွားရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့်ကြားမှ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ၊ လက်နက်ရောင်းချမှုများ ပြုလုပ်နေကာ မြန်မာစစ်အစိုးရကို ထောက်ခံအားပေးနေသည်ဟု နိုင်ငံတကာက ထောက်ပြပြောဆိုမှုများ ရှိခဲ့သည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (WenJiabao)သည် ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ ဆက်ဆံရေးများ တိုးမြှင့်ခဲ့သည်။

(၅) သိန်းတန် ကမ်းရိုးတန်းဖုန်းများ အပိုကြေး (၅) သောင်းကျပ် ပေးသွင်းနေရ

အောင်ထက် / ၃၁ သြဂုတ် ၂၀၁၀
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း (၅)သိန်းတန် ကမ်းရိုးတန်းဖုန်း (CDMA450MHz) များ ငှားရမ်းသုံးစွဲခွင့်ပြုလိုက်ရာ သတ်မှတ်ပေးသွင်းငွေထက် အပိုကြေး(၅)သောင်းကျပ် ပေးသွင်းနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖျာပုံခရိုင် (၄)မြို့နယ် အထူးစီမံချက် ပထမအသုတ်အရ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေးမြို့နယ်များသို့ ဩဂုတ် လလယ်အတွင်း ၀ါယာလက်စ် (၅) သိန်းတန်ဖုန်းများ အငှားချထားပေးခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးမှ ဘိုကလေးမြို့နယ်အတွင်း (၅)သိန်းတန် CDMA450MHzအလုံးရေ (၂၀၀) အငှားချထားပေးမည်ဖြစ်ရာ မည်သည့်အပိုကြေးမှ ပေးသွင်းရန်မလိုဟု အသံချဲ့စက်ဖြင့် ကြေညာကာ လျှောက်လွှာများ ခေါ်ယူခဲ့သည်။
“ဖုန်းတွေ ငှားရမ်းသုံးစွဲခွင့် ပြုလိုက်တော့ မြန်မာ့ဆက်သွယ်ရေးကို စီးပွားရေးဘဏ်ကနေ (၅) သိန်း ပေးသွင်းရတယ်။ မြို့နယ် တယ်လီဖုန်းဌာနကို စာရွက်စာတမ်းကြေးက (၃,၀၀၀)ကျပ်၊ အမျိုးအမည် တပ်မရတဲ့ ဘက်စုံပြုပြင်ရေးဆိုတဲ့ ချလန်နဲ့ (၅)သောင်းကျပ် အပိုကြေး ပေးသွင်းခဲ့ရတယ်”ဟု ဘိုကလေးမြို့၊ အမှတ် (၂) ရပ်ကွက်နေ ရေလုပ်ငန်းရှင်တဦးက ပြောသည်။
ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ အရောင်းအ၀ယ်သမားများနှင့် မော်တော်ယာဉ်လုပ်ငန်းရှင်တို့ကလည်း ဆက်သွယ်ရေးသို့အပိုကြေး(၅)သောင်းကျပ်ပေးသွင်းကာ အငှားသုံးစွဲခဲ့ရသည်ဟု အတည်ပြုပြောဆိုသည်။
ယခုအခါ ဘိုကလေးမြို့ပေါ်နှင့် ၀ဲကြီး၊ သက္ကာယ်ဆိပ်၊ ဘုရားသုံးဆူ၊ မြသိန်းတန် ကျေးရွာအုပ်စုအပါအ၀င် ကျေးလက်ဒေသများမှ (၅) သိန်းတန်ဖုန်း သုံးစွဲလိုသူတို့သည် (၅) သောင်းကျပ် အပိုကြေး တောင်းခံခြင်း မပြုသည့် ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲမြို့နယ်များ၏ မြို့ခံဆွေမျိုးများမှတဆင့် လျှောက်ထားရယူနေကြသည်ဟု သိရသည်။
“ခုလို (၅) သောင်းကျပ် အပိုကြေး သွင်းနေရတော့ ဘိုကလေး ဆက်သွယ်ရေးကနေ ဘယ်သူမှ ဖုန်းလျှောက်ထားခြင်း မပြုကြတော့ဘူး။ ကျန် (၃)မြို့နယ်ကနေ သွားယူနေကြတယ်။ အခု ဩဂုတ်လကုန်ပိုင်းမှာ အပိုကြေး (၅) သောင်းကျပ်ကနေ (၃) သောင်းကျပ်အထိ လျှော့ချပေးသွင်းပါလို့ ဌာနက ကြေညာတယ်။ ဒါပေမယ့် စိတ်ဝင်စားသူ အရမ်းနည်းသွားပြီ” ဟု ဘိုကလေးမြို့ခံတဦးက ဆိုသည်။
အဆိုပါကိစ္စ ဘိုကလေး ဆက်သွယ်ရေးစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် “မြို့နယ်အစီအစဉ် ဘက်စုံပြုပြင်ဖို့ (၃) သောင်းကျပ် ပေးသွင်းရမယ်လို့ ညွှန်ကြားထားပါတယ် ” ဟုသာ တာဝန်ရှိသူတဦးက ဖြေကြားသည်။

ပဲခူးမြစ်ရေမြင့်တက် အိမ်ထောင်စု ငါးထောင်ခန့် ရွှေ့ပြောင်း

မင်းနိုင်သူ Tuesday, August 31, 2010
.ပဲခူးမြစ်ရေ မြင့်တက်လာ မှုကြောင့် ပဲခူးမြို့ရှိ ရပ်ကွက်တချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေရာ အိမ်ထောင် စုပေါင်း ၅၀၀၀ (ငါးထောင်) ခန့်ကို နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။
             မြစ်ရေကြီးမှုလွတ်ရာတွင် ရွှေ့ပြောင်းနေထိုင်ရသည့် ရေဘေး ဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)
“မနေ့မနက်ပိုင်း ကတည်းက ရပ်ကွက် တွေထဲကို ရေ၀င်လာတယ် ၊ အခုဆိုရင် အိုးလေးစု ၊ ဆက်ပိုင်း ၊ ကျွန်းသာယာ ၊ ကလျာဏီ ၊ မဇင်း ၊ ဇိုင်းဂနိုင်း ရပ်ကွက် တွေထဲမှာ ရေတွေချည်းပဲ ၊ ရန်ကုန်-မန္တလေး လမ်းပေါ်လည်း ရေကျော်နေပြီ ၊ ကားလေးတွေ မောင်းလို့ မရတော့ဘူး"ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။
ပဲခူးမြစ်ရေသည် ယမန်နေ့က ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ၉၁၀ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေ အမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြစ်ရေတိုးလာမှုကြောင့် အိမ်ထောင်စုပေါင်း ၅၀၀၀ ခန့်ကို နီးစပ်ရာဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများအတွင်း နေရာ ရွှေ့ပြောင်းပေးထားရကြောင်း ရေဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ပဲခူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။
“ဒီနေ့အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ ရေဘေးဒုက္ခသည် ၄၀၀ ကျော်အတွက် ဦးပဉ္ဇင်းတို့ ထမင်းထုပ်ဝေတယ်၊ နောက် ၅ ရက်လောက် အထိတော့ ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးနေရဦးမယ့်သဘောရှိတယ်"ဟု တောင်နံစု ကျေးရွာ ပရဟိတ ကျောင်းထိုင် ဆရာတော် ဦးကိတ္တိက မိန့်သည်။
မိုးကြီးမှုကြောင့် ပဲခူးမြစ်ရေတိုးသည့်အပြင် ပဲခူးမြို့အထက် မိုင်(၄၀)ခန့် အကွာရှိ ဇောင်းတူဆည် ရေဖောက်ချမှုကြောင့်လည်း မြို့ထဲအထိ ရေ၀င်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မန္တလေးတိုင်းအတွင်းရှိ ဆည်တော်ကြီးဆည် ရေဖောက်ချမှုကြောင့် မတ္တရာမြို့နယ်အတွင်း ၌လည်း ယခုလ ၁၇ ရက်မှ ၂၀ ရက် အထိ ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တချို့ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။

maandag 30 augustus 2010

“အရပ်ဝတ် လဲထားပေမဲ့ အာဏာရှင်ဟာ အာဏာရှင်ပဲ”၊ အမေရိကန် ဝေဖန်

By ဦးသားညွန့်ဦး တနင်္လာ, 30 သြဂုတ် 2010
မြန်မာစစ်တပ် ထိပ်တန်း စစ်ခေါင်းဆောင်တွေ အတော်များများ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ဝတ်၊ အရပ်ဝတ်လဲလဲ အာဏာရှင်ဟာ အာဏာရှင်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘာမှ မတွေ့ရသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားအမြင်က မပြောင်းလဲပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာစစ်တပ်က ထိပ်တန်း စစ်ခေါင်းဆောင် အများအပြား ရာထူးက နှုတ်ထွက်သွားကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ကိုရော အစိုးရပိုင်းကိုပါ သြဇာအာဏာ ချုပ်ကိုင်ထားတုန်းပဲလို့ အများက ယူဆပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မမျှော်လင့်ကြပါဘူး။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး အတော်များများ ရာထူးက အနားယူသွားတယ်ဆိုတာ ခိုင်လုံသလောက် ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်ရှိ မရှိက အတည်ပြုလို့ မရသေးပါဘူး။
သတင်းအချို့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒု-ဦးစီးချုပ် ဖြစ်သွားတယ် ဆိုတာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ရာထူးကနေ အနားယူသွားပြီလို့ ယူဆမှုတွေလည်း ရှိပါတယ်။ တဘက်မှာတော့ နအဖ စစ်ကောင်စီက ဆက်ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။
ဒါပေမဲ့ အားလုံးနီးပါးမှာ တူညီတဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာဆက်ရှိနေတယ်၊ စစ်အာဏာရှင်စနစ် ဆက်ရှိနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေအတွက် အခုလို စစ်ဘက် အကြီးအကဲတွေ အရပ်ဝတ် ပြောင်းရုံသက်သက် အဖြေမရနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လေ(P.JCrowley)က ပြောပါတယ်။
“အရပ်ဝတ်ထားလည်း အာဏာရှင်က အာဏာရှင်ပါပဲ။ အခု သူတို့က ယူနီဖောင်း ချွတ်တာတွေ လုပ်နေပေမဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကိုတော့ ကန့်သတ်ထားတုန်းပါပဲ။ ဒါကြောင့် ကျနော်တို့အမြင်က အပြောင်းအလဲ မရှိပါဘူး။ အခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ အကဲစမ်းမှုတွေအတွက် အခုလို အရပ်ဝတ် ပြောင်းလိုက်ကြတာ အဖြေမဟုတ်ပါဘူး။”
လက်ရှိ မြန်မာစစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲအတွက် အများလက်ခံနိုင်အောင် အပြောင်းအလဲတွေလည်း အခုချိန်မှာ ဘာမှ မတွေ့ရသေးဘူးလို့လည်း ပီဂျေ ခရော်လေက ပြောပါတယ်။
“နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေး ညှိနှိုင်းရပါမယ်၊ နိုင်ငံရေး အတိုက်အခံတွေ ရှင်သန်ခွင့် ပေးရပါမယ်၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြားမှာ စစ်စစ်မှန်မှန် ယှဉ်ပြိုင်မှုသဘော ရှိစေရပါမယ်။ ဒါမျိုးတွေ မရှိဘဲနဲ့တော့ စစ်သားတွေပါပါ အရပ်ဝတ်တွေပဲပါပါ၊ လာမယ့် ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံမယ့်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး မြင်ရမှာ မဟုတ်ပါဘူး။”
အခုလို စစ်ဘက် အကြီးအကဲတွေ အပြောင်းအလဲ လုပ်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် အဓိက ပြင်ဆင်ချက်လို့ ယူဆရပါတယ်။ အထူးသဖြင့် စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီမှာ ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တဘက်မှာလည်း စစ်တပ်က ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် ကိုယ်စားလှယ်လောင်းတွေဆိုတာ ရှိပါတယ်။ စစ်ဘက် လေ့လာသူ အချို့ကတော့ လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မယ့် ကိုယ်စားလှယ်တွေဟာ စစ်ဘက်က မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ အခု အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်အပေါ်မှာ အာဏာစက် ရှိနေတုန်းပဲလို့ ယူဆပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံးဝ အနားယူသွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ စစ်တပ်ရာထူးကိုပဲ သူ့ထက် ငယ်တဲ့လူကို လွှဲပေးပြီးတော့ နိုင်ငံရေး အာဏာကိုရော၊ ကျန်တဲ့အာဏာ အားလုံးကို သူက ဆက်ပြီး ထိန်းထားတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒါကို အနားယူသွားတယ်လို့ မထင်မှတ်စေချင်ပါဘူး။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူမှာလား၊ အရန်အင်အား စာရင်းအဖြစ် နေမှာလားဆိုတာ၊ တပ်မတော်မှာ ရာထူးက အမိန့်ထုတ်တဲ့အခါ နှစ်မျိုးရှိပါတယ်။ အရန်အင်အားစာရင်း သဘောမျိုးနဲ့ နေမယ်ဆိုရင်တော့ သူက ယူနီဖောင်း ဆက်ဝတ်ရင် ၀တ်ပါလိမ့်မယ်။ အငြိမ်းစားယူတယ် ဆိုရင်တော့ သူက ဦးသန်းရွှေ ဖြစ်သွားပါလိမ့်မယ်။
“ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အကြွင်းမဲ့ ယုံကြည်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မထွက်သေးဘူး၊ နောက် ရွေးကောက်ပွဲ ပြီးရင်လည်း သူ မနားသေးဘူး၊ ကျနော် ပြောပြောနေသလိုပဲ သူသည် နောက်ကွယ်က ကြိုးကိုင်မယ့် အာဏာရှင်တယောက် အနေနဲ့ပဲ ဆက်နေနေမယ့် အနေအထားမျိုး ရှိပါတယ်။”
အခုလို စစ်ဘက် အကြီးအကဲတွေ ရာထူးက နှုတ်ထွက်တယ် ဆိုတာကို မြန်မာအစိုးရ သတင်းမီဒီယာတွေမှာတော့ မသိမသာ ဖော်ပြတာမျိုးတောင် မရှိသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လက်ရှိ ဘယ်တာဝန် ယူနေသလဲဆိုတာ အများက ဒွိဟ ဖြစ်နေကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး

NEJ / ၃၀ သြဂုတ် ၂၀၁၀
နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ် (၂၇)ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။
နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။
ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အေအက်ဖ်ပီသတင်းတွင်မူအမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င်တပ်အရာရှိပေါင်း(၇၀)ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။
ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍သြဂုတ်(၂၇)ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည်ယခုနှစ်နိုဝင်ဘာ(၇)ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။

မဲမပေးရေး ပဲခူးတွင် NLD လှုပ်ရှား

မင်းနိုင်သူ Monday, August 30, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းပါတီဝင်များကို တွေ့ဆုံပြီး ပါတီရပ်တည်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယနေ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
“မြို့နယ် ၄ မြို့နယ်က စည်းရုံးရေး အဖွဲ့ဝင်တွေအပြင် စိတ်ဝင်စားတဲ့ အရပ်သားတွေလည်း ဆွေးနွေးပွဲကို လာရောက်ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးချင်ရင် ပေးလို့ရသလို မဲမပေးလိုက မပေးဘဲလည်း နေနိုင်တယ်ဆိုတာကို ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲဥပဒေပါ အချက်အလက်တွေနဲ့ ရှင်းပြပါတယ်”ဟု တောင်ငူမြို့နယ် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုးမြင့်က ပြောသည်။
NLD ရုံးချုပ်မှ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးစိုးဝင်း၊ ဒေါ်ခင်ညွန့်မူနှင့် ကိုကျော်ဝင်းတို့က ဖြူး၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များနှင့် အုတ်ကျင်းစု ရွာများမှ စည်းရုံးရေးအဖွဲ့ဝင်များကို တောင်ငူမြို့နယ်ရှိ ဦးအောင်စိုးမြင့် နေအိမ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
NLD ဗဟိုကော်မတီဝင် ဦးစိုးဝင်းက “အကျဉ်းကျမိသားစုတွေ စောင့်ရှောက်ရေး၊ မြို့နယ်အတွင်းက လူမှုရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အဓမ္မ လုပ်အားပေးမှု ပပျောက်ရေး ဆိုတာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေသခံလူထုကလည်း စိတ်ဝင်စားမှုရှိတယ်။ အရင်ကထက်ကို တရင်းတနှီး ဆက်ဆံလာတာကို တွေ့ရတယ်” ဟု ပြောသည်။
ဗဟို အလုပ်အမှုဆောင် ဦးညွန့်ဝေကလည်း NLD သည် ပါတီအဖြစ် ဆက်လည်တည်ရှိနေသေးကြောင်းကို မြို့နယ်ပါတီဝင်များအား အတိအလင်း အသိပေးခဲ့ကြောင်း သိရသည်။
NLD ဗဟိုမှ အဖွဲ့ဝင်များနှင့် ပဲခူးတိုင်းပါတီဝင်များ ယခုလ ၅ ရက်နေ့က ပဲခူးမြို့နယ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။
NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအဖွဲ့ဝင်များသည်လည်း ၂၈ ရက်နေ့မှစတင်ကာ ဧရာဝတီတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလ ၁၉ ရက်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“တို့မွေးမြေ” အကျိုးပြုသီချင်း ဗိုလ်ချုပ်မှူးကြီးရေးခဲ့

သျှင်ဒီစံ Monday, August 30, 2010
.နိုင်ငံတော်အကျိုးပြု ပေါ်လစီသီချင်းတပုဒ်ဖြစ်ပြီး အဆိုတော် မေဆွိနှင့်အောင်ရင် သီဆိုထားသော “တို့မွေးမြေ” သီချင်းစာသားကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးသားပေးခဲ့ခြင်းဖြစ်ကြောင်း တေးရေး မြသန်းစံက ပြောသည်။

“အဲဒီသီချင်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေကစာသားရေးပေးပြီးကျနော်က ဆီလျော်အောင် သံစဉ်ထည့်ပါတယ်။
ပြီးမှ ကျနော့်နာမည် တပ်ခိုင်းတာပါ” ဟု သူက ဆိုသည်။
ပေါ်လစီသီချင်းများကို ရေးသားခဲ့သည့် တေးရေးမြသန်းစံက မကြာသေးမီက ၎င်းကို နိုင်ငံတော်က ချီးမြှင့်ခဲ့သော တေးရေးခ သုခုမကြေးကို သူ၏လုပ်ဖော်ကိုင်ဘက် အနုပညာသမားများအား ပြန်လည်ပေးအပ်ပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အကျိုးပြု သီချင်းတချို့ရေးစပ်ရန် ကိုယ်တိုင်ပါဝင် ညွှန်ကြားခြင်းများ ရှိခဲ့ပြီး တေးရေးတေးဆို အကော်ဒီယံအုန်းကျော် ရေးသားသီဆိုသည့် “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ” အစရှိသည့် သီချင်းကို အလွန်နှစ်ချိုက်ကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားမှ အဆိုပါ သီချင်းထုတ်လွှင့်လျင် ဗိုလ်ချုပ်မှူးကြီးသည် ကြည့်ရှုရင်းမှ ဝင်ညည်းလေ့ရှိကြောင်း စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများထံမှ သိရသည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ထပ်ရေးဖို့လည်း နိုင်ငံတော်အကြီးအကဲက ကျနော့်ကို ပြောတယ်။ ကျနော်လည်း ၄ လလောက် အချိန်ယူပြီး သီချင်းကို ရေးဖြစ်ခဲ့တယ်”ဟု တေးရေးမြသန်းစံက သူ့အတွေ့အကြုံကို ပြောပြသည်။
တေးရေးမြသန်းစံ၏ ပြန်လည် ပေးအပ်ပွဲအခမ်းအနားကို ပေါ်ပြူလာဂျာနယ်တိုက် ခမ်းမတွင် သြဂုတ်လ ၂၈ ရက်နေ့က စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၎င်းပေါ်လစီသီချင်းများ ရေးသားစဉ်က အတွေ့အကြုံများ၊ နိုင်ငံတော် အကျိုးပြုသီချင်းများ ရေးသားနေရာမှ အနားယူခဲ့သည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ၎င်းက လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့် သီချင်းရေးရန် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးတဦးထံမှ တဆင့် ခိုင်းခြင်းဖြစ်ကြောင်း၊ ပြီးစီးသွားသည့် အလုပ်များနှင့် ပတ်သက်၍ တေးရေးမြသန်းစံက ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက်တင်ပြရာ ကြားခံ ဗိုလ်ချုပ်ကြီးက မကျေနပ်ကြောင်း ပြောပြသည်။
“တနေ့မှာကျနော်ဝန်ကြီးအဖွဲ့နဲ့ခရီးသွားနေတုန်းကျနော့်ကိုခိုင်းခဲ့တဲ့ဗိုလ်ချုပ်ကြီးကသူ့ဆီကို ဖုန်းဆက်ခိုင်းတဲ့အတွက် ကျနော်က ဖုန်းဆက်လိုက်တယ်။ အဲဒီဗိုလ်ချုပ်ကြီးက ဖုန်းထဲကနေ မိုက်ရိုင်းတဲ့ စကားလုံးတွေနဲ့ ဒေါသတကြီးဆဲဆိုပြီး ကြိမ်းမောင်းတယ်။ ပြီးတော့ သူက ရာထူးအာဏာ ကျနော့်ထက် ပိုကြီးတယ်ဆိုတာ မသိဘူးလားလို့ မေးတယ်” ဟု မြသန်းစံက ဆိုသည်။
တေးရေး မြသန်းစံအနေနှင့် အဆိုပါ ကာလများတွင် တရားစခန်းဝင်ကာ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားကျင့်ကြံ နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အထက်ပါ ဗိုလ်ချုပ်ကြီး၏ ကြိမ်းမောင်း စကားများကြောင့် ပူလောင်ရကြောင်း ဆက်ပြောသည်။
“သူက ကျနော် သူ့ကိုကျော်၊ အထက်လူကြီးကိုဖားပြီး နေရာယူလိမ့်မယ်လို့ ထင်နေတယ်။ ကျနော်လည်း သူ့ကို အခုလို ဒေါသကြီးအာဏာပြတဲ့ လူကြီးမျိုး တခါမှမတွေ့ဖူးဘူးလို့ပြောပြီး ဖုန်းကိုချလိုက်တယ်။ သူဖုန်းပြန်ခေါ်ပေမယ့် ကျနော် မကိုင်တော့ဘူး။ အဲဒီမှာပဲ တဆက်တည်း ကျနော် လုပ်နေရတဲ့ တာဝန်တွေဟာ ကိုယ့်အတွက် ဘာမှ အာမခံချက် မရှိတဲ့အပြင် စိတ်ဖိစီးမှုတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အတွက် ဒီအလုပ်ကို လုံးဝ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ အနားယူလိုက်တယ်” ဟု မြသန်းစံက ၎င်းအနားယူခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။
ဆက်လက်၍ ၎င်းက တပ်မတော်သားဆိုသည်မှာ လက်ရုံးရည် ရှိသကဲ့သို့ နှလုံးသားလည်း ရှိသောကြောင့် ခံစားမှု ရှိကြောင်း၊ယခု နိုင်ငံတော်က ချီးမြှင့်သည့် အနုပညာကြေးမျိုးကို ၎င်းတသက်တွင် တကြိမ်တခါမှ မရဘူးသောကြောင့် အံ့သြစရာ ကောင်းကြောင်း ပြောသည်။
တေးရေးမြသန်းစံ ရေးသားခဲ့သည့် ထာဝရ ငြိမ်းချမ်းရေး၊ ချစ်ခြင်းတရားနှင့် ပြည်ထောင်စု၊ ငြိမ်းချမ်းရေးပန်းခင်း စသော ပေါ်လစီသီချင်းများအတွက် နိုင်ငံတော်က ဂုဏ်ပြုငွေ ကျပ် ၁၅ သိန်းကို ချီးမြှင့်ခဲ့ရာ အဆိုပါ ငွေများထဲမှ ၎င်း၏ သီချင်းများ သီဆိုပေးခဲ့သော စိုင်းထီးဆိုင်၊ မေဆွိ၊ ခင်မောင်ထူး၊ ခိုင်ထူး၊ ဟေမာနေဝင်း၊ လေးလေးဝါး စသော အဆိုတော် ၆ ဦးတို့အား ကျပ် ၁ သိန်းစီ၊ တီးခတ်ပေးခဲ့သည့် မိုးသောက်ပန်းတေးဂီတ အဖွဲ့အား ကျပ် ၁ သိန်း၊ ၎င်း၏ မိခင်အား ကျပ် ၅ သိန်း၊ ၎င်း ဦးစီး ထူထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအား ကျပ် ၃ သိန်းနှင့် ပုဂ္ဂလိကစာနယ်ဇင်းများအား ၎င်း၏ ကိုယ်ပိုင်ငွေထဲမှ ကျပ် ၂ သိန်း ပေးအပ်ခဲ့သည်။
အဆိုပါ ပွဲသို့ တက်ရောက်လာသော စာနယ်ဇင်းသမားများထဲမှ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ်ဦးဝင်းငြိမ်း၊ စာရေးဆရာ ဟိန်းလတ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့က အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ရာ ဦးမြတ်ခိုင်က “အခုလို ရွေးကောက်ပွဲနီးလာချိန်၊ ပါတီအောင်နိုင်ရေး သီချင်းတွေ ခေတ်စားနေချိန်မှာ ဆရာမြသန်းစံကို နိုင်ငံတော်က အခုလို ဂုဏ်ပြုတဲ့အတွက် အံ့သြစရာကောင်းပါတယ်” ဟု ပြောခဲ့သည်။
သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံတော်အကျိုးပြု သီချင်းများနှင့် ဓမ္မပူဇာတေးများ ရေးစပ်ပေးခဲ့သူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြောင်း သတင်းဖော်ပြခဲ့သော်လည်း မည်သူတို့အား မည်မျှသောငွေပမာဏ ချီးမြှင့်သည်ကိုမူ ရေးသားထားခြင်း မတွေ့ရပေ။

တစည ကိုယ်စားလှယ် ၈၀၀ ကျော် ရွေးကောက်ပွဲ ဝင်မည်

စိုင်းဇွမ်ဆိုင်း Monday, August 30, 2010
.နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်တို့၏ အမည်စာရင်းကို တင်သွင်းလိုက်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ အဓိက ပြိုင်ဘက်ပါတီတခု ဖြစ်လာနိုင်ကြောင်း သိရသည်။
တစည ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးချစ်လှိုင်က“USDP(ကြံ့ဖွံ့ပါတီ)က မဲဆန္ဒနယ် အတော်များများမှာ ယှဉ်ပြိုင်မယ့်အတွက် ကျနော်တို့ပါတီ အဓိက ယှဉ်ပြိုင်ရမှာက USDP ပဲဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယှဉ်ပြိုင်ခြင်းသည်စစ်မှန်သောဒီမိုကရေစီကိုအဓိပ္ပာယ်ပြည့်စုံစေမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမည်ဟု မျှော်လင့်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများကိုလည်း အားပေးကြောင်း တစည ပါတီမှ ဦးချစ်လှိုင်က ဆက်လက်ပြောဆိုသည်။
စစ်အာဏာရှင် ဦးနေဝင်း တည်ထောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တစည ဟု အမည်ပြောင်းခဲ့ပြီး မဲဆန္ဒနယ် ၄၃၁ ခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ် အရေအတွက် ၁၀ နေရာသာ အနိုင်ရခဲ့သည်။ လာမည့် ရွေးကောက်ပွဲအတွက် တစညပါတီသည် ကြံ့ဖွံ့ပါတီ ပြီးလျှင် ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ် ရပ်တည်လျှက်ရှိသည်။
ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ကြံ့ဖွံ့ပါတီသည် အာဏာရပါတီ ပုံစံမျိုးဖြစ်နေပြီး တခြား နိုင်ငံရေးပါတီများထက် အနိုင်ရရန် အခွင့်အလမ်း ပိုများနေကြောင်း သုံးသပ်ပြောဆိုသည်။
“တစည ကတော့ လတ်တလောမှာ သူက အာဏာလက်မဲ့လေ။ ဟိုတုန်းက ရခဲ့တဲ့ အရှိန်အဝါတွေနဲ့ဆိုရင်တော့ သူ့ကို ဒုတိယ ဦးစားပေး အဆင့်ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါပေမယ့် စည်းရုံးရေးအား ပိုကောင်းနေတဲ့ USDPက ရမယ့် မဲ အရေအတွက် ပိုများမယ်လို့ ထင်ပါတယ်”ဟု သခင်ချန်ထွန်းက ဆိုသည်။
ပါတီများမှ အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်များသည် လွှတ်တော်သုံးရပ်မှ နေရာ ၁၁၈၇ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် ၃၃၀ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၆၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၆၈၉ နေရာတို့ ဖြစ်ကြသည်။
ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တင်သွင်းသော ကိုယ်စားလှယ်များမှာ မဲဆန္ဒနယ် ၆၀ ခန့်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်နေရီဗဆွေသည် စမ်းချောင်းမြို့နယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းသည် ကြို့ပင်ကောက်မြို့နယ်နှင့် ဒေါ်သန်းသန်းနုက မန္တလေးတိုင်း အောင်မြေသာဇံ မြို့နယ်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဦးသုဝေက “ကိုယ်စားလှယ်တွေအတွက် အဓိက ပြဿနာက ငွေရေးကြေးရေး အခက်အခဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ တချို့ ကိုယ်စားလှယ်ဆိုရင် ကျနော်တို့ပါတီရုံးချုပ်ကို ဖုန်းဆက်ပြီးတော့ သူတို့အတွက် ငွေသွင်းပေးဖို့ ပြောဆို လာတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ” ဟု ဆိုသည်။
ရွေးကောက်ပွဲ မဝင်နိုင်သော ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့အနေဖြင့် ပြည်သူလူထုထံမှ ထောက်ခံမှုကို ရရှိနေသော်လည်း ငွေကြေး မတတ်နိုင်သဖြင့် ရွေးကောက်ပွဲ မဝင်နိုင်တော့သောကြောင့် မခံချိမခံသာ ဖြစ်နေသည်ဟုလည်း ဦးသုဝေက ပြောသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လွှတ်တော်အမတ်လောင်း တဦးလျှင် ကျပ်ငွေ ၅ သိန်း ပေးဆောင်ရမည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)မှ တင်သွင်းမည့် ကိုယ်စားလှယ်များမှာ ၁၅၀ ရှိမည်ဖြစ်ကြောင်း၊ အပြီးသတ် စာရင်းမချုပ်ရသေးကြောင်းလည်း ပါတီဌာနချုပ်မှ တာဝန်ရှိသူ တဦးက ဖြေကြားသွားသည်။
ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ (UDP)မှ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူးတို့သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်တိုင်း တာမွေ မြို့နယ်တို့မှ ဖြစ်ကြောင်း သိရှိရသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) ကမူ ကိုယ်စားလှယ်ဦးရေ ၇ ဦး စာရင်းတင်သွင်းထားပြီး ၎င်းတို့အနက် ၄ ဦးမှာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှလည်းကောင်း၊ ကျန်သုံးဦးမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ပါတီ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ကိုတင်မောင်အေး မှာ ငွေကြေးခက်ခဲမှုကြောင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ၎င်းကိုယ်တိုင်က ပြောဆိုသည်။
နိုင်ငံရေးပါတီများအတွက် ကိုယ်စာလှယ်များစာရင်း တင်သွင်းရန်သတ်မှတ်ပေးထားသည့်အချိန်သည် တိုတောင်းလွန်းလှ သည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်မှ ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့ပါတီကကိုယ်စားလှယ်ဦးရေ၂၀လောက်ကိုစာရင်းတင်သွင်းမယ်လို့မှန်းထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သွင်းရမယ့် တယောက်ကို ၅ သိန်းဆိုတာကလည်း ဒီမှာပဲ ပြီးသွားဦးမှာမဟုတ်ဘူး။ စည်းရုံးရေးဆင်းရင် ထပ်ပြီး ကုန်ကျရဦးမယ်”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ် ၁၆ ရက်မှ စတင်သွင်းရန် ကြေညာထားပြီး ယနေ့မှာ နောက်ဆုံးရက်ဖြစ်သည်။

စာနယ်ဇင်းသမားများ ရွေးကောက်ပွဲ ဝင်မည်

နရီလင်းလက် Monday, August 30, 2010
.မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရာထူးများမှ နုတ်ထွက် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနှင့်ရွေးကောက်ပွဲဝင်မည့်ဒေါက်တာတင်ထွန်းဦးတို့ကို၂၀၁၀မေလက ကျင်းပသော စာပေနှင့် စာနယ်ဇင်း ပဉ္စမအကြိမ် ညီလာခံတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - MWJA)
စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးတင်ခ (တက္ကသိုလ် တင်ခ)၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ တင်ထွန်းဦး၊ ဗဟိုကော်မတီဝင် ဦးအောင်ငြိမ်းနှင့် ညွှန်ကြားရေးမှူးဟောင်း အငြိမ်းစားဗိုလ်မှူး ဦးလှထွန်း (လှထွန်း-တွံတေး)တို့ အသီးသီး နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“နုတ်ထွက်လိုက်တဲ့သူတွေ အကုန်လုံး တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ၀င်ဖြစ်မယ်လို့ ပြောနေတယ်။ ဒေါက်တာ တင်ထွန်းဦးက ပုဇွန်တောင်မြို့နယ်က ၀င်မယ်”ဟု အဆိုပါ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
လစ်လပ်သွားသည့် နေရာတွင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)စာရေးဆရာ ဦးတင်လှိုင် (လယ် တွင်းသားစောချစ်) အား ခေတ္တ ဥက္ကဌ ရာထူး တာဝန်ပေးလိုက်သည်ဟု သိရသည်။
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း (ဗဟို)အလုပ်အမှုဆောင် အဖွဲ့ကို ပြီးခဲ့သည့် မေလလယ်က ပြန်လည်ဖွဲ့စည်းခဲ့ပြီးတက္ကသိုလ်တင်ခ၊ဒေါက်တာတင်ထွန်းဦး၊YangonTimesဂျာနယ်မှဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) နှင့် လျှပ်တပြက် ဂျာနယ်မှ ဦးမြတ်ခိုင် တို့အပါအ၀င် ကော်မတီဝင် ၃၁ ဦးပါဝင်သည်။
ဒေါက်တာ တင်ထွန်းဦးသည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းများကို ထုတ်ဝေနေသည့် သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင်နှင့် လက်ရှိတွင် MyanmarTimes ဂျာနယ်ကို အမည်ခံ ထုတ်ဝေခွင့် ရထားသူဖြစ်သည်။
“ဒေါက်တာ တင်ထွန်းဦးက နိုင်ငံရေးစိတ်ဝင်စားတဲ့သူ မဟုတ်သလို ရွေးကောက်ပွဲဝင်ချင်တဲ့သူ မဟုတ်ဘူး။ အခု ၀င်ဖြစ်သွား တယ်ဆိုတာက ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက ၀င်ဖို့ ပြောတော့ သူအနေနဲ့ မငြင်းရဲဘူးဆိုတဲ့ ပုံစံမျိုးဖြစ်သွားတာ။ အာဏာပိုင်တွေကို ကြောက်တာလည်း ပါတာပေါ့”ဟု ဒေါက်တာ တင်ထွန်းဦးနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရသည် ယင်းကဲ့သို အာဏာသုံးကာ နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို ရွေးကောက်ပွဲ ၀င်စေသကဲ့သို့ အငြိမ်းစား စစ်အရာရှိဟောင်းများကိုလည်း ရွေးကာက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားထားကြောင်း စစ်အသိုင်းအ၀န်းမှ သိရသည်။
“ကိုယ်စားလှယ်လောင်းနေရာမှာ စစ်တပ်က အငြိမ်းစား၊ ပင်စင်စားတွေ များများပါလည်း မနည်းဘူးဆိုတဲ့ ပုံစံမျိုး။ ပင်စင်ယူထားပြီးလို့ အေးအေးနေရမလားဆိုပြီး မဟုတ်ပြန်ဘူး။ နဂိုကတည်းက ပင်စင်ယူထားတဲ့ သူတွေတင်မကဘူး၊ လက်ရှိလည်း ဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှူးတွေ၊ ညွှန်ချုပ်တွေကို ရာထူးက ပင်စင်ပေးပြီး ရွေးကောက်ပွဲ ၀င်ခိုင်းတာတွေ ရှိသေးတယ်” ဟု အငြိမ်းစား ဗိုလ်မှူးဟောင်းတဦးက ဆိုသည်။
စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများအပြင် သတင်းမီဒီယာလောကမှ သတင်းထောက်များလည်း ရွေးကောက်ပွဲ ၀င်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“TheVoiceWeekly ဂျာနယ်ရဲ့ မန္တလေးရုံးခွဲက သတင်းထောက် ကိုတင်လင်း ရွေးကောက်ပွဲဝင်မယ် ပြောတယ်။ အခုလောလောဆယ် ကိုတင်လင်းက နယ်ကို စည်းရုံးရေးဆင်းသွားတယ်” ဟု ပြည်တွင်းသတင်း ဂျာနယ်တခုမှ အယ်ဒီတာက ပြောသည်။
ကိုတင်လင်း ရွေးကောက်ပွဲ ၀င်ရောက်နိုင်ရန် ဦးနေ၀င်းမောင်မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး မည်သည့်ပါတီအတွက် ယှဉ်ပြိုင်မည်ကို အတည်မပြုနိုင်သေးပေ။ နောက်ဆုံးထုတ်TheVoiceWeeeklyဂျာနယ်မှ စတင်ကာ သတင်းထောက် ကိုတင်လင်း နာမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။
LivingColorမဂ္ဂဇင်း၊TheVoiceWeeklyဂျာနယ်နှင့်ForeignAffairဂျာနယ်တို့ကိုထုတ်ဝေနေသူ ဦးနေဝင်းမောင်သည် စစ်အရာရှိကြီးများ၏ သားသမီးများ၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ရဲအထူးသတင်းတပ်ဖွဲ့ စသည့် အစိုးရဌာနများနှင့် အဆက်အဆံရှိနေသူ တဦးဖြစ်သည်။

မဲဆောက်မြို့ ဆန်လှူပွဲ မြန်မာပြည်သား သောင်းချီ လာရောက်

ဘစောတင် Monday, August 30, 2010
.မဲဆောက်မြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိသော တရုတ်သူဌေးကြီးများ၏ (၄၁) ကြိမ်မြောက် တစ္ဆေကြီးပွဲခေါ် ဆန်လှူပွဲပြုလုပ်ရာ မြန်မာပြည်သား တသောင်းခန့် လာရောက် ဆန်အလှူခံကြသည်ဟု သတင်းရရှိသည်။
မဲဆောက်ဆန်လှူပွဲတွင်မြန်မာပြည်သားသောင်းချီ၍လာရောက်အလှူခံသည်ကိုဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ-ဧရာဝတီ)
“ဒီနေ့ အလှူခံ ၁ သောင်းအတွက် တိုကင် လက်မှတ်စာရွက်တွေကို မနက်ကတည်းက ဝေထားတယ်။ ဒီနှစ်ကတော့ မနှစ်ကလောက် အလှူခံ မများဘူးပေါ့ဗျာ။ တံတားကလည်း ပိတ်ထားတော့ ဟိုဘက်ကမ်းက သိပ်မလာနိုင်ကြဘူးလေ။ အလှူပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငပိဘူး၊ မာမား ခေါက်ဆွဲထုပ်နဲ့ ငါးသေတ္တာဘူး စတာတွေ ဖြစ်ပါတယ်”ဟု လုံခြုံရေး တာဝန်ယူပေးသည့် မယ်တော်ရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် မြန်မာပြည်ဖွား ထိုင်းနိုင်ငံသား ခွန်စုန်မက် ခေါ် ကိုစိုးမြင့်က ဧရာဝတီသို့ ပြောသည်။
ယမန်နှစ်က မြန်မာပြည်သား ၁၈၀၀၀ ထောင်ခန့် လာရောက်အလှူခံခဲ့သည်ဟု ဆိုသည်။
ယင်းအလှူပွဲကို မဲဆောက်မြို့ ရဲစခန်းအနီးရှိ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ကြောင်း၊ တရုတ်လူမျိုးများသည် နှစ်စဉ် နှစ်တိုင်း ကွယ်လွန်လေပြီးသော မိဘ ဘိုးဘွားများကို ရည်စူး၍ ယခုကဲ့သို့ ကုသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း၊ ကြိုတင်လက်မှတ်များကို နံနက် ၁၀ နာရီခန့်က စတင်ဝေပြီး အလှူပွဲကို ညနေ ၃ နာရီတွင် စတင်ပြုလုပ်ကြောင်း သိရသည်။
တရုတ်လူမျိုး ကိုဟုတ်ကြည်က “ကျနော်တို့ရဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မိဘ ဘိုးဘွားတွေကို ရည်စူးပြီး တနှစ်တခါ ဘုံကျောင်းမှာ လာပြီး မရှိဆင်းရဲသားတွေကို အလှူအတန်းပြုလုပ်တယ်။ မြန်မာလူမျိုးတွေက မိဘတွေကို ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေပေးတာနဲ့ သဘောအတူတူပဲလေ” ဟု ပြောသည်။
ယင်းအလှူပွဲသို့  မဲဆောက်မြို့နယ်အတွင်းရှိ ကျပန်းအလုပ်သမားများ၊ ပန်းရံအလုပ်သမားများနှင့် စက်ရုံတချို့မှ အလုပ်သမားများလည်း လာရောက်ကြသည်။
“ကျမမျက်စိထဲ မြင်နေရတာကတော့ ကလေးတွေက တအားပဲ။ လူကြီးနဲ့ ဆတူလောက်ရှိမယ်။ ကျမတို့လည်း ဆန်လေးဘာလေးရအောင် လာတိုးတာ။ အိမ်က ကလေးတွေလည်း မနက်ကတည်းက ရွယ်တူတွေနဲ့ တအုပ်ကြီး သွားတန်းစီကြတယ်”ဟု ဘန့်စောင်ကွဲ ရပ်ကွက်မှ မြန်မာ ဈေးသည် အမျိုးသမီးတဦးက ပြောသည်။
ယနေ့ အလှူခံပွဲသို့ ကလေးငယ် အများအပြား လာရောက်တန်းစီကြကြောင်း၊ စည်းကမ်း သတ်မှတ်ချက်အရ အသက် ၅ နှစ်အောက် ကလေးငယ်များ တန်းစီခွင့်မရှိကြောင်း သိရသည်။
ဆန်အလှူခံရန်အတွက် ရှေးဦးစွာ တန်းစီပြီး လက်ဗွေနှိပ်ကာ တိုကင်နံပါတ်ကို ယူရပြီး ဆန်ဝေသည့် အချိန်ထိ စောင့်ဆိုင်းရသည်။ ဆန်ဝေသည့်အခါ နံပါတ်စဉ်ခေါ်သည့်အတိုင်း သွားရောက် ထုတ်ယူရသည်။ ဆန်တအိတ်တွင် ဆန် ၄ ကီလို ပါဝင်ကြောင်း၊ ယမန်နှစ်က ဆန်အိတ်များမှာ ၃ ကီလိုစီပါရှိကြောင်း သိရသည်။
မဲဆောက်မြို့ TKစက်ရုံအနီးတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်သူက “အဖေက ပန်းရံလုပ်တယ်။ သားက အိမ်မှာ အမေကို ၀ိုင်းလုပ်ကူရတယ်။ ဒီနေ့ ဆန်လာတိုးရတာ ပျော်လည်းပျော်တယ်၊ မပျော်လည်းမပျော်ဘူး။ ပျော်တာက ဆန်ရလို့၊ ပြီးတော့ လူတွေ အများကြီးတွေ့ရလို့။ မပျော်တာက နေပူတယ်၊ လူတွေက ကျပ်ပိတ်သိပ်နေတယ်” ဟု ပြောသည်။
မြ၀တီနှင့် မဲဆောက်ကို ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတား အပါအ၀င် ဂိတ်များကို ပိတ်ထားသော်လည်း အခကြေးငွေဖြင့် သွားလာခွင့်ပြုနေသည့် ဂိတ်တချို့မှ လာရောက်သူများရှိရာ မြ၀တီဘက်ကမ်းမှ သီလရှင်တချို့လည်း လာရောက် အလှူခံကြောင်း သိရသည်။
လူ တဦးစီအတွက် လှူဒါန်းပစ္စည်း တန်ဖိုးမှာ ထိုင်းဘတ်ငွေ ၁၅၀ (ကျပ် ၄၅၀၀) ဖိုးခန့်ရှိကြောင်း၊ ထို့ကြောင့် နယ်စပ်မှ အခပေး၍ ဖြတ်သန်းလာရောက်သူများအဖို့ စရိတ်မကာမိကြောင်း မြန်မာဘက် အခြမ်းမှ လာရောက်သူများက ပြောသည်။
ယခု အလှူပွဲသို့ လာရောက် ကူညီထိန်းသိမ်းပေးသော ပြည်သူ့စစ်များကိုလည်း ဆန်အထုပ် ၂၀၀၀ ဝေပေးကြောင်း၊ တရုတ်သူဌေးများက စုစုပေါင်း ဆန်အထုပ် ၁၂၀၀၀၊ ဆန်ကီလိုချိန်ပေါင်း ၄၈၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

တပ်တွင်း ရာထူးတိုးမြှင့်မှုများ ပြုလုပ်

ပေါက်ပေါက် / ၃၀ သြဂုတ် ၂၀၁၀
သြဂုတ် (၂၇) ရက် နေ့စွဲဖြင့် နအဖစစ်တပ်အတွင်းရှိ ဗျူဟာမှူး၊ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး၊ ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)မှူး၊ တပ်မမှူးနှင့် တိုင်းမှူးတို့အား အဆင့်မြင့် ရာထူးတိုးမြှင့်မှုများ ပြုလုပ်ခဲ့သည်။
ယေဘုယျအားဖြင့် ဗျူဟာမှူးသည် စကခမှူးအဖြစ်လည်းကောင်း၊ စကခမှူး၊ တပ်မမှူးနှင့် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီးများသည် တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုင်းမှူးသည် ကာကွယ်ရေးဝန်ကြီးဌာန အထူး စစ်ဆင်ရေးအဖွဲ့မှူး (ကစထ)အဖြစ်လည်းကောင်း အဆင့်မြင့်ရာထူးတိုးခဲ့သည်ဟု စစ်ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဒီတခေါက် အဆင့်တိုးပြောင်းရွှေ့မှုလုပ်ခဲ့တာက အတော်လေးကြီးတယ်၊ စစ်တိုင်းအားလုံးတော့ မဟုတ်ဘူး။ အချို့တိုင်းဌာနချုပ်က ဗျူဟာမှူးတွေ၊ ဂျီဝမ်းတွေ (စစ်ဦးစီးပထတန်းအရာရှိ) က စကခမှူးအဆင့် တိုးသွားတယ်။တိုင်းမှူး(၆)ယောက်ကကစထမှူး တက်ဖြစ်တယ်။ အရင် ကစထမှူးတွေကို အနားပေးသလား၊ ဘယ်နေရာ ပြန်ပေးသလဲဆိုတာတော့ အခိုင်အမာမသိရဘူး။ သေချာတာက အရင်ရှိနေတဲ့ ကစထမှူးအားလုံး နေရာဖယ်ပေးလိုက်ရတယ်။ တိုင်းမှူးတွေအားလုံး အသစ်ပြောင်းခဲ့တယ်” ဟု ပြောသည်။
ယခင် ကစထမှူးများမှာ ဒု-ဗိုလ်ချုပ်ကြီး ကိုကို၊ မြင့်ဆွေ၊ မင်းအောင်လှိုင်၊ သာအေး၊ အုန်းမြင့်နှင့် ခင်ဇော်တို့ဖြစ်ပြီး ယခု ကစထမှူးဖြစ်လာသူများမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ အလယ်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ဖြစ်သည်။
ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး မြတ်ထွန်းဦး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး ညိုစော၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး ကိုကိုနိုင်တို့အား အစားထိုးခန့်အပ်ခဲ့ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇေယျာအောင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဆန်းဦးအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ထွန်းနေလင်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း နေရာပြောင်းရွှေ့ခဲ့သည်။
ယခုကဲ့သို့ စစ်တပ်အတွင်း ရာထူးနေရာအပြောင်းအလဲနှင့် အနားပေးမှုများ ပြုလုပ်ခြင်းသည် ထိပ်ပိုင်း စစ်ရာထူးများတွင်စုပြုံနေသည့်အသက်(၆ဝ)တန်းနှင့်အထက် စစ်ဗိုလ်ချုပ်များကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရန်အတွက် အတင်းအကျပ် နေရာဖယ်ရှားခိုင်းလိုက်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “သူတို့တပ်က ဖွဲ့စည်းပုံမှာ ပါသလိုပဲ အသက် (၆ဝ)အောက်သာ စစ်မှုထမ်းရမယ်ဆိုတော့ (၆ဝ) အောက်ကိုပဲ လက်ခံမယ့်သဘောပေါ့။ (၆ဝ)အထက် ကျော်တဲ့သူကို ရွေးကောက်ပွဲနဲ့ရောပြီး အတင်းအနားပေးတဲ့ သဘောတွေ ပါပါတယ်။ အဓိကတော့ တပ်အပြင်ရောက်သွားတဲ့သူတွေက ရွေးကောက်ပွဲဝင်ရမယ့်သူ အများစု ဖြစ်တယ်။ အပေါ်မှာက ပိတ်ပြီး အောက်မှာ ဂျန့်ဖြစ်နေတယ်။ အောက်ကလူတွေ တက်မရဖြစ်နေတယ်။ အဲဒါ အားလုံးကို ပေါင်းပြီး ဖြေရှင်းတဲ့သဘောပေါ့”ဟု ပြောသည်။
ယခုကဲ့သို့ စစ်တပ် ရာထူးအပြောင်းအလဲနှင့် အနားပေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည်လည်း စစ်ဘက်ရာထူးမှ အနားယူခဲ့သည့်ဆိုသည့်သတင်းများ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။

zondag 29 augustus 2010

ရာထူးမှနားရသည့် ဗိုလ်ချုပ်ကြီးများ နေအိမ်မှ ဖယ်ရှားခံရ

ရန်ပိုင် Saturday, August 28, 2010 ၏
.ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို ရုတ်တရက် ရာထူးမှ အနားယူခိုင်းခဲ့ ပြီးနောက် နေပြည်တော်ရှိ ၎င်းတို့နေထိုင်သည့် အစိုးရပိုင် နေအိမ်များမှလည်း ချက်ချင်း ဖယ်ရှားခိုင်း လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
နေပြည်တော် ဇေယျာသီရိ ဗိမာန်တွင်ပြုလုပ်သော ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ ညစာစားပွဲ အခမ်းအနား သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ တက်ရောက်လာစဉ် (ဓာတ်ပုံ - Reuters)
ဗိုလ်ချုပ်ကြီးသူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါဝင် ရာထူးမှ အငြိမ်းစားပေးခြင်း ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ နေအိမ်များမှ ချက်ချင်းဆိုသကဲ့သို့ ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီး အစိုးရပိုင် ကားများ ကိုလည်း ပြန်အပ်ခိုင်းခဲ့ကြောင်း စစ်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သည့် စီးပွားရေး သမားတဦးက ဧရာဝတီသို့ ပြောသည်။
“ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးဆိုရင်တရက်လောက်နေမကောင်းဖြစ်သွားတယ်၊ ဗိုလ်ချုပ်ကတော်ကြီးတွေလည်း သွေးတိုး တဲ့ လူ တိုး ငိုတဲ့ လူငိုပဲ”ဟု ၎င်းက ဆိုသည်။
အစိုးရပိုင် နေအိမ်နှင့် ကားများသာမက စစ်တပ်အမည်ပေါက် မိုဘိုင်းဖုန်းများကိုလည်း ပြန်လည်ပေးအပ်ခိုင်းကြောင်း အဆိုပါစီးပွား ရေးသမားကပြောသည်။
နိုင်ငံအနှံ့ ခရီးထွက်ပြီး တာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရေးပေါ် အစည်းအဝေး ဆိုကာ အမြန်လာရန် အမိန့်ပေးပြီး အစည်းအဝေးတွင် အားလုံးကို ချက်ချင်း အနားယူခိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တရားဝင် တပ်တွင်း အပြောင်းအရွှေ့ကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်၊ စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်၊ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် ၀င်းမြင့်၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဆွေ၊ စစ်လက်နက် ပစ္စည်းဝယ် ယူရေး အရာရှိချုပ် ဗိုလ်ချုပ် သိန်းဌေး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး(ကစထ)များ အဖြစ် ဗိုလ်ချုပ် မြင့်စိုး၊ ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ဗိုလ်ချုပ် တင်ငွေ တို့ကို ခန့်အပ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
တိုင်းမှူးများနှင့် တပ်မမှူးရာထူးများကိုလည်း ဆက်လက် အပြောင်းအလဲပြုလုပ်ခဲ့ပြီး လာမည့်တနင်္လာနေ့တွင် မိမိတာဝန်ကျရာ စစ် ဒေသများသို့ အရောက်သွားရမည်ဟု ညွန်ကြားထားကြောင်း သိရသည်။
အဆိုပါ အပြောင်းအရွှေ့များကို ဗိုလ်ချုပ်မှူးကြီး တဦးတည်းက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သည်ပင်လျှင် မသိရှိကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည်ဟု သတင်းထွက်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်မှာ ဗိုလ်ချုပ်မှူးကြီး ၏ လက်ရင်းတပည့်တဦးဖြစ်ပြီး မဟာဗျူဟာ ကျကျ တွေးခေါ်စဉ်းစားတတ်၍ ရက်စက်တတ်သူတဦး ဟု နာမည်ကြီးကြောင်း စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးကလည်း ဆိုသည်။
“ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်ထဲမှာတော့ ဦးသန်းရွှေ အငယ်စားလေးလို့ နာမည်ကြီးတယ်၊ သီဟ သူရ တင်အောင်မြင့်ဦး လိုတော့ လူမုန်း မများဘူး၊ စရဖ ချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဆွေ ကတော့ လူရိုး၊ ဒီရာထူးလောက်ဆို တော်ပြီဆိုတဲ့ လူမျိုး”ဟု ၎င်း က ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဆက်ဆံရေး ပြေပြစ်သူတယောက်ဖြစ်ပြီး မိမိ၏ အထက်အရာရှိများနှင့် အောက်ခြေ တပ်သားများ အကြား အဆင်ပြေပြေဆက်ဆံတတ်သူဖြစ်ကြောင်း၊ စီးပွားရေး အမြင်လည်း ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
ယခုအခါ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီတွင် ဥက္ကဋ္ဌ မည်သူဖြစ်လာမည်ကို စိတ်ဝင် စား နေကြောင်း၊ ထိုနေရာတွင် ယခင်က ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပပို့ကုန် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။
“သွင်းကုန် ပို့ကုန်တွေ ကားပါမစ်တွေကို ပေးတဲ့သူပေါ့၊ သူဌေးတွေ ဖားပြီး အပိုင်ပေါင်းရတဲ့ ရာထူးနေရာပေါ့”ဟု ၎င်းက ပြော သည်။
မည်သူပင်ဖြစ်စေကာမူ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေဖြင့် ရာထူးတာဝန်အသစ်များ တာဝန်ယူမည့် ဗိုလ်ချုပ် များနှင့် ယခင် ကတည်းက စီးပွားရေးအရ အဆက်အဆံရှိထားသည့် အတွက် အခက်အခဲဖြစ်လိမ့်မည်မထင်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ဆို သည်။

ဦးဝင်းတင်နဲ့ မေးခွန်းများ

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်လာတယ်
မိုးမခ
သြဂုတ် ၂၉ ၊ ၂၀၁၀
သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနားပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင်ငယ်တွေက နေရာဝင်ယူလိုက်ပါတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည်အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်းခဲ့ပါတယ်။
ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့အတွက် ပြည်တွင်းမှာ အထက်ပါသတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေးပါဘူး။ ပြည်ပက သတင်းဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်းသတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံးထားပြီး လွှ့တ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာထားတာပဲ ရှိပါတယ်။
အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ်အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။
ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …
“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ အဖွဲ့ဟာ သူတို့ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်းရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြေရှင်းပေးစရာတွေ မလုပ်ရသေးဘူး။ သူတို့ရဲ့ နိုင်ငံရေးပါတီ၊ တပ်မတော်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ သတ်မှတ်ပြီး ရွေးကောက်ပွဲဝင်ဖို့ နောက်ဆုံးရက်မှာ စာရင်းတင်သွင်း ထုတ်ပြန်နိုင်ဖို့၊ စီမံစရာတွေလည်း ပြီးပြတ်အောင် မလုပ်ရသေးဘူး။ တပ်မတော်ရဲ့ စစ်ရေးအာဏာတွေနဲ့ တိုင်းပြည်ရဲ့ လွှတ်တော်ကနေ လုပ်ကိုင်မယ့် နိုင်ငံရေးအာဏာတွေကိုလည်း ရွေးကောက်ပွဲ ပြီးပြတ်သွားတဲ့ အချိန်အထိ အဆင့်အဆင့် ခွဲခြမ်းတာ၊ လွှဲပြောင်းတာတွေလည်း စောင့်ပြီး စိတ်တိုင်းကျ သြဇာသုံး လုပ်ကိုင်ဖို့တွေလည်း မလုပ်ရသေးဘူး …။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေ အနားယူလိုက်ရတယ်ဆိုတာ မျှော်လင့်မထားတဲ့ အချိန်အခါမျိုး ဖြစ်နေတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီအချိန်က အေးအေးဆေးဆေးနေလို့ရတဲ့ အချိန်မဟုတ်ဘူး ”
သည်တော့ နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေအပေါ်မှာ တင်ရှိလာတဲ့ မပြီးပြတ်သေးတဲ့ ဖြေရှင်းရမယ့် အရေးအခင်းတွေကို သူတို့တတွေက ဘယ်လို ဆောင်ရွက်ကြမှာလဲ။
“ပထမဦး ရှင်းရမယ့်ကိစ္စက နယ်စပ်ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ - ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်ထားမယ့် နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်၊ ၀ပြည်နယ်၊ တရုပ်ပြည်နယ်စပ်၊ မွန်တို့၊ စသည်ဖြင့်တွေ ရှိနေတယ်။ လာမည့် စက်တင်ဘာလလည်မှာတင်ကို နယ်ခြားစောင့်တပ်ကိစ္စက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဒါတွေက နိုင်ငံရေးအားဖြင့် ရှင်းရမှာလား၊ စစ်ရေးအားဖြင့် ရှင်းရမှာလား။ အဲဒီအလုပ်တွေ ရှိနေတယ်။ ဒါကို စောင့်ကြည့်ရတော့မယ်။
နောက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ အောက်ခြေက လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ တပ်ရင်းတွေမှာ လစာငွေတွေ၊ ဆုကြေးငွေတွေ စသည်ဖြင့် အကြပ်အတည်းတွေကို ဖြေရှင်းပေးရဖို့ ရှိတယ်။ အခုဟာက ဘယ်လိုပဲ သတင်းကို ပိတ်ဆို့ထားထား အားလုံးက သိရှိနေကြတယ်။ တပ်တွေက အချင်းချင်း အတွင်းမှာ သွားရောက်ပြီး ဖြေရှင်းနေကြတယ်။ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါတွေကိုလည်း အခုကာလမှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ အချိန်ဆွဲထားနေလို့ မရဘူး။
နိုင်ငံရေး ပြသနာတခုအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အရေးအခင်းကတော့ ရွေးကောက်ပွဲဝင်ကြရမယ့် ကိစ္စ။ လွှတ်တော်မှာ နေရယူကြရမယ့် ကိစ္စတွေ ဖြစ်တယ်။ သြဂုတ် ၃၀ နောက်ဆုံးထားပြီး တပ်မတော်ရဲ့ ပါတီ ဦးသိန်းစိန်က စလို့ ကိုယ်စားလှယ်စာရင်း အပြီး တင်သွင်းရတော့မယ်။ လက်ရှိ ရာထူးယူထားတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ပြင်ဆင် လုပ်ကိုင်ကြရတော့မယ်။ ဒါတွေကို တပ်မတော်က ခေါင်းဆောင်သစ်တွေက ဘယ်လို စီစဉ်ပေးမှာလဲ။ အခု အနားယူတဲ့ ဗိုလ်ချုပ်ကြီးတွေကို သြဂုတ် ၃၀ အမီ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးကြဖို့ ရှိသလား။
သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ရဲ့ ၂၅ %မှာ ၀င်ရောက် နေရာယူကြရမှာ ဖြစ်လို့ တပ်မတော်က ဦးရေ ၁၁၁ ဦးကို ရွေးချယ်ပေးရမယ်။ နောင်မှာ ပေါ်လာမယ့် အစိုးရအဖွဲ့တွေ ဘာတွေမှာလည်း ၀င်ပြီး ပတ်သက်ဖို့ ဘယ်လို လာမှာလဲ။ တပ်မတော်က အနားယူသွားတဲ့ ခေါင်းဆောင်ကြီးတွေကို ဘယ်လိုမျိုး သဘောထားမှာလဲ။ ဒါတွေကိုလည်း အခုကတည်းက ဆက်ပြီး လုပ်ကြရတော့မယ်။
အဲသည်လိုမျိုး အခု တက်လာတဲ့ စစ်ခေါင်းဆောင်သစ်တွေက ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချမှတ်သွားတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းကြဖို့ အရေးကြီးတဲ့ အချိန်အခါနေရာမှာ ရောက်ရှိနေတယ်လို့ ပြောချင်ပါတယ်။”
အဲသည်လို အခြေအနေဟာအပေါ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းရေး အရေးအခင်းသက်သက်ပဲလား။ သာမန်ပြည်သူတွေနဲ့ တိုင်းပြည်တခုလုံးနဲ့ကော သက်ဆိုင်တယ်လို့ ဆိုနိုင်မလား။
အခုအချိန်မှာရှေ့က ချမှတ်ပေးထားတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို အကောင်အထည် ဆက်လက် ဖော်ဆောင်ကြတယ်ပဲ ဖြစ်ဖြစ်၊ အခုနေရာယူလာတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ သီးခြား လမ်းစဉ်တွေ သဘောထားတွေ ချမှတ်ပြီး လုပ်ကိုင်ကြတယ်ပဲ ဖြစ်ဖြစ် … တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ နဂိုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အဖြေရှာရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်။
လက်ရှိမှာတိုင်းပြည်ရဲ့အခြေအနေတွေအားလုံးကမရေရာ၊မသေချာတဲ့အခြေအနေဖြစ်နေတယ်။ဒါက တိုင်းပြည်ရဲ့မတည်ငြိမ်မှုကတောက်လျောက်ဖြစ်နေခဲ့တာပဲ။သို့သော် တပ်မတော်ခေါင်းဆောင်တွေကိုယ်တိုင်က အခုလို လွှဲပြောင်းမှုတွေကို ဗြုံးစားကြီး လုပ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်တင်သာမကဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့တဲ့ အခြေအနေဖြစ်နေတယ်ဆိုတာ ထင်ရှားသွားတယ်။ ဒါကို ပြနေတယ် လို့ ဆိုချင်တယ်။
ဒါကြောင့် အခုဖြစ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအချင်းချင်း အပေါ်ပိုင်းမှာ သီးသန့်ဖြစ်ပျက်ကြတဲ့ အတွင်းရေး အရေးအခင်းသက်သက်လို့ မဆိုနိုင်ပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ဘူး၊ တပ်မတော်ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့ဘူး ဖြစ်လာတယ်။
နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ်ပြသနာတွေ၊ တိုင်းရင်းသားပါတီအဖြစ် ရွေးကောက်ပွဲဝင်ရောက်မယ့် အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ စစ်ရေးအရ ဖြေရှင်းမယ် ဆိုရင် ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ တပ်မတော်အတွင်းမှာလည်း အောက်ခြေက လက်နက်ကိုင်တပ်တွေရဲ့ စားဝတ်နေရေး အကြပ်အတည်းတွေ၊ လစာ၊ ဆုငွေကိစ္စတွေကို အင်အားသုံးပြီး ပစ်ခတ်နှိမ်နှင်းပြီး ဖြေရှင်းရင်လည်း ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အရေးအခင်းတွေ ဖြစ်လာမယ်။ ဒါဆိုရင် မတည်ငြိမ်မှုတွေ တတိုင်းပြည်လုံးမှာ ဖြစ်ပွားတော့မှာ ဖြစ်တယ်လို့ မြင်တယ်။
ရွေးကောက်ပွဲပြီးမှ ဖြေရှင်းမယ်လို့ အချိန်ဆွဲနေလို့ ရတာ မဟုတ်ဘူး။”
လက်ရှိ ရွေးကောက်ပွဲ ကာလနဲ့ လွှတ်တော်ထဲ ၀င်ရောက်တဲ့အချိန်အထိ တပ်မတော် စစ်ခေါင်းဆောင်တွေ၊ ၂၅ % အဖြစ်ပါဝင်လာမယ့် တပ်မတော်ကိုယ်စားလှယ်တွေ၊ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေ နဲ့ တပ်မတော်ရဲ့ နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီရဲ့ အခမ်းကဏ္ဍတွေက ဘယ်လို ဖြစ်လာနိုင်သလဲ။ တိုင်းပြည် ကောင်းဖို့၊ သာယာဝပြောဖို့ဖက်ကို မျှော်လင့်နိုင်ပါသလား။
အခုတက်လာတဲ့ စစ်ခေါင်းဆောင်တွေလက်ထဲမှာက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြီးအောင်လုပ်ကြရဖို့ တာဝန်ရှိနေတယ်။ ရွေးကောက်ပွဲကို တပ်မတော်ရဲ့ ပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီအနေနဲ့ နေရာအသီးသီး ရယူနိုင်ဖို့ လုပ်နေကြတယ်။ အဲသည်ထဲမှာ အနားယူသွားတဲ့ စစ်ခေါင်းဆောင်ကြီးတွေလည်း ပါချင် ပါနိုင်သေးတာပေါ့ကွာ။ သြဂုတ် ၃၀ ရက်နေ့မှ မရောက်သေးဘဲ။ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ဖြစ်လာရင် စစ်ခေါင်းဆောင်ကြီးတွေကို အနားယူနေတဲ့ဆီကနေ ဆွဲပြီးတော့ တင်ချင်လည်း တင်လို့ ရနိုင်သေးတယ်။ တပ်မတော်ရဲ့ ၂၅ % သော ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ အဆင်သင့် နေရာယူလာမှာတွေလည်း ရှိလာမှာ ဖြစ်တယ်။ အဲသည်လိုမျိုး အကြမ်းအားဖြင့် တွက်ချက်ကြည့်လို့ရတဲ့ အခမ်းကဏ္ဍတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေအားလုံးက ပြောသလိုလည်း ဖြစ်လာနိုင်လို၊ အခုလိုမျိုး စစ်ခေါင်းဆောင် အပြောင်းအလဲတွေ နောက် တခုပြီး တခု ပေါ်လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အကောင်းဖက်ကို ဦးတည်နိုင်ဖို့ မမျှော်လင့်နိုင်ပါဘူး။ မသေချာ၊ မရေရာမှုတွေနဲ့ ဆက်လက် ကြုံတွေ့နေရတယ် လို့ ပြောချင်တယ်။
ကုလားအုပ်ရဲ့ ကျောကုန်းပေါ်ကို ကောက်ရိုးတွေ တမျှင်ချင်း တင်ရင်း တင်ရင်းနဲ့ တဖြေးဖြေး ၀န်က များများလာရင်၊ နောက်ဆုံး ခံနိုင်ရည်အမှတ်ကို ကျော်သွားရင် ကုလားအုပ်က ခါးကျိုးသွားတာမျိုး ဖြစ်သလို၊ တိုင်းပြည်ရဲ့ အခြေအနေကလည်း အဲလိုမျိုး ယိုင်လဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။

zaterdag 28 augustus 2010

ကရင်ရိုးရာလက်ချည်ပွဲအခမ်းးအနား ( နယ်သာလန် ) ဓါတ်ပုံများ




နယ်သာလန်နိုင်ငံ Nieuwekerk မြို့မှာ ၂၈.၈.၂၀၁၀ ( စနေနေ့ ) မှာ ကျင်းပခဲ့သည့်
ကရင်ရိုးရာလက်ချည်ပွဲမှ ဓါတ်ပုံတချို့